Tachileik News Agency
23.1K subscribers
48.3K photos
204 videos
2 files
13.5K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
ငဖဲမြို့နယ် ၊ ကျောင်းကုန်းရွာဟောင်းရှိ ( ကပစ - ၁၄ ) ဂိတ်ကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မကွေးတိုင်း ငဖဲမြို့နယ် မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ စစ်ကောင်စီ၏ (ကပစ - ၁၄) ဂိတ်ကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(Chin Defence Force – Asho)မှ သတင်းထုတ်ပြန်သည်။

ငဖဲမြို့နယ်ရှိ (ကပစ - ၁၄) ဂိတ်ကင်းစခန်းအား ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ နံနက် ငါးနာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် (၂) နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဇွန်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးတိုင် စခန်းသိမ်းပိုက်ရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီမှ လေကြောင်းထောက်လှမ်းမှုနှင့် လက်နက်ကြီးပစ်ကူများဆက်တိုက်ပစ်ခတ်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုမှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဂိတ်ကင်းစခန်းမှ တပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho)နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

မြန်မာပြည်နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏ (ကပစ)ဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံပေါင်း (၂၅)ခုရှိပြီး ၎င်းတို့မှနေ၍ စစ်ကောင်စီလိုအပ်နေသည့် လက်နက်ခဲယမ်းများထုတ်လုပ်လျှက်ရှိကာ မကွေးတိုင်းအတွင်းတွင် ကပစ စက်ရုံ (၁၅)ခုနှင့် အများဆုံးအဖြစ် တည်ရှိနေကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36384

#TachileikNewsAgency
Photo: Chin Defence Force - Asho
မတ္တရာမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး
ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့မှ
သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ဖောကား (၅)စီးပါ စစ်ကောင်စီအင်အား (၁၅၀)ခန့်ပါရှိသည့် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ၂၀၂၄ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် ရေနံ့သာကျေးရွာ၏အရှေ့ဘက် (ဒေသအခေါ်-ကိုးပြွန်)တွင် ကားများရပ်၍ ခြေတော်ရာမှ မြို့ဒင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း ၂၀၂၄ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့နောက် အပြန်လမ်းတွင် ပြည်သာအေးကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဟန့်တားခဲ့ရာ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှ နောက်ကြောင်းပြန်ဆုတ်ခွာချိန်တွင် ပြည်သာအေးကျေးရွာ၏ အနောက်မြောက်ဘက်(ဒေသအခေါ်-ပိတ်ကွင်း)အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် (၃၀)ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြီး အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်လမ်းတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မဟာတပ်ဖွဲ့မှ ဆိုသည်။

တိုက်ခိုက်အတွင်း စစ်ကောင်စီထံမှ (၈၁)မမ လက်နက်ကြီး အဖူး တစ်ဖူး၊ (၇၃) မမ RPG အဖူး သုံးဖူး၊ (၇၅)မမ RPGအဖူး တစ်ဖူး၊ G-3ကျည် ၁၉ထောင့်၊ ၅.၅၆ကျည် ၆၃ထောင့်၊ ဆီတစ်ပုံးနှင့် Redmiအမျိုးအစား ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့နှင့်အတူ တိုက်နယ်(၃)ပကဖများဖြစ်သည့် နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မိုးကြိုးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတ္တရာမြို့နယ်ပကဖနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36385

#TachileikNewsAgency
စစ်ကိုင်းမြို့မှ ရိက္ခာသယ်ဆောင်လာသည့် တွဲကားနှစ်စီးနှင့် စစ်ကောင်စီကင်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်
https://youtu.be/Q_7HHH0NmV4?si=7NxVK3Vw4rhzdGtU
* * * * *

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် စစ်ကောင်စီကင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special Forces 11–PDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် ချောင်းဦး မြပုလဲဂိတ်မှ ကင်းလာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွေးတိုးဂိတ်အနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ မနက် (၇) နာရီခွဲတွင် ရှေ့ထွက်မိုင်း (၄) လုံး တစ်ပွိုင့် နှင့် ပဒေသာမိုင်း (၄)လုံး တစ်ပွိုင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တွဲကား ပထမအစီးမှာ နောက်ပိုင်းပွင့်ထွက်၍ တိုးဂိတ်ရှေ့ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ထိခိုက်မှုများရှိနိုင်ကြောင်း Special Forces 11–PDF အဖွဲ့မှ ဆိုသည်။

ထို့နောက် ဇွန်လ (၂၂) ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် ချောင်းဦး မြပုလဲ စစ်ကောင်စီဂိတ်မှ ကင်းလာယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းနှင့် ဗုံးသီး (၄)လုံးချ၍ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်သော်လည်း အရပ်သား ပြည်သူ (၂)ဦး ထိခိုက်မှုရှိကြောင်း သိရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်း Special Forces 11 – PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Special Force-11(PDF)၊ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Monywa Dynamite(STF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency
Video : Special Forces 11 - PDF
မြင်းခြံတွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ် ပစ်သတ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မြင်းခြံမြို့တွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇွန်လ(၂၂)ရက်နေ့ ညပိုင်းတွင် ပစ်သတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ည(၁၀)နာရီဝန်းကျင်က မြင်းခြံမြို့၊ အမှတ်(၁၈)၊ ဝန်ထမ်းကွက်သစ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေစဉ် မြင်းခြံမြို့ပေါ်သို့ လူနာတင်ယာဉ်ဖြင့် လူနာလိုက်ပို့သည့် ဆရာတော်ကို ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ သက်တော်(၅၀)၊ ဝါတော် (၁၂)ဝါရှိပြီး စစ်တပ်ဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ စစ်ကောင်စီဘက်က Myingyan Black Tiger PDF အဖွဲ့က ပစ်ခတ်သည်ဟု စွပ်စွဲထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် Myingyan Black Tiger အဖွဲ့နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ Myingyan Black Tiger (MBT)က မြင်းခြံနှင့် နီးနီးကပ်ကပ်မှာရှိမနေသည့်အပြင် ယခုရက်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီသည် ငါန်းဇွန်နယ်၌ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း ပစ်ခတ်ပြီးနောက် PDFက ပစ်ကြောင်း သတင်းမှားဖြန့်ဝေပြီးနောက် အတူပါဆရာတော်ကြီးက စစ်တပ်ကပစ်ကြောင်း မိန့်ကြားမှသာ ၎င်းတို့ပစ်ခတ်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36388

#TachileikNewsAgency
Media is too big
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံရှိ ဆာဖာရီဥယျာဥ်တစ်ခုတွင် ဆင်တစ်ကောင်က ဆင်ဦးစီးကို နင်းသတ်
https://www.tachileik.net/mm/news/36389
* * * * *

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Idukki ခရိုင်ရှိ ဆာဖာရီဥယျာဥ်တစ်ခုတွင် ဆင်တစ်ကောင်က ဆင်ဦးစီးကို နင်းသတ်ခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီးနောက် သစ်တောဌာနက တရားမဝင် ဖွင့်လှစ်ထားသော အဆိုပါ ဆာဖာရီဥယျာဥ်ကို အမှုဖွင့်ပြီး လုပ်ငန်းရပ်တန့်ရန် ထုတ်ပြန်ခဲ့သည်။

ကီရာလာပြည်နယ် ကယ်လာမြို့ရှိ ဆင်များ မွေးမြူထားရှိသော Kerala Farm ပုဂ္ဂလိက ဆာဖာရီဥယျဥ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ ညနေ (၆) နာရီခွဲဝန်းကျင်၌ ဆင်တစ်ကောင်က နင်းသတ်မှုကြောင့် အသက် (၆၂) နှစ်အရွယ် ဆင်ဦးစီး ဘာလာခရှစ်နန် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဒုတိယ ဆင်ဦးစီးဖြစ်သူ ဘာလာခရှစ်နန်က ဆာဖာရီဥယျာဥ်သို့ လာရောက်လည်ပတ်သော ခရီးသွားများ ဆင်စီးရန် ပြင်ဆင်စောင့်ဆိုင်းနေစဥ် ဆင်က ၎င်းကို နင်းသတ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ခရီးသွားများမှာ ဆင် တိုက်ခိုက်ခံရမှုကနေ သီသီလေး လွတ်မြောက်သွားခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ထိတ်လန့်စရာ CCTV ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့သည်။

သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြမှုများအရ Kerala Farm ဆာဖာရီဥယျာဥ်တွင် ခရီးသွားများ ဆင်စီး လည်ပတ်နိုင်ရန် ဆင် (၃၅) ကောင် မွေးမြူထားသော်လည်း ဆင် (၄) ကောင်ကိုသာ သက်ဆိုင်ရာဌာနတွင် တရားဝင် မှတ်ပုံတင်ထားကြောင်း သိရသည်။

ဆင်ဦးစီးကို နင်းသတ်ခဲ့သော ဆင်မှာ ယခင်ကလည်း ဆင်ဦးစီးကို ရန်လိုသည့် အပြုအမူ ပြသခဲ့ဖူးသည်ဟု ဆိုသည်။

#TachileikNewsAgency
Source: The Hindu
ငပလီရှိ တပ်မိသားစုဝင်များ ထွက်ပြေးရန် နာရေးကားများကို ငှားရမ်း

* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များ ရန်ကုန်သို့ပြေးရန် နာရေးကားများကိုငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing ဟိုတယ်အထိ ထိန်း ချုပ်ထားကာ လေဆိပ်အတွင်းမှ ပြည်သူ့စစ်များက ခုခံ‌နေပြီး တပ်မိသားစုဝင်များလည်း ရန်ကုန်သို့ထွက်ပြေးရန် နာ‌ရေကားများကိုငှားရမ်းနေကြကြောင်း သိရသည်။

"မြေပြင်က နာရေးကားက ရန်ကုန်သွားရင် အငှားလိုက်ပေးတာ။ နာ ရေးကားဆိုပေမယ့် ပြောင်းမယ်၊ ရွေ့မယ်ဆိုရင်လည်း လိုက်ပေးတယ်။ အဲ့ဒါ ညနေ(၄)နာရီလောက်က တပ်မိသားစုတွေက ငှားကြတာရှိတယ်။ ချက်ခြင်း ကား(၃၊ ၄)စီးလိုတာမျိုးငှားကြတယ်။"ဟု ဒေသခံတစ်ဦးက ယနေ့ ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင် Tachileik News Agency ကိုပြောသည်။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန်လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

"ဇီးဖြူကုန်းနဲ့ Amazing(Amazing Ngapali Resort ) ဟိုတယ်ကို AA ယူလိုက်ပြီ။ လေဆိပ်က ပြည်သူ့စစ်တွေ ရှိနေသေးတုန်းပဲ။ AA က ပိတ်ဆို့ထားတာပဲရှိ သေးတယ်။ ခမရ (၅၆၆)ကလေဆိပ်နားပဲလေ ကပ်နေတာ။"ဟု ဒေသခံတစ်ဦးကပြောသည်။

Amazing Ngapali Resort သည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရင်းနှီးသူဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဟော်နန်းအတု ဆောက်လုပ်ခွင့်နှင့် တာချီလိတ်မြို့နှင့်ကျိုင်းတုံတို့တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်သည့် Resort ဖြစ်သည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

ယမန်နေ့ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပုံအညွှန်း - သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပုံ


#TachileikNewsAgency
ငပလီရှိ ခမရ ၅၆၆ တပ်ကို AA စတင်ထိုးစစ်ဆင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)တပ်ကို အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing Ngapali Resort ဟိုတယ်အထိ ထိန်းချုပ်ထားပြီးနောက် ညပိုင်းတွင် ခမရ(၅၆၆)ကို ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီတပ်စခန်း ကျဖို့များနေပြီ။ ခလရ(၅၅)နဲ့ ခမရ (၅၆၆)ပူးပေါင်းတပ်က တပ်ဆုတ်နေပြီလို့ ကြားတယ်။ ဘယ်ကနေ ဘယ်ဖက်ကို ဆုတ်တယ်ဆိုတာ အတည်ပြုဖို့ခက်သေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ညပိုင်းတွင် ပြောသည်။

တပ်ဆုတ်နေသည့်သတင်းကို Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန် လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

"အခု ငပလီ ခလရ(၅၅)တပ်နား နတ်ရေကန်၊ အရင် ဓူဝံကြယ်ဆိုင် အနောက်ဖက် လမ်းကြားမှာ လူနှစ်ဦး ပစ်သတ်ခံထားရတယ်။ အလောင်း မကောက်နိုင်သေးဘူး။"ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

ဇွန်လ(၂၂)ရက်နေ့ နေ့ ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲကြောင့် ဒေသခံများလည်း ယနေ့ညနေပိုင်းတွင် ဘေးကင်းသို့ အများအပြားတိမ်းရှောင်နေကြသည်။

လက်ရှိအခြေနေကြောင့် စစ်ကောင်စီတပ်၏ တပ်မိသားစုများကလည်း ယနေ့တွင် နာရေးကားများ ကားရမ်းကာ ထွက်ပြေးတိမ်းရှောင်ရန်အတွက် လုပ်ဆောင်နေကြသည်ဟုလည်း သိရသည်။

News: https://www.tachileik.net/mm/news/36391

#TachileikNewsAgency
ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံ၏ ပြည်နယ် (၄၃) ခုတွင် ရုတ်တရက် ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ထိုင်းနိုင်ငံ၏ ပြည်နယ် (၄၃) ခုတွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၃) ရက်နေ့မှစ၍ (၃) ရက်အတွင်း ရုတ်တရက် ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး ဌာနက Disaster Prevention and Mitigation Department (DPMD) က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုင်းမိုးလေဝသဌာန Meteorological of Thailand (TMD)၏ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း မိုးရွာသွန်းမှု များလာပြီး အချို့ နေရာဒေသများတွင် မိုးသည်းထန်ခြင်းမှ အလွန်မိုးသည်းထန်ခြင်း အခြေအနေ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုအခြေအနေကြောင့် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အက်ဒမန်ပင်လယ်ပြင်တွင်လည်း လေပြင်းများ တိုက်ခတ်နိုင်ပြီး ပင်လယ်ရေလှိုင်း အမြင့် (၂) မီတာမှ (၃) မီတာအထိ ရောက်ရှိနိုင်ကြောင်းနှင့် ပိုမိုပြင်းထန်သော လေပြင်းတိုက်ခတ်သည့် နေရာများတွင် လှိုင်းအမြင့်မှာ (၃) မီတာကျော်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ရုတ်တရက် ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည့် ပြည်နယ်များအနက် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် အပါအဝင် မြောက်ပိုင်းရှိ ပြည်နယ် (၁၁) ခု ပါဝင်သည်။

ထိုင်းအရှေ့မြောက်ပိုင်းရှိ ပြည်နယ် (၁၄) ခု၊ အလယ်ပိုင်းရှိ ပြည်နယ် (၉) ခုတို့တွင်လည်း ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှု သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုင်းတောင်ပိုင်းရှိ ရနောင်း၊ ဖူးခက် အပါအဝင် ပြည်နယ် (၅) ခုတွင်လည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ရနောင်း၊ ဖူးခက်၊ ဖန်င၊ ခရာဘီ၊ ထရန်နှင့် ဆာတွန် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။

News: https://www.tachileik.net/mm/news/36392

#TachileikNewsAgency
Source: The Thaiger