Tachileik News Agency
25.9K subscribers
52K photos
206 videos
2 files
14.6K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
Please open Telegram to view this post
VIEW IN TELEGRAM
တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၃၈) ဦးအထိ မြင့်တက်လာ

* * * * *

တရုတ်နိုင်ငံ တောင်ပိုင်းတွင် လူသေဆုံးမှုများရှိခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ရုတ်တရက် ရေကြီးမှုနှင့် ရွှံ့နွံပြိုကျမှုများ ဖြစ်စေခဲ့ရာ လူပေါင်းသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် နောက်ထပ် လူအများအပြားလည်း ရွှေ့ပြောင်းရနိုင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၉) ရက်နေ့မှစ၍ နိုင်ငံတောင်ပိုင်းတွင် အနည်းဆုံး လူ (၃၈) ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့၌ သတင်းထုတ်ပြန်သည်။

မြို့ပြဧရိယာများ ရေနစ်မြုပ်နေပြီး မြေကျွံသွားပုံရသည့် အဆောက်အအုံများကို တရုတ်အစိုးရမီဒီယာ၏ ထုတ်လွှင့်မှုအတွင်း တွေ့ရသည်။

အရေးပေါ် ကယ်ဆယ်ရေးသမားများက စပိဘုတ်များဖြင့် ရေကြီးမှုအတွင်း သောင်တင်နေသူများကို အချိန်လု ကယ်ဆယ်နေကြသည်။

တရုတ်အစိုးရသတင်းဌာန CCTV က ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ဖော်ပြမှုအရ Guangdong ပြည်နယ် Meizhou မြို့တွင် အနည်းဆုံး လူ (၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုပြည်နယ်မှာ Songyuan နှင့် Shiku မြစ်များ မြစ်ရေလျှံမှုကြောင့် ရေကြီးမှု အဆိုးဆုံးကြုံရသည့် နေရာများတွင် ပါဝင်သည်။

လူဦးရေ (၁၂၇) သန်းရှိ စီးပွားရေးကောင်းမွန်သော တရုတ်တောင်ပိုင်းရှိ Guangdong ပြည်နယ်မှာ နှစ်စဥ် ဧပြီလမှ စက်တင်ဘာလအထိ ရေကြီးရေလျှံမှု ကြုံရလေ့ရှိကြောင်း သိရသည်။

သို့သော် မကြာသေးမီ နှစ်များအတွင်း ထိုနယ်မြေတွင် ပိုမိုပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် ပြင်းထန်သော ရေကြီးမှုများ ကြုံလာရသည်။

ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ထူးကဲပြင်းထန်သော မိုးလေဝသအခြေအနေကို ပိုမိုဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ယခု သီတင်းပတ် အစောပိုင်းက Meizhou မြို့မှ လူဦးရေ (၁၀,၀၀၀) ကျော် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ (၁၃၀,၀၀၀) အထိ လျှပ်စစ်ဓာတ်အား မရရှိဘဲ အာဏာပိုင်များက ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုကို Level-I သို့ တိုးမြှင့်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ပြောသည်။

တရုတ်နိုင်ငံ၏ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုစနစ်တွင် အဆင့် (၄) ဆင့်ရှိပြီး Level-I မှာ အပြင်းထန်ဆုံး အဆင့်ဖြစ်ကြောင်း သိရသည်။

Guangdong ပြည်နယ်အနီးရှိ Fujian ပြည်နယ်အတွင်း အနည်းဆုံး လူ (၄) ဦး သေဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် စီရင်စု (၄၀) တွင် လူဦးရေ (၅၈၆,၅၀၀) ရေဘေးသင့်နေသည်။

တရုတ်နိုင်ငံ၏ အခြား နေရာဒေသများတွင်လည်း ပိုမိုစော၍ အချိန်ပိုရှည်ကြာသော ပူပြင်းသည့်ကာလများနှင့် မိုးခေါင်ရာသီဥတုကို ကြုံတွေ့နေရသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာနှင့် လုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု ဖြစ်စေကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/36372

#TachileikNewsAgency
Source: CNN, Reuters
Photo : Xinhua, CGTN
အင်းတော်ကြီးဒေသရှိ ချောင်းဝနှင့် ဝေလုံစစ်ကောင်စီ တပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ချောင်းဝပြည်သူ့စစ်စခန်းနှင့် ဝေလုံတပ်စခန်းတို့ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း KPDF ထံမှ သိရသည်။

ချောင်းဝပြည်သူစစ်စခန်းကို ယနေ့ ၂၀၂၄ ခုနှစ် နံနက်ပိုင်းကစတင်၍ တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်လာကြောင်း သိရသည်။

"ချောင်းဝနဲ့ ဝေလုံတပ်စခန်းကို တိုက်နေတာပေါ့။ တိုက်ပွဲကဖြစ်နေဆဲပဲ။ အစက ကျွန်တော်တို့ဘက်က သိပ်မပစ်ဘူး။ ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ အခုတော့ တိုက်ပွဲပြင်းထန်နေတယ်။"ဟု KPDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ ချောင်းဝ ပြည်သူ့စစ်စခန်းကို ၂၀၂၂ ခုနှစ်ကလည်း KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် မီးရှို့ဖျက်ဆီးခဲ့သေးသည်။

News : https://www.tachileik.net/mm/news/36374

#TachileikNewsAgency
ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် အပူချိန် အဆမတန် လွန်ကဲလာမှုကြောင့် ဟာ့ဂျ်ခရီးစဥ်အတွင်း လူ(၁၀၀၀)ကျော် သေဆုံး

ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင်များ၏ ၂၀၂၄ ခုနှစ် ဟာ့ဂျ် ခရီးစဥ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်မှုကြောင့် သေဆုံးသူ (၁,၀၀၀) ကျော်အထိရှိလာကြောင်း AFP သတင်းဌာန၏ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ စာရင်းအရ သိရှိရသည်။

အလွန်ပူပြင်းနေသည့် ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးခဲ့သူများအနက် ထက်ဝက်ကျော်မှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသည့် ဟာ့ဂျ်ဘုရားဖူးများဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဟာ့ဂျ်ခရီးစဥ်အတွင်း နောက်ထပ် သေဆုံးသူများအနက် အီဂျစ်နိုင်ငံမှ (၅၈) ဦး ပါဝင်ကြောင်း အာရပ်သံတမန်တစ်ဦးက ပြောသည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း အီဂျစ်နိုင်ငံသား (၆၅၈) ဦး သေဆုံးခဲ့ရာ (၆၃၀) ဦးမှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသော ဟာ့ဂျ်ဘုရားဖူးများ ဖြစ်သည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း နိုင်ငံ (၁၀)နိုင်ငံဝန်းကျင်မှ လူ (၁,၀၈၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဟာ့ဂျ်ခရီးစဥ်မှာ အလွန်ပူပြင်းသော ဆော်ဒီ၏ နွေရာသီအတွင်း ထပ်မံကျရောက်ခဲ့သည်။

National Meteorological Centre က ထုတ်ပြန်မှုအရ ယခု သီတင်းပတ်တွင် ဆော်ဒီနိုင်ငံ မက္ကာမြို့ရှိ Grand Mosque ဗလီ၌ အပူချိန် (၅၁.၈) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ထုတ်ပြန်ခဲ့သော ဆော်ဒီ၏ လေ့လာမှုတစ်ခုက ဒေသတွင်း အပူချိန်မှာ ဆယ်စုနှစ်တစ်ခုလျှင် (၀.၄) ဒီဂရီဆဲလ်စီးယပ် မြင့်တက်လာနေကြောင်း ပြောထားသည်။

ဆော်ဒီသို့ နှစ်စဥ် ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူများအနက် ထောင်ပေါင်းများစွာမှာ အကုန်အကျများသော တရားဝင် ခရီးစဥ်ကို မတတ်နိုင်ကြရာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဟာ့ဂျ်ဘုရားဖူး လာရောက်လေ့ရှိကြသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တရားမဝင် ဟာ့ဂျ်ဘုရားဖူး ထောင်ပေါင်းများစွာကို မက္ကာမြို့ကနေ ထွက်ခွာစေခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

သို့သော် အများအပြားမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဟာ့ဂျ်ပြုမှုတွင် ပါဝင်ခဲ့ကြပုံရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပါကစ္စတန်နှင့် အင်ဒိုနီးရှားကလည်း ၎င်းတို့၏ နိုင်ငံသားများ နောက်ထပ် သေဆုံးမှုရှိကြောင်း အတည်ပြုခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံမှ ဟာ့ဂျ်ဘုရားဖူး (၁၅၀,၀၀၀) ဝန်းကျင်အနက် ယခုအချိန်အထိ (၅၈) ဦး သေဆုံးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူ (၂၄၀,၀၀၀) ခန့်အနက် (၁၈၃) ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဘာသာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်နယ်မြေ၊ မလေးရှား၊ အိန္ဒိယ၊ ဂျော်ဒန်၊ အီရန်၊ ဆီနီဂေါ၊ တူနီးရှား၊ ဆူဒန် နိုင်ငံတို့ကလည်း ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးမှုများရှိကြောင်း အတည်ပြုထားသည်။

ဟာ့ဂျ်ပြုခြင်းမှာ အစ္စလာမ်၏ မဏ္ဍိုင်ကြီး (၅) ခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များက ဟာ့ဂျ်ပြုရန် နှစ်စဥ် ဆော်ဒီသို့ လာရောက်ကြသည်။

News: https://www.tachileik.net/mm/news/36373

#TachileikNewsAgency
Source: AFP
ထိုင်းအစိုးရက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်မှုခွဲတမ်း တိုးမြှင့်ရန် ပြန်လည်သုံးသပ်နေ

* * * * *

ထိုင်းနိုင်ငံ အစိုးရက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူပိုင်ဆိုင်မှု တိုးမြှင့်ရန် ဖြစ်နိုင်ခြေအပေါ် လေ့လာသွားမည်ဖြစ်ပြီး အဆောက်အအုံတစ်ခု၏ အသုံးပြုနိုင်သော နေရာကို နိုင်ငံခြားသားများအတွက် (၄၉) ရာခိုင်နှုန်း သတ်မှတ်ထားရာမှ (၇၅) ရာခိုင်နှုန်းသို့ မြှင့်တင်ခွင့်ပြုသွားရန် ပြန်လည်သုံးသပ်သွားမည်ဟု ဒုဝန်ကြီးချုပ် Phumtham Wechayachai က ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း နိုင်ငံခြားသားများအတွက် မြေနှင့် အိမ်ရာ အဆောက်အအုံ ငှားရမ်းရာတွင် လက်ရှိ နှစ် (၅၀) သက်တမ်း ခွင့်ပြုထားမှုကို (၉၉) နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် သင့်လျော်ခြင်းရှိ မရှိ မေးမြန်းထားကြောင်း ဒုဝန်ကြီးချုပ် Phumtham က ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် သတင်းထောက်များကို ပြောခဲ့သည်။

ထိုင်းအစိုးရက စီးပွားရေး မြှင့်တင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အစီအမံများ ကြံဆဆောင်ရွက်နေရာ ယခု အဆိုပြုချက်ကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် ပထမဆုံး တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်း အိမ်ခြံမြေလုပ်ငန်း ဦးဆောင်သူများကလည်း နိုင်ငံခြားသားများ ပိုင်ဆိုင်မှုခွဲတမ်းကို အပြောင်းအလဲလုပ် တိုးမြှင့်ရန် ဖိအားပေးမှုရှိခဲ့ပြီး နိုင်ငံခြားသား ဝယ်လက်များထံမှ ဝယ်လိုအား မြင့်တက်လာနေကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ စာရင်းများအရ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားများက ကွန်ဒိုတိုက်ခန်း (၁၄,၄၄၉) ခန်း ဝယ်ယူခဲ့ကြပြီး ၂၀၂၂ ခုနှစ်ကထက် (၂၅) ရာခိုင်နှုန်း မြင့်တက်လာကာ တန်ဖိုးအားဖြင့် (၂၃.၅) ရာခိုင်နှုန်း ဘတ် (၇၃.၁) ဘီလီယံသို့ မြင့်တက်လာရာ COVID-19 ကပ်ရောဂါ မတိုင်မီကထက် ပိုများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ တရုတ်နိုင်ငံသားများက အများဆုံးဖြစ်ပြီး တရုတ်ပြီးလျှင် ရုရှား၊ အမေရိကန်နှင့် မြန်မာနိုင်ငံသားများက ဝယ်ယူမှု အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံခြား၌ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများနှင့် အကျိုးဆောင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

News: https://www.tachileik.net/mm/news/36375

#TachileikNewsAgency
Source: Bangkok Post
သံတွဲမြို့နှင့် ဘေးချင်းကပ်ရွာတွင် လက်နက်ကြီးကျကာ ဒေသခံ ၇ ဦးဝန်းကျင် ထိခိုက်သေဆုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ကျေးရွာတွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျကာ ဒေသခံများထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

သံတွဲမြို့နှင့် ဘေးချင်းကပ် ရွှေကျောင်းပြင်ရွာတွင် ဇွန်လ(၂၂)ရက်နေ့ည (၆)နာရီကျော်ကစတင်၍ လက်နက်ကြီးများကျရောက်ပေါက်ကွဲကာ ဒေသခံ (၇)ဦးဝန်းကျင် ထိခိုက်သေဆုံးသည်ဟု သိရသည်။

"လက်နက်ကြီးက စာသင်ကျောင်းနားတစ်လုံး၊ BOC နားတစ်လုံး ကျတယ်။ BOC ဆိုတာ ရေနံထုတ်ပေးတဲ့နေရာ။ နှစ်ဦးသေသွားတယ်။ လေယာဉ်နဲ့ပါ ဗုံးကြဲတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရပြီး သံတွဲခရိုင်ဆေးရုံသို့ရောက်ရှိလာသည်ဟုလည်း ဒေသခံများက ပြောဆိုကြသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

"မြို့ထဲကနေ ပစ်ခတ်သံတွေတော့ မကြားရဘူး။ လက်နက်ကြီးကျသံတော့ ကြားရတယ်။ အခုလည်း လက်နက်ကြီးထပ်ကျတယ်။ ဂျိက္ကတောင်ပိုင်းကျလို့ လူထိတယ်။ ဒေသခံတွေလည်း ကတုတ်ကျင်းထဲပုန်းနေရတယ်လို့ ရွာကလူတွေပြောတယ်။ ထိတဲ့သူတွေ ဆေးရုံမသယ်ရသေးဘူး။"ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

ရွှေကျောင်းပြင်ရွာနှင့် သံတွဲမြို့သည် အလယ်တွင် နံတော်တောင်ဘုရားသာခြားပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

သံတွဲမြို့ပေါ်တွင် စစ်ကောင်စီ၏ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်များနှင့် အကျဉ်းထောင်တို့ရှိသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ငပလီကမ်းခြေအနီးရှိ ခလရ(၅၅)၊ ခမရ(၅၅၆) တပ်တို့အနီးတို့တွင်လည်း တိုက်ပွဲဖြစ်နေသည်။

#TachileikNewsAgency
အပစ်အခတ်ရပ်စဲထားရာမှ စစ်ကောင်စီနှင့် TNLA တို့ မိုးကုတ်မြို့တွင် တိုက်ပွဲပြန်ဖြစ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား အပစ်အခတ်ရပ်စဲထားရာမှ တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သည် မန္တလေးတိုင်း မိုးကုတ်မြို့နယ် မိုင်တိုင်အမှတ် (၅)မှ TNLA ရှိရာသို့ ထိုးစစ်ဆင်လာရာ မိုင်တိုင်အမှတ် (၇)အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် တိုက်ပွဲဖြစ်ပွားသည်ဟု TNLA ထံမှ သိရသည်။

ညနေပိုင်းတွင် အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် အထက်ပိန်းပြစ်ရွာသို့ ဒရုန်းဖြင့်တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းပျက်စီးသွားကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း လူထုထိခိုက်မှု မရှိသော်လည်း ကျေးရွာထဲသို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု ဆိုသည်။

News : https://www.tachileik.net/mm/news/36377

#TachileikNewsAgency
Photo: PSLF/TNLA News
စုကလိစစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရာ ဗိုလ်မှူးကြီးတစ်ဦးအပါ ၂၁ ဦးကိုအရှင်မိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း စုကလိမြို့ အ‌ခြေစိုက် စခက(၁၃) လက်အောက်ခံ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ကြောင်း KNU ထံမှ သိရသည်။

KNLA မှ ၎င်းတို့အား လက်နက်ချကာ အမှန်တရားဘက် ရပ်တည်သွားရန် ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့မှ မတ်လ (၃၀) ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားထားသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် KNLA၊ KNDO နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ (၃၀)ရက်နေ့မှ ဇွန်လ (၁၆)ရက်နေ့ အထိ စနိုက်ပါဖြင့်သော်လည်းကောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ (၁၇) ရက်နေ့၊ မနက် (၇)နာရီမှ မနက် (၁၀)နာရီခွဲအထိ စုကလိတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ရာ ဇွန်လ (၂၁)ရက်နေ့တွင် စခန်းတစ်ခုလုံးအား အပြီးသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၁၄)ဦး ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရသည်။

စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှ (၁၅)ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ၆၀ မမ (ပြောင်းရှည်) ၁ လက်၊ ၆၀ မမ (ပြောင်းတို) ၁ လက်၊ RPG- 7 ၁ လက် (ပျက်စီး)၊ MA-1 ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 ၄ လက် (၁ လက် ပျက်စီး)၊ MA-79 ၂ လက်၊ ငါးကြင်းမှီး စက်လက် ၁ လက် (ပျက်စီး)၊ ၈၁ မမ ကျည် ၃၇ လုံး၊ ၆၀ မမ ကျည် ၃၉ လုံး၊ ရှေ့ထွက်မိုင်း(အကြီး) ၃ လုံး၊ ရှေ့ထွက်မိုင်း (အသေး) ၂၇ လုံး၊ နင်းမိုင်း ၁၁ လုံး၊ ခွင်းဗုံး ၁၀ လုံး၊ တိုက်မိုင်း ၁၄ လုံး၊ လက်လုပ် သံပိုက်မိုင်း ၈ လုံး၊ဆက်သွယ်ရေး စက်ကြီး ၂ လုံး၊ MA-1,2,3,4 ကျည်ဘောက် ၇၀ ခု၊ MA-1,2,3,4 ကျည် ၆၅၀၁ တောင့်၊ ငါးကြင်းမှီး စက်လက်ကျည် ၇၉၂၃ တောင့်၊ RPG-7 ကျည် ၇၇ လုံး၊ ပို့ယမ်း ၅၄ တောင့်၊ မိုင်းရှင်းစက် ၁ ခု၊ ဒရုန်း အသေး ၁ စီး၊ Jumper ၁ ခု၊ ဆက်သွယ်ရေး စက်အသေး ၂ လုံး၊ ဆက်သွယ်ရး (အထိုင်) စက်တိုင် ၂ ခု၊ ER ဘောက် ၁၃၀ ခု၊ ကျည်ကာ ဦးထုပ် ၈ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency
Photo: Dooplaya District
ပြည်ပခရီးစဥ် မကြာခဏ သွားရောက်မှုအပေါ် ထိုင်းဝန်ကြီးချုပ် သာဗီစင်က ကာကွယ်ပြောဆို
* * * * *

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၎င်း၏ ရာထူးသက်တမ်း ပထမ (၁၀) လအတွင်း ပြည်ပခရီးစဥ်များ မကြာခဏ သွားရောက်မှုအပေါ် ၂၀၂၄ ခုနှစ် ဇွန်လ (၂၂) ရက်နေ့က ထုတ်လွှင့်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် ကာကွယ်ပြောကြားခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးနှင့် ထိုင်းနိုင်ငံရေးတွင် မျက်နှာသစ်ဖြစ်သူ သာဗီစင်က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ် သာဗီစင်က ရာထူးသက်တမ်း တစ်နှစ်မပြည့်မီအတွင်း ပြည်ပခရီးစဥ် (၁၅) ကြိမ် သွားရောက်ခဲ့သည်။

၎င်းက ပြည်သူလူထု ဝေဖန်မှုကို တုံ့ပြန်သည့် အနေဖြင့် ပြည်ပခရီးစဥ် သွားရောက်ခြင်းကို (၂) လကြာ ရပ်ဆိုင်းထားမည်ဟု ၂၀၂၄ ခုနှစ် မတ်လအတွင်း ကတိပြုခဲ့သည်။

"ဒီခရီးစဥ်တွေထဲက တချို့က ရှောင်လွှဲလို့ မရပါဘူး" ဟု ထိုင်းဝန်ကြီးချုပ် သာဗီစင်က အာဆီယံအဖွဲ့၏ တရားဝင် အစည်းအဝေးများအတွက် သွားရောက်ခဲ့သော ခရီးစဥ်များကို ရည်ညွှန်းပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ ခရီးစဥ်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးရန် သီရိလင်္ကာနိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ပခရီးစဥ်များကိုလည်း သာဗီစင်က ရည်ညွှန်းခဲ့သည်။

အခြား ပြည်ပခရီးစဥ်များမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အရောင်းသမားဟု နာမည်ပြောင်ပေးခံရသူ ဝန်ကြီးချုပ် သာဗီစင်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ် သာဗီစင်က စီးပွားရေးမြှင့်တင်ရန် အာရုံစိုက်ထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုများလာစေရန် ၎င်း၏ ရည်မှန်းချက်ကို မကြာခဏ ပြောလေ့ရှိသည်။

"သွားဖို့လိုတယ်လေ" ဟု ပြည်ပခရီးစဥ် မကြာခဏ သွားရောက်မှုနှင့် ပတ်သက်၍ ကြိုတင်ရိုက်ကူးထားသော ရုပ်သံမိန့်ခွန်းတွင် သာဗီစင်က မှတ်ချက်ပြု ပြောသွားခဲ့သည်။

News: https://www.tachileik.net/mm/news/36379

#TachileikNewsAgency
Source: Reuters
ငွေကြေးဖောင်းပွမှု နှင့်အတူ စီးပွားရေး ကျဆင်းလာမှုတို့ကြောင့် အမဲသားကြိုက်သော အာဂျင်တီးနားနိုင်ငံသားများ အမဲသား လျော့စားနေကြရ
* * * * *

နွားမွေးမြူရေးလုပ်ငန်းများနှင့် အမဲသားအကင်ဆိုင်များ များပြားသည့် အပြင် တောင်အမေရိက အဆာဒို အကင်များဖြင့် ကျော်ကြားသော အာဂျင်တီးနားနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှင့်အတူ စီးပွားရေးကျဆင်းမှု လာမှုတို့ကြောင့် အမဲသားကို ယခင်ကထက် လျှော့စားနေကြရသည်။

အာဂျင်တီးနားတွင် အမဲသား စားသုံးမှုမှာ ၂၀၂၄ ခုနှစ်တွင် (၁၆) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း သိရသည်။

ပုံမှန်အားဖြင့် အာဂျင်တီးနားနိုင်ငံမှာ အမဲသား စားသုံးမှုများသော နိုင်ငံဖြစ်ပြီး အမဲသားမှာ ဘောလုံးပွဲ နှင့် လက်ဖက်ရည်တို့နှင့်အတူ လူမှုအသိုင်းအဝိုင်းတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အာဂျင်တီးနား နေအိမ် အတော်များများတွင် အသားကင်ဖိုများ ရှိကြပြီး မိသားစုများ စုဝေးစားသောက်လေ့ရှိကြသည်။

အာဂျင်တီးနား၏ မြို့တော် ဗျူနိုအေရီစ်မြို့၏ လမ်းဆုံလမ်းခွ နေရာများတွင် အမဲသား အကင်ဆိုင်များကို တွေ့နိုင်ပြီး လူအများက အမဲသား အကင်ဆိုင်ပတ်လည်တွင် အမဲသားကင်စားရန် စုပြုံနေတတ်သည်။

အာဂျင်တီးနားတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆန္ဒပြပွဲများ၌ပါ အမဲသားကင်စားလေ့ရှိကြသည်။

"အမဲသားက အာဂျင်တီးနား အစားအသောက်ရဲ့ ခွဲခြားလို့မရဘဲ တစ်သားတည်းရှိ‌နေတဲ့ အစိတ်အပိုင်းပဲ။ အီတလီလူမျိုးတွေအတွက် အီတလီခေါက်ဆွဲကို ဖယ်ထားလို့ မရသလိုမျိုးပေါ့" ဟု အမဲသားဆိုင်တွင် တန်းစီစောင့်ဆိုင်းနေသူ အသက် (၆၆) နှစ်အရွယ် ကလော်ဒီယာ စန်မာတင်က Reuters သတင်းဌာနကို ပြောသည်။

"အာဂျင်တီးနားတွေက ဒီလို ခက်ခဲနေချိန်မှာ ဘယ်ဟာကိုမဆို မစားမသောက်ဘဲ ဖြတ်နိုင်တယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အမဲသား မရှိလို့တော့ မရဘူး" ဟု သူမက ဆိုသည်။

နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသားများ အမဲသား စားသုံးမှုနှုန်းမှာ တစ်နှစ်လျှင် (၄၄) ကီလိုဂရမ် (၉၇ ပေါင်) ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၅၂) ကီလိုဂရမ်ကထက် သိသာစွာ လျော့ကျသွားကြောင်း တွေ့ရသည်။

၁၉၅၀ ပြည့်လွန် နှစ်များတွင်မူ အာဂျင်တီးနားတို့၏ အမဲသား စားသုံးမှုနှုန်းမှာ တစ်နှစ်လျှင် (၁၀၀) ကီလိုဂရမ်အထိ ရှိခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ်တွင် (၃၀၀) ရာခိုင်နှုန်းနီး ငွေကြေးဖောင်းပွမှုနှုန်းနှင့် သမ္မတ Javier Milei ၏ ခြိုးခြံချွေတာရေး အစီအမံများနှင့်အတူ စီးပွားရေးကျဆင်းနေရာ အာဂျင်တီးနားတို့၏ အမဲသား စားသုံးမှုပါ လျော့ကျသွားကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/36380

#TachileikNewsAgency
Source: Reuters
အွန်လိုင်း လောင်းကစား ဆလော့ဂိမ်း စွဲလမ်းနေသူ ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးက ဂိမ်းဆော့ရန် ရွှေဆိုင်ကနေ တစ်နေ့ နည်းနည်းစီ ရွှေခိုးယူ
* * * * *

ထိုင်းနိုင်ငံတွင် ဂိမ်းဆော့ရန် ရွှေထည်များ ခိုးယူရောင်းချသည့် ဆလော့ဂိမ်းစွဲနေသူ ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ်တွင် ရွှေဆိုင်မှ ရွှေထည်များကို လအတန်ကြာ ခိုးယူရောင်းချနေသော အွန်လိုင်း ဆလော့ဂိမ်း စွဲလမ်းနေသူ ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့သည်။

ရွှေဆိုင်ပိုင်ရှင် အသက် (၄၈) နှစ်အရွယ် Chak Kamol Tantarasmee က လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းကို သက်သေအဖြစ် တင်သွင်း၍ Samrong Tai ရဲစခန်းတွင် အဆိုပါ ခိုးမှုကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရွေဆိုင်ပိုင်ရှင် Chak က ဆိုင်ဝန်ထမ်း အမျိုးသမီး၏ ငွေသုံးစွဲမှုမှာ ပုံမှန်မဟုတ်ကြောင်း သတိပြုမိရာမှ နောက်ထပ် စုံစမ်းစစ်ဆေးရန် စီစဥ်ခဲ့သည်။

၎င်းက ရွှေဆိုင်၏ နောက်ထပ် ဆိုင်ခွဲတစ်ခုကို စီမံခန့်ခွဲနေသော အကိုဖြစ်သူထံ သွားရောက်ခဲ့ပြီး ထိုဆိုင်ခွဲတွင် ရွှေလာရောင်းခြင်းရှိ မရှိ စစ်ဆေးပေးရန် ပြောရာ ရွှေလာရောင်းမှုများ ရှိခဲ့ကြောင်း အကိုက အတည်ပြုခဲ့သည်။

ထို့နောက် Chak က ၎င်းဆိုင်မှ CCTV မှတ်တမ်းကို ပြန်လည်စစ်ဆေးခဲ့ရာ အသက် (၃၃) နှစ်အရွယ် ဆိုင်ဝန်ထမ်း Jiraporn Puangmalai က ရွှေထည်များကို သူမ၏ အင်္ကျီလက်ခေါက်ထဲတွင် သိုဝှက်၍ မကြာခဏ ခိုးယူနေကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့နောက် ရဲတပ်ဖွဲ့က Jiraporn ကို Bang Ya Phraek ရပ်ကွက်ရှိ သူမ၏ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က Jiraporn ကို စစ်ဆေးခဲ့ရာ (၆) လမှ (၇) လအတွင်း အလေးချိန် ဘတ် (၄၀) မှ ဘတ် (၅၀) (ထိုင်းနိုင်ငံတွင် ရွှေအလေးချိန်ကို ဘတ် (baht) ယူနစ်ဖြင့် ချိန်တွယ်ခြင်း ဖြစ်သည်) ဝန်းကျင်ရှိ ရွှေထည်များကို ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

Jiraporn က တစ်ကြိမ်လျှင် အလေးချိန် (၃) ဘတ်ရှိ ရွှေထည်တစ်ခုကို ခိုးယူကြောင်းနှင့် ထိုရွှေထည်ကို သူမ အလုပ်လုပ်နေသော ရွှေဆိုင်၏ ဒုတိယ ဆိုင်ခွဲတွင် ပြန်ရောင်းလေ့ရှိကြောင်း သိရသည်။

"ကျွန်မ ဘယ်လောက် ခိုးယူခဲ့သလဲ အတိအကျ မမှတ်မိနိုင်ပေမဲ့ ဘတ် (၄၀) ကနေ ဘတ် (၅၀) လောက်တော့ ရှိတယ်" ဟု Jiraporn က ပြောသည်။

Jiraporn က ရွှေထည်ကို ခိုးယူပြီး ချက်ချင်း ပြန်ရောင်းခဲ့ကြောင်းနှင့် ရရှိလာသော ငွေကို သူမ စွဲလမ်းနေသော အွန်လိုင်း ဆလော့ဂိမ်း (online slot game) ဆော့ရန်နှင့် အိမ်အသုံးစရိတ်အတွက် သုံးစွဲခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းဆလော့ဂိမ်း အပါအဝင် တရားမဝင် အွန်လိုင်းဂိမ်းမျိုးစုံကို ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ဆိုက်များနှင့် အခြား နည်းလမ်းမျိုးစုံဖြင့် ကြော်ငြာနေကြသည်။

အွန်လိုင်းဆလော့ဂိမ်းဆော့သည့် အလေ့အထမှာလည်း မြန်မာလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။

သို့သော် မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်၍ အရေးယူမှုများကို မတွေ့ရသလောက်ပင် ဖြစ်သည်။

News: https://www.tachileik.net/mm/news/36381

#TachileikNewsAgency
Source: The Thaiger
ထိုင်းနိုင်ငံတွင် Euro 2024 ဘောလုံးပွဲ လောင်းကစား ကြော်ငြာများ တင်ပေးနေသည့် နာမည်ကြီး Facebook page ၏ ပိုင်ရှင်ကို ဖမ်းဆီး
* * * *

ထိုင်းနိုင်ငံတွင် follower အရေအတွက် (၂) သန်းကျော်ရှိသည့် နာမည်ကြီး Facebook page တစ်ခု၏ ပိုင်ရှင်ကို ဂျာမနီနိုင်ငံ၌ လက်ရှိ ယှဥ်ပြိုင်ကစားနေသော ၂၀၂၄ ဥရောပဖလား ဘောလုံးပြိုင်ပွဲ UEFA European Championship (Euro 2024) နှင့် ဆက်နွယ်သည့် အွန်လိုင်းလောင်းကစား ကြော်ငြာများ ပို့စ်တင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investigation Bureau (CIB) အရာရှိများက တရားရုံး ရှာဖွေဝရမ်းနှင့်အတူ Chavalvit ဟုသာ ဖော်ပြထားသော "Top Comment" အမည်ရှိ Facebook page ပိုင်ရှင် အသက် (၃၆) နှစ်အရွယ်ကို နခွန်ရတ်ချတ်စီမာပြည်နယ်ရှိ ၎င်း၏ နေအိမ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က iPad Pro 3 အမျိုးအစား tablet တစ်လုံး၊ desktop ကွန်ပျူတာ (၂) လုံးနှင့် iPhone 12 Pro Max တစ်လုံးနှင့် Kasikorn ဘဏ်စာအုပ်တစ်အုပ် အပါအဝင် ပြစ်မှုနှင့် ဆက်စပ်ကြောင်း ယူဆရသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

Euro 2024 ဘောလုံးပြိုင်ပွဲများနှင့် ဆက်စပ်သော အွန်လိုင်းလှုပ်ရှားမှုများ အရှိန်မြှင့်လာရာ CIB က ဘောလုံးပွဲလောင်းကစား ကြော်ငြာနေသည့် အွန်လိုင်းပလက်ဖောင်းများကို စောင့်ကြည့်ခဲ့ပြီးနောက် ယခု ဖမ်းဆီးမှု ရှိလာခြင်း ဖြစ်သည်။

"Top Comment" Facebook page မှာ follower (၂) သန်းကျော်ရှိပြီး CIB စုံစမ်းစစ်ဆေးရေးမှူးများက ဖော်ထုတ်ခဲ့သည့် အွန်လိုင်းပလက်ဖောင်းများအနက် တစ်ခုဖြစ်သည်။

ထို Facebook page က အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက် အများအပြားအတွက် ကြော်ငြာများပါဝင်သော comment များကို တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် Chavalvit ဆိုသူ အမျိုးသားက ထို Facebook page ကို ပိုင်ဆိုင်ကြောင်း ဝန်ခံထွက်ဆိုပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထို Facebook page ၏ အဓိက ဝင်ငွေမှာ ကြော်ငြာများမှ ဖြစ်ပြီး (၉၀) ရာခိုင်နှုန်းကျော်မှာ ဘောလုံးပွဲလောင်းကစား ဝက်ဘ်ဆိုက်များမှ ဖြစ်ကြောင်း ၎င်းက စုံစမ်းစစ်ဆေးရေးမှူးများကို ပြောသည်။

ကြော်ငြာများမှ လစဥ် ဝင်ငွေ ဘတ် (၁)သိန်းခွဲကျော် ရရှိနေကြောင်း သိရသည်။

ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ အမည်မျိုးစုံဖြင့် Facebook page များစွာက ဘောလုံးပွဲ၊ ဆလော့ဂိမ်း အပါအဝင် အွန်လိုင်းလောင်းကစားမျိုးစုံကို ကြော်ငြာလျက်ရှိပြီး အရေးယူခြင်း မရှိသည်ကို တွေ့ရသည်။

News: https://www.tachileik.net/mm/news/36382

#TachileikNewsAgency
Source: Bangkok Post
Photo: CIB
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်အတွက် ပိုမိုထိရောက်သော အရေးယူမှုများနှင့် ကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတို့ အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံစဉ် ကတိပြုပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ၂၀၂၄ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအကြောင်းတို့ကို တင်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံအစိုးရအနေဖြင့် စစ်အုပ်စုအပေါ် ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူများအပေါ် တိုက်ရိုက်အကျိုးရှိသော ကူညီမှုများ ပေးနိုင်ရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

အရပ်သား ပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိသည့် စီးပွားရေးနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်း အပါအဝင် အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသောသူများ၊ အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက် ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော် Dili တွင် တီမောလက်စ်တီ သမ္မတနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပက်သက်ပြီး (၂)နာရီခန့်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36383

#TachileikNewsAgency