People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရွှေကူ-ဗန်းမော်ကြားတိုက်ပွဲ စစ်သင်္ဘော ၃စီး တိုက်ခိုက်သိမ်းပိုက်ပြီး ၂စီး အလံဖြူထောင်၊ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိဟု KIA ပြော

စက်တင်ဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

စစ်တင်ဘာ ၂ရက်က ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာ နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးရေထဲမြုပ်သွားပြီး ၁စီး မီးလောင်ပျက်စီးသွားကြောင်း ၊စင်းခန်း တံတားအောက်မှာ စစ်သင်္ဘော ၁စီးထပ်မံ တိုက်ခိုက်ခံရပြီး နောက်ထပ် သင်္ဘော ၂စီးကလည်း ကမ်းစပ်နားကပ်လာကာ အလံဖြူထောင် အဖမ်းခံလိုက်ရကြောင်း ဖော်ပြခဲ့တာပါ။

ဒ့ါအပြင် လုံခြုံရေးယူပေးတဲ့ စစ်တပ်ရဲ့ စပိဘုတ် ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက စင်းခန်းတံတားအထက် မြလယ်နားမှာ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောမှာ လိုက်ပါလာတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကိုလည်း KIA ပူးပေါင်းတပ်များက ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပါတယ်။

ရွှေကူနဲ့ စင်းခန်းတံတားအကြား ဇင်းဘုံကျေးရွာမှာ နေရာယူထားတဲ့ စစ်တပ်ကို KIA ပူးပေါင်းတပ်က ဩဂုတ် ၂၉ရက်နဲ့ ၃၀ရက်မှာ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ကြောင်းဖော်ပြပါတယ်။

ဇင်းဘုံကျေးရွာက ဒုတိယမြစ်ကျဉ်း အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး စစ်တပ်ရဲ့ အမြဲတမ်း အခြေစိုက်စခန်းမဟုတ်ဘဲ မြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့် စစ်သင်္ဘောတွေ လုံခြုံရေးအတွက် ရွှေကူမြို့ဘက်ကနေ စက်လှေငယ်တွေနဲ့ အင်အားဖြည့်တင်းကာ အခိုင်အမာနေရာယူထားတဲ့ စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ သင်္ဘောလမ်းကြောင်းပွင့်ရေးအတွက် ဩဂုတ် ၃၀ရက် တရက်တည်းမှာ ဒုတိယမြစ်ကျဉ်း အရှေ့ဘက်နဲ့ အနောက်ဘက် မြစ်ကမ်းဘေးတလျှောက်ကို လေကြောင်းက ဗုံး ၂၈ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

KIA ပူးပေါင်းတပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းအတိုင်း အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စုကို အခုနှစ်မှာ မနှစ်ကထက် ပိုမိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့စက်တင်ဘာ ၂ရက် အသိပေးထားပါတယ်။

၂၀၂၅မှာ စစ်တပ်က ဗန်းမော်စစ်မျက်နှာကို စစ်ကူရိက္ခာများပို့ဆောင်စဉ် စစ်သင်္ဘော ၅စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး အခု ၂၀၂၆ မှာတော့ စစ်တပ်သင်္ဘော ၉စီးအထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်သင်္ဘောအုပ်စု#KIA#စစ်သုံ့ပန်း
👍277👏3🤣2🥰1👌1🖕1
ဇင်းဘုံနဲ့ စင်းခန်းတံတားမှာ မြေပြင်တိုက်ပွဲ ပြင်ထန်နေ

စက်တင်ဘာ ၃၊၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂ရက်က ရွှေကူ-ဗန်းမော်မြို့နယ်အကြား ရေကြောင်း တိုက်ပွဲမှာ စစ်သင်္ဘောတွေ ထိခိုက်ဆုံးရှုံးမှုများပြားပြီး သေဆုံး၊ ဒဏ်ရာရနဲ့ လက်နက်ချသူများခဲ့တဲ့ စစ်တပ်ဟာ ဒီကနေ့မှာ ဇင်းဘုံဘက်ကို မြေပြင်ထိုးစစ်ဆင်သလို စင်းခန်းတံတားနေရာကိုလည်း လက်ကျန်သင်္ဘောနဲ့ ကမ်းကပ်ပြီး ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

“မြေပြင်ထိုးစစ်ကတော့ဇင်းဘုံမှာ။ ဇင်းဘုံမှာ မြေပြင်ထိုးစစ်ဆင်ပြီးတော့ အကြီးအကျယ် တိုက်ပွဲဖြစ်နေတယ်။ စင်းခန်းတံတားမှာတော့ လက်ကျန်သင်္ဘောက တံတားအောက် ကမ်းကပ်လာတာ။ ကမ်းကပ်လာတော့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တဖက်မှာလည်း ဗန်းမော်မြို့အနီး ရေနီဒေသမှာ ကမ်းကပ်ရပ်နားခဲ့တဲ့ လက်ကျန် စစ်သင်္ဘောတွေဟာလည်း ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ စင်းခန်းတံတားကို သိမ်းပိုက်ထိန်းချုပ်လိုပြီး စစ်ရေးလှုပ်ရှားမှုတွေ အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။ အလားတူ သင်္ဘောလမ်းကြောင်း လုံခြုံရေး အရေးပါတဲ့ ဇင်းဘုံကိုလည်း စစ်တပ်ဟာ ရွှေကူမြို့ကနေ စက်လှေငယ်တွေအသုံးပြု ကမ်းကူကာ စစ်ရေးလှုပ်ရှားနေလို့ ပြီးခဲ့တဲ့ တပတ်အတွင်း KIAနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ကချင်ဒေသ စစ်ရေးအခြေအနေတွေ သိရနိုင်ဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#KIA#စစ်သင်္ဘောအုပ်စု#ကချင်
#စင်းခန်းတံတား
👏30👍98🔥2👎1🥰1🤬1
ဧရာဝတီမြစ်ကြောင်းတိုက်ပွဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ ‌ဒေါ်လာသန်းချီတန်ဖိုးဆုံးရှုံး

စက်တင်ဘာ-၄၊၂၀၂၆။ယောနသံ/ People's Spring

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာ
စစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်
လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ကတိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင် သင်္ဘော ၈ စီးအပါ
အဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာကို ကသာနဲ့ ​ရွှေကူ ကြား ၊ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊PDF နဲ့မဟာမိတ်​တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ရက်က ​ရွှေကူနဲ့ ဗန်း​​မော်ကြားမှာတိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၅ စီးခန့် ဖျက်ဆီးခံရတဲ့အပြင်
စစ်သင်္ဘော ၂ စီးဟာလက်နက်ချပြီးစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

"မြစ်ကမ်းဘေးတလျှောက်လုံခြုံရေးလည်း မလုပ်နိုင်။ လေ( လေတပ်)က ဗုံးကြဲတဲ့ကြားထဲက အထိအခိုက်များလို့ စစ်ဆင်ရေးကျရှူံးတယ်လို့ တပ်ချုပ်က မှတ်ချက်ပြုတယ်။ နောက်ပြီး ကုန်တွေအကုန်နီးပါး ဆုံးရှုံးတယ်။ ‌တာဝေးပစ် အမြောက်တွေ KIA ရသွားတယ်။ဒါတွေ စုံခုံစစ်ခံရမှာ" လို့ နေပြည်တော်ကစစ်​ရေး သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်သင်္ဘောအုပ်စုမှာပါတဲ့ကုန်တင်ရေယာဉ်တွေမှာ ဗန်းမော်မြို့နယ်ထဲကစကခ ၂၁၊ ခလရ(၂၃၆)၊ အမှတ်(၃၆၆) အမြောက်တပ်အပါအဝင် တပ်ရင်းတွေထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေ ပြန်ပြင်ဖို့ သံထည်တွေနဲ့ ဘိလပ်မြေအိတ်တွေ အများအပြားသယ်
ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

"စစ်တပ်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲကလူတွေ သယ်လာတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကုန် ကုန်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဒေါ်လာသန်းချီတန်တယ်။တပ်ထဲမှာအဲ့ဒီပြ
ဿနာတော်တော်ကြီးနေတယ်"လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်္ဘော တွေနှစ်မြုပ်ခံရတဲ့တိုက်ပွဲအ
တွင်း စစ်တပ်ရဲ့လေတပ်က လေယာဉ်အစီးရေများစွာနဲ့ ဗုံးရာချီကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA၊KPDFကို ဟန့်တားနိုင်ခြင်းလုံးဝမရှိခဲ့ဘူးလို့ စစ်ကောင်စီတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စက်တင်ဘာလ ၂ရက် တပ်တွင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA)၊ PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။​တော်လှန်​ရေးတပ်​တွေက စကခ ၂၁အပါအဝင် စစ်တပ်ရင်းတွေကို ပိတ်ဆို့ထားပြီးအခုစစ်
သင်္ဘော​တွေ မ​ရောက်ခင် စစ်တပ်ဟာ ရိက္ခာပြတ်​​နေပြီလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ကဗန်း​မော်အတွက် လေကြောင်းကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေကိုအင်အားဖြည့်သလို မိုးတွင်းကာလရောက်ရင်ဧရာဝတီမြစ်ကြောင်းကတစ်ဆင့် အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့နေပါတယ်။ ၂၀၂၅ ခုနှစ် မိုးရာသီမှာလည်း ဧရာဝတီမြစ်
ကြောင်းကတက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ​ကြောင့်​ရေးယာဥ်အချို့ပျက်စီးခဲ့ပါတယ်။အခုအကြိမ်မှာ​တော့ စစ်​ရေယာဥ်အုပ်စုပျက်
စီးဆုံးရှုံးမှု ပိုများခဲ့တာဖြစ်ပါတယ် ။

ဗန်း​​မော်ကိုစစ်​ရေယာဥ်အချို့​ရောက်လို့တိုက်ပွဲ​တွေပိုပြင်းထန်လာနိုင်သလားလို့ လူထု​နွေဦးရဲ့မေးခွန်းအ​ပေါ် KIO/KIA သတင်းပြန်ကြား​ရေး ဌာနတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူက"ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘောတွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်" လို့ ​စက်တင်ဘာ ၄ ရက်မှာပြောပါတယ် ။



#ဧရာဝတီ #KIA #စစ်သင်္ဘော
#တိုက်ခိုက်နစ်မြှပ် #Peoplesspring
🥰2918👏16👍3🖕2👎1🤣1
စစ်သင်္ဘောအချို့ရောက်လာတဲ့ ဗန်းမော်မှာ တိုက်ပွဲတွေပြန်စနေဟု KIA ပြော

စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်၊ အလံဖြူထောင်တဲ့ သင်္ဘောပေါ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေသိမ်းရ

စက်တင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စက်တင်ဘာ ၄ရက်မနက်က စပြီးထိတွေ့တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

KIA တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ဗန်းမော်မြို့ကို စစ်တပ်က လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေတင်ဆောင်လာတဲ့ သင်္ဘောအချို့ဆိုက်ရောက်လာပြီးနောက် တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေ ရွှေကူမြို့နယ်ဘက်မှာလည်း စက်တင်ဘာ ၅ရက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။

စက်တင်ဘာ ၅ရက်မှာ စင်းခန်းကျေးရွာအထက်ဘက် ဧရာ၀တီမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့တက်လာပြီး စင်းခန်းအနီး ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့KIA ပူးပေါင်းတပ်တို့ဟာ စင်းခန်းဘုန်းကြီးကျောင်းနဲ့ စင်းခန်းတံတား အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဘက်က KIA ပူးပေါင်းတပ်များ စိုးမိုးထားတဲ့ နယ်မြေဘက်ကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အပြင် ဒရုန်းများ၊ လေကြောင်းများကို အသုံးပြု ပြင်းထန်စွာ ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်များ ဘက်က အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိဟု အသိပေးပါတယ်။

ဒါ့အပြင် စစ်သင်္ဘောတွေ နောက်ထပ် မဝင်ရောက်လာစေနိုင်ဖို့အတွက် ရေကြောင်းလမ်းကြောင်းတွေ ပိတ်ဆို့တားဆီးတိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။

စက်တင်ဘာ ၄ရက်ကလည်း ရွှေကူမြို့နယ် ဇင်းဘုံဒေသမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈)၊ ခမရ(၄၁၆)တပ်ရင်း ပူးပေါင်းစစ်ကြောင်းတွေက ဇင်းဘုံကျေးရွာဘက် ခြေလျင်စစ်ကြောင်းထိုးလာလို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA ပူးပေါင်းတပ်က တိုက်ခိုက်လို့ ပျက်စီးခဲ့တဲ့ သင်္ဘောပေါ်က စစ်သားတွေဟာ စင်းခန်းကျေးရွာ အတွင်းဘက် ဝင်ရောက်လှုပ်ရှားလာလို့ စက်တင်ဘာ ၃ရက်မနက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

စက်တင်ဘာ ၂ရက်က အလံဖြူထောင်ဆန်တက်လာတဲ့ စစ်သင်္ဘောပေါ်က လက်နက်ခဲယမ်းများနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၅ဦး၊ ဝန်ထမ်းမိသားစုဝင် အမျိုးသမီး ၁၉ဦး၊ ကလေးငယ် ၅ဦး ဖမ်းမိထားကြောင်းလည်း ဖော်ပြပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ ရွှေကူမြို့ကနေ စက်တင်ဘာ ၂ရက်မှာ သင်္ဘောအုပ်စု ဆက်လက်ထွက်ခွာလာစဉ် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ သင်္ဘော အများအပြား ထိခိုက်ပျက်စီးမီးလောင်တာ၊အချို့ နစ်မြုပ်တာ ရှိခဲ့ပါတယ်။

အဲဒီလို ထိခိုက်ပျက်စီးမှုများပြီး အထိနာခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၅ရက်မှာ မန္တလေးမြို့ကနေ စစ်သင်္ဘော တွေအပါအဝင် သင်္ဘော၃၀ခန့်နဲ့ ဧရာ၀တီ မြစ်ကြောင်းအတိုင်းဆက်လက်ဆန်တက်လာ လျက်ရှိပါတယ်။

(KIA ပူးပေါင်းတပ်သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − 7Stars News)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ဗန်းမော်မြို့#KIA#စစ်တပ်
#ကချင်ပြည်နယ်
39👍16🤣3🖕2🔥1
ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို စစ်တပ် ဗုံးကြဲဖျက်ဆီး

■မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

စက်တင်ဘာ-၆၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၆ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

"အရှေ့ဖက်တံတားသံဘောင်ကွေးသွားတယ်
။ကားတစီးစာလောက်ပေါက်သွားတယ်။ အ
နောက်ဖက်တံတားခြေရင်းအနည်းငယ်ထိပါတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ စင်းခန်းတံတားကို စစ်တပ်ကပြန်
လည်ရယူဖို့၊ ဗန်းမော်မြို့ကိုစင်အင်အားဖြည့်နိုင်ဖို့ ကြည်း၊ရေ၊လေထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ အထိနာတဲ့စစ်တပ်ဟာ မြစ်ကူးတံတားကိုဗုံးကြဲဖျက်ဆီးမှုပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

စက်တင်ဘာ ၂ရက်က ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ စင်းခန်းတံတား ကြားရေကြောင်းတိုက်ပွဲမှာ စစ်တပ်က သင်္ဘောတွေ အများအပြားထိခိုက်ပျက်စီးခဲ့ပြီး အလံဖြူထောင်တဲ့သင်္ဘောအချို့က စစ်သုံ့ပန်းတွေနဲ့လက်
နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

အခုရက်ပိုင်းမှာလည်း စင်းခန်းတံတားအနီးဝန်းကျင်မှာ KIAနဲ့စစ်တပ်ရဲ့ မြေပြင်စစ်
ကြောင်းတွေ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးထားပါတယ်။

စစ်တပ်က ဒရုန်း၊ လေကြောင်းအပါအဝင် လက်နက်မျိုးစုံနဲ့အပြင်းအထန်ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အပြင်း
အထန်ခုခံလျက်ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကလတ်တလော စင်းခန်းဒေသ တိုက်ပွဲအခြေအနေအသိပေးချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂ ရက်​နေ့ကတိုက်ပွဲမှာ စစ်တပ်​ရေယာဥ် ၂ စီး အလင်းဝင်ခဲ့ပြီး စစ်သုံ့ပန်း​တွေဟာ စင်းခန်းတံတား​အောက် ​ခေတ္တထားပြီး စစ်တပ်က ဗုံးကြဲမှာစိုးလို့​ KIA နဲ့ပူး​ပေါင်းတပ်​တွေက ရွေ့​ပြောင်း​​ပေးခဲ့ပါတယ် ။

(စင်းခန်းတံတား ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေကို ​တွေ့ရစဥ်။
ဓါတ်ပုံ-Padang Nesn)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #KIA #KPDF
🤬2710👎3🥴2👏1🤣1🖕1
ဗန်းမော်က ပြန်ဆင်းလာတဲ့ စစ်သင်္ဘော ၃စီး KIA ပူးပေါင်းတပ် ထပ်မံတိုက်ခိုက်ဖျက်ဆီး

■တိုက်ခိုက်ရေးသင်္ဘော ၂စီး နစ်မြုပ်၊ ကုန်သင်္ဘော မီးလောင်၊

စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူ၊လက်နက်ခဲယမ်းနဲ့ရိက္ခာ​တွေ ပို့ဆောင်ပြီး ပြန်
လာတဲ့ စစ်သင်္ဘော ၃စီးကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ (စက်တင်ဘာ ၉ရက်)မှာထပ်မံ တိုက်
ခိုက်ဖျက်ဆီးခဲ့ကြောင်းကချင်စစ်ရေးသတင်း
ရင်းမြစ်​တွေက ပြောပါတယ်။

စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို စစ်အင်အားခဲယမ်း ပို့ဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို KIAက တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့သာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို KIAက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

“ ဗန်းမော်ကို လူအင်အားနဲ့ ရိက္ခာခဲယမ်းတွေ ပို့ပြီးမှ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို ကျနော်တို့ KIAနဲ့ ပူးပေါင်းတွေက ကြားမှာ စောင့်ကြိုပြီးမှ တိုက်ခိုက်တာ။ ကုန်တင်သင်္ဘော ၁ စီးက မြလယ်အထက်နားလေးမှာ အားလုံးမီးလောင်ပျက်စီးသွားတယ်။ပြီးတော့ တိုက်
သင်္ဘော ၂ စီးကတော့ဇင်းဘုံအောက်ဝဲမကြီးမှာ မြုပ်သွားပြီ။ တိုက်ခိုက်ရေးသင်္ဘော ၁စီးကလုံး၀ မြုပ်သွားတယ်။ နောက်၁ စီးက တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ ဒီနေ့ ဆင်းလာတဲ့ သင်္ဘော ၃စီးပေါ့ ။အဲဒီ ၃စီးကို တိုက်
ခိုက်နစ်မြုပ်နိုင်ခဲ့တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။

အခု စစ်သင်္ဘော ၃စီးကို ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့တာကြောင့် ကချင်ပြည်နယ် ဗန်းမော်ကို ပထမအသုတ် စစ်အင်အားဖြည့်လာတဲ့ စစ်တပ်ရဲ့ သင်္ဘောအုပ်စုက သင်္ဘော စုစုပေါင်း ၁၁ စီးအထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။

KIA ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ ထိခိုက် မီးလောင်နေတဲ့ စစ်တပ်သင်္ဘောအချို့ရဲ့ အခြေအနေနဲ့ သင်္ဘောပေါ်ကသူတွေ ရေထဲခုန်ချ ရေထဲမျောပါနေတဲ့ ရုပ်သံအချို့ကိုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီမှာ ပေါက်ကွဲကုန်ပြီ။ လူတွေလည်း ရေပေါ် ခုန်ချကုန်ပြီ။ အဲဒီမှာကူးနေတယ်။ဟိုက ကောင်ကကြိုချင်နေတာ။အများကြီးပဲကွာ” လို့ ရုပ်သံမှာ တော်လှန်ရေးရဲဘော်အချို့ရဲ့ ပြောကြားသံကို ကြားရပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း စစ်သင်္ဘော ၁၁စီး ထိခိုက်ပျက်စီး နစ်မြုပ်ခဲ့ရာအဲဒီအထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး သင်္ဘော ၃စီး၊ ကုန်တင်သင်္ဘော ၈စီး ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်မှာ က
ချင်ပြည်နယ်ကို ဒုတိယ အသုတ်အဖြစ်ထပ်တက်လာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၆စင်းထဲက ၂စီးကိုလည်း KIA ပူးပေါင်းတပ်ကစက်တင်
ဘာ ၉ရက်မနက်မှာပဲရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး မီးလောင်ခဲ့ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် နှစ်ပတ်အတွင်း စစ်တပ်သင်္ဘော စုစုပေါင်း ၁၃စီးထက်မနည်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားတာဖြစ်ပါတယ်။စင်တင်ဘာ ၉ ရက်တစ်​နေ့တည်း အခုည​နေပိုင်းအထိ့စစ်စစ်သင်္ဘော ၅ စီးကိုတိုက်ခိုက်ဖျက်ဆီးထားနိုင်တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်ကို စစ်တပ်က အင်အားဖြည့်ဖို့ ကြိုးပမ်းလျက်ရှိရာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ မြေပြင်တိုက်ပွဲနဲ့ ရေကြောင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ရွှေကူမြို့နယ် ဇင်းဘုံဒေသနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား ဝန်းကျင်တိုက်ပွဲတွေဟာ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များကာ လက်နက်ခဲယမ်းတွေ အလောင်းတွေ သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ရေကြောင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီး လက်နက်
ချ အလင်းဝင်ရောက်သူလည်း ရာချီရှိခဲ့ပါတယ်။

ရုပ်သံ - ကချင်စစ်ရေးသတင်းရင်းမြစ်

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ဗန်းမော်စစ်သင်္ဘော #KIAပူးပေါင်းတပ် #စစ်သင်္ဘောတိုက်ခိုက်ခံရမှု #ကချင်စစ်ရေးသတင်း
36👍15👏9🤣3👎1🥰1👌1🖕1
စစ်သင်္ဘောတွေကဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၀၀ကျော်မှာ ဗိုလ်ကြီး ၂ဦးပါဟု KIA ပြော

■ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်

စက်တင်ဘာ-၁၀၊၂၀၂၆။ထားမြတ်၊ကတ်သရင်း/People’s Spring

ကချင်ပြည်နယ်၊ရွှေကူ-ဗန်းမော်ရေကြောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် စုစုပေါင်း ၁၅၁ ဦးရှိရာ ဗိုလ်ကြီး ၂ဦး အပါအဝင် သန္ဓေတပ်ဖွဲ့ဝင်နဲ့ စစ်မှုထမ်း တပ်သားစုစုပေါင်း ၁၁၈ဦး ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ၂ရက်မနက်အစောမှာရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သ
င်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်
သင်္ဘောအချို့ ကျည်ထိမှန်ပြီး ဆက်လက်ခရီးမဆက်နိုင်ဘဲ ရပ်တန့်သွားလို့ အဖမ်းခံခဲ့တာလို့​ဖော်ပြပါတယ်။

အဖမ်းခံရသူ ၁၅၁ဦးအနက် ဗိုလ်ကြီး ၂ဦး၊ အရာခံဗိုလ် ၅ဦး၊ တပ်ကြပ်ကြီး ၁၄ဦး၊ တပ်
ကြပ်၁၂ဦး၊ဒုတပ်ကြပ် ၁၆ဦး၊တပ်သား ၃၅ဦး စုစုပေါင်းစစ်သား ၈၄ဦး၊ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်သားစုဆောင်းခံထားရတဲ့ လူငယ် (ပြည်သူ့စစ်) ၃၄ဦး ပါဝင်ကြောင်း ဖော်ပြပါတယ်။ စစ်မှုထမ်း တပ်သားတွေထဲမှာအ
သက်မပြည့်သေးတဲ့သူတွေလည်းပါဝင်​နေကြောင်း ​အသိ​ပေးပါတယ်။

ဒါ့အပြင်အမျိုးသမီး ရဲမေတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်မိသားစုဝင် ၁၇ဦးနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။သင်္ဘောကြုံနဲ့လိုက်တဲ့ အရပ်သား ၈ဦးလည်း ပါဝင်ပြီး လတ်တလော သူတို့ကို ထိန်းသိမ်းထားကြောင်း ​ဖော်ပြပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက စစ်
သင်္ဘော​တွေလက်နက်ချပြီး စစ်သုံ့ပန်း​တွေဖမ်းဆီးခံရတယ်ဆိုတာမဟုတ်​​ကြောင်း ၊အွန်လိုင်း​ပေါ်ပျံ့နှံ့​နေတဲ့ဗီဒီယိုဖိုင်​​တွေကအစစ်
အမှန် မဟုတ်ဘဲ ဖမ်းဆီးခံရသူ​တွေဟာကျား​ဖောင်လုပ်သား​တွေဖြစ်တယ်လို့ဆက်တိုက်
ဝါဒဖြန့်ခဲ့ကြပါတယ် ။အဒီ​နောက်စက်တင်
ဘာ၁၀ရက်မှာKIO/KIAရဲ့လိုင်ဇာTVကတဆင့် စစ်သုံ့ပန်းစာရင်းကိုတရာဝင်ထုတ်ပြန်
လာတာဖြစ်ပါတယ်။

"အဲဒီ ၁၅၁ဦးကိုတော့ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းတွေရဲ့ စည်းမျဉ်းစည်းကမ်းအ
တိုင်း လုံလုံခြုံခြုံနဲ့ သူတို့ကို ကျနော်တို့ ပြုစုထားပါတယ်”လို့ KIO/KIAသတင်းပြန်ကြား
ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖမ်းမိစစ်သုံ့ပန်းတွေကို သီးသန့်နေရာတွေကို ရွှေ့ပြောင်းထားရှိပြီး နိုင်ငံတကာ စစ်သုံ့ပမ်းဥပဒေနဲ့အညီ စောင့်ရှောက်ပြုစုထားကြောင်း KIAက သတင်းဖော်ပြပါတယ်။

"စစ်သုံ့ပမ်းတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးစစ်သား လေးယောက်ပါတာလည်း ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာလူဦးရေ အသည်း
အသန်လိုအပ်နေပြီးတော့ နိုင်ငံတကာဥပဒေတွေကိုလည်း လိုက်နာခြင်းမရှိပဲနဲ့ ကလေးစစ်သား တွေကို အဓမ္မ စစ်သားစုဆောင်းပြီးတော့ ရှေ့တန်းကိုစေလွှတ်နေတဲ့သဘောတွေလည်း တွေ့ရမှာဖြစ်ပါတယ်ဗျ။နောက်တစ်ခုက အမျိုးသမီး တွေရော ကလေးတွေရော အပါအဝင် ဒီလိုမျိုး အန္တရာယ်အရမ်းများတဲ့ နေရာကို လူသားချင်းစာနာမှု ကင်းမဲ့စွာနဲ့ လွှတ်တယ်‌ဆိုတဲ့ ကိစ္စကလည်း အင်မတန်မှ ယုတ်ညံ့တဲ့အလုပ်ဖြစ်တယ်"လို့ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်ကလည်း​ပြောပါတယ် ။

ဒါ့အပြင်ဖမ်းမိထားတဲ့ အထဲမှာ မတ္တရာမြို့နယ်က နေ စစ်တပ်က‌ စစ်မှုထမ်းထည့်ထားတဲ့ တပ်သားသစ် ၁၀ဦး ထက်မနည်းပါတယ်လို့ စစ်ရေး သတင်းအရင်းမြစ် တွေက ပြောပါတယ်။စစ်တပ်ကမတ္တရာမြို့နယ်ကို၂၀၂၅စက်တင်ဘာလမှာပြန်လည်ထိန်း
ချုပ်လိုက်ပြီးတဲ့ နောက် လူငယ်​တွေကို အဓမ္မစစ်သားသစ်စု​ဆောင်းခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

စက်တင်ဘာ ၂ရက်တိုက်ပွဲမှာ စစ်ကောင်စီ သင်္ဘောအချို့ မြစ်ထဲ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါ လူအချို့ မြစ်ကမ်းဘေး သို့ ရေကူးလွတ်မြောက်သူရှိသလို အချို့ ရေနစ်သေဆုံးတာရှိကြောင်းလည်း ဖော်ပြပါတယ်။

တိုက်ပွဲအပြီးရုပ်အလောင်းနဲ့ အသုံးအဆောင်
တွေ မြစ်ရေအတွင်း မျောပါနေတာ တွေ့ရတယ်လို့လည်း သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ဇင်းဘုံ၊ စင်းခန်း၊ ဗန်းမော်နဲ့ ဧရာ၀တီမြစ်ရိုးတလျှောက်ကို စစ်တပ်က နေ့စဉ် လေယာဉ်ဗုံးကြဲနေသလို မြေပြင်တိုက်ပွဲပြင်းထန်နေတယ်လို့ KIAက အသိပေးပါတယ်။ ဧရာ၀တီမြစ်ကူးတံတား ဖြစ်တဲ့ စင်းခန်းတံတားကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလိုက်လို့ ခရီးသွားပြည်သူတွေအခက်တွေ့နေရကြောင်း လည်း KIAက ဖော်ပြပါတယ်။

စစ်တပ်က ဗန်း​​မော်မြို့ကိုစစ်ကူနဲ့လက်နက်ခဲယမ်းရိက္ခာ​တွေ ပို့နိုင်ဖို့အတွက် သြဂုတ်လကုန်ပိုင်း နဲ့ စက်တင်ဘာ လဆန်းမှာ စစ်သ
င်္ဘောအုပ်စုနှစ်ခု​စေလွှတ်ခဲ့တာမှာKIA ပူး
ပေါင်းတပ်တိုက်ခိုက်မှု​ကြောင့် ပထမအသုတ်က စစ်သင်္ဘော ၁၂ စီးထက်မနည်း ၊ဒုတိယအသုတ်က၂ စီးထက်မနည်းကိုဖျက်ဆီးထား
ပါတယ်။ဒုတိယစစ်သင်္ဘောအသုတ်ကျန်
စစ်သင်္ဘော၄ စီးဟာ ရွှေကူမြို့မှာပဲရှိ​​​နေသေးပြီးဗန်း​မော်ကိုမတက်နိုင်​သေးပါဘူး။

(စစ်သင်္ဘောတွေကဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ။ ဓာတ်ပုံ - Screengrab)

#စစ်သင်္ဘော #ဧရာဝတီမြစ်
#စစ်သုံ့ပန်း #KIA #peoplesspring
👍4218👏7🤣2🖕2👎1
KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်ဟု KIO စာပို့

စက်တင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိ
ယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အ
ပါအဝင် KIA စစ်သည်တော်တွေကို အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်
ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်
မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူးတင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ၁၂ရက်မှာသတင်းဖော်
ပြခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦး
စီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်
ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦး
ဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အသဲရောဂါ ခံစားနေရသည့်တိုင်း မြို့ပေါ် ဆေးကုသခြင်းမပြုဘဲ PDF တွေနဲ့အတူ နေထိုင် ရုန်းကန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို NUGက စစ်ဘက်ဆိုင်ရာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်တာပါ။ အဲဒီ သူရဲကောင်းဘွဲ့သူရဲ
ကောင်းဘွဲ့ကိုအမျိုးသားညီညွတ်ရေးအစိုး
ရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF)တည်ထောင်ခြင်း ၅နှစ်ပြည့် အထိမ်း
အမှတ်မွေးနေ့မှာ ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး သူအပါအဝင် KIA စစ်သည်တော်၁၃ဦးအား၂၀၂၆ ခုနှစ်စက်တင်ဘာ ၇ရက်နေ့မှာ ဂုဏ်ပြုဆုတော်ငွေနဲ့ တံဆိပ်များပါ ချီးမြှင့်ပေးအပ်တာပါ။

KIO/KIAဟာ NUG/PDF တွေနဲ့ ခိုင်မာအား
ကောင်းစွာ ပူးပေါင်းပြီး စစ်ကောင်စီတပ်အထိနာအောင် ရင်ဆိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်KIO/KIA နဲ့ ကရင်၊ ကရင်နီ၊ချင်းတော်လှန်ရေးတပ်တွေဟာ NUG၊ ပြည်ထောင်
စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို စုဖွဲ့ပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံပူးပေါင်းတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

#NUG #KIA #Rခေါင်လွမ်း
#သူရဲကောင်းဘွဲ့ #peoplesspring
37👍6🥰2🤣2🖕2👏1🤮1
ဗန်းမော်ကပြန်ဆင်းလာပြီး KIA ပူးပေါင်းတပ်တိုက်ခိုက်လို့လွတ်လာတဲ့ စစ်တပ်သင်္ဘော ဇင်းဘုံမှာ ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ရှိ သင်္ဘောတွေနဲ့ စက်တင်ဘာ ၁၃ရက်မှာ ထပ်မံ စုန်ဆင်းလာရာ အဲဒီနေ့မှာ တိုက်ခိုက်ခံရပြီး သင်္ဘောအချို့ နစ်မြုပ်မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၃ရက်က တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆စီး ရှိပြီး အဲဒီထဲက ၃စီးနစ်မြုပ်ကာ ၁စီးပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့က သင်္ဘော ၆စီးလုံးထိခိုက်ခဲ့ပြီး ၄စီးနစ်မြုပ် ၂စီးမီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ကနဦး ပြောထားပေမဲ့ ဒီမနက်မှာတော့ မနေ့က ထိခိုက်ခဲ့တဲ့ သင်္ဘောအရေအတွက်ဟာ ၄စီးသာရှိတယ်လို့ ပြန်လည်ပြင်ဆင် ပြောပါတယ်။

" ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ဒီမနက် ဇင်းဘုံနားမှာ မြုပ်သွားပြီ။ မနေ့က ၃ စီးမြုပ် ၁စီးပျက်စီး။ ဒီနေ့ ၁စီးဆိုတော့ ၅စီးပေါ့။မနေ့က လွတ်သွားတဲ့ဟာတွေ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း ဒီမနက် တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ မနေ့က ဗန်းမော်မြို့နယ် အောက်စာဝတီး တစ်ဝိုက် ဆူးပုတ်ကုန်းမှာ တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီသင်္ဘောဟာ ဒီမနက်စက်တင်ဘာ ၁၄ရက် တိုက်ခိုက်ခံရမှုမှာ ရေယာဉ် တိုက်ရိုက်ထိမှန် မီးလောင်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။

လတ်လောမှာ စစ်သင်္ဘောတွေ ဖြတ်သန်းရာ ဗန်းမော်မြို့နယ် စင်းခန်းဒေသမှာ မြေပြင်တိုက်ပွဲတွေ တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဗန်းမော်ဘက်တော့ စစ်ရေး မထူးသေးဘူး။အခု စင်းခန်းနားမှာတော့ နေ့တိုင်း တိုက်ပွဲရှိတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘော အများအပြားကို ရွှေကူနဲ့ ဗန်းမော်ကြားမှာ တိုက်ခိုက်ဖျက်ဆီးထားနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

တိုက်ခိုက်ဖျက်စီးခဲ့တဲ့ သင်္ဘောအရေအတွက် အတိအကျ ထုတ်ပြန်တာမရှိပေမဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ၂၀၂၆ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၄ရက်အထိ စစ်သင်္ဘောတွေအပါအဝင် တွန်းသင်္ဘော၊ သံခွန်သင်္ဘော စုစုပေါင်း စစ်တပ်သင်္ဘော ၂၀စီးနီးပါးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်ခိုက်ဖျက်ဆီးခံရတဲ့ သင်္ဘောအများစုဟာ ဗန်းမော် နဲ့ ရွှေကူကြား စင်းခန်းဒေသ၊ ဇင်းဘုံဒေသ တွေမှာ ဖြစ်ပါတယ်။ ရွှေကူကနေ ဗန်းမော်မြို့ကို သင်္ဘောတွေ ဆန်အတက်မှာ တိုက်ခိုက်ဖျက်ဆီးခံရတာရှိသလို ဗန်းမော်မြို့ကနေ ပြန်စုအဆင်းမှာလည်း တိုက်ခိုက်ဖျက်ဆီးခံရတာရှိပါတယ်။

အဲဒီလို တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချ ရေစီးနဲ့ မျောပါသွားတာ၊ KIA ပူးပေါင်းတပ်ထံ လက်နက်ချတာတွေ ရှိခဲ့ပါတယ်။

KIA ရဲ့ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ရက် ရေကြောင်းတိုက်ပွဲမှာ စစ်တပ်က လက်နက်ချသူ ၁၅၀ ကျော်ရှိရာ အဲဒီထဲက ဗိုလ်ကြီး ၂ဦးအပါအဝင် ၁၁၈ဦးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်သူတွေကတော့ အမျိုးသမီး၊ ကလေးငယ်စတဲ့ တပ်မိသားစုဝင်နဲ့ အရပ်သားအချို့ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းလည်း KIA က ထုတ်ပြန်ထားပါတယ်။


(စစ်သင်္ဘောကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနေစဉ်။ ရုပ်သံ - CJ)

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဗန်းမော်စစ်သင်္ဘော #ဇင်းဘုံတိုက်ခိုက်မှု #စစ်သင်္ဘောနစ်မြုပ်မှု #KIAပူးပေါင်းတပ်
28👍9👏8🤣2👎1💩1🖕1