People's Spring
65.2K subscribers
63.7K photos
1.11K videos
3 files
2.78K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၂ဦး သေဆုံး

​မတ်-၂၀၊ ၂၀၂၆။ဟာနာဆန်/People's Spring

​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ /ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁နာရီခွဲခန့်က တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ နဘက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ရာ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ကြောင်း မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

"၇ယောက်ထိပါတယ်။ ရက်သား ကလေးငယ် ၁ ယောက် နေရာမှာတင် သေသွားပါတယ်။ အသက် ၃၀ကျော် ၄၀ဝန်းကျင် အစ်မကြီး တစ်ယောက် ဆေးရုံရောက်ရောက်ချင်း သေသွားပါတယ်။

ကျန်ရှိတဲ့ ဒဏ်ရာရပြည်သူ ၅ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိနေအိမ် ၅လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ယခုတိုက်ခိုက်မှုဟာ ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများရှိရာ ကျေးရွာအတွင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

နဘတ်စံပြကျေးရွာဟာ ယခင်ကလည်း မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရဖူးပါတယ်။
🤬39👎21👍1
(မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TGR)
🤬35😢113👎1👏1
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူအသစ်အဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ အဆိုပြု

■မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

မတ်-၂၀၊ ၂၀၂၆။ သော်မွန်/People’s Spring

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ်တာဝန်ထမ်းဆောင်တာသက်
တမ်း ၆နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးစ်နေရာအတွက်မစ္စစ်ကယ်လီကာရီကိုကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီကအဆိုပြုလိုက်ပါတယ်။

လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ မစ္စတာတွမ်အန်ဒရူးစ်က သူ့ရဲ့နောက်ဆုံးအစီရင်
ခံစာတင်သွင်းခဲ့တာဖြစ်ပြီး လစ်လပ်သွားတဲ့ သူ့နေရာအတွက် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီကာရီကို ကောင်စီဥက္ကဋ္ဌက မတ်လ ၁၉ရက်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

မစ္စစ်ကယ်လီကာရီဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မစ္စစ်ကယ်လီကာရီကို ရွေးချယ်တာနဲ့ပတ်သက်လို့ သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ် ကြိုဆိုထားပြီး သူမဟာ ဆယ်စုနှစ်များစွာ မြန်မာပြည်လွတ်လပ်ခွင့်အတွက် အခိုင်အမာအားပေးထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

မစ္စစ်ကယ်လီကာရီဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ အခွင့်အရေးအတွက် နှစ်ပေါင်း သုံးဆယ်ကျော်ကြာ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရအဆင့်မှာ ထိတွေ့ ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက အသိပေးပါတယ်။

အမေရိကန်သမ္မတထရမ့်ရဲ့ ပထမသက်တမ်းမှာ မစ္စစ်ကယ်လီကာရီဟာ ကုလသမဂ္ဂမှာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးတွေရဲ့အရေးကိစ္စတွေအတွက် အမေရိကန်အထူးသံအမတ်ဖြစ်ခဲ့သလို ကုလသမဂ္ဂ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးကော်မရှင်မှာလည်း အမေရိကန်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စစ်နစ်ကီဟာလေးလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ စီးပွားရေးလူမှုရေးကောင်စီ(တတိယကောင်စီ)မှာ အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်ခဲ့ပြီး မစ္စတာတွမ်အန်ဒရူးစ်က ၆ ဦးမြောက်ဖြစ်ခဲ့ပြီး အသစ်ခန့်အပ်မယ့်သူက ၇ ဦးမြောက် ဖြစ်လာမှာပါ။ အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။
👏3118👍8🥰1😁1🤮1
အ​မေရီကန်ဝါရင့် သံတမန် မစ္စစ်ကယ်လီကာရီ။
ဓါတ်ပုံ-Getty
37👍16🥰1😁1🤮1
စစ်တပ်ကင်းတဲ့ နိုင်ငံရေးစနစ်သစ်အတွက် တိုက်ပွဲဝင်နေဟု ချင်းတပ် CNFဥက္ကဋ္ဌ ပြော

မတ်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ကင်းစင်တဲ့ နိုင်ငံရေးစနစ်သစ်တခုဆီကို ဦးတည်တိုက်ပွဲဝင်နေကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။

ဒီကနေ့ မတ် ၂၀ရက်မှာ ကျရောက်တဲ့ (၃၈)နှစ်မြောက် “ချင်းတော်လှန်ရေးနေ့” မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။

ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး တော်လျန် တိုက်ပွဲဝင်ရာမှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ကိုင်ဆွဲခဲ့ပေမယ့်စစ်တပ်အာဏာသိမ်းမှု ပြုလုပ်ခဲ့လို့ တနိုင်ငံလုံးအနှံ့ စစ်မီးတောင်လောင်ခဲ့တယ်လို့ ပြောပါတယ်။

" တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်ကို ချိုးဖောက်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဖောက်ဖျက်ခဲ့တဲ့စစ်တပ်ကို လက် နက်ကိုင်ခုခံခြင်းမှတပါး တခြားရွေးချယ်စရာ နည်းလမ်းမရှိတဲ့အတွက် ခုခံတော်လှန်စစ်ကို ပြန်လည် ဆင်နွှဲခဲ့ရပါတယ်။ယခုအခါ စစ်တပ်ကင်းစင်သော နိုင်ငံရေးစနစ်သစ်တခုဆီကို ဦးတည်တိုက်ပွဲဝင် နေပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်သောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ လက်တွဲလျက် အတူတကွ ပူပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်"လို့ ပူးဇင်ကျုံးက ပြောပါတယ်။

ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတါက် အင်အားကောင်းသော လက် နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးဟာ ပကတိလိုအပ်ချက် ဖြစ်တယ်လို့လည်း CNFက ပြောပါတယ်။

“ချင်းသမိုင်းကို ပြန်ကြည့်ရင် ကိုယ့်မင်းကိုယ့်ချင်းဘဝကနေ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကျရောက်သွားရတာဟာ “ချင်းလဲန်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် စည်းလုံး၍ အရည်အချင်းပြည့်ဝသော တပ်မတော် တစ်ရပ် မရှိခဲ့လို့ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကာလ ဗမာလူမျိုးကြီးဝါဒီများနဲ့ စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်း (၆၀) ကျော်ကြာ ဖိနှပ်၊ အုပ်ချုပ်၊ ကျွန်ပြုခံရတာဟာ မိမိတို့ နယ်မြေကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိသော တပ်မတော်တစ်ရပ် မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ချင်းလဲန်နဲ့ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တဲ့ “တပ်မတော်တစ်ရပ်”တည်ဆောက်ရေးသည် ချင်း လဲန်ပြည်သူအားလုံးရဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်”လို့ ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။

အဲဒီကတဆင့် အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်သွားကြရမယ်လို့လည်း ပြောပါတယ်။

" လိုအပ်လာပါက ချင်း လဲန်ပြည်သူအားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်”လို့လည်း CNF ဥက္ကဋ္ဌက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ငြိမ်းချမ်းသာ ယာသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ချင်းပြည် ပြည်သူအားလုံး စည်းလုံးစွာ လက်တွဲ တိုက်ပွဲဝင်ကြဖို့လည်း CNFက တိုက်တွန်းပါတယ်။

(၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အခမ်းအနားကို CNF ဌာနချုပ် ချင်းလုံမှာ ကျင်းပခဲ့ရာ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ချင်းပြည်(Chinland)အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဌာနများက ဝန်ကြီးများ၊ ချင်းအမျိုးသားတပ်မတော်မှ အကြီးအကဲများ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ ၊ ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ Chinland Channelက ဓာတ်ပုံသတင်းဖော်ပြထားပါတယ်။
👏29👍135🥰3😁1🤮1
(CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Chinland Channel)
34👏9👍2🥰1😁1🤮1
လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များရပ်ဆိုင်း

မတ်-၂၀၊၂၀၂၆။People's Spring

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေ
ကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။

မနက်ဖြန်(မတ် ၂၁ ရက်)စပြီး ပြည်တွင်းလေ
ကြောင်းခရီးစဉ်ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဘယ်​လောက်ကြာရပ်ဆိုင်းမယ်ဆိုတာ​တော့မသိရ​သေးပါဘူး။

"အဓိကလေယာဉ်ဆီမရတော့လို့ ရပ်ဆိုင်းလိုက်တာပါ။ လေယာဉ်ဆီရရင်တော့ပြန်ပြေးဆွဲပေးမှာပါ။ မဖြစ်မနေပြေးဆွဲပေးရမယ့်ခရီးစဉ်တွေကိုတော့ ပြေးဆွဲပေးမှာပါ"လို့ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်တွင်း​လေ​ကြောင်းခရီးစဥ်​တွေရပ်နားတာ​ကြောင့် ​​လေယာဥ်လက်မှတ်ခ​တွေပြန်​ပေးမယ်လို့​လေယာဥ်လက်မှတ်ကိုယ်စားလှယ်အချို့ကလူမှုကွန်ယက်က​နေအသိ​ပေး​နေကြတာကိုလည်း​တွေရပါတယ် ။

ဒါ​ပေမယ့် ​ထိုင်း ၊စင်ကာပူ စတဲ့နိုင်ငံ​တွေပျံသန်းတဲ့ခရီးစဥ်​တွေကို​တော့ ဆက်လက်ပျံသန်းမယ်လို့သိရပါတယ် ။ဒါ့အပြင် လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်တွေကြောင့် မြန်မာအမျိုးသားလေ
ကြောင်းလိုင်း (MNA) နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေနဲ့ ခရီးသည်တွေအတွက် ပစ္စည်းထပ်တိုးသယ်ဆောင်ရန် ကီလိုဝယ်ယူခွင့်ကို ယာယီပိတ်ပင်ထားပါတယ်။

အလားတူ စက်သုံးဆီအခက်အခဲတွေကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အကြီးအကျယ်ထိခိုက်နေတာဖြစ်ပါတယ်။ခရီးသည်တင်ကား​တွေကားခ​တွေတက်ကုန်ကြပါတယ်။

စက်သုံးဆီမရရှိတာကြောင့် အငှားယာဉ်မောင်းအချို့လည်း ရပ်နားထားရတယ်လို့ ယာဥ်​မောင်းအချို့က​ပြောပါတယ်။

စစ်ကောင်စီကတော့ စက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ မတ်လ ၄ ရက်ကပြောကြားထားပေမယ့် စက်သုံးဆီရှားပါးပြတ်လပ်မှုက ပြည်တွင်းမှာ တဖြည်းဖြည်းပိုဆိုးလာ​​နေပြီလို့ ပြည်သူ​တွေက​ပြောပါတယ်။
29🤬10👏3👍1👎1🔥1
ရန်ကုန်​လေဆိပ်မှာရပ်နားထားတဲ့ MNA နဲ့ MAI ​လေယာဥ်အချို့ကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်) ။ ဓါတ်ပုံ-mridulablog
19👍10🔥2💩2👏1
စက်သုံးဆီဈေးမြင့်တတ်မှုကြောင့် အဝေးပြေးယာဉ်လိုင်းတွေလည်း ဈေးတက်

မတ်-၂၀၊၂၀၂၆။ရောင်နီ/People's Spring

စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။

"ဒီ‌နေ့ (မတ်၂၀)ဆီဈေးတွေထပ်တက်လို့ ဈေးထပ်တတ်တာပါ။ ရန်ကုန်-မန္တလေးကို ရိုးရိုးကားက လေးသောင်း ၊ အထူးကားက ခြောက်သောင်းပါ"လို့ မန္တ‌လာမင်း အဝေးပြေးယာဉ်လိုင်းကဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အရင်က ရန်ကုန်-မန္တလေး ယာဉ်စီးခက ကျပ် သုံးသောင်းနှစ်ထောင်သာရှိခဲ့ပြီး ဆီဈေးတွေစတက်ချိန်ကလည်း ကျပ် သုံးသောင်းငါးထောင်အထိ တိုးမြှင့်ခဲ့ပါသေးတယ်။ အခုက ဒုတိယအကြိမ် ဈေးထပ်တက်ခဲ့တာပါ။

အထူးကား‌တွေကလည်း ကျပ်လေးသောင်း နှစ်ထောင်ကနေ ကျပ်ငါးသောင်းအထိ ပထမအကြိမ်ဈေးတက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခြောက်သောင်းကျပ် ဖြစ်ခဲ့တာပါ။

ရန်ကုန်-မန္တလေး ခရီးစဉ်လိုပဲ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင်း နဲ့ ခရီးစဉ်အလိုက် ကျပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တက်သွားတာပါ။

ပြည်တွင်းမှာ စက်သုံးဆီစျေးဟာ စံချိန်တင်မြင့်တက်နေပြီး ဒီဇယ်တစ်လီတာကို ကျပ်ငါးထောင်နီးပါးရှိလာတာဖြစ်ပါတယ်။

ဒီနေ့ ( မတ်လ ၂၀) ရန်ကုန်မြို့မှာ 92 တစ်လီတာကို ၃,၆၁၀ ကျပ် ၊ 95 တစ်လီတာ ၃,၈၅၀ကျပ် ၊ ဒီဇယ် တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံ ဒီဇယ် ၄,၈၂၀ကျပ် စျေးနဲ့ရောင်းချပေးနေတာပါ။

အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။

ရက်ရှည်လာတဲ့အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်လာပါတယ်။
20🤬10🔥5👎2😁1🕊1
(စက်သုံးဆီဆိုင်မှာ ဆီဖြည့်နေတဲ့ အဝေးပြေးယာဉ်လိုင်းအချို့။ ဓာတ်ပုံ - YN)
20🤬5👎3
နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်ကိုင်းတိုင်းက ပြည်သူတွေ နေ့စဥ်ဆန္ဒပြ

မတ်လ ၂၀၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၀) မှာလည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေဟာ "အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်" စာသား ကိုင်ဆွဲပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်ရဲဘော်တွေကကျောင်းသား၊ ကျောင်းသူ၊လူငယ်တွေ စုပေါင်းပြီး စာဖတ်ဝိုင်းနဲ့ နိုင်ငံရေးအမြင် ဗဟုသုတ ဖလှယ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် လူငယ်တွေကို စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ရရာနည်းလမ်းနဲ့ ဆက်လက်တော်လှန်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
34👍6🥰3👏1😁1🤮1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
37👍4🥰2👏2😁1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မတ်လ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️လွှတ်တော်ကျင်းပနေချိန် ကသာကို စစ်တပ် ဗုံးဆက်ကြဲ

အာဏာသိမ်းစစ်တပ်က လွှတ်တော်တွေ ခေါ်ယူပြုလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်း ကသာမြို့က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ ကသာမြို့ ရပ်ကွက်(၃)ထဲက လေးထပ်ကျောင်းကို ဒီနေ့ မတ်လ ၂၀ရက် နေ့လယ်မှာ လေကြောင်းကနေ ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။ တချို့ ခေါင်းပြတ်သွားပြီး အခြေအနေ အရမ်းဆိုးတယ်လို့ မြို့ခံက ပြောပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေနေနေတာလို့လည်း သိရပါတယ်။ လက်ရှိမှာ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ နောက်ထပ် လေကြောင်းတိုက်ခိုက်မယ့် သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

◾️မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်း ဗုံးကြဲ၊ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၂ဦး သေဆုံး

​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက် ၁၁နာရီခွဲခန့်က တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ နဘက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ရာ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရပြည်သူ ၅ ဦးထဲက ၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

◾️တရားခွင်မှာ တရားသူကြီးတွေ ကျမ်းကျိန်ဆိုမှု စစ်‌ကောင်စီ ပယ်ဖျက်

တရားခွင်မှာ တရားသူကြီးတွေ နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်း ကျမ်းသစ္စာကျိန်ဆိုမှုကို စစ်‌ကောင်စီက ပယ်ဖျက်လိုက်ပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ တရားသူကြီးတွေ နေ့စဉ် တရားခွင်တက်ရောက်ချိန် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြုခြင်းကို လုပ်ဆောင်ရမယ့် ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်ခွဲငယ်(၂)ကို ပယ်ဖျက်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁၉ ရက် မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။ တရားခွင်မှာ တရားသူကြီးတွေ ကျမ်းမကျိန်ရတော့ဘူးဆိုရင် အမိန့်ချတာတွေမှာ အဂတိပိုများလာပြီး တရားသူကြီးတွေဟာ အရင်ကထက် လာဘ်စားကြတော့မယ်လို့ ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ တရားရေးလောက ကမောက်ကမ ဖြစ်ပြီး အမှုသည်တွေကတော့ တရားသူကြီးတွေကို ပေးရတာနဲ့တင် ဘဝပျက်မှာပဲလို့ အငြိမ်းစားတရားသူကြီးတစ်ဦးက ပြောပါတယ်။

◾️စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံး​​ဈေး စံချိန်တင်မြင့်တက်

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅,၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။ အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁,၂၆၀ အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၂၀ ရက် ရန်ကုန်အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ကျပ် ၊ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။ အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။ စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်ကို စျေးတက်သွားပြီး စျေးကွက်ကိုပါ ချက်ချင်းသက်ရောက်လိမ့်မယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ဒီနေ့ သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၁,၃၀၀ ကနေ ၂,၀၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။ အရင်က ရန်ကုန်-မန္တလေး ယာဉ်စီးခက ကျပ် သုံးသောင်းနှစ်ထောင်သာရှိခဲ့ပြီး ဆီဈေးတွေစတက်ချိန်ကလည်း ကျပ် သုံးသောင်းငါးထောင်အထိ တိုးမြှင့်ခဲ့ပါသေးတယ်။ အခုက ဒုတိယအကြိမ် ဈေးထပ်တက်ခဲ့တာပါ။ အထူးကား‌တွေကလည်း ကျပ်လေးသောင်း နှစ်ထောင်ကနေ ကျပ်ငါးသောင်းအထိ ပထမအကြိမ်ဈေးတက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခြောက်သောင်းကျပ် ဖြစ်ခဲ့တာပါ။ ရန်ကုန်-မန္တလေး ခရီးစဉ်လိုပဲ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင်း နဲ့ ခရီးစဉ်အလိုက် ကျပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တက်သွားတာပါ။
👍18🤬53🔥1😁1
◾️လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်ဆိုင်း

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။ မနက်ဖြန်(မတ် ၂၁ ရက်)စပြီး ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဘယ်​လောက်ကြာရပ်ဆိုင်းမယ်ဆိုတာ​တော့မသိရ​သေးပါဘူး။ ပြည်တွင်း​လေ​ကြောင်းခရီးစဥ်​တွေရပ်နားတာ​ကြောင့် ​​လေယာဥ်လက်မှတ်ခ​တွေ ပြန်​ပေးမယ်လို့​ လေယာဥ်လက်မှတ်ကိုယ်စားလှယ်အချို့က လူမှုကွန်ယက်က​နေ အသိ​ပေး​နေကြတာကိုလည်း​တွေ့ရပါတယ်။ ဒါ​ပေမဲ့ ထိုင်း၊ စင်ကာပူ စတဲ့နိုင်ငံ​တွေ ပျံသန်းတဲ့ခရီးစဥ်​တွေကို​တော့ ဆက်လက်ပျံသန်းမယ်လို့သိရပါတယ်။ ဒါ့အပြင် လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှု အကန့်အသတ်တွေကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေနဲ့ ခရီးသည်တွေအတွက် ပစ္စည်းထပ်တိုးသယ်ဆောင်ဖို့ ကီလိုဝယ်ယူခွင့်ကို ယာယီပိတ်ပင်ထားပါတယ်။

◾️ရင်းနှီးမြှုပ်နှံမှုကို တရုတ်ယွမ်ငွေနဲ့ပါ စစ်ကောင်စီ လက်ခံမယ်

ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားမတည်ငွေရင်းကို တရုတ်ယွမ်ငွေနဲ့ပါ လက်ခံတော့မယ်လို့ စစ်တပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပါတယ်။ အရင်က အမေရိကန်ဒေါ်လာတမျိုးတည်းကိုပဲ ရင်းနှီးမြှုပ်နှံမှုရဲ့မတည်ငွေရင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့် ပိုမိုလွယ်ကူစေဖို့နဲ့ ရင်းနှီးလိုသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာလို့ဆိုပြီး မတ်လ ၁၆ ရက် ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်ငွေယွမ်ကို ယူဆောင်လာရင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေကတဆင့် ငွေလွှဲ ပြောင်းပေးချေတာတွေကို ဆောင်ရွက်နိုင်ပြီလို့ အသိပေးထားပါတယ်။ အင်အားကြီး အိမ်နီးချင်းနိုင်ငံရဲ့ ငွေကြေးစနစ်ကို နိုင်ငံတွင်း တရားဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်မှုတွေမှာ အကောင်းအဆိုး ဒွန်တွဲနေပေမယ့် တရုတ်ရဲ့မြန်မာပြည်တွင်း အကျိုးစီးပွားချုပ်ကိုင်မှုတွေကို မမေ့သင့်ဘူးလို့ သူကထောက်ပြပါတယ်။ ပြည်တွင်းမှာ တရုတ်ငွေကြေးစျေးကွက်တစ်ခု ဖြစ်လာခဲ့ရင် ဘယ်သူက ထိန်းကျောင်းနိုင်မှာလဲလို့ စီးပွားရေးလုပ်ငန်းရှင်က မေးခွန်းထုတ်ပါတယ်။

◾️ရေသန့်စက်ရုံအလုပ်သမားတွေကို စစ်တပ် ပေါ်တာဆွဲလို့ စက်ရုံပိတ်လိုက်ရ

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကံမမြို့ စိုပြေစတားရေသန့်စက်ရုံရဲ့ အလုပ်သမားတွေဟာ ရေသန့်ပို့ရင်း နေ့ခင်း ၃နာရီမှာ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာလို့ စက်ရုံပိုင်ရှင်က TikTok လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။ ရေသန့်ပို့နေရင်း နေ့ခင်း ၃နာရီ ပေါ်တာဆွဲခံရတာကြောင့် ကျန်တဲ့ဝန်ထမ်းတွေလည်း အပြင်မထွက်ရဲတော့ဘဲ စက်ရုံပိတ်ထားရတဲ့အကြောင်း စက်ရုံပိုင်ရှင်က ရှင်းပြပါတယ်။ သောက်သုံးသူအားလုံးကို တောင်းပန်ကြောင်း ပြောထားပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲခံရတဲ့ ကလေးတွေ ပြန်လည်လွတ်မြောက်ဖို့လည်း ကြိုးစားနေတယ်လို့ စိုပြေစတားရေသန့်စက်ရုံပိုင်ရှင်က ဆိုပါတယ်။

◾️ရန်ကုန်မှာ ရပ်ကွက်တစ်ခု လူ ၁၀ဦး ပေါ်တာဆွဲပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ် ခိုင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ တစ်ရက်ကို ဆယ်ဦးပေါ်တာဆွဲခိုင်း​နေပြီး နေအိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ အဲဒီအတိုင်းလိုက်နာနိုင်အောင် ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်မီအောင် စုဆောင်းဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။

◾️မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူအသစ်အဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ အဆိုပြု
👍20🤬21🔥1😁1
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် တာဝန်ထမ်းဆောင်တာ သက်တမ်း ၆နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးစ်နေရာအတွက် မစ္စစ်ကယ်လီကာရီကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုပြုလိုက်ပြီလို့ သိရပါတယ။ လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ မစ္စတာတွမ်အန်ဒရူးစ်က သူ့ရဲ့နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပြီး လစ်လပ်သွားတဲ့ သူ့နေရာအတွက် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီကာရီကို ကောင်စီဥက္ကဋ္ဌက မတ်လ ၁၉ရက် မနေ့က အဆိုပြုခဲ့တာဖြစ်ပါတယ်။ မစ္စစ်ကယ်လီကာရီဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မစ္စစ်ကယ်လီကာရီကို ရွေးချယ်တာနဲ့ပတ်သက်လို့ သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ် ကြိုဆိုထားပြီး သူမဟာ ဆယ်စုနှစ်များစွာ မြန်မာပြည်လွတ်လပ်ခွင့်အတွက် အခိုင်အမာအားပေးထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

◾️ဖရူဆိုမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ ၇ဦးသေဆုံး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ-နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုး လုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ မတ်လ ၁၇ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုများလို့ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားတယ်လို့လည်း KNDFက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ရက်ကလည်း စစ်တပ်ကို နန်းဖဲရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှုရှိပြီး လက်နက် ၁လက်သိမ်းရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်းဒေသကို စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်က မြို့တွေ ထိန်းချုပ်နိုင်ပြီလို့ တစ်ဖက်သတ် ကြွေးကြော်နေပေမယ့် မြေပြင်စစ်ကြောင်းတွေ ချေမှုန်းခံရတာ၊ ယာဉ်တန်းတွေ တိုက်ခိုက် ဖျက်ဆီးခံရတာတွေ ကြုံတွေ့နေရပြီး မြေပြင်တပ်သားတွေလည်း ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ ဆိုပါတယ်။

◾️ဗုံးကြဲတိုက်ခိုက်မှုကြားကနေ စစ်သုံ့ပန်းတွေကို AAလွတ်ငြိမ်းပေး

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲက တချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄)ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခမ်းအနားပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ AAက မြို့သိမ်းတိုက်ပွဲတွေမှာ ထောင်နဲ့ချီတဲ့စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားပြီး အဲဒီထဲမှာ စစ်ကောင်စီထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။ AA ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းရှိရာနေရာတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲနေပါတယ်။

◾️စလင်းမြို့နယ်မှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်တပ်တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာသွား

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်းက တညောင် လျှပ်စစ်ဓာတ်အားခွဲရုံမှ ကပစ (၂၁)သွယ်တန်းထားတဲ့ မီးတိုင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြိုဖျက်ခဲ့ရာ ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ခန့်နဲ့ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီတိုက်ပွဲမှာ ဆုတ်ခွာပြေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေ ထပ်မံနင်းမိလို့ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း စလင်းပကဖက ထုတ်ပြန်ပါတယ်။ ​မတ်လ ၁၆ ရက်မှာ မီးတိုင်တွေ ပြုပြင်ပြီးနောက် ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို စလင်း ပကဖဇုန် (၃)နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အလစ်အငိုက် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာသွားခဲ့တယ်လို့ စလင်းပကဖက ဆိုပါတယ်။

◾️BNRAအဖွဲ့ဝင်တချို့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က PDFစခန်း မီးရှို့ဖျက်ဆီး
👍221🔥1😁1
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ရေးဆက်တင်းမာနေပြီး စစ်တပ်ထံ အညံ့ခံသွားတဲ့ ဗိုလ်နဂါးတပ် BNRA အဖွဲ့ဝင်တစ်ချို့ရဲ့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၃၅)တပ်ရင်းရဲ့ စခန်း မီးရှို့ဖျက်ဆီးသွားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေအထိအခိုက်မရှိဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)က သတင်းထုတ်ပြန်ထားပါတယ်။ စခန်းထဲက အဆောင်တွေ၊ ကာကွယ်ရေးရဲဘော်တွေ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်ငါးစီးနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒါ​ပေမဲ့ PDF ရဲ​ဘော်​တွေထိခိုက်တာမရှိဘူးလို့သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းမှာ ဗိုလ်နဂါးရဲ့ BNRAအဖွဲ့ တပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံးပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေဟာ "အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်" စာသား ကိုင်စွဲပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်ရဲဘော်တွေကကျောင်းသား၊ ကျောင်းသူ၊လူငယ်တွေ စုပေါင်းပြီး စာဖတ်ဝိုင်းနဲ့ နိုင်ငံရေးအမြင် ဗဟုသုတ ဖလှယ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေကို စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ရရာနည်းလမ်းနဲ့ ဆက်လက်တော်လှန်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
15👍11😁2🔥1🥰1