The Irrawaddy - Burmese
✔
76.5K subscribers
37.5K photos
2.3K videos
3 files
17.7K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤22👍12
စစ်တပ်နှင့်ပူးပေါင်းခဲ့သည့် Telenor ကို နော်ဝေရဲတပ်ဖွဲ့ စီးနင်း၊ စွဲချက်တင်

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Telenor ကို မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်စဉ် ပိတ်ဆို့ အရေးယူမှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်သည် ဆိုသည့်သံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ စွဲချက်တင်ထားကြောင်း Telenor က သတင်းထုတ်ပြန်သည်။

အော့စလိုမြို့ရှိ Telenor ရုံးချုပ်ကို စက်တင်ဘာ ၁၅ ရက်တွင် နော်ဝေရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး နော်ဝေရဲတပ်ဖွဲ့နှင့် အမျိုးသား ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတို့သည် Telenor အား အရေးယူပိတ်ဆို့မှုဆိုင်ရာ ဥပဒေ (Sanctions Act) ကို ချိုးဖောက်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခဲ့မှု သံသယတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

Telenor Myanmarသည် သုံးစွဲသူများ၏ အရေးကြီးသောအချက်အလက်များကို စစ်တပ်ထံ အကြိမ်ကြိမ် ပေးအပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ထားသည်။

"စစ်တပ်ရဲ့ အမိန့်များကို မလိုက်နာခဲ့ပါက ဝန်ထမ်းတွေအနေနဲ့ ထောင်ဒဏ်၊ ညှဉ်းပန်းနှိပ်စက်ခံရမှု သို့မဟုတ် သေဒဏ်အထိ ကျရောက်နိုင်သည့် အန္တရာယ်ရှိပြီး ဒါဟာ ကျနော်တို့အတွက် အခြား ရွေးချယ်စရာ မရှိခဲ့ဘဲ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုလည်း မစွန့်လွှတ်နိုင်ခဲ့တဲ့ အလွန်ခက်ခဲကျပ်တည်းတဲ့ အခြေအနေတခု ဖြစ်ခဲ့ပါတယ်" ဟု Telenor၏ မီဒီယာ ဆက်ဆံရေး ညွှန်ကြားရေးမှူး David Fidjeland က ပြောသည်။

Telenor သည် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် လစ်ဘနွန်အခြေစိုက် M1 Group ထံ ရောင်းချခဲ့သလို M1 သည် လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို စစ်တပ်နှင့် အပေါင်းပါများ မတည်ထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီထံ ပြန်လည် ရောင်းချခဲ့သည်။

ထိုသို့ ရောင်းချခဲ့ရာတွင် ပိတ်ဆို့အရေးယူထားသော စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်းများကိုပါ ထည့်သွင်း ရောင်းချခဲ့ကြောင်း၊ လူဦးရေ ၁၈ သန်းကျော်၏ ဖုန်းခေါ်ဆိုမှု အချက်အလက်များကို လွှဲပြောင်းပေးလိုက်ကြောင်း၊ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသလို ပေါက်ကြားခဲ့သည့် အချက်အလက်များကြောင့် လူပေါင်းများစွာကို ခြေရာခံမိပြီး ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ရသည့်အနက် ကွပ်မျက်ခံခဲ့ရသူများလည်း ရှိနေကြောင်း ဆိုထားသည်။

ယမန်နှစ်က မြန်မာအရပ်ဘက် အဖွဲ့အစည်းအချို့သည် Telenor အား တရားစွဲဆိုခဲ့သလို ဆွီဒင်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုကလည်း စစ်တပ်ထံ အချက်အလက်များ ပေါက်ကြားခဲ့ရသူ ၁,၂၀၀ ကို ကိုယ်စားပြု၍ ယခုနှစ် ဧပြီလတွင် အစုအဖွဲ့လိုက် တရားစွဲဆိုမှုစတင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၌ Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့သို့ တင်သွင်းခဲ့သည့် တိုင်ကြားချက်အပြီး ယခုလို စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခြင်းဖြစ်ကာ စစ်တပ်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအနက် Telenor ၏ အခန်းကဏ္ဍအပေါ် တာဝန်ခံမှုရှိစေရေးဆီသို့ ချဥ်းကပ်လာသည့် ခြေလှမ်းဖြစ်သည်ဟု Justice For Myanmar က ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤46👍28😁2🤔1
❤22👍15
မြောက်ကိုရီးယားအား နယ်စပ်ရုံးဖောက်ခွဲမှုဖြင့် လျော်ကြေးပေးရန် တောင်ကိုရီးယား အမိန့်ချ

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်တွင် ကေဆောင်း (Kaesong) နယ်စပ်အနီးရှိ မြောက်ကိုရီးယားနိုင်ငံအတွင်း ဖွင့်လှစ်ခဲ့သော ပူးပေါင်းဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးခဲ့မှုအတွက် ပြုံယမ်းအနေဖြင့် ကိုရီးယားဝမ် ၄၄ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂ဒသမ၅ သန်းခန့်) လျော်ကြေးပေးရန် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယနေ့ အမိန့်ချမှတ်ခဲ့သည်။

နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေးရုံး ဖျက်ဆီးခံရမှုအတွက် စွဲဆိုထားသည့် ယင်းတရားမမှုသည် တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားထံမှ လျော်ကြေးငွေ တိုက်ရိုက်တောင်းခံခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း South China Morning Post သတင်းက ဆိုသည်။

တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆုခ်ယို (Yoon Suk-yeol) ဦးဆောင်ခဲ့သည့် ယခင် ကွန်ဆာဗေးတစ် အစိုးရသည် ၂၀၂၄ ဒီဇင်ဘာတွင် ခေတ္တစစ်အုပ်ချုပ်ရေး ကြေညာချက်အပြီး ၎င်းရာထူးမှ မဖယ်ရှားခံရမီ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အဆိုပါ တရားစွဲဆိုမှုကို စတင်ဖိုင်တွဲခဲ့ခြင်း ဖြစ်သည်။

ပုံစာ-နယ်စပ်ရုံးကို မြောက်ကိုရီးယား ဖေါက်ခွဲခဲ့စဉ်က/ABC News
❤38👍22😁1
😭40😁1
မန္တလေး ၈၈ မျိုးဆက် ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင် မြင်းခြံထောင်၌ ကွယ်လွန်

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

မန္တလေးမြို့မှ ၈၈ မျိုးဆက် ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင် (၆၁ နှစ်) သည် စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် မြင်းခြံထောင်၌ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုဒိန်းဒေါင်သည်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။

“မနေ့ညက သူက အသက်ရှူကျပ်တယ် ပြောလို့ ဆေးရုံပို့တော့ ဆေးရုံမှာ အောက်ဆီဂျင် ပေးရတယ်တဲ့။ အောက်ဆီဂျင်ပေးပြီး ၃ မိနစ်လောက်အကြာမှာ ဆုံးသွားတာလို့ သိရတယ်။ ဒီနေ့မနက်ကျတော့ မိသားစုတွေဆီ ဖုန်းဆက်အကြောင်းကြားလို့ အခု မိသားစုဝင်တွေ မြင်းခြံကို လိုက်သွားကြပြီ” ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

မန္တလေး အိုးဘိုထောင်တွင်းတရားရုံးမှ အမှုစစ်ဆေးရာတွင် စစ်တပ်အောက် တရားစီရင်ရေးကို အယုံအကြည် မရှိဟုဆိုကာ တရားရုံးကို သပိတ်မှောက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမိန့်ချမှတ်ခဲ့ပြီးနောက် မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင်သည် ၈၇ ငွေစက္ကူအရေးအခင်းမှသည် ၈၈ အရေးတော်ပုံကာလတွင် ပါဝင်ခဲ့ကာ စစ်အစိုးရလက်ထက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူလည်း ဖြစ်သည်။

မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားတဦးက “၈၈ ကာလတုန်းက မန္တလေးမြို့မှာဆိုရင် ဂဠုံဆရာတော်ရယ်၊ သူရယ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့တယ်။ ရန်ကုန်မှာ မင်းကိုနိုင်တို့ နာမည်ကြီးသလို မန္တလေးမှာ စိုးမိုးနိုင် (ခေါ်) ဒိန်းဒေါင်ကလည်း ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တယောက်ပေါ့။ စစ်တပ် အာဏာသိမ်းပြီး ဖမ်းခံရတော့ အကျဉ်းထောင်ထဲမှာ တရားစီရင်ရေးကို အယုံအကြည်မရှိဘူးဆိုပြီးဆက်ပြီး သပိတ်မှောက်တဲ့အတွက် သူ့ရဲ့အမှုတွဲတွေ အားလုံး ပြန်လွတ်လာတယ်။ သူတယောက်တည်း ပြန်လွတ်မလာဘဲ ထောင်ချခံလိုက်ရတာ” ဟု ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု၊ ဦးသိန်းစိန်အစိုးရလက်ထက် မန္တလေးမှ ရန်ကုန်အထိ ကျောင်းသားသမဂ္ဂ ကျောင်းသားများချီတက်ဆန္ဒပြပွဲ၊ လက်ပံတောင်း အရေးအခင်းများ၌လည်း ပါဝင်ခဲ့သလို လူမှုကူညီရေးလုပ်ငန်းများ၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭60👍7❤4😁2
😁33
😁32👍3❤1😱1
ရန်ကုန်မှာ အွန်လိုင်းဂိမ်းတွေဖမ်း လက်ကြီးသမားများ လွတ်မြောက်နေ

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ အမှတ် (၃၁) ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်နေသည့် နေအိမ်ကို ဩဂုတ် ၂၁ ရက်၌ ဝင်ရောက်၍ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၂၅ ဦးအား သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးခဲ့ပြီး အလုံ၊ ‌ဒေါပုံ၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ တွံတေး၊ တောင်ငူနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ နောက်ထပ်ကွင်းဆက် တရားခံများကို ဖမ်းဆီးခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူများသည် One 5 one ၊ buffalo 169 ၊ fujiu နှင့် Sport 169 Game Website များ ၊ “99 Legends Online Game” ၊ Online 1D/2D/3D တို့ လုပ်ကိုင်ပြီး အွန်လိုင်းလောင်းကစား လောင်းကြေးများအား တရုတ် (ထိုင်ဝမ်) နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP ၏ Bank အကောင့်များသို့ လွှဲပြောင်းပေးပို့ရကာ ထိုင်ဝမ်နိုင်ငံသားသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အွန်လိုင်း လောင်းကစားလုပ်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးစုစုပေါင်း ၃၆ ဦးတို့အား လောင်းကစား လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းတို့အသုံးပြုသော Bank Account (၁၂)ခုမှ ငွေကျပ်သိန်း ၃၉၆၈ ကို ထိန်းချုပ်ထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ထိုဖမ်းဆီးရမိသူများမှာ အေးဂျင့်ငယ်များဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည့် အွန်လိုင်းလောင်း ကစားလုပ်ကိုင်နေသော ဂိုဏ်းများသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်များဖြင့် ကျပ်သိန်း ထောင်ချီ နေ့စဉ်လည်ပတ်လုပ်ကိုင်နေသည်ဟု ရန်ကုန်မြို့ရှိ အွန်လိုင်း လောင်းကစား အသိုင်းအဝန်းက ပြောသည်။

ထို့ပြင် အွန်လိုင်းလောင်းကစား ငွေသွင်း ၊ ငွေထုတ်များသည် ဗဟိုဘဏ် စိစစ်ထိန်းချုပ်၍ ရသည့် Kpay နှင့် Wave Money များ ၊ မိုဘိုင်းဘဏ်စနစ်များ ကို အသုံးပြုနေရာ အဆိုပါ ငွေကြေးစီးဆင်း လည်ပတ်ရာ လမ်းကြောင်းများ ပိတ်ဆို့လိုက်ပါက အေးဂျင့်တယောက်ချင်းစီ ဖမ်းစရာ မလိုဘဲ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများ ပပျောက်သွားမည်ဟု ၎င်းတို့က မှတ်ချက်ပြုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁36❤15👍8👎3
👎31👍6❤2😭2🤔1
မြစ်ဆုံပြန်စချင်နေတာ မြန်မာအာဏာသိမ်းအစိုးရလို့ တရုတ်လော်ဘီ ပြော

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ကချင်ပြည်နယ် လျှပ်စစ်မီးလုံလောက်ရန်နှင့် တနိုင်ငံလုံး မီးလင်းရေးအတွက်ဟုဆိုကာ ရပ်တန့်ထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးစားနေသည်မှာ မြန်မာအာဏာသိမ်းအစိုးရသာဖြစ်ပြီး တရုတ်အစိုးရ မဟုတ်ကြောင်း တရုတ်လော်ဘီ အမျိုးသမီး မြန်မာအမည် စောကြည် (ခ)ကျောက်ကျင်း (Zhao Jin) က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တရုတ်၏ ကိုယ်ကျိုးကြည့်ဝါဒကို ဆန့်ကျင်သည့် မြန်မာပြည်သူတို့အား လူမှုကွန်ရက်မှ တိုက်ခိုက်ရေးသားနေသော တရုတ်လော်ဘီ အမျိုးသမီး ကျောက်ကျင်း (Zhao Jin) သည် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ၏ ဇွန် ၁၇ ရက်က မြို့တော် ပေကျင်းရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်စဉ် အနီးကပ်လိုက်ပါကာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။


၎င်းက “မြစ်ဆုံပြန်စချင်တာက မြန်မာအစိုးရပါ။ တရုတ်အစိုးရ မဟုတ်ဘူး။ အခု မြန်မာပြည်မှာ တရုတ် CPI ကုမ္ပဏီက ဝန်ထမ်းတယောက်မှ မရှိဘူး။ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အန္တရာယ် အများဆုံးနိုင်ငံအဖြစ် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက အခုထိ သတ်မှတ်ထားပါတယ်။ တရုတ်အစိုးရ ပြန်စချင်တာဆိုတာ ဘယ်ကသိလာသလဲ မသိဘူး။ တရုတ်ပြည်ရဲ့ စက်မှုလုပ်ငန်းတွေရော၊ ပြည်သူတွေရဲ့ နေထိုင်မှုရော မီးမရှိလို့ မလည်ပတ်နိုင်ဘဲ မြစ်ဆုံရဲ့ လျှပ်စစ်ကို ငုတ်တုတ်ထိုင်ပြီး စောင့်နေတာ မဟုတ်ဘူး” ဟု ဆိုသည်။

DVB သတင်းဌာနမှ တင်ဆက်သည့် မြစ်ဆုံစီမံကိန်း DVB Debate အစီအစဉ်မှ ဒေါက်တာထားထားပါ ၏ ပြောဆိုချက်ကို ပြန်လည်တုံံ့ပြန်ခြင်းဖြစ်သည်။

မြန်မာကုမ္ပဏီတခုက ရန်ကုန်၌ ဆိုလာလျှပ်စစ်စက်ရုံတခုတည်ဆောက်ရေး တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လိုသည့်အတွက် ယခုနှစ်ဆန်းပိုင်းတွင် ၎င်းထံ ဆက်သွယ်လာခဲ့ကြောင်းလည်း ပြောသည်။

“ကျမက မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံး ၁၀ နှစ်ကျော် ဖွင့်ထားတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတခုကို ဆက်သွယ်ပြီး သူတို့လုပ်ချင်သလား မေးတယ်။ သူတို့က ရင်းနှီးငွေ၊ မီတာခ၊ ဘဏ်အတိုးနှုန်းအမျိုးမျိုးနဲ့ တွက်ချက်ပြီး ကျမကို ပြပေးတယ်။ အဲဒီလိုမျိုး အသေးစား လျှပ်စစ်စီမံကိန်းလုပ်တာ အမြတ်က ဘဏ်အပ်ငွေ အတိုးနှုန်းထက် ပိုနည်းတယ်။ အရင်းငွေကို ၈-၁၀ နှစ် ကြာပြီးမှ ပြန်ရနိုင်တယ်။ ၁၀ နှစ်လောက်ကြာပြီးမှ အမြတ်စပေါ်လာတယ်။ ဒီရင်းနှီးငွေတွေကို ဘဏ်မှာ ၁၀ နှစ်ထားပြီး ရရှိတဲ့ အတိုးငွေတောင် ပိုများတယ်။ ဘာမှ အန္တရာယ်လည်း မရှိဘူး။ ဒါကြောင့် သူတို့က စိတ်မဝင်စားဘူး။ ပြီးတော့ မြန်မာပြည်မှာ ငွေကြေးတန်ဖိုး အမြဲကျနေလို့ ကာလရှည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ် ပိုကြီးတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ဇွန်လအတွင်း တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ပါက တနိုင်ငံလုံး လျှပ်စစ်မီးရမည်ဆိုသည့် မက်လုံးများနှင့် ဝါဒဖြန့်ပြောဆိုလာသလို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်လည်း မြေပြင်တွင် လိုက်လံ စည်းရုံးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ပုံစာ-ယခုနှစ် ဇွန်လက တရုတ်ခရီးစဉ်အတွင်း စကားပြန် လုပ်ပေးသူ ကျောက်ကျင်းအား မင်းအောင်လှိုင်နောက်တွင် တွေ့ရပုံ/MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎30😁14❤11👍3😭1
👍12
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့က သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၅၈,၀၀၀ ကျပ်မှ ၁၇၈,၀၀၀ ကျပ်
ပြင်ပ ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၅,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင် သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၃,၈၂၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃,၉၅၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၁၅၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၀၅၀ ကျပ်
စစ်ပွဲဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း
အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော် တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၃၂၈
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍31❤6👎1
😁37👎2
ရွှေကုက္ကိုကျားဖြန့် ဖျက်ဆီးရာ၌ စစ်တပ်က AI ပုံများသုံး၍ ဝါဒဖြန့်

ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

မြဝတီ ရွှေကုက္ကိုမြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အဆောက်အအုံများ ဖျက်ဆီးသည့် သတင်းများ စစ်တပ်ထုတ်ပြန်ရာတွင် နေရာများ ကွဲလွဲမှုရှိနေသလို AI ဓာတ်ပုံ၊ ရုပ်သံများအား အသုံးပြုထားသည်ကို လေ့လာဆန်းစစ်တွေ့ရှိရသည်ဟု နိုင်ငံတကာ သုတေသနအဖွဲ့အစည်း Myanmar Witness က ယနေ့ ထုတ်ပြန်သည်။

စစ်တပ်၏ ထုတ်ပြန်ချက်များကို Myanmar Witness မှ စိစစ်လေ့လာခဲ့ရာ တရားဝင်ထုတ်ပြန်ချက်များနှင့် မြေပြင်အခြေအနေများကြား သိသာထင်ရှားသော ကွဲလွဲမှုများကို ဖော်ထုတ်တွေ့ရှိခဲ့ရပြီး၊ နှိမ်နင်းမှု စတင်ချိန်တွင် ဖျက်ဆီးမှုများသည် ထုတ်ပြန်ချက်နှင့် ကိုက်ညီခဲ့သော်လည်း၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ ကွဲလွဲမှုများတွေ့ရှိရသည်ဟု ဆိုသည်။

၂၀၂၆ မေလ ၂၅ ရက်တွင် မြန်မာစစ်အစိုးရက ရွှေကုက္ကိုကို နှိမ်နင်းဖြိုခွင်းမည်ဟု ကြေညာခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို ယခင် ကရင်နယ်ခြားစောင့်တပ် (KBGF) ဟု သိကြသော ကရင်အမျိုးသားတပ်မတော် (KNA) ၏ ကူညီပံ့ပိုးမှုဖြင့် လုပ်ဆောင်ခဲ့ကာ အဆောက်အအုံ ၃၂၂ ခုအနက် ၇၇ ခုကို ဖျက်ဆီးခဲ့သည်။

Myanmar Witness က အဆိုပါ နှိမ်နင်းမှုများကို ဆန်းစစ်လေ့လာရာ ၂၀၂၆ ဇူလိုင်လမှစ၍ လွဲမှားမှုအများအပြားတွေ့ရှိခဲ့ရပြီး ယင်းတို့တွင် အစီရင်ခံထားသော အဆောက်အအုံ တည်နေရာများနှင့် မြေပြင်တကယ့်တည်နေရာများကြား ကွဲလွဲမှုများ၊ မဖျက်ဆီးမီ အဆောက်အအုံအမိုးများနှင့် အမြင့်များ ပြောင်းလဲသွားခြင်းနှင့် AI ဖြင့် ပြင်ဆင်ထားသည့် ပုံရိပ်များ အသုံးပြုထားခြင်းတို့ ပါဝင်သည်။

အစီရင်ခံစာသည် ရွှေကုက္ကိုအတွင်း ဖျက်ဆီးမှုများကို ဆန်းစစ်ထားသော်လည်း ဖျက်ဆီးခံရသည့် အဆောက်အအုံတိုင်းမှာ ကျားဖြန့် လုပ်ငန်းများနှင့် ဆက်စပ်မှု ရှိမရှိ သက်သေပြရန်ထက်၊ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များနှင့် နှိမ်နင်းမှုဆိုင်ရာ ပုံရိပ်များသည် ရရှိနိုင်သော အထောက်အထားများနှင့် ကိုက်ညီမှု မရှိသည်ကို မီးမောင်းထိုးပြရန် ပိုမိုရည်ရွယ်ကြောင်း Myanmar Witness က ဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်များနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေးမှုများ ရှိလာချိန်တွင် စစ်တပ်သည် မြဝတီတောင်ဘက် မယ်ထော်သလေးဒေသ KK Park နှင့် မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုမြို့သစ် ကျားဖြန့်များကို ၂၀၂၅ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စီးနင်းခဲ့ပြီး အဆောက်အအုံတချို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ပုံစာ- ယခုနှစ် ဇူလိုင်လ ၆ ရက်က ရွှေကုက္ကို ကျားဖြန့်အဆောက်အအုံတခု ဖြိုဖျက်နေကြောင်း စစ်တပ် ထုတ်ပြန်ထားစဉ်/CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎34😁15❤12👍8
👍39❤1
👍33❤4😁3