Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မင်းလှနှင့် မင်းတုန်း နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ် အစပ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Southern Magway People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ မှ စစ်သားများ ၊ ပျူစောထီးများနှင့် စစ်မှုထမ်း သင်တန်းဆင်းများ ပါဝင်သော စစ်ကြောင်းသည် အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် မွှေနှောက်နေစဉ် အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မဟာမိတ်တပ်ဖွဲ့များနှင့် ယင်းနေ့ နံနက် ၇ နာရီ ၄ဝ မိနစ်ခန့်မှ စတင်ကာ မင်းလှ-မင်းတုန်းမြို့နယ် အစပ်ကျောက်စည်ရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားရာ နေရာမှ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ပြီး ပုသိမ်-မုံရွာ လမ်းမကြီးဘက်သို့ ကားများဖြင့် ဆုတ်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကား ၁ စီး ပျက်စီးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ ဒဏ်ရာရ အရာရှိများကိုလည်း မင်းလှမြို့ကို သယ်ဆောင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့်အတူ မဟာမိတ်ညီနောင် တပ်ဖွဲ့များ ဖြစ်ကြသော မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ West Rivers Army ၊ Key Of Revolution စသည့် မဟာမိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများအနေဖြင့် ဆက်လက်၍ တော်လှန်ရေး အရှိန်မြှင့်တင်တော့မည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်လာမည့် ကြေညာချက်များအပေါ်တွင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် Southern Magway People’s Defence Force က ထုတ်ပြန်ထားသည်။
ရေစကြိုမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သားများနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူ-ရေစကြို ကားလမ်းပိုင်းမှ ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သာများကို တော်လှန်ရေး တပ်ဖွဲ့များက ၁၂ မိုင် ကျေးရွာအနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

" စစ်ခွေးတွေက ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အချိန်နဲ့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ပြီး အနီးကပ် ပစ်ခတ်မှု ဖြစ်တာ စစ်ခွေး ၂ ကောင်သေပါတယ်" ဟု Shwe Nyar Myae PDF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Shwe Nyar Myae PDF၊ ဒေါင်းသွေးနီ၊ မြိုင်ပကဖ နှင့် PKU N PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်သို့ လက်နက်အပြည့်အစုံဖြင့်ခြေလျင်ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃ ရက်နေ့က ရေစကြိုမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ ရေစကြိုမြို့ပေါ်သို့ သွားရောက် လက်နက်အပြည့်အစုံဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက် စစ်သား ၁၅ ဦးကို ပေကုန်းကျေးရွာအနီးအရောက် အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်နဲ့ မြို့နဲ့က နီးတယ်။ ၂ မိုင်ကျော်ကျော်လောက်ပဲ ဝေးမှာ။ လက်နက်အပြည့်အစုံ၊ ယူနီဖောင်းအ အပြည့်အစုံနဲ့ထွက်လာတာ၊ အရင်က ကားနဲ့သွားတဲ့အချိန် ကျနော်တို့အဖွဲ့က ပစ်ထားတော့ ခြေလျင် ထွက်လာကြတာ။ အဲဒါကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှ ၂ ဦးကတော့ အပြင်း ဒဏ်ရာရရှိတာ၊ ထကို မလာနိုင်ဘူး၊ တော်တော်လေးကြာမှ သူ့လူတွေက လာတွဲခေါ်သွားတာ၊ ပြီး တော့ ရေစကြိုမြို့ပေါ်ဆက်မသွားပဲနဲ့ ခလရ ၂၅၈ တပ်ထဲကို ပြန်ဝင်သွားတယ်။ မိုင်းမိတဲ့ ၂ ဦး သေ မသေတော့ နောက်ဆက်တွဲသတင်းမသိရဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း မေလ ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဝန်ကြီးဌာနများသို့ အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟုဆို

ရန်ကုန်၊ မေ ၄

ဝန်ကြီးဌာနများသို့ အရပ်ဘက် ရာထူးများဖြင့် ပြောင်းရွှေ့သွားခဲ့သော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် သတ်မှတ်ပြန်လည် ခေါ်ယူရန် စာရင်းကောက်ခံနေပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟု အသိပေးလာကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဧပြီလကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီက ဝန်ကြီးဌာနများရှိ Non-CDM ဝန်ထမ်းများအနက်မှ စစ်မှုထမ်းကြမည့် ဆန္ဒပြု ဝန်ထမ်းများစာရင်း ကောက်ယူမှုနှင့်အတူ အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်း၊ စစ်မှုထမ်း ဟောင်းများကိုလည်း အရန်တပ်အင်အားများအဖြစ် ပြန်လည် ခေါ်ယူရန် စာရင်းကောက်ခံနေကြောင်း၊ ဝန်ကြီးဌာနများတွင် အရပ်ဘက်ရာထူးများဖြင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဟောင်းနှင့် အရာရှိဟောင်းများသည် စစ်တပ်၏ တိုက်ခိုက်ရေးနှင့် စစ်ရေးလှုပ်ရှားသော တပ်များ တွင် ပြန်လည် ခေါ်ယူ ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။

"နှစ်ပိုင်းပေါ့။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတက်ရမယ့် ဝန်ထမ်းစာရင်း ကောက်တယ်။ အရန်တပ်အင်အားဥပဒေနဲ့ အရပ်ဘက်ရာထူးယူထားတဲ့ စစ်အရာရှိဟောင်း၊ စစ်မှုထမ်းဟောင်း စာရင်းတွေ ပြန်ကောက်တာတစ်ပိုင်း။ နှစ်ပိုင်းကွဲပြားတယ်။ အသက် ၅၅ နှစ်အောက် စစ်မှုထမ်းဟောင်းနဲ့ အရာရှိဟောင်းတွေကို လှုပ်ရှားစစ်ဆင်ရေးတွေမှာ စစ်မှုထမ်းဖို့ ခေါ်မယ်လို့ ပြောတယ်" ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဧပြီလ ၁၂ ရက်နေ့ အမိန့်ညွှန်ကြားတစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်ညွှန်ကြား ချက်တွင် အငြိမ်းစား စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၆၇ နှစ် မကျော်လွန်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းဟောင်းများအနေဖြင့် စစ်တပ်တွင် အနည်းဆုံး အချိန်ပြည့် ၃ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၅ နှစ်အထက် ပို၍ တာဝန်ပေးအပ်ရန် လိုအပ်ပါက စစ်တပ် ဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

စစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၅၅ နှစ်အောက်ဆိုလျှင် လှုပ်ရှားစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး အသက် ၅၅ နှစ်မှ အသက် ၆၇ နှစ်အကြား ဆိုလျှင် တပ်မတော်ဌာနချုပ်များ၊ စစ်ဆင်ရေးခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်သည့် အကြောင်းကြားစာရပြီး သတင်းမပို့သော စစ်မှုထမ်းဟောင်းများ၏ အငြိမ်းစား လစာနှင့် အကျိုးခံစားခွင့်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ စစ်တပ်တွင် ပြန်လည် စစ်မှုထမ်းချိန်တွင် မူလရာထူးတာဝန်အတိုင်း ပြန်လည် ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဝန်ကြီးဌာနများတွင် အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြသော စစ်မှုထမ်းဟောင်းများနှင့် အရာရှိဟောင်းများမှာ စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်ကို သဘောကျခြင်းမရှိဘဲ စစ်တပ်တွင် ပြန်လည် တာဝန်မထမ်းဆောင်လိုကြကြောင်း သိရှိရသည်။

"ကိုယ်တို့က လုပ်ခဲ့ပေးပြီးပြီ။ ပြန်တော့ တာဝန်မထမ်းချင်တော့ဘူး။ တပ်ထဲရှိတုန်းကလည်း တတ်စွမ်းသမျှ လုပ်ကိုင်ခဲ့ပြီးပြီ။ အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်" ဟု အကောက်ခွန်ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး ရာထူး ထမ်းဆောင်နေသူ စစ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁ မှ သင်တန်းသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
ရန်ကုန်နှင့်မန္တလေးတွင် ညပိုင်း လျှပ်စစ်မီး မပေးနိုင်တော့ဘဲ အဲယားကွန်းအသုံး ပြုသူ များပြားလွန်းမှုက ဓာတ်အားမနိုင်မနင်းဖြစ်ရသည့် အကြောင်း တစ်ရပ်ဟုဆို

■ မန္တလေးတွင် တစ်ရက်လျှင် လျှပ်စစ်မီး ၃ နာရီဝန်းကျင်သာ ရရှိတော့ပြီး ရန်ကုန်တွင် တစ်ရက်လျှင် ၄ နာရီဝန်းကျင်သာ မီးရတော့

ရန်ကုန်၊ မေ ၄

ရန်ကုန်နှင့်မန္တလေးတွင် ညပိုင်း လျှပ်စစ်မီး မပေးနိုင်တော့ဘဲ အဲယားကွန်းအသုံးပြုသူများပြားလွန်း၍ ဓာတ်အားမနိုင်မနင်းနေရကြောင်း နေပြည်တော်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ထုတ်လုပ်ပေးနိုင်သဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်နှင့် မန္တလေးတို့တွင် ညပိုင်း အချိန်များတွင်ပါ မီးလုံး၀ မပေးနိုင်တော့ဘဲ အချိန်တိုင်း မီးပြတ်နေကြောင်း ရန်ကုန်နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

"ရန်ကုန်မှာဆိုရင် တာမွေ၊ ပုဇွန်တောင် ၊သာကေတ၊ တောင်ဥက္ကလာ၊ တောင်၊ မြောက်၊ အရှေ့ ဒဂုံတွေမှာ မီးအရမ်းပြတ်တယ်။ စမ်းချောင်းနဲ့ မြို့လယ်ခေါင်မှာလည်း ညဘက်ဆိုရင် မီးပြတ်တယ်။ ည ၉ နာရီနောက်ပိုင်း ပြတ်လိုက် လာလိုက်နဲ့ ဖြစ်နေတာ။ ည ၁၁ နာရီကနေ မနက် ၆ နာရီအထိ မီးပြတ်ချိန်ပိုများတယ်" ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်ကလည်း နေ့စဉ် ည ၉ နာရီနောက်ပိုင်း ရန်ကုန်မြို့တွင် အဲယားကွန်း လေအေးပေးစက် အသုံးပြု အလွန်များပြားလွန်း၍ လျှပ်စစ်မီးဓာတ်အားများ မနိုင်မနင်းဖြစ်ကာ မကြာခဏ ဆိုသလို မီးပြတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း၊ ထို့ပြင် မဟာဓာတ်အားလိုင်းမှ ရရှိသော လျှပ်စစ်ဓာတ်အားမှာလည်း မတည်ငြိမ်ဘဲ ဓာတ်အားလျှော့နည်းမှုလည်းဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။

မန္တလေးမြို့မှ ပြည်သူများကလည်း လက်ရှိ တစ်နေ့လျှင် ၂၄ နာရီအနက်မှ ၃ နာရီဝန်းကျင်မျှသာ လျှပ်စစ်မီးရတော့ပြီး မီးပြတ်ချိန်နှင့် လာချိန်ပါ ပုံမှန်မဟုတ်တော့ကြောင်း၊ ယခင်က မီးပြတ်ချိန် လာချိန် မှန်သော်လည်း ယခုအခါ ပြတ်ချင်သလို ပြတ်ပြီး မီးလာချိန်မှာလည်း အလွန်နည်းပါးလာကြောင်း ပြောဆိုသည်။

"တစ်ရက်မှာ ၃ နာရီလောက်ပဲ မီးရတယ်ဆိုတာ တစ်ဆက်တည်းမဟုတ်ဘူး။ နာရီဝက်လောက် လာလိုက် ပြတ်သွားလိုက်။ ၁၅ မိနစ်လောက် လာလိုက် ပြတ်သွားလိုက်။ ၁ နာရီလောက် ပေးလိုက် ပြတ်သွားလိုက် ။ အဲဒီလို အပိုင်းပိုင်းနဲ့လာတာကို ပေါင်းမှ ၃ နာရီလောက်ပဲ မီးရတာ။ အခုရက်ပိုင်း အရမ်းဆိုးလာတယ်။ မီးစက်မောင်းဖို့ကလည်း ဆီစျေးကြီးတာကြောင့် မမောင်းနိုင်ဘူး" ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ စတိုင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ်ခန့်သာထုတ်နိုင်၍ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး အပြည့်အ၀ ပုံမှန် မပေးနိုင်ခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ သဘာ၀ဓာတ်ငွေ့ လုံလောက်စွာ မရရှိခြင်း တို့ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ဝင်း ထွက်ပြေး လွတ်မြောက် (ရုပ်/သံ)

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFမှ ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တောင်စွန်းစစ်တပ် စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၃ ရက်နေ့ ၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး အပါ အဝင် ၁၃ ဦး ထွက်ပြေးသွားကြောင်း၊ တိုက် ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

"သေဆုံးသူ ၂၆ ဦးမှာ ဗိုလ်ကြီး ၂ ဦးပါတယ်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဝင်းက ထွက်ပြေးလွတ်မြောက်သွားတယ်" ဟု Lion Battalion Commando စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သံတောင်ကြီး၊ တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သံတောင် PDF တပ်ဖွဲ့က ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့် တောင်ငူ-လိပ်သို လမ်းပိုင်းတွင်ရှိသော ကျောက် လုံးကြီး စခန်းကို တောင်ငူခရိုင် တပ်မဟာ ၂ တပ် ရင်း ၅ လက်အောက်ခံ - People Defense Force Thandaung က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၂၃ မိနစ်တွင် တောင်ငူ လိပ်သို လမ်းပိုင်းရှိ ၇ မိုင် အကြမ်းဖက်စစ်တပ်စခန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၈ ရက် ည ၈ နာရီခွဲနှင့် ည ၁၀ နာရီအချိန် တောင်ငူ - လိပ်သိုလမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ မေ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFမှ ရဲဘော်အောင်စံရှားက ပြောပါတယ်။

- စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရေး စားပွဲ၀ိုင်းမှာ အဖြေရှာဖို့ နည်းလမ်းမရှိတော့တဲ့အတွက် စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တရားဝင်ကြေညာလိုက်ပါတယ်။

- စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်သားသစ် စုဆောင်းဖို့ ၅ ရက်ဆက်တိုက် လိုက်လံဖမ်းဆီးပေါ်တာလိုက်ဆွဲတာကြောင့် ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=cRPKtq2Fe_g
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းဆိုင် စစ်ထောက် လှမ်းရေးဝင်းကို မိုင်းဖြင့် ဖောက်ခွဲမှု စစ်သားတချို့ဒဏ်ရာရနိုင်

ရန်ကုန်၊ မေ ၄

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်လှမ်းရေးဝင်းမှ စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကင်းကျနေသော အကြမ်းဖက်စစ်သားတချို့ ဒဏ်ရာရရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းဆိုင် စစ်ထောက်လှမ်းရေးဝင်း၏လုံခြုံရေးဂိတ်စခန်းတစ်ခုကို အားပြင်းသော မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကွဲမှုကြောင့် ကင်း ကျနေသော အကြမ်းဖက်စစ်သားတချို့ ထိခိုက်ဒဏ်ရာနိုင်ပြီး စစ်တပ်က လမ်းပိတ်ဆို့ကာ စစ်ဆေးခဲ့ ကြောင်း သိရသည်။

"အောင်မင်္ဂလာအဝေးပြေးဝင်း မျက်နှာချင်းဆိုင် စရဖဝင်းက ခဏခဏ မိုင်းခွဲခံရလိုက်၊ ရှော့တိုက်ဒုံးအပစ်ခံရလိုက်၊ ဗုံးပစ်ခံလိုက်ရပဲ။ မနေ့ညကတော့ ဝင်းရဲ့ လုံခြုံရေး ဂိတ်နားမှာ ပေါက်ကွဲတယ်။ အုန်းသံနှစ်ချက် ။ မီးခိုးတွေတော့ အူထွက်သွားတာပဲ။ ဒဏ်ရာရ၊ မရတော့ သေချာမသိဘူး။ လူနာတင်ကား လာတာမျိုးတော့ မတွေ့မိဘူး။ စစ်တပ်က ခဏ လမ်းတွေပိတ်တယ်။ ဟိုစစ် ဒီစစ်လုပ်ပြီး နာရီဝက်လောက်အကြာမှာ လမ်းပြန်ဖွင့်တယ်" ဟု အောင်မင်္ဂလာအဝေးပြေးဝင်း ၊ အဝေးပြေးယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက မျက်မြင်ကြုံတွေ့ရသည့် အခြေအနေများကို ပြန်လည်ပြောဆိုသည်။

စစ်ထောက်လှမ်းရေးဝင်းကို တိုက်ခိုက်ရာတွင် ပြည်သူကာကွယ်ရေးအဖွဲ့ ၂ နှင့် Noka UG တို့ ပူးပေါင်း ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တွင် မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်သော ကြောင့် မိဘပြည်သူများအနေဖြင့် စစ် သား၊ ရဲများနှင့် ဝေးဝေးရှောင်ရှားနေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်လျက်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဧပြီလ ၆ရက်နေ့ ညပိုင်း အောင်မင်္ဂလာအဝေးပြေးဝင်းနှင့်မျက်နှာ ချင်းဆိုင် စစ်ထောက်လှမ်းရေးဝင်းကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသဖြင့် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း စစ်ထောက်လှမ်းရေးဝင်းအရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်၍ စစ်ဆေးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးအဖွဲ့ ၁၈ ခု ပူးပေါင်း၍ တိုက်ထုတ်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်ခန့်ကို တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးပေါင်း၍ တိုက်ထုတ်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်က ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂ ရက်နေ့တွင် စစ်တပ်က မြင်းခြံခရိုင် ဆီးမီးခုံမြို့ ဆီမီးခုံရေနက်ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် မြောင်မြို့နယ် သာထွန်းရွာနှင့် ရွှေလှေရွာဘက်သို့စတင် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ယင်းစစ် ကြောင်းကို မင်းတန်းကျေးရွာအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်း၍ စတင်တိုက်ခိုက်ခဲ့ကြကြောင်း ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“တိုက်ပွဲကတော့ မင်းတန်းကျေးရွာထဲမှာ စဖြစ်တာ။ မင်းတန်းကျေးရွာထဲကို မေလ ၂ ရက်နေ့ မနက်ခင်းမှာ စစ်တပ်က ပစ်ဝင်တာ။ ပြီးတော့ ဝင်ပြီးတပ်စွဲထားတာ။ ပြန်မထွက်ဘဲ ညအိပ်တပ်စွဲပြန်နေလို့ မေလ ၃ ရက်နေ့မှာ ကျနော်တို့က တိုက်ထုတ်ခဲ့တာ” ဟု ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောပြသည်။

တော်လှန်ရေးအဖွဲ့များ၏ တိုက်ထုတ်မှုကြောင့် အကြမ်းဖက်စစ်တပ် မင်းတန်းရွာမှ ထွက်ပြေးသွားပြီး အရှေ့ဘက် သာထွန်းကျေးရွာထဲသို့ ဝင်ရောက်စခန်းချကြကြောင်း၊ စစ်တပ်ရှိနေသော သာထွန်းကျေးရွာထဲအထိ တော်လှန်ရေးအဖွဲ့များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“သာထွန်းကျေးရွာထဲထိ ကျွန်တော်တို့ အဖွဲ့တွေ လိုက်ဆော်တာဗျ။ လိုက်ဆော်တော့ သာထွန်းရွာအရှေ့ဘက် ရွှေလှေကျေးရွာထဲ စစ်တပ်က ဝင်ပြေးပြန်ရော။ အဲဒီရွာထဲမှာ စစ်တပ်က ဝပ်နေချိန် ကျနော်တို့က ဒရုန်းဗုံးသီးတွေ ကျဲချတယ်။ စစ်တပ်ကကောင်တွေပေါ်ကို တည့်တည့်ကျတာပဲ သေဆုံးမှုလည်း ရှိနိုင်သလို ဒဏ်ရာရတွေများတယ်” ဟု ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ စစ်တပ် တပ်စွဲထားသော ရွှေလှေကျေးရွာသည် စစ်သင်္ဘော ဆိုက်ကပ်ထားသော ဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် ကျေးရွာဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက ရွှေလှေရွာထဲသို့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ၊ သေဆုံးထိခိုက်စာရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု CDSOM မြေပြင်နှင့် ဝေဟင်အဖွဲ့၊ နဂါးပေါက်တိုက်နယ် ပကဖ၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မန္တလေးခရိုင်တပ်ရင်း ၅၊ Pdf - Taloke ၊ အညာမြေ-ကျောက်ပန်းတောင်း၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂တပ်ခွဲ၃၊ 11 Brother Force၊ Wolf Brother-မြောင်၊ သွေးသောက်-ရေစကြို၊ ဇာမဏီ-ငါန်းဇွန်၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ မြောင်မြို့မတိုက်နယ် ပကဖ၊ ပြောက်ကျားလင်းယုန်၊ မြောင်မြို့နယ် ပလဖ ၊ စစ်ကိုင်းခရိုင် ထောက်ပို့ -မဲဒစ် တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို စစ်တပ်ကဟုဆိုကာ ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၄

ရှမ်းပြည်နယ်၊ တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်သော လူငယ်တစ်ဦးကို ကားဂိတ်တွင် စစ်တပ်ကဟိုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပေါ်တာဆွဲပြီး ငွေညှစ်မှု ဖြစ်ပွားကြောင်း ဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ ရှမ်းပြည်နယ်၊တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးသို့ သွားရောက်သော လူငယ် မောင်ထွန်းမြတ်သည် မန္တလေး ကားကြီးကွင်း ရောက်ရှိချိန် လူတစ်ဦးက "ဘယ်သွားမလဲ" ၊ "ကားငှားမလား" ဟုဆိုကာ သူနှင့်လိုက်ခဲ့ရန် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မီနီအိုးဝေဖြင့် ခေါ်ဆောင်ကာ KTV တစ်ခုအတွင်းသို့ ထည့်ထားခဲ့ကြောင်း၊ KTV အတွင်းသို့ ရောက်ရှိသောအခါ လူ ၆ ဦးက လူငယ်၏ အဝတ်ထုပ်များ ပိုက်ဆံအိတ်နှင့် ဖုန်းများကို သိမ်းဆည်းကာ ကိုယ်ရေးအကျဉ်း ရိုက်နှက် စစ်မေးကြောင်း၊ စကားတစ်ခွန်းမေးတိုင်း နားရင်းတစ်ချက် ရိုက်ကြောင်း၊ ရိုက်နှက်သူများက ၎င်းတို့သည် စစ်သားများ ဖြစ်ကြောင်း၊ ဖမ်းဆီးရသော လူငယ်ကို နိုင်ငံရေးလုပ်သည် PDF နှင့်ဆက်သွယ်သည်ဆိုပြီး သတ်ပစ်လို့ရကြောင်း၊ စစ်တပ်ထဲ ပို့နိုင်ကြောင်း ပြောဆိုပြီး မိဘများထံ ဖုန်းခေါ်ခိုင်းကြောင်း၊ မိဘများနှင့် ဖုန်းအဆက်သွယ်ရသောအခါ ပြန်ပေးဆွဲသူများက ငွေကြေးတောင်းခံကြောင်း၊ ငွေလွှဲပေးသည်နှင့် ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

"မောင်လေးက မန္တလေးကနေ ကျောက်ဆည်ကို ဆက်သွားမလို့။ အဲဒါ ကားကြီးကွင်းမှာ ကားငှားမလားဆိုပြီး လူတစ်ဦးက ဆွဲခေါ်သွားတာ။ KTV ရောက်တော့မှာ လူ ၆ ယောက်လောက်က ၀ိုင်းရိုက်ပြီး ပစ္စည်းတွေ၊ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ သိမ်းတယ်။ အိမ်ကို ဖုန်းခေါ်ခိုင်းပြီး ငွေညှစ်တယ်။ ငွေကတော့ နောက်ဆုံး မတတ်နိုင်လို့ပါ တောင်းပန်တော့မှ ငွေ ၅ သိန်းချက်ချင်းလွှဲခိုင်းတယ်" ဟု ဖမ်းဆီးခံရသူလူငယ်၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြန်ပေးဆွဲသူများ တောင်းခံသည့် ငွေကို K Pay မှတစ်ဆင့် လွှဲပေးလိုက်ပြီးနောက် တိုင်ကြားခြင်းမပြုလုပ်ရန်၊ အသံဖမ်းမထားရန် စသည်ဖြင့် အကြိမ်ကြိမ် အော်ဟစ် ရိုက်နှက်ပြီး ဖမ်းဆီးထားသူ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

"ပိုက်ဆံမပေးခင်က သတ်ပစ်တယ်။ စစ်ကြောရေးပို့မယ်၊ PDF ဆိုပြီး ထောင်ချမယ် အမျိုးမျိုး ပြောတာ။ ငွေလွှဲပေးတော့လည်း မတိုင်ဖို့၊ ဖုန်းပြောတာကို Record လုပ်မထားဖို့ အကြိမ်ကြိမ်ပြောတယ်။ ငွေလွှဲတော့မှ ကလေးကို ရိုက်နှက်ပြီး ပြန်လွှတ်တယ်။ မောင်လေးက ပြောတာတော့ ဖမ်းထားတဲ့သူတွေက ဓားတွေနဲ့လို့ ပြောတယ်။ မောင်လေးပိုက်ဆံအိတ်ထဲကငွေတွေလည်း အကုန်ယူသွားပါတယ်။ ကိုင်တဲ့ဖုန်းတောင် စုတ်ပြီး သိပ်တန်ဖိုးမရှိလို့ ပြန်ပေးလိုက်တာ" ဟု ဖမ်းဆီးခံရသူ၏ အစ်မဖြစ်သူကရှင်းပြသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် ခရီးသွားပါက တစ်ဦးတည်းမသွားဘဲ အဖော်ဖြင့်သွားရန်၊ လာရောက်ခေါ်ဆောင်သူများနောက်သို့ မလိုက်ရန်နှင့် ရွှေငွေများ အများအပြား ယူဆောင်သွားခြင်းမပြုရန် အသိပေးလိုကြောင်း ၎င်းက ပြောဆိုသည်။

"မောင်လေး ဖြစ်စဉ်ကို ပြောပြတာက လူငယ်တွေ ခရီးသွားရင် သတိထားစေချင်လို့ပါ။ ကျမမောင်လေးလိုလည်း မဖြစ်စေချင်လို့" ဟုပြောဆိုသည်။

အဆိုပါပြန်ပေးဆွဲ ငွေညှစ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတိုင်ကြားရန် မရှိဘဲ မန္တလေးရောက်ရှိနေသော မောင်ဖြစ်သူ ဘေးကင်းစွာဖြင့် အိမ်ပြန်ရောက်ရန်သာ အဓိက ဖြစ်သည်ဟု မိသားစုဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ခရီးသည်တင်ကားပေါ် တက်၍ မှတ်ပုံတင်စစ်နေသည့် အကြမ်းဖက်စ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)