Khit Thit Media
543K subscribers
149K photos
1.14K videos
11 files
3.14K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်၊ မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ထား

ရန်ကုန်၊ မေ ၁

ပဲခူးတိုင်း၊ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း၊ အဆိုပါ ကုန်ရထား လမ်းချော်မှုကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းမှ နောက်ပြန်လှန့်ခဲ့ရပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားမှ နောက်ပြန်လှန့်ကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယင်း လမ်းချော်သွားသော ရထားကို ပြန်လည် သယ်ယူရန် မလွှကုန်းစက်ရုံမှ T-60 ကရိန်းဖြင့် ရန်ကုန်ဘူတာ မှ ယနေ့ နံနက် ၇ နာရီခန့် တွင် ထွက်ခွာသွားကြောင်း သိရှိရသည်။

"901 UP ကုန်ရထား ဒီနေ့ နံနက် ၅ နာရီ ၁၅ ကညွတ်ကွင်း-‌ ညောင်ပင်သာ အကြား မိုင်းခွဲထားသည့် နေရာမှာ စက်ခေါင်းအပါအအဝင် တွဲ ၄ တွဲ လမ်းချော်ကျခဲ့တယ်။ အဲဖြစ်စဉ်ကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းကန‌ေ နောက်ပြန်လှန့်ခဲ့ရတယ်။ နောက်ပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားကနေ နောက်ပြန် လှန့်ပြီး ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်။ မိုင်ခွဲထားတဲ့ ရထားလမ်းကို ဖြတ်မောင်းတာဖြစ်နိုင်တယ်။ မိုင်းထိရင် စက်ခေါင်း ပါ ဘေး ရောက်သွားနိုင်တယ်" ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေ ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ထားကာ အဆိုပါ ဝန်ထမ်းသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"မလွှကုန်း စက်ရုံက Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေပြီး ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။ ဆက်သွယ်ရေး ပုဒ်မနဲ့ လို့ သိရတယ်။ သူလည် ထွက် ပြေးနေရတယ်။ ဖြစ်စဉ် အတိအကျတော့ မသိရသေးဘူး" ဟု မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ

ရန်ကုန်၊ မေ ၁

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ဟူသော အမည်ဖြင့် တပ်ဖွဲ့အသစ်များကို တည်ထောင်ဖွဲ့စည်းလိုက်ပြီး ရန်ကုန်တိုင်း၊ ဖောင်ကြီးရှိ အမှတ် ၅ လေ ကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားပညာရှင် စစ်သားများက ဒရုန်းသင်တန်းပို့ချပေးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နည်းပညာစစ်ပွဲ ဆင်နွှဲရမည်ဆိုသော ကြွေးကြော်မှုဖြင့် ဒရုန်းတပ်ဖွဲ့သစ်များကို တပ်များတွင် စတင်ဖွဲ့စည်းနေကြောင်း၊ ရန်ကုန်ဖောင်ကြီးရှိ အမျတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ၅၀၆ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရုရှားမှ ပညာရှင်တပ်အရာရှိများက ဒရုန်းသင်တန်းများ အနီးကပ်ပို့ချနေကြောင်း၊ တရုတ်နည်းပညာရှင်တချို့ကလည်း ဒရုန်းတပ်ဖွဲ့အတွက် ကူညီလုပ်ကိုင်ပေးနေမှုများရှိကြောင်း သိရှိရသည်။

"ဒရုန်းဆိုတာက စစ်တပ်မှာ အရင်တုန်းက ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ဘူး။ လေကြောင်းရန်တို့ဘာတို့က ဒရုန်းကို သင်တန်းတက်ထားတဲ့သူမှ သုံးနိုင်တာ။ ခြေလျင် ခြေမြန်တပ်ကကောင်တွေက ဒရုန်းမသုံးနိုင်ဘူး။ အခုနောက်ပိုင်း ဒရုန်းတွေ သုံးလာတာက ခြေလျင် ခြေမြန်တို့မှာ ဒရုန်းတပ်ဖွဲ့တွေ ဒရုန်းသင်ကြားထားတဲ့ကောင်တွေကို တွဲပြီးသုံးတယ်လို့ ယူဆရတယ်။ အဲဒီလို နည်းပညာကလည်း စစ်တပ်ရဲ့ နည်းပညာမဟုတ်ဘဲနဲ့ ရုရှားနဲ့တရုတ်တို့ရဲ့ နည်းပညာတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်" ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်က ရုရှးနိုင်ငံသို့ ဧပြီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သွားရောက်ပြီး ၁၂ ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (Working Breakfast) သို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းများကို အသေးစိတ်လေ့လာမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရုရှားနိုင်ငံတွင် ဒရုန်းများကို သွားရောက်လေ့လာနေသည့် အကြမ်း ဖက်စစ်ကောင်စီ အကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင်။
လွိုင်ကော် - ဒီးမော့ဆို အမှတ် ၂ ဂိတ်နှင့် ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်

ရန်ကုန်၊ မေ ၁

ကရင်နီပြည် လွိုင်ကော် - ဒီးမော့ဆို ကုန်စည် စီးဆင်းနေသည့် အမှတ် ၂ ဂိတ်၊ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ယနေ့ တရားဝင် ကြေညာသည်။

မေလ ၁ ရက်နေ့မှ စ၍ အဆိုပါ ဂိတ်များနှင့် လမ်းများကို ရက်အကန့်အသတ်မရှိ လုံခြုံရေးအရ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် လွိုင်ကော်မြို့ခံ ကျေးရွာ/အုပ်စုများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာက ကြေ ညာချက်အသစ် ထုတ်ပြန်သည့်အချိန်အထိ တားမြစ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ပေးရန် ကရင်နီပြည်၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ကြေညာသည်။

"လုံခြုံရေးအရ လမ်းပိတ်တယ်ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာမယ့် အခြေအနေကတော့ရှိနေတယ်။ စစ်သင်တန်းတွေကလည်း ဆင်းထားပြီးသားဆိုတော့ ဒီတစ်ခေါက်ကတော့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်လာမယ်လို့ ထင်တယ်။ ပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြပါ" ဟု ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ဆိုသည်။
မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီးတွင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့်ဂိုဒေါင်တချို့ မီးထဲပါသွား

ရန်ကုန်၊ မေ ၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ ဘုရင့်နောင်စျေးကြီးတွင် ယနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်အချိန်တွင် မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီး မြောက်ဘက်​၊ စျေးရုံ၏ အနောက်ဘက် ကုန်စုံဆိုင် ဂိုဒေါင်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မိနစ် ၄၀ ကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း သိရှိရသည်။

"ကုန်စုံဆိုင်ဂိုဒေါင်က စလောင်တာလို့ပြောတယ်။ အခုတော့ မီးညွှန့်ကျိုးသွားပါပြီ။ ဆက်ပြီး ငြိမ်းသက်နေကြတုန်းပဲ။ ပူကလည်းပူတော့ မီးကူးစက်မှာ ပြည်သူတွေက စိုးရိမ်ကြတာ။ အခုတော့ မီးကိုနိုင်သွားပါပြီ။ ဆိုင်ခန်းတချို့ပါသွားတယ်။ အသေအချာတော့မသိရသေးဘူး။ မီးငြိမ်းနေကြတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
နွေဦးတော်လှန်ရေးအင်အားစုအသီးသီးက အလုပ်သမားများကို ဂုဏ်ပြုကာ စစ်အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ မေ ၁

နွေဦးတော်လှန်ရေးအင်အားစုအသီးသီးက ယနေ့ ကျရောက်သည့် မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အလုပ်သမားများကို ဂုဏ်ပြုကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလုပ်သမားအင်အားစုများ၏ပါဝင်မှုအားအင်သည် လွန်စွာမှ အရေးပါပြီး CDM အလုပ်သမားများကို ဂုဏ်ပြုကြောင်း၊ နွေဦးတော်လှန်ရေးခရီးလမ်းတွင် ရရှိထားသည့် အောင်မြင်မှုများတွင် အဓိက မောင်းနှင်အားအဖြစ် ပါဝင်နေသည့် အလုပ်သမားများကို လေးစားစွာဖြင့် ဂုဏ်ပြုခဲ့ကာ စစ်အာဏာရှင်ကို အလုပ်သမားများ အားလုံး ပါဝင်တော်လှန်ကြရန်လည်း လှုံ့ဆော်ခဲ့ကြောင်း သိရှိရသည်။