Ayeyarwaddy Times
27.5K subscribers
17.2K photos
306 videos
2 files
2.02K links
For Freedom Justice & Peace
Download Telegram
တီးတိန်နှင့် တွန်းဇံမြို့ကို ဆက်သွယ်ထားသည့် ဇလွေချောင်းကူး တံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ကို အဓိက ဆက်သွယ်ထားသည့် ဇလွေချောင်းကူး ကွန်ဂရစ်တံတားကို စစ်ကောင်စီမှ ဖောက်ကွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံက သိရှိရသည်။

ဇလွေချောင်းကူး ကွန်ဂရစ်တံတားသည် တီးတိန်မြို့နှင့် တွန်ဇံမြို့ကြားတွင် တည်ရှိပြီး တီးတိန်-တွန်းဇံမြို့အပြင် ကျီးခါးမြို့တို့ကိုလည်း ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဖောက်ကွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"တီးတိန်မြို့ထဲက စစ်သားတွေက လာရောက်ပြီးတော့ မိုင်းနဲ့ ဖောက်ကွဲဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ တံတားဖောက်ကွဲလိုက်တော့ တွန်းဇံနဲ့ ကျီးခါးပြည်သူအတွက် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး ထိခိုက်သွားပါတယ်။"ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ဖောက်ကွဲဖျက်ဆီးလိုက်သည့် ဇလွေချောင်းကူးတံတားသည် တွန်းဇံမြို့နှင့် ၁၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါ စစ်ကောင်စီ ဖောက်ကွဲဖျက်ဆီးလိုက်ပြီးနောက် တံတားသည် အသုံးပြုခွင့်မရတော့ကြောင်း သိရှိရသည်။

"တံတားက မိုင်းနဲ့ ဖောက်ကွဲလိုက်တာကြောင့်အလယ်မှာ ကျိုးသွားလို့ လုံးဝ အသုံးပြုလို့ မရတော့ပါဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ချင်းအမျိုးသား(CNA)ဦးဆောင်သော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ မေလ ၂၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

#တီးတိန်#တွန်းဇံမြို့#ဆက်သွယ်ထားသည့် #ဇလွေချောင်းကူး တံတား#စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး#
#Ayeyarwaddy_Times
မဲဆောက်ရှိ နွေဦးတမန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များက အကြောင်းမဲ့ ဝင်ရောက်ဖျက်သိမ်း

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် နွေဦးတမန် ထောက်ပို့ရုံးခန်းကို ယမန်နေ့ ဇွန် ၁၀ ရက်နေ့၊ ညနေ ၅ နာရီ ဝန်းကျင်တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်၍ ရုံးခန်းကို အကြောင်းမဲ့ဖျက်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေဦးတမန်ရုံးခန်းကို ထိုင်းအာဏာပိုင်များဖြစ်သည့် စစ်တပ်၊ ရဲ၊ ရပ်ကွက် လူကြီး စသည့်အဖွဲ့အစည်း ပေါင်းစုံမှလာရောက်ကာ ပိတ်သိမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး အာဏာ ပိုင်တချို့က ရုံးခန်းတွင်းရှိ ထောက်ပို့တာဝန်ခံကို ခြေထောက်ဖြင့် ကန်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေဦးတမန်ရုံးခန်းတွင် ရှိသည့်သူများမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထောက်အထား ပြည့်စုံသည့်သူများ ဖြစ်ကြောင်း သိရပြီး ရုံးခန်း၌ချိတ်ထားသည့် နိုင်ငံ့ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် အလံများကိုလည်း ဖိအားပေးဖြုတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

"ကန်ပိုင်ခွင့်လည်း မရှိဘူး ဝင်လာပြီဆိုတည်းက တရားလွန်သွားပြီ။ ဖမ်းသွားတာတော့ မရှိဘူး။ ဖျက်သိမ်း၊ ဖျက်သိမ်းဆိုပြီး အကုန်လုံး ဖြုတ်ခိုင်းတာ။ သူတို့မှာလည်း သူတို့ ကိုးကွယ် ယုံကြည်တဲ့သူတွေရဲ့ ပုံတွေချိတ်ထားတာပဲ။ ကျွန်တော်တို့မှာလည်း ချိတ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ ဆန္ဒထွက်ပြတာမဟုတ်ဘူး။ ဆူညံသောင်းကျန်တာ မဟုတ်ဘူး။ လက်နက်‌မှောင်ခိုမှုမဟုတ်ဘူး။ ဘာအမှုမှ မရှိဘဲ အထဲထဲကိုဝင်ချလာတယ်။ သူတို့ပြောသွားတဲ့ ဗွီဒီယိုဖိုင်တွေကအစ တင်ထားတာရှိတယ်" ဟု CDM ကျောင်းဆရာ ကိုနွေဦးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ တိုင်ကြားသည့်အတွက် ရုံးခန်းကို ဖျက်သိမ်းရန် လာရောက် စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်များကို ၎င်းတို့မှ ဖျက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ရွှေ့ပြောင်းနေထိုင် သူများသည် ထိုင်းအာဏာပိုင်များ၏ တရားမဝင်လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို မကြာခဏခံရလေ့ရှိပြီး ၎င်းတို့ဘက်မှလည်း ထိုသို့ချိုးဖောက်မှုများ မှတ်တမ်းတင် ခံရခြင်းမရှိစေရန် ဖုန်းမှတ်တမ်းများဖျက်ခြင်း၊ ဖုန်းသိမ်းခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိကြောင်း ရွှေ့ပြောင်းမြန်မာနိုင်ငံသားများထံက သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်

#ထိုင်း #မဲဆောက် #ထောက်ပို့ရုံးခန်း #ဖျက်သိမ်းခံရ #နွေဦးတမန် #Ayeyarwaddy_Times
မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို အာရက္ခတပ်တော် (AA) က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်နေ့များတွင် AA မှ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရခိုင်သတင်းရင်းမြစ်ထံက သိရသည်။

"နခခ ၉ နဲ့ နခခ ၆ က လက်နက်မချတဲ့ တပ်ဖွဲ့ဝင်တွေ ကို ဖမ်းလာတာလို့ပြောတယ်။ ပင်လယ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ နခခ ၂ နဲ့သွားပူးပေါင်းတဲ့ လူတွေလည်းရှိတယ်။ ဖမ်းတဲ့အထဲ ပါလာတဲ့အရာရှိတွေကို စစ်ဆေးနေတယ်"ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် စစ်ကောင်စီ၏ နခခ-၆ အင်းဒင်စခန်းနှင့် နခခ-၉ နယ်ခြားစောင့်စခန်းတို့ကို ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းများမှ လက်နက်မချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၁၀ ရက်နေ့ကပင် အလယ်သံကျော်ကမ်း ခြေတွင် နခခ-၄ နှင့် နခခ-၉ တို့မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများ၏ စက်လှေကို ကမ်းထိုးယာဉ်ပေါ်မှ အရာရှိများ၏ ပစ်ခတ်မှုကြောင့် စက်လှေ နစ်မြုပ်ပြီး စစ်ကောင်စီမိသားစုဝင်တချို့ ပျောက်ဆုံးမှု များဖြစ်ပွားခဲ့သည်။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်အတွင်းရှိ အလယ်သံကျော် နားခေါင်းတိုစခန်းများအပါအဝင် အခြားလက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံပါက အသက်အန္တရာယ် ကင်းဝေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

AA သည် ယခုဇွန်လ ပထမပတ်အတွင်းတွင် မောင်တောရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ဂွဆုံပြင်၊ မြင်းလွှတ်၊ အင်းဒင်၊ နခခ-၉ စခန်းတို့ကို သိမ်းယူခဲ့ပြီး လတ်တလောတွင် ကျန်ရှိနေသည့်စခန်းများအနက် နခခ-၄ နှင့် မောရဝတီဗျူဟာတို့ကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

ပုံစာ -မေ ၄ ရက်နေ့က မောင်တောတွင် AA ထံအညံ့ခံသည့် စစ်ကောင်စီ တပ်သားများပုံ(ပုံဟောင်း)

#ရခိုင် #မောင်တော #စစ်ကောင်စီ #နယ်ခြားစောင့်တပ်စခန်း #တပ်သားများ #၂၉၀ခန့် #AA #အရှင်ဖမ်းမိ #Ayeyarwaddy_Times
ဗန်ကောက်မြို့က ချတ်တူချတ်ဈေး မီးလောင်ကျွမ်းမှုမှာ ထောင်ချီတဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံး

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်၊ ချတ်တူချတ်ခရိုင်ရှိ ချက်တူချက်ဈေးမှာ ယနေ့နံနက်အစောပိုင်းက အိမ်မွေးတိရစ္ဆာန်တွေ ရောင်းချတဲ့ဇုန် မီးလောင်မှုဖြစ်ပွားခဲ့ရာ ထူးခြားသော တိရစ္ဆာန်မျိုးစိတ်တွေ အပါအဝင် တိရစ္ဆာန်အကောင်ရေ ၁ ထောင်ခန့် သေဆုံးခဲ့ပါတယ်။

ချတ်တူချတ်ဈေးရှိ အိမ်မွေးတိရစ္ဆာန်တွေရောင်းချတဲ့ Sri Somrat ဇုန်ရှိ ဆိုင်ပေါင်း ၁၁၈ ဆိုင်မှာ ယနေ့ နံနက် ၄ နာရီခန့်ကစပြီး မီးလောင်ခဲ့ခြင်းဖြစ်ကာ ၁ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ချက်တူချက်ခရိုင်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အလှမွေးငါးတွေ၊ အိမ်မွေးကြောင်တွေ၊ ခွေး၊ ငန်း၊ ငှက်၊ မြွေ၊ မျောက် အစရှိတဲ့ တိရစ္ဆာန်ပေါင်းစုံအပြင် ဘတ်ဂဏန်း ၅ လုံးမှ ၆ အထိ တန်ကြေးရှိတဲ့ ထူးခြားသော တိရစ္ဆာန်မျိုးစိတ်တွေ မီးထဲပါ၍ သေဆုံးခဲ့ တယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

မီးလောင်မှုဟာ ခွေးတိရစ္ဆာန်တွေရောင်းချတဲ့ ဆိုင်တစ်ဆိုင်မှ စတင်ခဲ့ကြောင်း၊ ပိုင်ရှင်တွေက ခွေးတွေကို အပူပေးဖို့ လျှပ်စစ်ပန်ကာတွေကို ဖွင့်ထားရာမှ မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါ တယ်။

မီးလောင်ကျွမ်းမှုကြောင့် လူများထိခိုက်သေဆုံးမှုမရှိကြောင်း၊ ခရိုင်တာဝန်ရှိသူတွေက မီးလောင်ရတဲ့အ ကြောင်းရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား - Bangkok Post
Ref; Thousands of pets die in fire at Chatuchak market

#Ayeyarwaddy_Times
စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးကို စစ်ကောင်စီတပ်အရာရှိ ၁၅ ဦးစီနှင့် အတူ ဒရုန်းရာချီပို့ဆောင်

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ဒရုန်းအစီရေရာချီနှင့်အတူ ကြပ်မတ်မည့် စစ်ကောင်စီတပ် အရာရှိ ၁၅ ဦးစီးကိုပါ ပို့လွှတ်လျက်ရှိကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် စစ်ဘက်သုံးဒရုန်းများအပြင် စိုက်ပျိုးရေးဒရုန်းများကိုပါ အိမ်နီးချင်းနိုင်ငံများမှဝယ်ယူ၍ တိုင်းစစ်ဌာနအသီးသီးနှင့် တိုက်ပွဲဖြစ်ပွား နေသည့် နေရာများသို့ ယခု ဇွန်လ ပထမပတ်မှစတင်၍ ပို့ဆောင်ထားပြီး ယင်းဒရုန်းများကို မောင်းနှင်ရန်နှင့် ဒရုန်းမောင်း နည်းသင်တန်းများပေးရန် အရာရှိ ၁၅ ဦးစီကိုပါတွဲ၍ စေလွှတ်ထားကြောင်း သိရသည်။

"တိုင်းစစ်ဌာနချုပ် (ကရခ)တွေကို ဒရုန်းတွေနဲ့ အရာရှိ ၁၅ ယောက်လောက်ကို လာတွဲထားတယ်။ လက်ရှိမှာ တနင်္သာရီတိုင်းထဲမှာ ဖြစ်နေတဲ့နေရာတွေကို ဒရုန်းပြန်ဖြန့်မယ်။ အရာရှိတွေက သင်တန်းတွေပြန်ပေးမယ်။ တိုင်းစစ်ဌာနချုပ်တွေ အားလုံးကို ဖြန့်မှာ လို့ သိထားတယ်"ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ယခုနောက်ပိုင်းစစ်ဆင်ရေးများတွင် ဒရုန်းတပ်ဖွဲ့များဖွဲ့စည်းပြီး ဒရုန်းဖြင့်အဓိက တိုက်ခိုက်ဗုံးကြဲမှုများ လုပ်ဆောင်လာပြီးနောက် ယခုတိုင်းစစ်ဌာန အသီးသီးကိုပါ ဒရုန်းနှင့်အတူ တွဲဖက်၍ အရာရှိ များကို စေလွှတ်လာခြင်းဖြစ်သည်။

ဒရုန်းများအသုံးပြုရာတွင် စစ်ဘက်သုံးဒရုန်းများသာမက တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သုံးဒရုန်းများကိုပါ ဝယ်ယူ၍ ဒရုန်းဗုံးများကိုပါ တီထွင်စမ်းသပ်ပြီး စစ်တိုင်းများတွင်ပါ အသုံးပြုရန် ကြံစည်လာခြင်းဖြစ် သည်။

အပစ်အခတ်ရပ်စဲထားသည့် ရှမ်းမြောက်ဒေသသို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ခံစစ်ပြင်ဆင်နေမှုများအပြင် ဒရုန်းအစင်းရေ ၄၀၀ ကျော်နှင့် ယခုတိုက်ပွဲပြင်းထန် နေသည့် ရခိုင်ဒေသသို့ ဒရုန်းအစင်းရေ ၃၀၀ ကျော်ကို ဖြန့်ဝေထားပြီး အသုံးပြုတတ်သည့် ဒရုန်းမောင်းနှင်သင်တန်းဆင်း ဒရုန်းတပ်ဖွဲ့ဝင်များကိုပါ ပို့ ဆောင်ထား ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဒရုန်းများတွင် တပ်ဆင်အသုံးပြုသည့် ဒရုန်းဗုံးများကို တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ(ကပစ)တွင် အထူးစီမံချက်များဖြင့် ဗုံးအလုံး ရေထောင်ချီကို ထုတ်လုပ်ပြီး တိုင်းစစ်ဌာနအသီးသီး ကို ဝေငှထားကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ဆင်ခေါင်းရွာပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီသည် လေယာဉ်နှင့် ဒရုန်းများကို အဓိကထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် လူဦးရေရာနှင့်ချီသေဆုံးခဲ့ပြီး ဒေသခံများရွာကိုစွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#စစ်ကောင်စီ #တိုင်းစစ်ဌာနချုပ် #ဒရုန်း #အရာရှိ၁၅ဦး #တွဲပို့ထား #Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ ခွင့်မဲ့ပျက်ကွက်တဲ့ စစ်ကောင်စီတပ်သားတွေကို တောခိုတယ်လို့ဆိုကာ ငွေတောင်း

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ဧရာဝတီတိုင်းရဲ့ မြို့တော်ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်(န.တ.ခ)အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ခွင့်မဲ့ထွက်ခွာပါကတောခိုတယ်လို့အကြောင်းပြကာ မိသားစုဝင်တွေကိုဖမ်းဆီးပြီး ငွေတောင်းယူမှုတွေရှိနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
အရန်‌တပ်ဖွဲ့ဥပဒေနဲ့ စစ်မှုထမ်းဟောင်းအရာရှိတွေကို နေပြည်တော်သို့ စတင်ခေါ်ယူ

ဧရာဝတီတိုင်းမ်
‌ဇွန် ၁၁ ရက်

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေနဲ့ စာရင်းကောက်ယူထားတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းဟောင်းအရာရှိတွေကို နေပြည်တော်သို့စတင်ဆင့်ခေါ်နေပြီလို့ သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
ပြီးခဲ့သည့် မေလ အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၃ ဦး တပ်သားနှင့်ရဲ ၄၅ ဦး CDM ပြုလုပ်

ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွယ် (ပကဖ) များထံသို့ စစ်ကောင်စီတပ်မှ ဗိုလ်မှူး သုံး ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦးတို့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းတွင် NUG ၏ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများ၊ ပကဖအဖွဲ့များထံသို့ ဗိုလ်မှူး သုံး ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦး ပြည်သူ့ ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

CDM ပြုလုပ်လာသူများထဲတွင် အရာရှိအဆင့် ဗိုလ်မှူး သုံးဦး၊ ဗိုလ်ကြီး တစ် ဦး၊ ဗိုလ် တစ် ဦးနှင့် ဒုရဲအုပ်တစ်ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦးတို့ စစ်ကောင် စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်လာခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဘက်သို့ရောက်လာသူများထဲတွင် လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့ကြောင်း NUG ကဆိုသည်။

မေလတစ်လထဲအတွင်း CDM ပြုလုပ်လာသူများ ယူ ဆောင်လာသည့် လက်နက်မျိုးစုံ ၂၄ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိထားသည်ဟု သိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများအနေဖြင့် နီးစပ်ရာ PDF များထံ သို့ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @Myanmarpeople နှင့် နီးစပ်ရာ PDF၊ ပကဖ၊ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသို့ ဆက်သွယ်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် NUG က တိုက်တွန်းထားသည်။

ဓာတ်ပူံ-MOD

#စစ်ကောင်စီဗိုလ်မှူး #တပ်သားရဲ #၄၅ဦ#CDMပြုလုပ် #NUG #ထုတ်ပြန် #Ayeyarwaddy_Times