Khit Thit Media
543K subscribers
149K photos
1.14K videos
11 files
3.14K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ်

■ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင်သည် ဗိုလ်ကြီးက အရာရှိတစ်ဦး၏ ဇနီးလောင်းနှင့် အိမ် ထောင်ရေး၊ လူမှုရေး ဖောက်ပြန်

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကြောင်းထိုး တာဝန်ကျနေသော တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ) မှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ ခင်ပွန်းများကို စွန့်ခွာသွားမှုက စစ်ကောင်စီတပ်အတွင်း ဟိုးလေးတကျော်ကျော်​ဖြစ်နေကြောင်း လေတပ်သတင်းရင်းမြစ် Operation Spitfire နှင့် တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့် စစ်သည် ၇ ဦးတို့၏ ဇနီး ၇ ဦးမှာ နောက်တန်းတွင် ၎င်းတို့၏ ခင်ပွန်းများကို စွန့်ခွာသွားခြင်း၊ နောက်ထပ် အိမ်ထောင်ပြုခြင်း၊ အခြားသော အမျိုးသားများနှင့် လိုက်ပြေးသွားခြင်းတို့ဖြင့် ရှေ့တန်းရောက်နေသော ၎င်းတို့ ခင်ပွန်းများကို စွန့်ပစ်သွားကြကြောင်း ၊ အဆိုပါ စွန့်ခွာသွားမှု သတင်းသည် အကြပ်နှင့်စစ်သည် ၇ ဦးလုံး၏ ဇနီးမယားများက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဖြစ်ပေါ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်အတွင်း ယင်းဖြစ်စဉ်မှာ လူပြောများသည့် ကိစ္စဖြစ်လာကြောင်း သိရှိရသည်။

"အိမ်ထောင်တွေရဲ့ အကောင်းမွန်ဆုံး အချိန် ခင်ပွန်းဖြစ်တဲ့သူတွေက ရှေ့တန်းမှာ ဘယ်နှစ်နှစ်ကြာမှ ပြန်ရောက်မယ်မှန်း အာမခံချက်မရှိ၊ အသက်ရှင်လျက် ပြန်လာမလားလည်း အာမခံချက် မရှိတာကြောင့် ဘဝရှေ့ရေးအ တွက် တချို့လည်း နောက်ယောင်္ကျားယူတယ်။ တချို့လည်း တပ်ထဲမှာ လှောင်ပိတ်မနေနိုင်လို့ ခင်ပွန်းကို မပေါင်းတော့ဘဲ စွန့်ခွာသွားကြတာ။ သားသမီးပါ တစ်ခါတည်း ခေါ်သွားတဲ့သူတွေ ရှိသလို တချို့ကတော့ ကလေးမရကြသေးတော့ လက်ရှိခင်ပွန်း အလာမစောင့်တော့ဘဲ ထွက်သွားကြတာ" ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် လတ်တလော စစ်ကောင်စီတပ်အတွင်း အရာရှိနှင့်စစ်သည်များမှာ ရှေ့တန်းတွင် နှစ်ချီ၍ စစ်တိုက်နေရပြီး နောက်တန်းမပြန်ရသဖြင့် နောက်တန်းတွင် လူမှုရေး ဖောက်ပြန်မှုများစွာ ဖြစ်ပေါ်နေကြောင်း၊ ခင်ပွန်းဖြစ်သူ ရှေ့တန်း သို့ နှစ်ချီ၍ ရောက်ရှိနေချိန် လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးကိုယ်ဝန်ရှိနေသည့် အမှုများ၊ စစ်တပ်အတွင်း လူမှုရေး ပြဿနာများဖြင့် တိုင်တန်းမှုများ အများဆုံးရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင် သည် ဗိုလ်ကြီး ဇေယျာဝင်းက ဒကစ (စစ်တွေ)မှ တာဝန်ကျ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနှင့် အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်နေကြောင်း၊ ဗိုလ်ကြီးဇေယျာဝင်း ၏ ဇနီးမှာ စစ်တွေတွင် လိုက်ပါ နေထိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဗိုလ်ကြီးဇေယျာဝင်းက တပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူနှင့် လူမှုရေး ဖောက် ပြန်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူမှာ ဒကစ(စစ်တွေ)မှ ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနှင့် လက်ထပ်ခွင့် တင်ထားကြောင်း သိရှိရသည်။

"စစ်တပ်ထဲမှာက လူမှုရေး အရှုပ်အရှင်းတွေကတော့ အရမ်းများပါတယ်။ ထင်သာမြင်သာဆိုရင်တော့ နပခ တိုင်းမှူး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇေယျာဝင်းက အိမ်ထောင်သည်ပါ။ အဲဒါကို စကခ ၉ ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းကိုရဲ့ တူမ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနဲ့ ဖောက်ပြန်တယ်။ နပခ တိုင်းမှူးမှာ ဒကစ(စစ်တွေ) ရုံးဌာနချုပ်မှာ အခြေပြု၍တိုက်ပွဲတွေ ကွပ်ကဲနေချိန်မှာ တိုင်း မှူးရဲ့ PSO နဲ့ တပ်ကြပ်ကြီး စာရေးမတို့ အိမ်ထောင်ရေး ဖောက်ပြန်ကြတာ။ အဲဒီတပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူကလည်း ဒကစ(စစ်တွေ) ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနဲ့ လက်ထပ်ဖို့အထိ ခွင့်တင်ထားတာ။တွဲနေကြတာ။ တိုင်းမှူး PSO ဖြစ်တော့ တိုင်လည်း မတိုင်ရဲ အဲဒီလိုတွေဖြစ်နေတာ" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရှေ့တန်းထွက်ကြမည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့်စစ်သည်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
မြန်မာအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်လုပ်ပေးရန် ထိုင်းအစိုးရ ခွင့်ပြု

ရန်ကုန်| ဇွန် ၆

မြန်မာအပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြု ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ ဇွန်လ ၆ရက်တွင် ကြေညာသည်။

ဇွန်လ ၅ ရက်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးအစည်းအဝေးတွင် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

ပထမအချက်က ထိုင်းတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးရန် ဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသားဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ်နေရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ အလုပ်ရှင်ပြောင်းရန် အချိန်မလုံလောက်သဖြင့် တရားမဝင်ဖြစ်သွားသူများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြေညာချက်တွင် ပန်းရောင်ဘတ်လုပ်ပေးရန် အတည်ပြုပေးခြင်းဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရာတွင် လုပ်ဆောင်ရမည့် အသေးစိတ်အစီအစဉ်များ၊ အမည်စာရင်းတင်သွင်းရန် အချိန်များ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက ထိုင်းအစိုးရက ဘတ် (ပန်းရောင်ကတ်) ဖွင့်ပေးဖို့ကို အတည်ပြုပေးတဲ့သဘော။ နောက်မှ ကြေညာချက်တွေ ထုတ်ပြီး အသေးစိတ်တွေ ထပ်ထုတ်ပြန်ပေးမယ်ပေါ့” ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) ကိုယ်စားလှယ်များကလည်း ပန်းရောက်ဘတ်အသစ်ကို အမြန်ဆုံးဖွင့်ပေးရန် ယနေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်း ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် အလုံးအရင်း ဝင်ရောက်လာနေသည်ကိုလည်း တွေ့မြင်နေရကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအချက်က လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများကို သက်တမ်းတိုး လုပ်ဆောင်ပေးရန်ဖြစ်သည်။

သက်တမ်းတိုးလုပ်ဆောင်ပေးရမည့် အလုပ်သမားအရေအတွက် ၂ သန်းခန့်ရှိကြောင်း၊ တတိယအချက်မှာ နယ်စပ်ဒေသများတွင် ရာသီလုပ်သားများ လုပ်ငန်းခွင် အဆင်ပြေရေးဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးကဲ့သို့သော ရာသီအလိုက် အလုပ်သမားများကိုလည်း သက်တမ်း ၃ လမှ ၆ လအထိရှိသော အလုပ်လုပ်ခွင့်လက်မှတ်များဖြင့် လုပ်ကိုင်နိုင်စေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာပြည်တွင်း စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှု များပြားလာခဲ့သလို လမ်းခရီးတွင်လည်း ဖမ်းဆီးခံရမှုများ ဆက်တိုက် မြင့်တက်လာနေခဲ့သည်ကို ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ - ကိုဗစ်ကာလ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်ခဲ့ကြသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ။ (ပုံအဟောင်း ဖြစ်ပါသည်။)
စစ်တွေ၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLA နှင့် MNDAA က အပြင်းအထန် ကန့်ကွက်ရှုတ်ချ

■ မြန်မာပြည်သူများကို အကာအကွယ်ပေးရန်နှင့် စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို တောင်းဆို

ရန်ကုန်၊ ဇွန် ၇

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLAနှင့် MNDAA က အ ပြင်း အထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် တရားဝင် ထုတ်ပြန် ကြေ ညာ သည်။

မေလ ၂၉ ရက်နေ့ စစ်ကောင်စီတပ်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တချို့ ၊ စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင် တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၁၇၀ ကျော်ရှိ စစ်ကြောင်းက စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာကို ၀ိုင်းရံပိတ်ဆို့ပြီး ကျေးရွာ ပြည်သူလူထုကို ဖမ်းဆီး ချုပ်နှောင်ထိန်းသိမ်း ခဲ့ကြောင်း၊ ယင်းနောက် ပြည်သူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်ခြင်း အပါအဝင် ပြည်သူ ၇၆ ဦးကို ရက် ရက်စက်စက်သတ်ဖြတ်ခြင်း၊ အလောင်းများ ဖျောက်ဖျက်ခြင်း၊ ကျေးရွာ ပြည်သူလူထု၏ ရွေငွေပစ္စည်းများကို လုယက်ခြင်း ၊ နေအိမ်များကို မီးရှို့ခြင်း ကဲ့သို့သော စစ်ရာဇဝတ်မှုကြီးများကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြကြောင်း၊ အဆိုပါ ကျူးလွန်မှုအပေါ် TNLA နှင့်MNDAA တို့က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ၊ ထိုသို့သော ကျူးလွန်မှုမျိုးကို ရခိုင်ပြည်တွင်သာမက မြန်မာ တစ်နိုင်ငံလုံး အနှံ့ နောက်ထပ် မလုပ်ရန်၊ အမြန်ဆုံး ချက်ချင်း ရပ်တန့်ရန်၊ မြန်မာစစ်ကောင်စီကို သတိပေး ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၂ ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် မြန်မာပြည် တစ်နံတစ်လျားတွင် စစ်ရှုံးနေသည့်အပြင် ဘက်ပေါင်းစုံတွင်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ဆက်တိုက် ကြုံလာရသဖြင့် အပြစ်မဲ့ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ပိုမို တိုက်ခိုက်လာကြောင်း၊ ထို့ကြောင့် မြန်မာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ရန်မှ ကင်းဝေးကြစေရန်အတွက် လေကြောင်းရန်နှင့် စစ်ရေး သတိရှိကြပါရန် တိုက်တွန်းလိုကြောင်း ညီနောင်မဟာမိတ် ၂ ဖွဲ့က သတိပေး တိုက်တွန်းသည်။

စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်သည့်လုပ်ရပ်များကို လက်ရဲဇက်ရဲ မကျူးလွန်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့် ဖြစ်ရပ်များကို ရယူတင်ပြခြင်းများ လုပ်ဆောင်ပေးကြရန် TNLA နှင့် MNDAA က တောင်းဆိုသည်။

စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို အမြန်ဆုံး အရေးယူပေးရန်၊ မြန်မာပြည်သူများကို အကာအကွယ်ပေးရန်လည်း TNLA နှင့် MNDAA က ကုလ သမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းတောင်းဆိုသည်။
နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် PV သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ပိတ်ပင်၊ လူငယ်အများစုမှာ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်ထား၍ PJ မှ PV ပြောင်းလဲ နိုင်ငံခြားသို့ထွက်ခွာနေမှု ရပ်ဆိုင်းသွားပြန်

ရန်ကုန်၊ ဇွန် ၇

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ယမန်နေ့မှစတင်၍ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၆ ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်း လဲရန် လျှောက်ထားမှုများအားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက မေလလဆန်းပိုင်းတွင် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အထိ အမျိုးသားများအားလုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ပင်ခဲ့သည့်အတွက် လူငယ်အမျိုးသားများမှာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ)များကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားပြီး ပြည်ပနိုင်ငံများ သို့ အလည်အပတ်ဖြင့် ထွက်ခွာနေမှုများ အလွန်များပြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် PJ မှ PV အမျိုးအစားသို့ ပြောင်းလဲ လျှောက်ထားမှုများကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"မေလ ၈ ရက်နေ့ကတည်းက Passport PJ ကနေ PV ပြောင်းကြတာ အရမ်းများတယ်။ တချို့လည်း အမြန်ကြေး ငွေသိန်း ၂၀ လောက်ပေး လာဘ်ထိုး နိုင်ငံကူးလက်မှတ် PV ပြောင်းပြီး ရသလိုနည်းနဲ့ ပြည်ပကို ထွက်ကြတာ။ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ကြတာ။ အခုတော့ အကုန်လမ်းပိတ်သွားပြန်ပြီ။ PJ ကနေ PV ပြောင်းမရတော့ပြန်ဘူး" ဟု ရန်ကုန်မှ နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်းလဲရန် ကြိုးစားနေသူ လူငယ် တစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေး သတင်းရင်းမြစ်ထံသို့ မေးမြန်းရာ နိုင်ငံကူးလက်မှတ် PJ မှ PV အမျိုးအစားသို့ ပြောင်းလဲမှုများ ပိတ်ပင်လိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ သက်တမ်းရှိသည်ဖြစ်စေ၊ သက်တမ်းကုန်သည်ဖြစ်စေ လတ်တလော ညွှန်ကြားချက်များအရ အသက် ၂၃ နှစ် အသက် ၃၂ နှစ်အတွင်းရှိ အမျိုးသားများ ကိုင်ဆောင်သော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များကို PV သို့ လုံး၀ ပြောင်းလဲပေးမည်မဟုတ်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူငယ်များ ပြည်ပသို့ ထွက်ခွာမှု အလွန်များပြားနေသဖြင့် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း လူငယ်များကို ပြည်ပအလုပ်ဖြင့် ထွက်ခွာခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
NUGအစိုးရ နှင့် အလှူရှင်များ၏ ထောက်ပံ့မှု၊ ကရင်နီပြည်တွင် အခွန်ကောက်ခံမှုများမှ ၁နှစ်လျှင် ကျပ်ငွေ သန်း ၈၀၀၀ကျော် ရရှိဟု ကရင်နီ IEC ဥက္ကဌပြောဆို

ရန်ကုန်၊ ဇွန် ၆

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ ၂၀၂၃ခုနှစ် ဇွန်လကနေ ၂၀၂၄ခုနှစ် မေလအတွင်း ရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ကျော် ရရှိခဲ့ပြီး လိုအပ်တဲ့ ကဏ္ဍတွေအတွက် ကျပ်သန်း ၆၀၀၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်က ပြောဆိုသွားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းမှာ သူက ထည့်သွင်းပြောဆိုခဲ့တာပါ။

"အခွန်ကောက်ခံမှုကနေ ရရှိခဲ့တဲ့ ရန်ပုံငွေ၊ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီး ထောက်ပံ့ပေးခဲ့တဲ့ ရန်ပုံငွေ၊ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ကြတဲ့ ကရင်နီ လူမှုအသိုက်အဝန်းကနေပြီး ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တသီးပုဂ္ဂလ အလှူရှင်တွေက ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ စတာတွေကို စုပေါင်းလိုက်ရင် ၂၀၂၃ဇွန်လကနေ ၂၀၂၄ခုနှစ် မေလအတွင်း စုစုပေါင်း ရန်ပုံငွေရရှိမှုက ကျပ်ငွေသန်းပေါင်း ၈၃၁၀သန်းဖြစ်ပြီး ကဏ္ဍအသီးသီးအတွက် ကျပ်ငွေသန်းပေါင်း ၆၁၈၇သန်းကို ခွဲဝေသုံးစွဲပြီး ဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IECအနေနဲ့ ကရင်နီပြည်နယ်မှာ ၁နှစ်တာအတွင်း အုပ်ချုပ်ရေးယန္တယားကို လက်တွေ့ကျင်သုံးလည်ပါတ်နေပြီး ဌာန ၈ခုနဲ့ ပြည်သူလူထု ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်နေပြီလို့ ဆိုပါတယ်။

ဒီအထဲက ဌာနတခုဖြစ်တဲ့ ကရင်နီပြည် ရဲဌာနခွဲ KSPမှာဆိုရင် ကရင်နီပြည်နယ်မှာ ရဲစခန်း ၁၅ခု ၊ ရဲကင်း ၁၀ခုနဲ့ ရဲဝန်ထမ်း ၅၀၀ကျော် ပါဝင် တာဝန်ထမ်းဆောင်နေပြီး ဒီနှစ်ကုန်မှာ ရဲအင်အား၁၀၀၀ပြည့်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့လည်း ဆေးခန်းပေါင်း ၆၀ကျော်နဲ့ ဆေးရုံ၁ရုံဖွင့်လှစ်နိုင်ခဲ့ပြီး ၁နှစ်အတွင်း ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ စုစုပေါင်း ၅သောင်းကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူဘဲ ပညာရေးကဏ္ဍမှာလည်း ကရင်နီပြည်ယာယီတက္ကသိုလ်ကောင်စီနဲ့ပူးပေါင်းပြီး ဝိဇ္ဇာတက္ကသိုလ်ဖွင့်လှစ်နိုင်ခဲ့သလို သူနာပြုတက္ကသိုလ်ဖွင့်လှစ်မှုနဲ့ ဆေးကောလိပ်ဖွင့်လှစ်မှုတွေကို အသိအမှတ်ပြု အားပေးမြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပါတ်နိုင်ဖို့ ပြည်သူလူထုက အဓိကအခန်းကဏ္ဍကပါဝင်ပြီး အားပေးကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း IEC တနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ဥက္ကဌ ခူဦးရယ်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဓါတ်ပုံ - ကရင်နီပြည် ကာကွယ်ရေးတပ်များက ပြည်သူ့လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်။
Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာအပါအဝင် ထိုင်းရောက်အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင် အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ် အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြု ခွင့်ပြုပေးလိုက်တယ်လို့ ထိုင်းအစိုးရက ဇွန်လ ၆ရက်မှာ ကြေညာပါတယ်။

- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အိမ်စီးကားတွေနဲ့ ခိုးဝှက်သွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ဂေါ့တောင်အနီး သံတွဲလေဆိပ်မှာ စစ်ကောင်စီ က အမြောက်တပ်ရင်း တပ်စွဲထားတဲ့အပြင် တိုက်လေယာဉ်တွေ အထိုင်ချကာ AA ထိုးစစ်ကို ခုခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=fY88HZ3s2A8