Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က တတိယအကြိမ် လာရောက်ခဲ့သော မစ္စတာ တိန့်ရှီးကျွင်းသည် ယင်းခရီးစဉ် အတွင်း စစ်ခေါင်းဆောင်အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် သီးခြားတွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ စီးပွါးရေး စီမံကိန်းအရှိန်မြှင့် တည်ဆောက်ရေးအပါအဝင် နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကို နှစ်နိုင်ငံ ပူးတွဲနှိမ်နင်းရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ

ပုံစာ - ဇူလိုင်လ ၂၈ ရက်က တတိယအကြိမ် လာရောက်ခဲ့သော မစ္စတာ တိန့်ရှီးကျွင်းနှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ်။

#မြန်မာ့ပြည်တွင်းရေး #တည်ငြိမ်စေချင် #စစ်ကောင်စီထိန်းချုပ် #တရုတ်လိုလား #လေ့လာသူများ #Ayeyarwaddy_Times
ယူကရိန်းသို့ ထောင်ချီတဲ့ အမြောက်ကျည်တွေ ထောက်ပံ့ပေးဖို့ ဗြိတိန် ကတိပြု

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ရုရှားကို တန်ပြန်ထိုးစစ်ဆင်တာ ကူညီဖို့ ဒီနှစ်အတွင်း ယူကရိန်းသို့ ထောင်ပေါင်းများစွာသော အမြောက် ကျည်တွေ ပေးပို့ဖို့ ဗြိတိန်က သံန္နိဌာန်ချထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ကြေညာလိုက်ပါတယ်။

“ရုရှားရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့နဲ့ တရားမဝင် သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့ ယူကရိန်းသို့ ထောင်နဲ့ချီတဲ့ အမြောက်ကျည်တွေ ပေးပို့ဖို့အပါအဝင် ဗြိတိန်နိုင်ငံရဲ့ ယူကရိန်းအတွက် မဆုတ်မနစ်တဲ့ ကတိကဝတ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ဂရန့်ရှပ်စ်က ပြောပါ တယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ရုရှားကျူးကျော်စစ်နောက်ပိုင်း ဗြိတိန်က ယူကရိန်းသို့ အ မြောက်ကျည် ၃၀၀၀၀၀ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက လာမယ့်သီတင်းပတ်တွေအတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တာဝေးပစ် လက်နက်တွေ ယူကရိန်းသို့ ထပ်မံ ပေးအပ်မယ်လို့ သူက ဆိုပါတယ်။

ဂရန့်ရှပ်စ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့လည်း တွေ့ဆုံကာ ယူကရိန်းသို့ ခဲ ယမ်းမီးကျောက်တွေ တိုးမြှင့်ထောက်ပံ့ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဆောင်းရာသီကာလအတွင်း ယူကရိန်းနိုင်ငံရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ပေး မယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်ကျည်တွေနဲ့ တန်ပြန်ထိုးစစ်ဆင်ရာမှာ အသုံးပြုတဲ့ ပြုပြင် ရေးကိရိယာတွေ ထောက်ပံ့ပေးဖို့ကို ဝန်ကြီးနှစ်ဉီးက ဆွေးနွေးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံဟာ ယူကရိန်းနိုင်ငံသို့ တင့်ဖျက်လက်နက် ၁၂၀၀၀ ကျော်၊ အမြောက်ကျည် ၃၀၀၀၀၀၊ ထောင် နဲ့ချီတဲ့ လေခွင်းဒုံးကျည်တွေ၊ အမြောက်လက်နက်တွေ၊ မိုင်းရှင်းကိရိယာတွေနဲ့ မီးစက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား - Al Arabiya
Ref; UK pledges tens of thousands of artillery shells for Ukraine to aid counter-offensive

#Ayeyarwaddy_Times
ဟင်္သာတမြို့နယ် ရှားခဲနှင့် ကြိတ်တန်းကျေးရွာတွင် ၃ရက်အတွင်း ဒေသခံအမျိုးသား ၈ဦးကို PDFထောက်ပံ့သည်ဟု အကြောင်းပြ၍ ဖမ်းဆီး

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာနှင့် ကြိတ်တန်းကျေးရွာတွင် သုံးရက်တာအတွင်း ဒေသခံအမျိုးသား ရှစ်ဦးကို တော်လှန်ရေးအဖွဲ့များအား ထောက်ပို့သည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၁၆ရက်နေ့ နေ့လည်က ရှားခဲကျေးရွာမှ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားသူအသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ထောက်ပို့ပြုလုပ်နေသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံကသိရှိရသည်။

" PDF ထောက်ပို့လုပ်လို့ဆိုပြီး ဆိုင်ရှင်ကိုစစ်တပ်နဲ့ ရဲတွေလာဖမ်းသွားတယ်။ ဆိုင်ရှင်က သူ့ဘာသာ အေးဆေး စျေးရောင်းနေတဲ့သူပါ။ ဘာမကျေနပ်ချက် ရှိလို့လဲတော့မသိဘူး။ မဟုတ်တဲ့ သတင်းပေးလိုက်လို့ဖြစ်မယ်" ဟု မျက်မြင်တွေ့ရှိရသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ဒေသခံလူငယ်အမျိုးသား ခြောက် ဦးကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးခဲ့ရာ လေးဦးဖမ်းဆီးခံခဲ့ရပြီး PCX အမျိုးအစား ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းခဲ့ကာ နှစ်ဦးမှာထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အလားတူစက်တင်ဘာလ ၁၈ရက်နေ့ကလည်း ကြိတ်တန်းကျေးရွာတွင် အမျိုးသား သုံး ဦးကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးခဲ့ရာ ယနေ့အချိန်အထိ မည်သည့်နေရာ၌ ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးကြောင်း ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

" အခုထိဘယ်မှာ ဖမ်းခံထားရလဲဆိုတာ မသိရသေးဘူး။ ရဲစခန်းကို သွားစုံစမ်းတော့လည်း မသိဘူးပဲဖြေတယ်။ သတင်းမသိရတော့စိတ်ပူနေရတယ်။ ဆိုင်မှာလည်း မနေရဲတော့ အခုရှောင်နေရတယ်" ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့်မိသားစုဝင်တစ်ဦးကဆိုသည်။

ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဟု အကြောင်းပြ၍ ဒေသခံ ၁၀ ဦးထက်မနည်း ကိုစစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခဲ့ပြီး ငွေကျပ် ၁၀ သိန်းထက်မနည်း ပေးမှသာ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဟင်္သာတ မြို့တွင်းရှိ စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူ ၂၀ ဦးထက်မနည်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့က စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)မှ ခေါ်ယူစစ်ဆေးကာ တစ်ဦးလျှင် လစဥ်အရက်တစ်ဝိုင်းနှင့်ငွေကျပ် သုံး သိန်းထက်မနည်း ငွေညစ်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဟင်္သာတမြို့ #ရှားခဲနှင့်ကြိတ်တန်းကျေးရွာ #၃ရက်အတွင်း #ဒေသခံအမျိုးသား၈ဦး
#PDFထောက်ပံ့ #အကြောင်းပြ #ဖမ်းဆီး
#Ayeyarwaddy_Times
NCA စာချုပ်ကို စစ်ကောင်စီဘက်ကချိုးဖောက်တာဖြစ်ပြီး အကျယ်တဝင့် ကြေညာချက် ထုတ်စရာမလိုဟု KNU ပြောကြား

နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) သည် စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားပြီဖြစ်ပြီး အဆိုပါ စာချုပ်နှင့်ပတ်သတ်၍ အကျယ်တဝင့် ကြေညာချက်ထုတ်စရာမလိုတော့ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဖြေကြားသည်။

KNU တွင် တပ်မဟာ ခုနှစ်ခု ရှိသည့်အနက် ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ ပဒို စောအောင်မော်ဧက KNU အနေဖြင့် NCA စာချုပ်ကို ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးသည့်အပြင် နယ်မြေတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အခြေခံလျက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာလာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

NCA စာချုပ်နှင့် ပတ်သက်၍ KNU ၏ သဘောထားကို “မီးစာကုန် ဆီခမ်းတဲ့ ဘဝကို ရောက်ပြီး ကောက်ရိုးတစ်မျှင်စာ အားကိုးလို့ရငြား သူတို့(စစ်ကောင်စီ)ကြိုးစားနေတာပဲ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်လိုလုပ်လုပ် ထွက်ပေါက်ရှာလိုမရတော့ဘူး။ ဩဂုတ်လ ၁၀ ရက်နေ့က ကျွန်တော်တို့အထွေထွေ အတွင်းရေးမှူးကိုယ်တိုင်က တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထား တာရှိတယ်။ ဒီထက်ပိုပြီး ထက် ပြောစရာ မရှိတော့ဘူး။ သဘောတူညီချက် တခုခုကို တစ်ဖွဲ့ဖွဲ့က ချိုးဖောက်လိုက်ပြီဆိုရင် ရှင်းနေပြီ” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ကရင်အမျိုးသားမီဒီယာကို ပြောသည်။

စစ်ကောင်စီသည် ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ ပဒို စောအောင်မော်ဧ ၏ NCA စာချုပ်အပေါ် အသိပေးဖော်ပြခြင်းအား ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ပြနလည်ဖော်ပြခဲ့ပြီး NCA (၈) နှစ်ပြည့်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ကောင်စီအနေဖြင့် ဘက်ပေါင်းစုံတွင် အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရပြီး ထွက်ပေါက်ရှာမရသောကြောင့် အကြပ်ရိုက်ပြီး ယခုကဲ့သို့ လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ပြောကြားသည်။

“အဲ့ဒါကို ကျွန်တော်တို့ ကြားနေရတယ်။ ကျွန်တော်တို့မြင်တာက အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဒီနေ့ ဒီကာလမှာ သူတို့ ကြုံတွေ့နေရတဲ့ ဘက်ပေါင်းစုံက အကျပ်အတည်း ပေါင်းစုံကို သူတို့ ဘယ်လိုမှ ရုန်းထွက်လို့မရဘူး။ ထွက်ပေါက်လည်း ဘယ်လိုမှ ရှာမရတဲ့အခါကျတော့ အကြပ်ရိုက်ပြီး လုပ်မိ လုပ်ရာ လုပ်လာတယ်လို့ မြင်တယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဆိုသည်။

ပုံစာ-KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီး

#NCAစာချုပ် #စစ်ကောင်စီချိုးဖောက် #ကြေညာချက်ထုတ်စရာမလို #KNUပြောကြား #Ayeyarwaddy_Times
ဧရာဝတီ-ရန်ကုန် ပြေးဆွဲနေသည့် ကုန်တင်ယာဥ်များကို စပါးနှင့်ဆန်မှောင်ခို သယ်ဆောင်ခြင်းရှိမရှိ ညောင်တုန်းမြို့နယ် ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ် ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် ဧရာဝတီ-ရန်ကုန် ပြေးဆွဲနေသည့် ကုန်တင်ယာဥ်များကို စပါးနှင့် ဆန်မှောင်ခို သယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးမှုတင်းကြပ်လာကြောင်း ကုန်တင်ယာဥ်မောင်းများ ထံကသိရသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများကို စက်တင်ဘာလ၁၈ရက်နေ့က စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကုန်တင်ယာဥ်မောင်းများက ပြောသည်။

" ဆန်တွေစပါးတွေ မှောင်ခိုသယ်နေတာ ရှိမရှိစစ်နေတာနှစ်ရက်ရှိပြီ။ ခိုးသယ်တဲ့ကားကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ သိမ်းမယ်။ ကားသမားရော ကားပိုင်ရှင်ကိုပါ ဖမ်းမယ်ပေါ့။ ကုန်ကားတိုင်း အကုန်အစစ်ခံနေရတယ်" ဟု မြောင်းမြမြို့ခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း ဆန်နှင့်စပါးများကို အခြားတိုင်းနှင့် ပြည်နယ်များသို့ မှောင်ခိုပို့ဆောင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ရန် ကုန်သည်များအပေါ် တိုင်းစစ်ကောင်စီ က ပြီးခဲ့သည့်စက်တင်ဘာလ၁၅ ရက်နေ့တွင် စာပေးပို့၍ အသိပေးမှု ပြုလုပ်ခဲ့ကြောင်းလည်း ကုန်သည်များထံက သိရသည်။

" ၁၅ ရက်နေ့ကစာပို့လာတာ။ ဆန်နဲ့စပါးတွေကို အပြင်မှောင်ခိုရောင်းဝယ်မလုပ်ဖို့ မသယ်ဖို့အသိပေးတယ်။ တကယ်လို့လုပ်ဆောင်တာတွေ့ရင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူမယ်။ ဒဏ်ငွေသိန်းရာချီဆောင်ရမယ်ပေါ့။ အခုအနေအထားက အရင်မဆလ ခေတ်ကိုပြန်ရောက်လာပြီ။ တောင်သူတွေရော ကုန်သည်တွေပါ အကျဥ်းအကြပ်ထဲ ရောက်အောင်လုပ်နေတာ" ဟု ညောင်တုန်းမြို့ခံ ဆန်စပါးကုန်သည်တစ်ဦးကဆိုသည်။

အလားတူဧရာဝတီတိုင်းအတွင်းမှ ပြင်ပနေရာများသို့ စပါးသယ်ဆောင်ရောင်းချရန် အတွက် ပြီးခဲ့သည့် စက်တင်ဘာလပထမအပတ်က စတင်ပြီး ခရိုင်နှင့်မြို့နယ် ထွေအုပ်ရုံးတွင် အချိန်တစ်ပတ်အတွင်း ကြိုတင်အကြောင်းကြားမှသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထားသည်။

ထို့အပြင်ဧရာဝတီတိုင်းအတွင်း စပါးသယ်ဆောင်ခွင့်ကန့်သတ်မှုအပေါ် အကြောင်းပြ၍လက်ရှိ၌
နွေစပါးလက်ကျန် တင်းတစ်ရာလျှင် ၁၂သိန်း ကျပ်ဝန်းကျင်ဖြင့်ဆန်ကုန်သည် အချို့မှ စျေးနှိမ်ဝယ်ယူမှုများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။

#ဧရာဝတီရန်ကုန် #ပြေးစွဲနေသည် #ကုန်တင်ယာဥ်
#စပါးနှင့်ဆန်မှောင်ခို #သယ်ဆောင်ခြင်းရှိမရှိ #ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် #စစ်ဆေးမှုတင်းကြပ်
#Ayeyarwaddy_Times
စစ်ကောင်စီက ပစ်မှတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘာသာရေး အဆောက်အအုံ စုစု‌ပေါင်း ၉၅ လုံးပျက်စီး

ဧရာဝတီတိုင်းမ်
(ချင်း)၊ စက်တင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ရှိ ဘာသာရေးအဆောက်အုံများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အထိ ဘာသာရေးအဆောက်အအုံစုစုပေါင်း ၉၅ လုံးပျက်စီးပြီဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများကို တိုက်ပွဲကြားတွင် မထိခိုက်ရန် နိုင်ငံတကာဥပဒေတွင် တားမြစ်ထားပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပါက ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံနှင့် ကျောင်းများတွင် ဒေသခံပြည်သူများက အဓိကခိုလှုံကြသည်။

“ချင်းလူမျိုးတွေက ခရစ်ယာန်တွေဖြစ်တဲ့အခါမှာ ဘာသာရေးကို အဓိကအားကိုးရတာပေါ့လေ။ ဘာသာ‌ရေးအဆောက်အအုံတွေကို လေကြောင်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လာတာဟာ အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ အဲ့ဒီတိုက်ခိုက်မှုတွေက လုံးဝလက်ခံလို့ မရဘူး။ ဒီလိုတိုက်ခိုက်လာတဲ့အတွက် ဘုရား‌ကျောင်းမတက်ရဲတာမျိုး၊ ဘာသာရေးအဆောက်အအုံမှာ မခိုလှုံရဲတာမျိုးအထိ ဖြစ်သွားပါတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၏ စီမံအရာရှိဆလိုင်းမန်ဟရဲလျန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အခါ ဘာသာရေးအဆောက်အအုံများတွင် အဓိကတပ်စွဲ၍ အကာအကွယ်ယူကြပြီး တပ်စွဲပြီးအပြန်တွင် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများပြုလုပ်ခဲ့သည်။

“ချင်းလူမျိုးတွေက ဘာသာရေးကို အထွတ်အမြတ်ထားတဲ့အခါမှာ ဘာသာရေးအဆောက်အုံမှာ နေရာယူတပ်စွဲမယ်ဆိုရင် ဒေသကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ပြီးရင်တော့ တပ်စွဲပြီးနောက်ပိုင်း ပြန်သွားရင် ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးပြီး မီးရှို့ထားခဲ့တာတွေ လုပ်တာပေါ့။ ဒါက တဖက်တလမ်းနဲ့ ဘာသာရေးကို မလေးစားတာ၊ စော်ကားရာရောက်တာပေါ့နော်”လို့ ဆလိုင်းမန်ဟရဲလျန်က ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဘာသာရေးအဆောက်အအုံစုစုပေါင်း ၃၅ လုံး၊ ဟားခါးမြို့နယ်တွင် ၁၆ လုံး၊ ဖလမ်းမြို့နယ်တွင် ၁၃ လုံး၊ ကန်ပက်လက်မြို့နယ်တွင် ၉ လုံး၊ မင်းတပ်မြို့နယ်တွင် ၇ လုံး၊ မတူပီမြို့နယ်တွင် ၇ လုံး၊ တီးတိန်မြို့နယ်တွင် ၆ လုံးနှင့် တွန်းဇံမြို့နယ်တွင် ၂ လုံးဖျက်ဆီးခံထားရကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၏ ပစ်မှတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘာသာရေးအဆောက်အအုံများ

#ချင်းပြည် #စစ်ကောင်စီ #ဘာသာရေးအဆောက်အအုံ #ပစ်မှတ်တိုက်ခိုက် #၉၅လုံးပျက်စီ
#Ayeyarwaddy_Times
ရေကြည်မြို့တွင် စမတ်မှတ်ပုံတင်ကဒ် ပြုလုပ်ရန်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ကောက်ခံ

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း ရေကြည်မြို့တွင် စမတ်ကတ် မှတ်ပုံတင် ပြုလုပ်ရန်အတွက်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀ တောင်းယူ၍ စာရင်းကောက်ခံမှုများ ရှိနေကြောင်း မြို့ခံများထံက သိရသည်။

ရေကြည်မြို့တွင်းရှိ ရပ်ကွက်နေရာအလိုက် ယခင်မှတ်ပုံတင်စက္ကူကဒ်မှ စမတ်ကဒ် အမျိုးအစား မှတ်ပုံတင်ပြုလုပ်ရန် အကြောင်းပြ၍ စက်တင်ဘာ ၁၈ ရက်နေ့မှ မှစကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ယူနေခြင်း ဖြစ်သည်။

" စမတ်ကဒ်လုပ်ဖို့ဆိုပြီး တအိမ်ထောင် ၅၀၀၀ ကျပ်ငွေကောက်သွားတယ်။ အရင်မှတ်ပုံတင်ကဒ်တွေ နေရာမှာ အစားထိုးဖို့ဆိုပြီး ပြောတာပဲ။ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ လာပြီးစာရင်းကောက်သွားတယ်" ဟု အမှတ်(၂)ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့စမတ်ကဒ် ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ရက်နေ့က မြို့နယ်ထွေအုပ်နှင့်လဝက အဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ခဲ့ခြင်းဖြစ်၍ ငွေကြေးကောက်ခံမှုများမှာ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများမှ မိမိသဘောဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

"မြို့နယ်ထွေအုပ်နဲ့ လဝက အဖွဲ့တွေက အစည်းအဝေးခေါ်တယ်။ စမတ်ကဒ်လုပ်ဖို့ အသိပေးတာ။ ငွေကောက်တာတွေက အုပ်ကြီးတွေလုပ်နေတာမဟုတ်ဘူး။ ရာအိမ်မှူးနဲ့ ဆယ်အိမ်ခေါင်းတွေက ကိုယ့်သဘောကိုယ်လုပ်နေကြတာ။ စမတ်ကဒ်ပြောင်းဖို့အတွက် စာရင်းကောက်ရုံပဲ ခေါ်ခိုင်းတာပဲရှိတယ်" ဟု အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူကဆိုသည်။

ဧရာဝတီတိုင်းရှိ ငါးသိုင်းချောင်း၊ဓနုဖြူနှင့် ကြံခင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လမှစ၍ စမတ်ကဒ်ပြုလုပ်ရန် အကြောင်းပြကာ ဇီဝဗေဒဆိုင်ရာ အချက်အလက်(Biometric Data) ကောက်ခံမှုများ ပြုလုပ်ထားကြောင်း သိသည်။

#ရေကြည်မြို့ #စမတ်မှတ်ပုံတင်ကဒ် #ပြုလုပ်ရန်ဟုဆိုကာ #ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ #တစ်အိမ်လျှင် #ငွေကျပ်၅၀၀၀ကောက်ခံ
#Ayeyarwaddy_Times
ပဲခူးတိုင်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေပြီး ဦးဝီရသူက မဘသများကို အခြေခံကာ ဒေသခံဘုန်းကြီးကျောင်းများမှ တဆင့်လိုက်လံ စည်းရုံးခဲ့ခြင်းဖြစ်

ဧရာဝတီတိုင်းမ်
(ပဲခူး)၊ စက်တင်ဘာလ ၂၂ ရက်

ပဲခူးတိုင်းအတွင်းရှိ တောင်ငူတပ်နယ်နှင့်ပြည်တပ်နယ်များတွင် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ‌ပြည်သူ့စစ်များကို လက်‌နက် တပ်ဆင်ပေးခဲ့ပြီး စစ်ဝတ်စုံများနှင့် စားနပ်ရိက္ခာများထောက်ပံ့ခဲ့ကြောင်း သိရသည်။

တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်များရှိ ပြည်သူ့စစ်လက်နက်တပ်ဆင်ပွဲ အခမ်းအနား ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကြည်သိုက်အပါအဝင် စစ်ကောင်စီ လက်အောက်ခံများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်း ဌာနများတွင် ဖော်ပြထားသည်။

"ပြည်သူ့စစ်ကိစ္စတွေက သူတို့ကြိတ်လုပ်နေတာကြာပြီပေါ့။ အခုကတော့ပေါ်ပေါ် ထင်ထင် လုပ်လာတာပေါ့။ အရင်တုန်းက ပဲခူးတိုင်းအတိုင်းအတာနဲ့ အရမ်းလိုအပ် ချက်မရှိသေးတာဖြစ်မယ်။ အခုကစစ်အင်အား လိုအပ်ချက်အရ ပြည်သူ့စစ်တွေကို အရေးပေါ်အနေနဲ့ တော်တော်လေး လိုက်စုနေကြတယ်" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ သာယာဝတီခရိုင်တွင်လက်နက်ကိုင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အင်အား စုဆောင်းခြင်းများကိုပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်ကတည်းက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ မဘသ များကိုအခြေခံကာ ဒေသခံဘုန်းကြီးကျောင်းများမှတဆင့် လိုက်လံစည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် စစ်ကောင်စီက သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်ခု၊ ရပ်ကွက် တစ်ခုလျှင် အင်အားငါးယောက်ခန့် ပေးရမည်ဟုဆိုကာ အင်အားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

"ဒီဘက်မှာက ပျူစောထီးတွေက အစကတည်းကရှိတယ်။ မဘသ အုပ်စုတွေက ပျူစောထီးတွေပဲ။ အခုပြည်သူ့စစ်သင်တန်းတွေတက်ရတော့ အဲ့ဒီထဲကသင်တန်းတက်ဖို့ အဆင်သင့်ဖြစ်တဲ့သူတွေလည်းရှိတယ်။ ရှောင်ပြေးနေတဲ့သူတွေလည်းရှိတယ်။ ဝီရသူ လာတုန်းကဆိုလည်း သူပြန်သွားတာနဲ့အဓိကရုဏ်းတွေဖန်တီးခဲ့တာ။ ကုလား-ဗမာ အထိကရုဏ်းတွေ သူသွားပြီးတာနဲ့ နောက်ဆက်တွဲတွေကျန်ခဲ့တယ်" ဟု သာယာဝတီ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ပြည်သူ့စစ်သင်တန်းများခေါ်ယူကာ လက်နက်တပ်ဆင်ပေးလေ့ရှိပြီး ယခုအခါပဲခူးတိုင်းအတွင်း စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တပ်သားလိုအပ်ချက်များ ရှိနေသည့်အတွက် ယခုကဲ့သို့လက်နက်တပ်ဆင်ပွဲများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ-ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ(ပုံဟောင်းကိုအသုံးပြုထားသည်။)

#ပဲခူးတိုင်းပြည်သူ့စစ် #လက်နက်တပ်ဆင် #စစ်ကောင်စီတပ် #ဦးဝီရသူ #မဘသပျူစောထီး #Ayeyarwaddy_Times
မြောက်ကိုရီးယားက ရုရှားထံမှ နျူကလီးယားလက်နက် နည်းပညာရရှိရင် လက်ပိုက်မကြည့်ဖူးလို့ တောင်ကိုရီးယား သတိပေး

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

မြောက်ကိုရီးယားက အဖျက်စွမ်းအားကြီးလက်နက်တေွ အဆင့်မြှင့်တင်ဖို့ ရုရှားထံကနေ အကူအညီ လက်ခံမယ်ဆိုရင် တောင်ကိုရီးယားနဲ့ မဟာမိတ်တွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဖူးလို့ သမ္မတ ယိုဆတ်ခ်ယို က သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးပြီး အပြန်အ လှန်အားဖြင့် ရုရှားထံမှ အရေးပါတဲ့နည်းပညာတွေ ရရှိမယ့် သဘောတူညီချက်တစ်ရပ်ကို ခေါင်းဆောင်နှစ်ဉီးက လက်မှတ်ရေးထိုးနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

“ကမ္ဘာ့တိုင်းပြည်တွေကြား အခြေခံစည်းမျဉ်းတွေကို လိုက်နာပြီး စည်းလုံးညီညွတ်မှုနဲ့ တည်ကြည်မှု ညီ ညွတ်ခြင်းအားဖြင့် ဉပဒေနဲ့မညီညွတ်တဲ့ ဘယ်လိုရန်စမှုမျိုးကိုမဆို ကျွန်တော်တို့ တားဆီးနိုင်မှာဖြစ်ပါတယ်” လို့ နယူးယောက်မြို့တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းတစ်ခုအတွင်း ယိုဆတ်ခ်ယိုက ပြောပါတယ်။

ရုရှားနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ သူက တောင်း ဆိုခဲ့ပြီး စစ်လက်နက်တွေနဲ့ နည်းပညာလဲလှယ်မှုအဖြစ် ရုရှားက မြောက်ကိုရီးယားသို့ ထောက်ပံ့မှုပေးပါက ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို အများစုက ထောက်ခံလိမ့်မယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယုံကြည်ရသော စောင့်ရှောက်သူလို့ဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အ မြဲတမ်းအဖွဲ့ဝင်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့ အာဏာရှင်အစိုးရထံ မှ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ လက်ခံရရှိပြီး အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်တာ ဟာ အဓိပ္ပာယ်မရှိပါဘူးလို့ ယိုဆတ်ခ်ယိုက ပြောပါတယ်။

ရုရှားနဲ့ သမားရိုးကျ စစ်လက်နက်တွေနဲ့ အလဲအလှယ်အဖြစ် မြောက်ကိုရီးယားက အဖျက်စွမ်းအားမြင့် လက်နက်တွေအတွက် နည်းပညာတွေ လိုအပ်မယ်ဆိုရင် အဲဒီသဘောတူညီချက်က တိုက်ရိုက် ရန်စမှုတစ်ခုဖြစ် ပြီး ယူကရိန်းကိုသာမက တောင်ကိုရီးယားရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်လာပါလိမ့်မယ်လို့ သူ က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ယိုဆတ်ခ်ယိုရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာပြောတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြုပြောင်းလဲဖို့မိန့်ခွန်းကို ထောက်ခံခဲ့ပြီး ရုရှားဟာ မြောက် ကိုရီးယားထံမှ လက်နက်တွေရရှိဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ကိုးကား - CNN
Ref; South Korea says it ‘will not stand idly by’ if North Korea receives Russian help on nuclear weapons

#Ayeyarwaddy_Times
ပုသိမ်မြို့တွင် ဆိုင်ကယ်ခိုးယူခံရပြီး ပျောက်ဆုံးမှုများပိုမိုများပြားလာ

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်း နေ့စဥ်နေ့တိုင်း နေအိမ်များနှင့်ခြံ၀န်းများကို ၀င်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများထံမှသိရှိရသည်။

ရပ်ကွက်လမ်းများရှိ နေအိမ်ရှေ့များတွင်သော့ခတ်ရပ်ထားသော ဆိုင်ကယ်များအပြင်၊ နေအိမ်များအတွင်းကဆိုင်ကယ်များကိုပါ ၀င်ရောက်ခိုးယူမှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ် ၂၀ စီးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများမှပြောသည်။

" နေ့ဘက်ရော ညဘက်ရော ပျောက်နေတာ၊ ဆိုင်ကယ်တွေသော့ခတ်လဲစိတ်မချရဘူး သံကြိုးနဲ့ပါတွဲခတ်မှရတယ် "ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့တွင် သြဂုတ်လအတွင်းမှာ ခိုးမှု၊လုယက်မှုများပိုများလာပြီး တစ်လအတွင်း ဆိုင်ကယ်အစီးရေ ၃၀ နီးပါး ခိုးယူခံခဲ့ရပြီး၊ ဓါးထောက်လုယက်မှုများဖြစ်ပွားခဲ့ကာ တရားခံဖမ်းဆီးရမိတာမျိုး မရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှ သိရှိရသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်းတော်လှန်ရေးအင်အားစုများကိုသာ အဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနှိုက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး လောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့ #ဆိုင်ကယ် #ခိုးဆိုးလုနှိုက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times
ပြည်ရွှေဆံတော် ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြလှေ စင်ပြိုကျ၍ ထိခိုက်သူများပြား

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြလှေ တက်သည့်လှေကားစင် ပြိုကျပြီး လူထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း မြို့ခံများထံက သိရသည်။

ရွှေဆံတော်ဘုရားပွဲတွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့်က အပျော်စီးပင်လယ် ဓားပြလှေ ကို တိုးဝှေ့တက်ကြရာမှ လှေကားသံငြမ်းစင် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"လူတွေက တိုးဝှေ့ပြီး အတင်းတက်ကြတာ။ စင်က လူများပြီး ပြိုကျတာ။ လူအုပ်ကြီးပြိုကျတော့ လူပိပြီး ဒဏ်ရာရတဲ့သူတွေ များတယ်။ သေတာမရှိဘူး"ဟု ပြည်မြို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ပြည်ရွှေဆံတော်ဘုရားပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့အထိကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြလှေ တက်သည့်လှေကားစင် ပြိုကျသွားသည့် မြင်ကွင်း

#ပဲခူး #ပြည် #ရွှေဆံတော်ဘုရားပွဲ #အပျော်စီး #ပင်လယ်ဓားပြလှေ #လှေကားစင်ပြိုကျ #Ayeyarwaddy_Times
စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အပြီး လားရှိုးအပါအဝင် ဆုံးရှုံးနယ်မြေများကို ပိတ်ဆို့၍ လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပြား

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

အာဏာသိမ်းပြီးနောက် ပထမဆုံးသွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အပြီး လားရှိုးမြို့အပါအဝင် ဆုံးရှုံးနယ်မြေများ ပြန်ရယူရန် အင်အားဖြည့်တင်း ပိတ်ဆို့၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်ရေးလေ့လာသူတို့ထံက သိရသည်။

စစ်ခေါင်းဆောင်သည် ယခုလ နိုဝင်ဘာ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ထိုနေ့မှစ၍ ၎င်းတို့ ဆုံးရှုံးနယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ရာ နောင်ချိုနှင့် မိုးကုတ်မြို့တို့တွင်ပင် ရက်ပိုင်းအတွင်း အပြစ်မဲ့အရပ်သား ထိခိုက်သေဆုံးမှု ၃၀ ဦးဝန်းကျင်ခန့်ရှိကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များကို ပိတ်ထားသလို စစ်ကောင်စီဘက်ကလည်း ရှမ်းတောင်၊ မန္တလေး စသည့်ဒေသများမှ ရှမ်းမြောက်သို့လာသော လမ်းကြောင်းများအား ထိန်းချုပ် ပိတ်ထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဆိုသည်။

"လေကြောင်းတိုက်ခိုက်မှုကတော့ နောင်ချိုကို နေ့စဉ်ဆက်တိုက် ရက်ရက်စက်စက် ဗုံးကြဲနေတယ်။ မိုင်းရယ်နဲ့ နမ့်လန်မှာလည်း စစ်ကောင်စီက အင်အားတော်တော် ဖြည့်တင်းနေတယ်။ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားမျိုးလို့ ကျွန်မတို့မြင်တယ်" ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရက ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည့် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များကို ဖိအားပေး ပိတ်ဆို့ထားပြီး စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့သည်။

စစ်ခေါင်းဆောင်၏ ယင်းခရီးစဉ်သည် နိုဝင် ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီအတွက် ဂုဏ်ယူဖွယ် ဖြစ်စေခဲ့ကြောင်း သိရကာ စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံ အပြန်ခရီးကို အနုပညာရှင်များအပါအဝင် နေပြည်တော်ရှိ စာသင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားများကိုပါ ကြိုဆိုရန်စေလွှတ်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေဒေသများအနက် တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားရာ နောင်ချိုမြို့ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးများ ပိုမိုပစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၁ ရက်တွင်လည်း မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အင်အားဖြည့်တာက နောင်ချို တောင်းခမ်းဘက်၊ ပြီးတော့ နမ့်လန်မြို့ပါ။ အခုက စစ်ကောင်စီလဲ လမ်းကြောင်းပိတ် တရုတ်ကလည်း နယ်စပ်ဂိတ်တွေ ပိတ်နေတော့ လူထုက ပိုဒုက္ခရောက်နေကြတယ်" ဟု ဒေသတွင်း စောင့်ကြည့်လေ့လာသူ မန်တုံဒေသခံ မိုင်းရူကောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ရှမ်းမြောက်ဒေသရှိ အဓိကကုန်စည် လမ်းကြောင်းများအပြင် ကိုးကန့်တပ် (MNDAA)နှင့် ၎င်းတို့ထိန်းချုပ်ထာသော လားရှိုး-မိုင်းရယ် ကားလမ်းကိုလည်း ယခုရက်ပိုင်းအ တွင်း ထပ်မံပိတ်လိုက်ပြီး မိုင်းရယ်တွင် ရမခသစ်ကို ပြန်လည်ဖွဲ့စည်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ထားရာ မိုင်းရယ်မြို့တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော အရှေ့မြောက်တိုင်း စစ်ဌာ နချုပ်(ရမခ)အတွက် တပ်တွင်းအပြောင်းအလဲများ ပြုလုပ်နေသလို အင်အား ၆၀၀ လောက် တိုးချဲ့ပို့နေကြောင်း စစ်ရေးလေ့လာသူတို့နှင့် ဒေသတွင်း သတင်းများအရ သိရသည်။

တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်းတို့ ဆွေးနွေးညှိနှိုင်းမှုများအရ တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အပေါ် ဖိအားပိုများလာနိုင်သလို စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ကို ပြန်လည်ရရှိရေး ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်း လိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

"MNDAA ရဲ့ လားရှိုးသိမ်းပိုက်မှုကို တရုတ်က လုံးဝအသိအမှတ် မပြုဘူး။ ဖြစ်နိုင်ရင် လားရှိုးကနေ MNDAA ဆုတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေရှိတယ်။ လောက်ကိုင်ဒေသမှာ ဖြတ်ငါးဖြတ် လုပ်နေတယ်။ အဲဒီဖိအားတွေကို MNDAA အနေနဲ့ ဆက်လက်ပြီး ခုခံကာကွယ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်" ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ - TNLA

#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #လားရှိုး #ဆုံးရှုံးနယ်မြေများ #ပိတ်ဆို့ #လေကြောင်းတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံးမှုများပြား #Ayeyarwaddy_Times
မြန်မာမိန်းခလေးငယ်အား လူမှောင်ခိုကူးသူတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

မြန်မာနိုင်ငံမှ အသက် (၁၀) နှစ်အရွယ် မိန်းခလေးငယ်တစ်ဉီးကို ‘ကျေးကျွန်’ တစ်ဉီးအဖြစ် ခိုင်း စေဖို့ မှောင်ခိုကူးတဲ့ စွပ်စွဲချက်တွေနဲ့ ကြာသပတေးနေ့က ချောင်ဘူရီမှာ ထိုင်းနိုင်ငံသား (၂) ဉီးနဲ့ မြန်မာ နိုင်ငံသားတစ်ဉီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တရားရုံးတစ်ရုံးက ဝရမ်းတွေ ထုတ်ပြီးနောက် ဖမ်းဆီးမှုတွေကို လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး ဌာနနဲ့ လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ချောင်ဘူရီရုံးက လုပ်ဆောင်ခဲ့တာပါ။

ထိုင်းနိုင်ငံသားတွေမှာ အသက် (၆၅) နှစ်အရွယ်အမျိုးသမီး ပွန်တစ်နဲ့ အသက် (၅၀) နှစ်အရွယ် အမျိုးသား ဆာမန်တို့ ဖြစ်ပြီး မြန်မာနိုင်ငံသူမှာ နော်သာသာရီ ဖြစ်ပါတယ်။ အသက် (၁၅) နှစ်အောက် အသက်မပြည့်သူကို လူမှောင်ခိုကူးမှု၊ အမြတ်ထုတ်မှုနဲ့ ၎င်းတို့ (၃) ဉီးကို စွဲချက်တင်ထားပါတယ်။

ချောင်ဘူရီပြည်နယ်ရှိ သင်္ချိုင်းတစ်ခုမှာ အသက် (၁၀) နှစ်အရွယ် မိန်းခလေးငယ်တစ်ဉီး အိပ် ပျော်နေတာကို တွေ့ရှိခဲ့တဲ့ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကြောင့် ဖမ်းဆီးမှုတွေ ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

မျက်နှာမှာ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တဲ့ အဆိုပါမိန်းခလေးငယ်ကို လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံ ရေးဝန်ကြီးဌာနရုံးသို့ ခေါ်ဆောင်ခဲ့ပါတယ်။

အဆိုပါမိန်းခလေးငယ်ဟာ မြန်မာနိုင်ငံမှလာပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ခေါ်ဆောင်ခဲ့တာလို့ အာဏာပိုင်တွေက ဆုံးဖြတ်ပြီးနောက် အမှုကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါတယ်။

နော်သာသာရီက အဆိုပါမိန်းခလေးငယ်ကို မြန်မာနိုင်ငံရှိ သူ့ရဲ့မိဘတွေထံမှ ဝယ်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မွေးစားကလေးငယ်တစ်ဉီးအဖြစ် မှတ်ပုံတင်ကာ သူ့ကို တက်ခ်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံတွင်း သို့ လူမှောင်ခိုကူးဖို့ စီစဉ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ချောင်ဘူရီရှိ ပွန်တစ်ရဲ့နေအိမ်သို့ မရွှေ့ပြောင်းမီ ဆမွတ်ပရာကန်ရှိ ဆာမန်ရဲ့နေအိမ်သို့ ပို့ဆောင် ကာ အိမ်အကူအဖြစ် အဓမ္မ ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

သူ့ကို မကြာခဏဆိုသလို အခန်းထဲသော့ခတ်ကာ ရိုက်နှက်ပြီး အမှားအယွင်းလုပ်ပါက အစားအ စာမကျွေးလို့ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာလို့ မိန်းခလေးငယ်က အာဏာပိုင်တွေကို ပြောပါတယ်။

ကိုးကား - Bangkok Post
Ref; Trio busted for child trafficking

#Ayeyarwaddy_Times
ရုရှားနဲ့ပတ်သက်တဲ့ မူဝါဒကိုအခြေခံပြီး ကန်အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံမယ်လို့ ရုရှား ပြော

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ရုရှားနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကိုအခြေခံပြီး ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမယ် လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အရိပ်အမြွက်ထုတ်ဖော်ပြောပါတယ်။

ကြာသပတေးနေ့က ရုရှားနိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆာဂျီလာ ရော့ဗ်က အခုလို ပြောကြားခဲ့တာပါ။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့မှာ စွန့်ဉီးလုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့အခန်းကဏ္ဍက အတွေးအခေါ် သစ် ဖြစ်လာစေနိုင်မလားဆိုတဲ့ မေးမြန်းမှုကို “ရုရှားနိုင်ငံက အနာဂတ်ကို ကြိုတင်ခန့်မှန်းတာ ရှောင် ကြဉ်မယ်” လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကို (၂၄) နာရီအတွင်း အဆုံးသတ်နိုင်တယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက် နဲ့ပတ်သက်လို့ ဘာကိုမှ အလေးပေးမပြောလိုကြောင်း၊ အမေရိကန်အစိုးရရဲ့လုပ်ရပ်က ရုရှားနိုင်ငံကို ယှဉ်ပြိုင်ဘက်တစ်ဉီးအဖြစ် ဖိနှိပ်ဖို့ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့ အသင့်ရှိတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ဆာဂျီလာရော့ဗ်က ပြောပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီးနောက် ပူတင်က ပြီးခဲ့တဲ့အ ပတ်က ဆိုချီမြို့မှာပြုလုပ်တဲ့ နိုင်ငံတကာညီလာခံတစ်ခုမှာ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၇ ရက်မှာ ထရမ့်နဲ့ပူတင် ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့တယ် လို့ The Washington Post သတင်းစာက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပေမယ့် သတင်းမှားလို့ ရုရှားသမ္မတ ရုံးက ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား - NHK
Ref; Lavrov: Russia to judge incoming Trump administration by its policy

#Ayeyarwaddy_Times
ပုလဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးကာ ၂၀၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရ၊ တော်လှန်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီး မြို့သိမ်းတိုက်ပွဲမအောင်မြင်

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်ခံရမှုကြောင့် ဒေသခံအရပ်သား လေး ဦးသေဆုံးခဲ့ကြောင်း ဆုံးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

ပုလဲမြို့ပေါ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂၁ ရွာမှ ဒေသခံနှစ်သောင်းကျော်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

"ပုလဲကို လေးရက်အတွင်းအကြိမ် ၂၀ ကျော် တိုက်ခိုက်ရေးရဟတ်ယာဉ်အစုံနဲ့ လာဗုံးကြဲတာ။ လေး ဦးသေ တယ်။ ကျေးရွာ ၂၀ ကျော်လည်း စစ်ရှောင်နေရတယ်။ မနေ့ကတော့ တော်လှန်ရေးတပ်တွေပြန်ဆုတ်သွားတယ်"ဟု ဒေသတော်လှန် ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်မှ လေးရက်အတွင်း MI 35 ဖြင့် ၅ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၈ ကြိမ် စုစု ပေါင်း ၂၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပုလဲမြို့တစ်မြို့လုံး နီးပါးထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ စစ်ကူနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

"MI 17 နဲ့ လေးခါလာပြီးစစ်ကူချသွားတာ ၁၀၀ နီးပါးလောက်ရှိတယ်။ မြို့ကိုစွန့်ပြီးပြန်ဆုတ်ခဲ့ရတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေ ကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက် ကျဆုံးမှုများရှိကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအချို့ကို ခေါ်ဆောင်၍ မြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။

ပုံစာ - ပုလဲမြို့သိမ်းတိုက်ပွဲမှ ကျဆုံးတော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦး

#စစ်ကိုင်း #ပုလဲတိုက်ပွဲ #ဒေသခံသေဆုံး #၂၀၀၀၀ကျော်စစ်ရှောင် #မြို့သိမ်းတိုက်ပွဲ #မအောင်မြင် #Ayeyarwaddy_Times
အသေခံဒရုန်းတွေ အလုံးအရင်းဖြင့် ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အမိန့်ပေး

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အသေခံဒရုန်းတွေ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး အဆိုပါဒရုန်းတွေ အလုံးအရင်းဖြင့် ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ယ နေ့ ဖော်ပြပါတယ်။

ရုရှားနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ တိုးမြှင့်နေစဉ် ဒီနှစ်အစောပိုင်း က အသေခံဒရုန်းတွေ စမ်းသပ်မှုကို ကင်ဂျုံအန်က ကြီးကြပ်ခဲ့ရာ ရုရှားထံမှ နည်းပညာအကူအညီ ရ မရ မေးခွန်းတွေ ရှိလာစေပါတယ်။

ထိရောက်မှုရှိတဲ့ အသေခံဒရုန်းတွေကို ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တွင်ကျယ် စွာ အသုံးပြုနေပါတယ်။

စစ်ရေးရည်ရွယ်ချက်နဲ့ ဒရုန်းတွေအသုံးပြုဖို့ ယှဉ်ပြိုင်မှုဟာ ကမ္ဘာတစ်ဝှမ်း အရှိန်ရနေပြီး စစ်ရေး အာဏာပိုင်တွေက ပဋိပက္ခတွေမှာ အသေခံဒရုန်းတွေရဲ့အောင်မြင်မှုကို အသိအမှတ်ပြုတယ်လို့ ကင်ဂျုံ အန်က ဆိုပါတယ်။

ဆိုးလ်မြို့တော်က အရေးကြီးတဲ့ဧရိယာတွေ၊ သမ္မတရုံးဝန်းကျင်က မပျံသန်းရဇုန်ပေါ်မှာ နာရီချီ ကြာအောင် ပျံသန်းဖို့ မြောက်ကိုရီးယားက နယ်စပ်တစ်လျှောက် ဒရုန်းတွေ စေလွှတ်ခဲ့ပါတယ်။

အဆိုပါလုပ်ရပ်ကြောင့် မြောက်ကိုရီးယားဒရုန်းတွေကို ပစ်ချဖို့ တောင်ကိုရီးယားနိုင်ငံက လက် နက်တွေ စေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားဟာ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက တစ်နိုင်ငံက ကူညီပေးရမယ့် ဘက်စုံ ပါဝင်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်ကို ဇွန်လအတွင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းစစ်ပွဲမှာတိုက်ခိုက်ဖို့ ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့ရာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတိပေးခဲ့ပါတယ်။

ကိုးကား - Reuters
Ref; North Korea leader Kim orders mass production of suicide drones

#Ayeyarwaddy_Times