People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■​ဆောင်းပါး

အာဏာသိမ်းစစ်စစ်အုပ်စုကို ​​နောင်ကျဥ်​အောင် ILO အ​ရေးယူနိုင်မလား

-အောင်စိတ် ​ရေးသားသည်။

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

စက်ရုံကမထင်မှတ်ပဲ လုပ်ငန်းအခြေအနေအ ရလူလျှော့ကြောင်း နဲ့ အနားပေးခံရတဲ့သူတွေရဲ့နာမည်စာရင်းထုတ်ပြန်အသိပေးထားတာပါ။ ခဏအကြာမှာစုအုံနေတဲ့အလုပ် သမားတွေဆီက မကျေလည်တဲ့ရေရွတ်သံ၊ ပြောဆိုသံတွေပွင့်အံထွက် လာပါတယ်။

" လိုအပ်ချက်ရှိလို့ လူလျှော့တာမဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိ နဲ့ သမဂ္ဂဝင်တွေကိုတမင်ရွေးအလုပ်ထုတ်တာ "လို့ စက်ရုံရဲ့အသိပေးထားတဲ့အကြောင်းအရာအပေါ် အလုပ်သမားတယောက်က မှတ်ချက်ပြုပါတယ်။

နေရွှေဝင်းစက်ရုံကမေလ ၉ ရက်မှာအလုပ်
သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ အ
လုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ သမဂ္ဂအဖွဲ့ဝင် ၁၀ ဦးအထိပါနေတဲ့အတွက် သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်အဖြစ် အလုပ်သမားတွေကယူဆကြတာဖြစ်ပါတယ်။

အဲဒီနောက် အလုပ်ထုတ်ခံရတဲ့သူတွေကို စက်ရုံအ​နေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်တဲ့သမဂ္ဂအဖွဲ့ဝင်တွေကစတင်တောင်းဆိုခဲ့ကြပါတယ်။အဲဒီလို​တောင်းဆို​​ပေမယ့်နောက်ဆုံးမှာတောင်းဆိုသူ ၈၀ ကျော်ကိုပါစက်ရုံကအလုပ်ထုတ်လိုက်ပါတယ်။ဒါ
ကြောင့် နေရွှေဝင်းစက်ရုံရဲ့အလုပ်သမားသ
မ ဂ္ဂအပေါ်ထားတဲ့ယူဆချက်က ပိုခိုင်မာသွားစေခဲ့ပါတယ်။

နေရွှေဝင်းစက်ရံမှာ အလုပ်သမားသမဂ္ဂဝင်တွေအလုပ်ထုတ်ခံရလို့မကြာခင်ပဲ မေလ၂၉ ရက်က ရွှေပြည်သာမြို့နယ်မှာပဲဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ သမဂ္ဂဥက္ကဌကို အလုပ်ခန့်ထားမူသဘောတူစာချုပ် (EC) ချိုးဖောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ် ထုတ်မူထပ်ဖြစ်ခဲ့ပြန်ပါတယ်။

အဲဒီစက်ရုံမှာ သမဂ္ဂ ဥက္ကဌ မတိုင်ခင်က သမဂ္ဂ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ရှေ့ဆင့်၊နောက်ဆင့် အလုပ်ထုတ်ခံခဲ့ရတာ​ပါ။
ဒါ့အပြင် ၂၀၂၅ ခုနှစ်အောက်တိုဘာ လဝန်းကျင်ကလည်း အရင်ရှိခဲ့တဲ့သမဂ္ဂတဖွဲ့လုံးကို ရမယ်ရှာအလုပ်ထုတ်ခဲ့ဖူးတယ်လို့ အဲဒီစက်ရုံအခြေအနေကိုအနီး ကပ်စောင့်ကြည့်ကူညီပေးနေတဲ့သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) အသိပေးထားပါတယ်။

ဒါ့အပြင်လှိုင်သာမြို့နယ်က Galaxy (Myanmar) အထည်ချုပ်စက်ရုံမှာလည်း ဇွန်လ၁ရက်က သမဂ္ဂခေါင်းဆောင်နဲ့အဖွဲ့ဝင် ၆၀ကျော်လောက် အလုပ်ရပ်နားခံရပါတယ်။
Galaxy (Myanmar)စက်ရုံမှာဖြစ်တဲ့ဖြစ်ရပ်မှာတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရှိတဲ့စက်လိုင်းကိုရွေးပိတ်ကာ တခြားစက်လိုင်းမပြောင်းချင်ရင် အလုပ်ထွက်ဖို့ စက်ရုံဖက်ကရွေးချယ်ခွင့်ပေးခဲ့ပါတယ်။

အဲဒီနောက် တခြားစက်လိုင်းပြောင်းရင် သက် ဆိုင်တဲ့စက်လိုင်းခေါင်းဆောင်က သဘောတူလက်ခံမှရမယ်လို့ ကန့်သတ်ခဲ့ပြီး တဖက်မှာတော့ စက်လိုင်းခေါင်းဆောင်တွေကို ဘယ်သူမှလက်မခံဖို့ကြိုမှာထားတာကြောင့် အလုပ်ထွက်ဖို့ပဲရှိတော့တာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့အလုပ်သမားတယောက်က​ပြောပါတယ်။

"ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်အောင်လို့အကွက်ဆင်တာ။ သမဂ္ဂအဖွဲ့မှာပါတဲ့သူတွေများတဲ့စက်လိုင်းကိုပဲ ရွေးလုပ်သွားတာဆိုတော့လေ၊ ရည်ရွယ်ချက်ကအသိသာကြီး " လို့ သမဂ္ဂအဖွဲ့ဝင်လည်း​​ဖြစ်တဲ့ အလုပ်သမား​တယောက်က ပြောပါတယ်။

အခုလို အလုပ်သမားသမဂ္ဂရှိနေတာကိုမလို လားတဲ့စက်ရုံတွေက အရင်ဆုံးအင်အားလျှော့ချကာ နောက်ပိုင်းမှာဦးဆောင်သူမရှိတော့ပဲအဆုံးသတ်သွားတဲ့အခြေအနေရောက်အောင်လုပ်တပုံစံတည်းလုပ်လာတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

အဲဒီလို သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်က အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး ရာအဖွဲ့/ILO)ရဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့်ရှိရမယ်ဆိုတဲ့ ပြဌာန်းချက်နဲ့ဆန့်ကျင်နေပါတယ် ။အခုလိုဖြစ်ရပ်တွေကြောင့် လည်း မြန်မာအကြမ်းဖက်စစ်အုပ်စုကို အိုင်အယ်လ်အို က အပြင်းထန်ဆုံးအရေး ယူဖို့ဆုံးဖြတ်ထားခဲ့ တာရှိပါတယ်။

မြန်မာစစ်အုပ်စုကိုအရေးယူဖို့ ၂၀၂၅ဇွန်လ ၅ရက်မှာဆုံးဖြတ်ခဲ့တာဖြစ်ပြီး တနှစ်နီးပါးရှိလာချိန်မှာ ချိုးဖောက်၊ကျူးလွန်မှုတွေကအ ရှိန်တန့်မသွားပဲ ဆက်လက်ကျူးလွန်နေတာတွေကြောင့် အိုင်အယ်လ်အိုရဲ့အရေးယူမူနဲ့ အ ရေးပါမူကအလုပ်သမားတွေအတွက် မေး
ခွန်း ထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။

မြန်မာနိူင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပိုင်း လွတ်လပ်စွာအသင်း အပင်းဖွဲ့စည်းခွင့်စည်းခွင့်ဆိုင်ရာပြဌာန်းချက် (၈၇)အပြင် အဓမ္မလုပ်အားခိုင်းစေမူဆိုင်ရာပြဌာန်းချက် (၂၉)ကိုပါ ဆိုးဆိုးရွားရွားကျူးလွန်နေလို့ အမြင့်ဆုံးအရေးယူနိူင်တဲ့ ပုဒ်မ (၃၃)ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိုင်အယ်လ်အိုအဖွဲ့အနေနဲ့ အဖွဲ့ဝင်နိူင်ငံတွေကို ပုဒ်မ ၃၃ သုံးအရေးယူလေ့သိပ်မရှိခဲ့ပဲ နှစ် ၁၀၀ ကျော်သက်တမ်းတလျှောက်မှာ အခုအရေးယူမူအပါအဝင်မှ ၃ကြိမ်ပဲရှိခဲ့ဖူးတာပါ။မြန် မာက ဒုတိယအကြိမ်မြောက်အရေးယူခံရတာ ဖြစ်ပါတယ်။
❤19👍14🤮1🤣1
စစ်အစိုးရလက်ထက်ပဲဖြစ်တဲ့ ၂၀၀၀ခုနှစ်
တုန်းကလည်း ILO ကမြန်မာအ​ပေါ် ပထမအကြိမ် အရေးယူခဲ့ပါတယ်။ အလုံးစုံပိတ်ဆို့အရေးယူမှုနဲ့ အိုင်အယ်လ်အိုအဖွဲ့ဝင်နိူင်ငံတွေက ဆက်ဆံရေးဖြတ်တောက်ခဲ့မှုတွေကြောင့် စစ်အုပ်စု နဲ့ ခရိုနီ​တွေဘေးကြပ်၊နံကြပ်ဖြစ်ကာ အခက်အခဲပေါင်းစုံနဲ့ လုံးခြာလည်နေတဲ့ စစ်အစိုးရ​အနေအဖို့ ၂၀၁၀ ရွေး ကောက်ပွဲနဲ့ အာဏာလွှဲပြောင်းခဲ့ရတဲ့အခြေအ နေရောက်သွားခဲ့တယ်လို့ အဲဒီကာလမှာက တည်းက အလုပ်သမားအရေးလုပ်ခဲ့သူတွေက ဆိုပါတယ်။

အခုချိန်မှာလည်း အိုင်အယ်လ်အိုက အရေး
ယူဖို့ဆုံးဖြတ်ချက်ချထားပေမဲ့ လုပ်ငန်းခွင်​တွေမှာကျူးလွန်မှုတွေ ဆက်ရှိနေတာပါ။အခုလို ကျူးလွန်မှု​တွေကိုဟန့်တားထိန်းကြောင်းတာမရှိ​သေးတဲ့အတွက် ဂရုစိုက်စရာမလိုတဲ့ပုံစံမျိုးနဲ့ အကဲစမ်းတုံ့ပြန်တဲ့နည်းလမ်းကိုစစ်အုပ်စုဖက်က အသုံးပြုလာတာတွေရတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှာ ညွန်​ကြားရေးမှူးအဆင့်နဲ့အငြိမ်းစားယူထားသူတယောက်က ကောက်ချက်ချပါတယ်။

" နဖူးတွေ့၊ဒူးတွေ့မခံရသေးတော့ အကဲစမ်းတာ ဘယ်လောက်လုပ်နိူင်မှာလဲပေါ့။ သူတို့တောင့်ခံနိူင်တဲ့အရေးယူတာမျိုးဆိုရင်ဆက်တင်းမာမယ်။ တကယ်ထိရောက်အောင်လုပ်လာရင် အလျှော့ပေးဆက်ဆံမယ်ဆိုတဲ့ လမ်း ခင်းထားတာ"လို့ သူကပြောပါတယ်။

ဒါအပြင် အဓမ္မလုပ်အားခိုင်းစေမူမြောက်တဲ့ ပေါ်တာ​ဆွဲတဲ့လုပ်ရပ်တွေကို အိုင်အယ်လ်အိုကသတိပေးထားပေမဲ့ အခုရက်ပိုင်းမှာတင် ရန်ကုန်မြို့လိုနေရာမှာ လူငယ်တွေပေါ်တာဆွဲခံရတာတွေဆက်တိုက်ဖြစ်နေခဲ့ပြီး အရပ်ဝတ်နဲ့လိုက်ဖမ်းသူတွေလည်း အထိန်းအကွပ်မရှိလုပ်ခွင့်ရနေခဲ့တာကိုကြည့်ရင်တားမြစ်ချက်ကိုအလေးထားကြောင်း တမင်လုပ်ပြနေတဲ့သဘောတွေ့ရတယ်လို့ ဆိုပါတယ်။

အိုင်အယ်လ်အိုရဲ့အရေးယူတာကို ၂၀၀၀ ခုနှစ်မှာကြုံဖူးထားတဲ့စစ်အုပ်စုအနေနဲ့ နောက်တကြိမ်အရေးယူခံရချိန်မှာ အတွေ့အကြုံရှိထားပြီးဖြစ်လို့ စိုးရိမ်ပူပန်စိတ်လျော့နေသလို လို အပ်လာရင် တုံ့ပြန်ချေပမဲ့ဖို့ပြင်ဆင်မူတွေလုပ်နေတာလည်း ရှိပါတယ်။

အလုပ်သမားအရေးလုပ်တဲ့အဖွဲ့အစည်းတွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့စစ်အုပ်စုက Yellow Union လို့ဆိုတဲ့ အမည်ခံသမဂ္ဂအဖွဲ့အစည်းတွေ ၊ စစ်အုပ်စုအလိုကျဖွဲ့ထားတဲ့အဖွဲ့တွေကိုထုတ်ပြပြီး လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးထားတယ်လို့ အိုင်အယ်လ်အိုနဲ့နိူင်ငံတကာကို
လှည့်ဖြားဖို့ အကွက်ဆင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင်တစ်နှစ်တာအတွင်း စစ်ကောင်စီကနေရွေးကောက်ပွဲအတုလုပ်ပြီး အသွင်ပြောင်းအစိုးရဖွဲ့ကာနိူင်ငံတကာကို ပုံမှားရိုက်ဖို့လုပ်ခဲ့သလို အလုပ်သမားသမဂ္ဂခေါင်းဆောင်အချို့ကို အကျဥ်းထောင်ကနေလွှတ်ပေးပြီး အိုင်အယ်လ်အိုရဲ့အသိအမှတ်ပြုခံရအောင်ကြိုးပမ်းတဲ့ လုပ်ရပ်တွေလည်းရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုဖက်ကအရေးယူခံရမှာကို သက်သောက်​သက်သာ ရှိနေတဲ့အ
ပြင် ပြန်အကဲစမ်းတုံ့ပြန်နေချိန်မှာ သမိုင်းအစဥ်အလာကြီးခဲ့တဲ့ အိုင်အယ်လ်အိုလိုအဖွဲ့ကြီးတခုအတွက် အခန့်မသင့်ရင်နားရွက်ဆံထွေးစွတ်ခံရမဲ့ကိန်းဆိုက်နိူင်တဲ့ အနေအထားဖြစ်နေပါတယ်။

အိုင်အယ်လ်အိုမှာ အဖွဲ့ဝင်နိူင်ငံပေါင်း ၁၈၅
နိူင်ငံရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ(UN)ထက်အဖွဲ့ဝင် ၈ နိူင်ငံနည်းပေမဲ့ ကုလအဖွဲ့ဝင်နိူင်ငံအား
လုံးနီးပါးကသူ့ရဲအဖွဲ့ဝင်အဖြစ်​ရှိနေခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင် အင်အားဒုတိယအများဆုံးအဖွဲ့ကြီး တခုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

အိုင်အယ်လ်အိုရဲ့သက်တမ်းက ကုလသမဂ္ဂ (UN)ထက်၂၆ နှစ်ပိုစောပြီး သက် တမ်းအရင့်ဆုံးနိူင်ငံတကာအဖွဲ့ဖြစ်ခဲ့ပေမဲ့၁၉၄၆မှာတော့
ကုလရဲ့အထူးသီးခြားအဖွဲ့တခု​ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂကို ကမ္ဘာ့နိူင်ငံအစိုးရတွေနဲ့ပေါင်းဖွဲ့ထားတာဖြစ်ပြီး အကြောင်းအရာတခုခုပေါ် ပေါက်ရင် အဖွဲ့ဝင်နိူင်ငံတွေဆွေးနွေး၊မဲခွဲဆုံး ဖြတ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းတာဆိုပေမဲ့ဗီဒိုအာဏာအသုံးပြုခွင့်လို သတ်မှတ်ချက်တွေကြောင့် နစ်နာမူနဲ့အမှန်တရားရှာမရတဲ့ရပ်ဝန်းတခုအဖြစ်ရူမြင်လာ ကြပါတယ်။

အိုင်အယ်လ်အိုအနေနဲ့က အလုပ်သမားအဖွဲ့လို့နာမည်ခံထားပေမဲ့ အလုပ်ရှင်ကိုယ်စားပြုသူတွေနဲ့ အစိုးရကိုကိုယ်စားပြုသူတွေကိုပါထည့်ထားတာဖြစ်ပြီး အလုပ်သမားအရေးပြ ဿနာအခြေခံတဲ့ကိစ္စတွေ သုံးပွင့်ဆိုင်ဆုံး ဖြတ်တာ ဖြစ်ပါတယ်။

အဲဒီလို ဆုံးဖြတ်တာက သူ့လူ၊ကိုယ့်လူဆိုပြီး ဗီဒိုအာဏာနဲ့ပယ်ချလေ့ရှိတဲ့ကုလသမဂ္ဂထက်
စာရင်ရိုးရှင်းပေမဲ့ လက်တွေ့ကျတဲ့ အရေးယူမူဖြစ်ဖို့ကအဖွဲ့ဝင်နိူင်ငံတွေရဲ့အပေါ်မှာမူတည်နေပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့က အာဏာသိမ်းပြီးကတည်းနေအခုအချိန်အထိ နိူင်ငံတကာမှာဝင်ဆန့်လို့မရပဲ ကမ္ဘာ့နိူင်ငံအများစုကအသိအ မှတ်မပြုတဲ့အနေအထားနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါ​ကြောင့်အိုင်အယ်လ်အိုအဖွဲ့
ဝင်နိူင်ငံတွေရဲ့ သံတမန်ဖြတ်တောက်မှုကို အထူးအထွေကျင့်သုံးစရာမလိုအောင် ကြုံနေရပြီးဖြစ်ပါတယ်။

စီးပွားရေးဖြတ်တောက်မူမှာတော့ အကျိုးစီး ပွားကိုအလေးထားလာတဲ့ မျက်မှောက်ခေတ်မှာစိန်ခေါ်မူကြီးတယ်လို့ ပြည်တွင်းအထည်ချုပ်ငန်းအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူတယောက်က မှတ်ချက်ပြုပါတယ်။

"အာဏာသိမ်းပြီးတော့ အနောက်နိူင်ငံတွေက စီးပွားရေးလုပ်ငန်းတွေထွက်သွားမယ်ပြောခဲ့ကြပြီး အခုအချိန်အထိတော်တော်များများပြည်တွင်းမှာဆက်ရှိနေကြတုန်းပဲ။ အဲဒီလိုအပြောနဲ့အလုပ်မညီခဲ့ရင်အရေးယူမူကအလ
ကားဖြစ်သွားမှာ"လို့သူကပြောပါတယ်။
👍24🤮1🤣1
အိုင်အယ်လ်အိုအနေနဲ့ လုပ်လို့ရတဲ့နည်းလမ်းတွေနဲ့ဖိအားပေးအရေးယူ​တာတွေ တဆင့်ချင်းလုပ်ဆောင်နေတာရှိပေမဲ့မြန်ဆန်ထိရောက်တဲ့အရေးယူမူတွေလုပ်ဖို့ဆက်ပြီးတွန်း
အားပေးသွားရမယ်လို့ မြန်မာနိူင်ငံစက်မှု
လက်မူနှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအ
လုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)
ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ကိုသက်နှင်းအောင်က ပြောပါတယ်။

"အိုင်အယ်လ်အိုအပြင် အဖွဲ့ဝင်နိူင်ငံတွေအ​နေနဲ့ မြန်မာစစ်အုပ်စုရဲ့လှည့်စားတာမယုံ ကြည်ပဲ ထိရောက်တဲ့အရေးယူမူပေးဖို့ကို တစိုက်မက်မက်အာရုံစိုက်စေလိုပါတယ် "လို့ သူကပြောပါတယ်။

မြန်မာစစ်အုပ်စုကို ၂၀၀၀ ခုနှစ်မှာသင်ခန်းစာကောင်းကောင်းပေးနိူင်ခဲ့တဲ့ အိုင်အယ်အလ်အဖွဲ့ကြီးအနေနဲ့နောက်တကြိမ်မှာ စစ်အုပ်စုနဲ့ထိပ်တိုက်တွေ့ချိန်မှာ အရေးယူမူတွေတုန့်နှေးနေခဲ့ပြီး အားစမ်းရင်းနဲ့တနှစ်တာအချိန်ကုန်ဆုံးသွားခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့အာဏာသိမ်းစစ်အုပ်စုကို ထိထိ​ရောက်​ရောက်အ​ရေးယူဖို့ရာမှာ မျက်နှာပျက်ခံမှာလား၊ မှတ်ကျောက်
ထပ်တင်မှာလားဆိုတဲ့ အဖြေကအိုင်အယ်လ်
အိုအဖွဲ့ကြီး ဆီမှာပဲရှိနေပါတယ်။ ။
👍25🤣2😭2🤮1
ILO ကမြန်မာစစ်အုပ်စုအ​ပေါ် Article 33 နဲ့အ​ရေးယူဖို့ဆုံးဖြတ်ခဲ့တဲ့အစည်းအ​ဝေး/ အာဏာသိမ်း​ခေါင်း​ဆောင်​တွေ / ရန်ကုန်မှာ
အလုပ်သမား​ခေါင်း​ဆောင်နဲ့သမဂ္ဂအဖွဲ့ဝင်​တွေအလုပ်ထုတ်ခံရလို့ ပြန်ခန့်​ပေးဖို့ ၊လုပ်ခလစာတိုး​ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်
​နေကြတဲ့ အထည်ချုပ်စက်ရုံအလုပ်သမား​တွေ။ဓါတ်ပုံ-ILO ၊AP ၊စက်ရုံ​တွေ
👏20🔥4🤣1
ရွှေကူမြို့ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် သေဆုံးမှုများနေလို့ မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲ ဖျက်သိမ်း

ဇွန်-၈၊၂၀၂၆။မိုမို/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ‌ဇွန်လ ၈ရက်မှာ ဖော်ပြပါတယ်။

"ရွှေကူမြို့ထဲသို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ဝင်ရောက်ရန် ဂုဏ်ပြုအလံများ စီစဥ်ထားခဲ့ပြီး စစ်တပ်အသိုင်းဝိုင်းများနှင့် ကြိုဆိုပွဲ အခမ်းအနားများပြုလုပ်ထားခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ သေဆုံး ရုပ်အလောင်းမျာသာ ရွှေကူမြို့ထဲသို့ ကားဖြင့် မကြာခဏဝင်ရောက်နေပြီး အတိတ်နိမိတ် မကောင်းဟုဆိုကာ အခမ်းအနားအစီးအစဥ်များ ဖျက်သိမ်းခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ သိရသည်"လို့ သူရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ မြို့ရဲ့အနောက်‌တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ ရပ်တန့်နေရာ အဲဒီနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေရာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၆ ရက်က ရွှေကူ KPDF တာ၀န်ရှိသူက အသိပေးထားပါတယ်။

"ငအိုးနဲ့ ရွှေကူအကြား နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ခွေးသေဆုံးမှု နေ့စဥ်များပြားနေပြီး အလောင်းများကို ကျွင်းတကျွင်းထဲ ပေါင်းမြုပ်နေရတဲ့ အနေအထားပါ"လို့ သူက ပြောပါတယ်။

စစ်ရေးအရ အချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံ‌တွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံနေရာမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ (ဇွန်လ ၈ ရက်)ကပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိသွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ပြည်သူအားလုံး မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ပေးဖို့ KIA တပ်မဟာ ၁၁ တပ်ရင်း(၁၂)က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

ရွှေကူမြို့ပေါ်နဲ့ အနီးဒေသတွေထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေကြေညာထားပါတယ်။

ဇွန်လ ၄ ရက်က ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIA သိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သိရပါတယ်။
👏25👍8❤2🥰2🤣2👎1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ် ယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီး ဗိုလ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံး

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကို ပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၇ ရက် ည ၈နာရီခွဲခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ချောင်းဦးမြို့သို့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ Alphard အိမ်စီးကား ၁စီးနဲ့ Honda Fit ကား ၁စီး၊ စုစုပေါင်း ယာဉ် ၂ စီးကို တောပုပျူစောထီးကျေးရွာအနီးမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားကြောင်း၊ ဒါ့အပြင် MA1.Mark2တစ်လက်၊ MA1.Mark1တစ်လက်၊ MA3.Mark1တစ်လက်၊ G3တစ်လက်စုစုပေါင်း လက်နက် ၄ လက် ရရှိခဲ့ကြောင်း MONYWA DYNAMITE-STF အဖွဲ့က အသိပေးပါတယ်။ တော်လှန်ရေးအဖွဲ့တွေဟာ အဲဒီဖြစ်စဥ်ကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ ယူနီဖောင်းဝတ်စစ်အုပ်စုဝင်တွေ သေဆုံးနေတာကို တွေ့​မြင်ရပါတယ်။

◾️စစ်တပ် သေဆုံးမှုများနေလို့ ရွှေကူ မြို့အ၀င်ကြိုဆိုပွဲ ဖျက်သိမ်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက်က သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ လက်ရှိအချိန်အထိလည်း အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ မြို့ရဲ့အနောက်‌တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ ရပ်တန့်နေရာ အဲဒီနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် နေ့စဉ်တိုက်ပွဲ ဖြစ်နေပါတယ်။

◾️တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူမှာ မြို့ခံတွေ စစ်ရှောင်ဖို့ KIA သတိပေး

ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဒီနေ့ ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂)က ထုတ်ပြန်ခဲ့ပြီး ရွှေကူမြို့ခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို့ သတိပေးလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ KIAက အခုလို သတိပေးတာ၊ လမ်းပိတ်တာ တွေ ပြုလုပ်လာတာဖြစ်ပါတယ်။ အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းနယ်မြေဖြစ်သော ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ဖော်ပြပါတယ်။ ပိတ်ပင်ထားတဲ့ လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဘူးလို့လည်း အသိပေးပါတယ်။

◾️အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်း‌မာနေ

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့ မဟာမိတ်တပ်​တွေ သိမ်းပိုက်ထားတဲ့ ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေဘက်ကနေ တပြိုင်နက် စစ်ကြောင်းထိုးလာလို့ အဲဒီလမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဟာ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းဝင်လာတာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်လို့ အဲဒီတော်လှန်‌ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစိပ်တပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာသိမ်း​​ခေါင်း​ဆောင်က အိန္ဒိယခရီးစဥ်မှာ အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။

◾️စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ ရက်ဆက်ပြင်းထန်​
❤13🔥2🤣1
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်​တော်(AA)မသိမ်းရ​သေးတဲ့ မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နယ်တို့အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ် အထိနာ​နေတယ်လို့ ဒေသတွင်း​စစ်​ရေးသတင်းရင်းမြစ်​တွေက​ ပြောပါတယ်။ တိုက်ပွဲ​တွေမှာ စစ်တပ်က အထိနာပြီး​တော့ လူနေကျေးရွာတွေဆီ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ စစ်တပ်က ပစ်ခတ်နေပါတယ်။ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ ဒေသကွပ်ကဲစစ်ဌာနချုပ်(ဒကစ)ရဲ့ကာကင်းတွေနဲ့ ကျောက်ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန် အ၀တောင်ကာကင်းစခန်းတို့ကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘဲ နေ့တိုင်းတိုက်ပွဲပြင်းထန်ကြောင်းနဲ့ AAက ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်နေကြောင်း AAနဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီလိုမြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အရပ်ဘက်လူနေကျေးရွာတွေကို ဂျက်ဖိုက်တာ၊ တိုက်ရိုက်ရေးဒရုန်း၊ ဆူဆိုက်ဒရုန်းတို့နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် စစ်ရေယာဉ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။

◾️ရက် ၁၀၀ စီမံချက်ဆိုပြီး ပစ္စည်းဂိုဒေါင်တွေ စစ်တပ် ဝင်စီး

ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေက ဂိုဒေါင်တွေကို ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ရက်အထိ ရက်‌ ၁၀၀ စီမံချက်လို့ ကြေညာထားပြီး ပြည်ပက သွင်းကုန်အားလုံးကို တားမြစ်ထားတာလို့ သိရပါတယ်။ ထိုင်း၊ တရုတ်ထုတ်ကုန်ပစ္စည်းအကုန် ပိတ်ထားပြီး အဝတ်အစား၊ အသုံးအဆောင်လည်း သယ်မရဘူးလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကုန်ပစ္စည်းသယ်ယူတဲ့ ကားတွေကိုပါ ဖမ်းဆီးကာ ကုန်ပစ္စည်းသိမ်းယူမှု တွေရှိနေသလို ရန်ကုန်၊ မန္တလေးလို စစ်တပ်ထိန်းချုပ် မြို့ကြီးတွေမှာလည်း ပစ္စည်းဂိုဒေါင်တွေကို ဝင်ရောက်စီးနင်းမှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ သတင်းရတဲ့ ဂိုဒေါင်တွေ အကုန်လိုက်စီးနေတာကြောင့် မပေါ့ဆစေချင်ဘူးလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အရင်က ပစ္စည်း လက်ကျန်တွေက အစ အကုန်ဖမ်းနေတာလို့ အဲဒီလုပ်ငန်းရှင်က ဆိုပါတယ်။ အခုလို ဖမ်းဆီးမှုရဲ့နောက်ဆက်တွဲက ကုန်ပစ္စည်းရှား၊ ဈေးတွေတက်ကာ နောက်ဆုံးပြည်သူတွေပဲ ထိခိုက်မှာလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အကုန်ပိတ်၊ အကုန်ဖမ်း၊ ပစ္စည်းတွေ သိမ်းသွားတော့ စျေးကွက်ထဲ ကုန်ပစ္စည်းပြတ်လပ်မှုတွေအတွက် အစီအစဥ်လုပ်ထားတာ မရှိဘဲ အခုဆို မဖြစ်မနေသုံးရတဲ့ သွားတိုက်ဆေးတွေ၊ ဆေးဝါးတွေကအစ ဈေးကွက်ထဲ ပြတ်နေပြီလို့ အဲဒီလုပ်ငန်းရှင်က ဆိုပါတယ်။

◾️နမ့်ခမ်းပေါက်ကွဲမှု TNLA က နစ်နာသူမိသားစုတွေကို တောင်းပန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA)ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၁ရက်က ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာအခမ်းအနားကို ဇွန်လ ၆ရက်က ကျင်းပခဲ့ရာ PSLF/TNLA ဒုဥက္ကဋ္ဌ(၁) ဦးဆောင်တဲ့တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ကျန်ရစ်သူမိသားစုတွေ တက်ရောက်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရသူတွေ ထိခိုက်နစ်နာခဲ့ရသူ မိသားစုတွေအပေါ် တောင်းပန်ကြောင်း TNLA က ဖော်ပြပါတယ်။ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို TNLA သီးသန့်ရန်ပုံငွေနဲ့ ထောက်ပံ့မှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကွယ်လွန်သူတစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ခဲ့ကြောင်း အသိပေးပါတယ်။ ကောင်းတပ်ရပ်ကွက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၁၂ဦးရှိတယ်လို့ TNLA က ထုတ်ပြန်ထားပေမယ့် ဒေသခံ အဖွဲ့တွေရဲ့ အသိပေးချက်အရ သေဆုံးသူ ၅၀ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ အခြားလိုအပ်တဲ့ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးနေကြောင်း ဖော်ပြပါတယ်။

◾️လောင်းလုံးမှာ ကျောင်းကြို/ပို့ကားတွေ စစ်တပ်က အကာအကွယ်ယူလှုပ်ရှားနေတယ်လို့ PDF ပူးပေါင်းတပ် ထုတ်ပြန်
❤9👍4🔥3🤣1
တင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာအပြင် ကျောင်းကြို/ပို့ယာဉ်တွေကိုပါ အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃) လက်အောက်ခံ PDF အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးထုတ်ပြန်ပါတယ်။ မြို့ပေါ်ကျောင်းအပ်နှံထားသော ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံတဲ့ အခုကြေညာချက်ကို လောင်းလုံးမြို့ နယ် (၈၀ဝ၃) တပ်ရင်း ၊(ပအဖ) (ပကဖ) (ပလဖ)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊အထူးပြောက်ကျားတပ်ဖွဲ့(SGF) နဲ့ လောင်းလုံးပညာရေး(ဘုတ်အဖွဲ့)တို့မှ ပူးတွဲထုတ်ပြန်ခဲ့တာပါ။ မြို့နယ်အတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေမျာ အရပ်သားတွေကို ရန်သူစစ်ကောင်စီက လူသားဒိုင်းသဖွယ်အသုံးပြုနေတာ ပြည်သူတွေ အသိပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း စစ်တပ်ဟာ ကျောင်းကြို/ပို့ ယာဉ်များကိုလည်း အကာကွယ်ယူပြီး သွားလာလှုပ်ရှားနေတာကြောင့် ကျောင်းတက်နေသော ကလေးသူငယ်များရဲ့ ဘေးကင်းလုံခြုံမှုရှိရေးအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာတယ်လို့ အသိပေးပါတယ်။ မြို့ပေါ်ကျောင်းအပ်နှံထားသော မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးငယ်များရဲ့ လုံခြုံရေးကို ရှေ့ရှုပြီး မြို့ပေါ်မှာ ပြောင်းရွှေ့နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

◾️ချောင်းဦးက စစ်ရှောင်တွေ စားသောက်နေထိုင်ရေး အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပြီး တစ်ပတ်ကျော်လာလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁ ရက်ကတည်းက ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေပြီး အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်နေလို့ ရွာတော်လေး၊ မှန်ချို၊ ဆင်မြေ၊ငါးလုံးတင်၊ မထိသာ၊ မင်းခေါင်၊ မင်းတည်၊ မကျည်းခွ၊ ပေါက်ပင်၊ ညောင်ပင်တဲနဲ့ ရှမ်းထူးကျေးရွာတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ရှောင်နေရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေရတဲ့ အသက်ကြီးရွယ်အို ဘိုးဘွားတွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ကျန်းမာရေးနဲ့ နေထိုင်ရေးမှာ ဒုက္ခရောက်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️နိုင်ငံတဝန်း ဇွန်လလယ်အထိ မိုးကြီးနိုင်တယ်လို့ NUG သတိ​ပေး

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ ဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်ပြီး မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးဌာနက သတိပေးပါတယ်။ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေတာနဲ့ ကပ္ပလီပင်လယ်ပြင်အနီးမှာ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေတာကြောင့် ဇွန်လ ၈ရက်ကနေ ဇွန်လ ၁၄ရက်အတွင်းမှာ မိုးဆက်များနိုင်တယ်လို့ ရှင်းပြထားပါတယ်။ နေရာကွက်ပြီး မိုးကြီးမယ့် ဒေသတွေအဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို သတိပေးထားပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် အထူးသတိပြုနေထိုင်သင့်တယ်လို့ သတိပေးထားပါတယ်။

◾️တန့်ယန်းမှာ မိုးကြီး၊ မြေပြိုလို့ လူတစ်ဦး သေဆုံး

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ တန့်ယန်းမြို့မှာ မိုးကြီးပြီး အမှတ်(၆)ရပ်ကွက်၊ အုပ်စု(၅)မှာရှိတဲ့ လူနေအိမ်တစ်လုံးပေါ်ကို မြေထိန်းနံရံပြိုကျတာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူက အသက်(၄၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ တန့်ယန်းမြို့မှာ မိုးဆက်ရွာနေပြီး မြေပြိုကျမယ့် အန္တရာယ်ရှိတဲ့နေရာအချို့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

◾️သတင်းပေး‌မှုကြောင့် အင်းလေး PDF ရဲဘော် ၂ဦး ဖမ်းဆီးခံရ
🔥10🤣1
စစ်တပ်ကို သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဇွန်လ ၈ရက်မှာ ရဲဘော်အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD(ခ)ကောင်းစည်သူတို့ကို အင်းလေးဒေသရွာမကျေးရွာမှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ ရွာမကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဒလန်၊သတင်းပေး သားကြီး(ခ)အောင်နိုင်ဦးရဲ့ သတင်းပေး တိုင်တန်းမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး စစ်တပ်က ကွင်းဆက်လိုက်လံဖမ်းဆီးဖို့လည်း အပြင်းအထန် ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။ စစ်တပ် သတင်းပေးတွေရဲ့ လုပ်ရပ်တွေကို ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

◾️မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး KIO ရဲ့သဘောထား ထုတ်ပြန်ပေးဖို့ KHRW တာဝန်ရှိသူ တောင်းဆို

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ လှုပ်ရှားမှု၊ ထုတ်ပြန်ပြောဆိုမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ KHRW တာဝန်ရှိသူထံ သဘောထားမှတ်ချက် မေးမြန်းရာ အခုလို ပြောကြားလိုက်တာပါ။ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားမှုဟာ ပြည်သူတွေအတွက် ခွန်အားတခုဖြစ်စေတယ်လို့ မဆိုင်းမိုင်က ပြောပါတယ်။ ဆက်လက်ပြီး ကေအိုင်အိုအဖွဲ့ကနေပြီး မြစ်ဆုံးကိစ္စကို လုံးဝဖျက်သိမ်းဖို့ ထုတ်ပြန်ချက်ထုတ်ပြန်တာတို့၊ ပြည်သူတွေကို ခြိမ်းခြာက်နေတဲ့လုပ်ရပ်တွေ၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး (အလွှဲသုံးစား)လူထုတွေ့ဆုံပြီး လူထုဆန္ဒခံယူသလိုလို လုပ်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ ထုတ်ပြန်ပေးစေချင်တယ်လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။
👍16🔥2❤1🤣1
😁7🖕4👍2👏2❤1👎1
❤18🔥1🥰1🤣1
👍18❤1🔥1🤣1