Tachileik News Agency
25.9K subscribers
52K photos
206 videos
2 files
14.6K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
အွန်လိုင်းလောင်းကစားနှင့် ပတ်သက်နေသည့် ထိုင်း ဒုရဲချုပ်ကို ရာထူးကနေ ထုတ်ပယ်ရန်ရှိ မရှိ ရဲကော်မရှင် အစည်းအဝေးထိုင်မည်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွယ်သော ငွေကြေးခဝါချမှုဖြင့် စွပ်စွဲခံရသူ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ရာထူးကနေ ထုတ်ပယ်ရန် ရှိ မရှိ ညှိနှိုင်းဆွေးနွေးမည့် ရဲကော်မရှင် အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရဲကော်မရှင်၏ ဥက္ကဌလည်းဖြစ်သူ ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ မွန်းလွဲ (၃) နာရီတွင် ပြုလုပ်ရန် စီစဥ်ထားသော ထိုအစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင်သွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရဲချုပ်နှင့် ဒုရဲချုပ်တို့ကြား အမှုကိစ္စကြီးများနှင့် ဆက်စပ်၍ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရာ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဝန်ကြီးချုပ် သာဗီစင်က ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol နှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate တို့ (၂) ဦးလုံးကို ဝန်ကြီးချုပ်ရုံးသို့ ရုတ်တရက် ရွှေ့ပြောင်းလိုက်ပြီးနောက် ဒုရဲချုပ်တစ်ဦးဖြစ်သူ Kitrat Panphet ကို ယာယီ ရဲချုပ်အဖြစ် တာဝန်ပေးခဲ့သည်။

ဝန်ကြီးချုပ်က တာဝန်ပေးအပ်ခဲ့သည့် ကော်မတီ၏ (၄) လကြာ စုံစမ်းစစ်ဆေးမှုက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အတွင်း အငြင်ပွားမှုများနှင့် အမိန့်မနာခံမှုများ ရာထူးအဆင့် အားလုံးတွင်ရှိကြောင်း အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရန် စီစဥ်ထားသည့် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak ကို မူလရာထူး ရဲချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်၏ အကြံပေးတစ်ဦးဖြစ်သူ Wissanu Krea-ngam က ယခု သီတင်းပတ်အတွင်း ပြောခဲ့သည်။

ထိုအတောအတွင်း ဒုရဲချုပ် Surachate ကို အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွယ်သော ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေရာ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ရဲကော်မရှင် အစည်းအဝေးရလဒ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

News: https://www.tachileik.net/mm/news/36393

#TachileikNewsAgency
Source: Bagnkok Post
မြန်မာစစ်အုပ်စုက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုအပေါ် တင်းကျပ်ထိန်းချုပ်လိုက်ခြင်းကြောင့် ရောင်းအားထိခိုက်ကြောင်း ထိုင်းကွန်ဒိုအသင်းဥက္ကဌ ပြောကြား
* * * * *

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ၎င်း၏ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၌ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုအပေါ် တင်းကျပ် ထိန်းချုပ်လိုက်ခြင်းကြောင့် ရောင်းအား ထိခိုက်ကြောင်း ထိုင်းကွန်ဒိုအသင်း Thai Condominium Association ၏ ဥက္ကဌ Prasert Taedulyasatit က ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်က ပြောကြားလိုက်သည်။

လက်ရှိ နိုင်ငံခြားသားများ ထိုင်းနိုင်ငံ၌ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် မြန်မာနိုင်ငံသားများက တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယ အများဆုံး ဝယ်ယူသူအုပ်စု ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အုပ်စု၏ ယခု ထိန်းချုပ်မှုကြောင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကို ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်တွင် ပိုမိုဆိုးရွားစေပြီး ပထမ သုံးလပတ်မှ အကျဘက်ရောက်နေမှုမှာ ဆက်ဖြစ်နေလိမ့်မည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် ပြည်တွင်းဝယ်လိုအား ကျဆင်းနေချိန်၌ နိုင်ငံခြားသားများ၏ ဝယ်လိုအားမှာ အရေးပါကြောင်း သိရသည်။

ထိုင်းအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Siamese Asset Public Company Limited ၏ CEO ဖြစ်သူ Kajonsit Singsansern က ၎င်း၏ ကုမ္ပဏီမှာ မကြာသေးမီက မြန်မာဖောက်သည်များကို ဈေးကွက်ချဲ့ထွင်ခဲ့ရာ ဘတ် (၅) သန်းနှင့် ဘတ် (၁၀) သန်းကြား တန်ဖိုးရှိသော ကွန်ဒိုတိုက်ခန်း (၁၀) ခန်း ရောင်းထွက်ခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

Pruksa Real Estate Public Company Limited ၏ CEO ဖြစ်သူ Piya Prayong ကမူ Pruksa တွင် မြန်မာဖောက်သည် အများအပြား မရှိသေးကြောင်းနှင့် ဈေးကွက်ကို ဝင်ရောက်ခါစသာ ရှိသေးရာ မြန်မာစစ်အုပ်စု၏ ထိန်းချုပ်မှုက ကုမ္ပဏီကို သိသိသာသာ ထိခိုက်မှုမရှိဟု ရှင်းပြသည်။

ဈေးကွက်တစ်ခုလုံးအရ နိုင်ငံခြားသား ဝယ်လက်များအတွက် ကောင်းမွန်နေဆဲဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံသား၏ ဝယ်ယူမှုများက ထိုင်းကွန်ဒိုများကို ဆက်လက် ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံနေကြဆဲ ဖြစ်ကြောင်း Origin Vertical Corporation Limited ၏ တွဲဖက် CEO ဖြစ်သူ Apisith Sunthornchukeat က ပြောသည်။


သို့သော် မြန်မာဈေးကွက်မှာ အာဏာသိမ်း စစ်အုပ်စု၏ ထိန်းချုပ်မှုကြောင့် နှေးကွေးသွားခဲ့သည်။

Origin Vertical က မြန်မာနိုင်ငံရှိ ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး ထိုင်ဝမ်၊ အိန္ဒိယ၊ ဥရောပနှင့် အမေရိကကဲ့သို့ ဈေးကွက်အသစ်များ ချဲ့ထွင်ခဲ့ကြောင်း Apisith က ဆိုသည်။

ထိုဈေးကွက်များမှ ဖောက်သည်အများစုက Thonglor, Phrom Phong နှင့် Sukhumvit ကဲ့သို့ အဓိက တည်နေရာများရှိ ကွန်ဒိုတိုက်ခန်းများကို နှစ်သက်ကြကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/36394

#TachileikNewsAgency
Source: Khaosod
လူနာတင်ယာဉ်ပေါ်က ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရမှုကို PDF က ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုံးစံအတိုင်း သတင်းထုတ်ပြန်

* * * * *

မန္တလေးတိုင်း မြင်းခြံမြို့တွင် စခမ ကျေးရွာ၏ ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက PDF က ပစ်ခတ်၍ ပျံလွန်တော်မူခြင်း ဖြစ်ကြောင်း ထုံးစံအတိုင်း သတင်းထုတ်ပြန်လာသည်။

မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏ မြောက်ဘက် မြင်းခြံ-မကျီးသမျှား သွားကားလမ်းတွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၃)ရက်နေ့အကူးပိုင်းအချိန်က မြတ်ပုည ပရဟိတအသင်းကားဖြင့် လူနာလိုက်ပါ ပို့ဆောင်ပေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

စခမကျေး ရွာနေ အသက်(၂၈)နှစ်အရွယ် မဝင့်ဝါအေးသည် ဗိုက်အောင့်ဝေဒနာကြောင့် ဆေးကုရန်လိုသည့်အတွက် စခမ ကျေးရွာ ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမသည် မြတ်ပုည ပရဟိတအသင်းကားကို ကိုယ်တောင်မောင်းပြီး ဘေးတွင် အသက်(၄၀)နှစ်အရွယ် ဦးအောင်မျိုးသောင်းကို တင်ဆောင်ကာ ထွက်ခွာလာရာ မြင်းခြံ-မကျီးသမျှား သွားကားလမ်းတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သက်တော်(၅၀)၊ ဝါတော်(၁၂)ဝါရှိသည့် ရွာဦးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမသည် ကျည်မှန်ဒဏ်ရာ (၄)ချက် ရရှိကာ ပျံလွန်တော်မူသွားပြီး ဘေးကနေ လိုက်လာသည့် ဦးအောင်မျိုးသောင်းသည် ကျည်မှန်ဒဏ်ရာ (၁)ချက်နှင့် ပေါက်ပြဲထိရှ ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး PDF များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းဖြစ်ကြောင်းကို ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်အရ သိရသည်ဟု စစ်ကောင်စီဘက်က ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ ဖြစ်စဉ်တုန်းကအတိုင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးဖြစ်စဉ်တုန်းကလည်း PDF များက ပစ်ခတ်ခြင်းဖြစ်သည်ဟု ယာဉ်မောင်းက ပြောကြောင်းကို စစ်ကောင်စီဘက်က ရုပ်မြင်သံကြားကနေပါ လိမ်လည် သတင်းထုတ်ပြန်ခဲ့သော်လည်း ကံသုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ၏ ရဲဝံ့သည့် ထုတ်ဖော်မိန့်ကြားမှုကြောင့် စစ်ကောင်စီဘက်က ဖြစ်စဉ်အမှန်ကို မဖုံးကွယ်ရဲတော့ဘဲ ၎င်းတို့က ပစ်ခတ်ခြင်းဖြစ်ကြောင်းကို နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ဝန်ခံလာရခြင်း ဖြစ်သည်။


မြင်းခြံခရိုင်အတွင်း တိုက်ပွဲဝင်နေသည့် yingyan Black Tiger PDF အဖွဲ့ကလည်း ယခုဖြစ်ရပ်သည် ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

"မြင်းခြံ ဆခမဆရာတော် ဥူးဥတ္တမ လူနာလာပို့တဲ့ ကိစ္စမှာ စစ်တပ်က ပစ်သတ်ခြင်းဖြစ်ပါတယ်။ မိမိတို့ Myingyan Black Tiger တပ်ဖွဲ့နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး။ မိမိတို့ Myingyan Black Tiger (MBT)က မြင်းခြံနှင့် နီးနီးကပ်ကပ်မှာ ရှိမနေသလို ဒီရက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှု မရှိခဲ့ပါဘူး။ မိမိတို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက်သာ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရဟန်းရှင်လူ မိဘပြည်သူတွေဘက်ကို ဘယ်တုန်းကမှ သေနတ်ပြောင်းဝ မလှည့်ခဲ့သလို MOD အောက်က တရားဝင်တပ်ရင်းဖြစ်တာကြောင့် စစ်အုပ်စုလော်ဘီတွေ တင်သလို မိမိတို့တပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်းထုတ်ပြန်အပ်ပါသည်။"ဟု ဇွန်လ(၂၃)ရက်နေ့ နေ့လည် (၂)နာရီခွဲအချိန်က သတင်းထုတ်ပြန်ထားသည်။

သေနတ်ဖြင့် ပစ်ခံရသည့် နေရာမှာ PDF အဖွဲ့၏ စစ်ရေးလှုပ်ရှားရာ နေရာမဟုတ်သလို မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု မရှိကြောင်းနှင့် စစ်ကောင်စီတပ်၏ ကင်းပုန်းများသာ ရှိကြောင်း ထပ်မံ ပြောကြားထားသည်။

"ဒီကိစ္စမှာ စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေ ရေးသလို လူနာလာပို့တဲ့ ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ်ခတ်ခြင်းမရှိသလို တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာနေရာလည်း မဟုတ်တဲ့အတွက် တပ်ဖွဲ့ကို စွပ်စွဲသူတွေအား လိုက်လံစုံစမ်းပြီး အရေးယူသွားမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို Myingyan Black Tiger (MBT)က စုံစမ်းခဲ့ရာ အခင်းဖြစ်ပွားရာနေ့ရက်မှာ မည်သည့်မဟာမိတ်တပ်ဖွဲ့ကမှ စစ်ရေးလှုပ်ရှားတာမရှိ။ မိမိတို့ MBT ကလည်း အခင်းဖြစ်နေရာမှာ တပ်စွဲခြင်း စစ်ရေးလှုပ်ရှားခြင်း မရှိသလို ဆက်လက်စုံစမ်းရာမှာ အခင်းဖြစ်နေရာမှာ စစ်တပ်ကင်းပုန်းတွေသာရှိနေပြီး စစ်တပ်ဘက်ကသာ ကျူးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ ရှေ့မှာ သာဓကရှိခဲ့ပြီး ငါန်းဇွန်နယ်မှာ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း ငါန်းဇွန်နယ်အတွင်း စစ်တပ်က ပစ်သတ်တာကို PDF က ပစ်တယ်ဆိုပြီး ပြည်သူတွေကို လိမ်ညာခဲ့သေးတဲ့ သာဓကရှိခဲ့ပြီး မငြင်းနိုင်တဲ့ အဆုံးမှာတော့ စစ်တပ်ဘက်က သူတို့မှားပစ်ခဲ့တာကို ဝန်ခံခဲ့ရပါသေးတယ်။ "ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် မြို့နှင့် ကျေးရွာများအကြား ယာဉ်သွားလမ်းများတွင် ကင်းပုန်းများဝတ်၍ စောင့်ကြပ်မှုများ ပြုလုပ်ပြီး ညပိုင်းများတွင် ပစ်ခတ်သည့် ဖြစ်စဉ်များစွာ ရှိခဲ့သလို ပစ်ခတ်မှုကြောင့် သေဆုံးပြည်သူနှင့် ရဟန်းရှင်လူများစွာ ရှိခဲ့သော်လည်း လူမသိ သူမသိဖြစ်စေခဲ့ကြောင်းနှင့် လူသိရှင်ကြား ဖြစ်စဉ်များတွင်လည်း ၎င်းတို့ဘက်က မှားယွင်းပစ်ခတ်သည် သို့မဟုတ် သက်သက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု မည်သည့်အခါမှ ဝန်ခံလေ့မရှိဘဲ PDF များကသာ ပစ်ခတ်လေ့ရှိကြောင်းကိုသာ သတင်းထုတ်ပြန်လေ့ရှိဟု သိရသည်။

News: https://www.tachileik.net/mm/news/36395

#TachileikNewsAgency
နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို ဒေသသားအဖြစ်အသိအမှတ်ပြုနိုင်သည့်စနစ် ကိုးကန့်ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အထူးဒေသ(၁)၏ ဒေသသားမှတ်ပုံတင်ကဒ်ပြားကို လျှောက်ထားနိုင်ပြီး လူဦးရေနှင့်သန်းခေါင်စာရင်းကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ကိုးကန့်ဒေသအတွင်း တိုင်းရင်းသားလူမျိုး ကြီးငယ် ခွဲခြားခြင်း၊ အခြားတိုင်းရင်းသားလူမျိုးစုမျာကို ခွဲခြားဆက်ဆံခြင်းနှင့် အထင်သေးဖိနှိပ်ခြင်းများကို လုံးဝကန့်ကွက်ကြောင်း၊ မည်သည့် တိုင်းရင်းသားလူမျိုးစုကိုမဆို အထူးဒေသ(၁)က တန်းတူညီမျှစွာဆက်ဆံသည်ဟု ဆိုသည်။

တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးဒေသတည်ဆောက်ရေးတို့အတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းထားပြီး ပြည်ပမှတဆင့် လာရောက်အခြေချသူများကိုလည်း ဖိတ်ခေါ်သည်ဟု ဆိုသည်။

ကိုးကန့်ဒေသအတွင်း နှစ်ပေါင်း(၂၀)နှင့်အထက် နေထိုင်ခဲ့သူများကို မူရင်းဒေသသားအဖြစ် အတည်ပြုပြီး ဒေသသားမှတ်ပုံတင်ကဒ်ပြားကို လျှောက်ထားနိုင်ကာ (၁၄)နှစ်အထက် နေထိုင်ခဲ့သည့် ပြင်ပရောက်ရှိသူများအနေဖြင့် လျှောက်လွှာတင်ခြင်းမှတဆင့် အမြဲတမ်းဒေသသားအဖြစ် အတည်ပြုသည်ဟု ဆိုသည်။

မြေယာ၊ အိမ်စသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းတန်ဖိုး တရုတ်ယွမ်(၅)သိန်းနှင့်အထက် ပိုင်ဆိုင်ထားသူများ၊ အထူးဒေသအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ခဲ့သည့် ပညာရှင်များ၊ ပါမောက္ခနှင့် နယ်ပယ်အသီးသီးမှ ပညာတတ်များ၊ MNDAA အတွင်း စစ်မှုထမ်းချိန် သို့မဟုတ် အုပ်ချုပ်ရေးများ တာဝန်ထမ်းဆောင်ချိန် (၃)နှစ်နှင့်အထက် ပြည့်မှီသော ပြင်ပရောက်သူများ၊ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများ၊ ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ(၅)သိန်းနှင့်အထက်ရှိပြီး ဒေသတွင်း၌ (၈)နှစ်အထက် နေထိုင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကို အမြဲတန်းဒေသသားအဖြစ် အတည်ပြုနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အမြဲတမ်းဒေသသားဖြစ်ပါက အခွန်ပေးဆောင်ရန်၊ (၁၈)နှစ်ပြည့်ပါက စစ်မှုထမ်းရန်လည်း သတ်မှတ်ထားပြီး ပြင်ပနေသူများ (၁၅)ရက်ကျော်ပါက ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကိုလည်း ယနေ့မှစတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကောက်ယူသွာမည်ဖြစ်ပြီး တစ်အိမ်ချင်း၊ တစ်ဦးချင်း ကောက်ယူသွားမည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36396

#TachileikNewsAgency
Please open Telegram to view this post
VIEW IN TELEGRAM
နွားထိုးကြီးနှင့်မြင်းခြံကြားရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့နယ်နှင့် အရှေ့ဘက်ရှိ နွားထိုးကြီးမြို့နယ်အကြား ကျေးရွာများကို လှည့်ပတ်စစ်ကြောင်းထိုး မီးရှို့ခြင်းများလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ၏ တပ်မ (၉၉)လက်အောက်ခံတပ်ဖွဲ့ဝင်များသည် နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်ကြားရှိ ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးနေစဉ် ၂၀၂၄ခုနှစ် ဇွန်လ (၁၂)ရက်နေ့၌ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂)ဦး မျက်မြင်သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ RPG အဖူး (၃)ဖူး၊ အီနာဂါ (၅)လုံး၊ လက်ပစ်ဗုံး fuze နှစ်ခု၊ ၆၀ အဖူး (၁)ဖူး၊ ဖုန်းနှစ်လုံး နှင့် MAကျည်ဘောက် (၃)ခုတို့ကို ရရှိခဲ့ကြောင်း 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

ထို့အတူ ဇွန်လ (၈) ရက်နေ့တွင် မြင်းခြံ၊ နွားထိုးကြီး လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် 4x4 ကားတစ်စီးအား တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36398

#TachileikNewsAgency
တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများစုဝေးနေချိန် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
https://youtu.be/iCXF2vpqQ-Q?si=iUid7YNZoyMSlC2P
* * * * *

စစ်ကိုင်းတိုင်း ရေဦးခရိုင် တန့်ဆည်မြို့နယ် အင်ကုက္ကားရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ စုဝေးနေချိန်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Civil Armed Force (CAF) အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ် အင်ကုက္ကားရွာမှ ပျူစောထီးများ စုဝေးလျက်ရှိသည်ကို သတင်းရရှိ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅) နာရီတွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး အထိအခိုက်စာရင်းကို ဆက်လက်စုံစမ်းနေကြောင်း Civil Armed Force (CAF) အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Civil Armed Force (CAF) နှင့်အတူ JPDF အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency
တန့်ဆည်မြို့နယ် မူးဂွရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Fixed-Wing Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးဂွရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Fixed-Wing Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDFမှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ် မူးဂွရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇွန်လ (၂၃) ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ဒရုန်းတပ်စုမှ Fixed-Wing Drone များဖြင့် ဗုံးသီး (၁၅)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးသီးများကျရောက်ပေါက်ကွဲပြီးနောက် စစ်အုပ်စုဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF အဖွဲ့၏ ဇွန်လအတွင်း စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် (၁၀) ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း ရေဦးမြို့ရှိ စပါးဒိုင်ကွင်းအဟောင်းစခန်းနှင့် မြောက်ဘက်အထွက် စစ်ကောင်စီစခန်းတို့အား Fixed Wing Drone များဖြင့် ဗုံးသီးစုစုပေါင်း (၉)လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

News : https://www.tachileik.net/mm/news/36402

#TachileikNewsAgency
Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF
စစ်ကိုင်းနှင့် မတ္တရာမြို့နယ်တို့မှ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်တို့မှ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fix Wing Drone ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း Seven People Defense Force – Mandalay အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတော (ရွှေဘို-မန္တ‌လေး) လမ်းပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် တိုက်ပေါ်သို့ ဇွန်လ (၁၈) ရက်နေ့ ညနေ လေးနာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fix Wing Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများအား အတည်ပြုနိုင်ရန် စုံစမ်းလျှက်ရှိကြောင်း Seven People Defense Force – Mandalay အဖွဲ့မှ ဆိုသည်။

ထို့အပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် ဟင်္သာရွာသစ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့်နေရာအား ဇွန်လ (၂၀) ရက်နေ့ မနက် (၁၀)နာရီခန့်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed Wings Drone၊ Multiroter Drone များဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း Fixed Wings Drone နှစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Seven People Defense Force – Mandalay၊ ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ AIR DEAD COLUMN (ADC) ဝေဟင်‌သေမင်းစစ်‌ကြောင်း၊ ‌ကြောင်လက်သည်း ၊ နန်တက်မင်း၊ Phoenix (sgg) ၊ ဇာမဏီ မဟာမိတ်တပ်ဖွဲ့များ ၊ မန္တလေးခရိုင်တပ်ရင်း(၃) နှင့် မတ္တရာမြို့နယ်(ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36403

#TachileikNewsAgency
မူဆယ်တွင် ကျွဲခတ်ခံရကာ တစ်ဦးသေ အများအပြား ဒဏ်ရာရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ် မိုင်းယု(၁၀၅)မိုင်ရွာတွင် ကျွဲတစ်ကောင် ရွာအတွင်းဝင်၍ လိုက်လံရမ်းခတ်မှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ညနေပိုင်းက ကားပေါ်တင်ဆောင်လာသည့် ကျွဲတစ်ကောင်သည် ကားပေါ်မှ လွတ်မြောက်ပြီး ရွာအတွင်းသို့ ဝင်ရောက်ကာ ရမ်းခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ကျွဲခတ်ခြင်းကြောင့် နယ်မြေ(၃)နေ ဒေါ်ကြာအေး အသက်(၅၂)နှစ်သည် နံရိုးနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဥ် ယနေ့ ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသည်ဟု သိရသည်။

ကျွဲခတ်မှုကြောင့် ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ (၃)ဦးကို လက်ရှိ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ကျန်ရှိ ပေါင်နှင့် လက်ဒဏ်ရာအနည်းငယ် ရရှိသည့် (၁၆)ဦးကို (၁၀၅)မိုင် ဆေးခန်းနှင့် ကြက်ခြေနီရုံးဆေးခန်းတို့တွင် ဆေးကုသပေးနေသည်ဟု သိရသည်။

အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးမှုနှင့် ထိခိုက်နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA တာဝန်ရှိသူများမှ ကျွဲပိုင်ရှင်နှင့်အတူ ဆောင်ရွက်နေကြောင်းသိရသည်။

News : https://www.tachileik.net/mm/news/36404

#TachileikNewsAgency
Photo: PSLF/TNLA News