အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ
5.33K subscribers
145 photos
4 videos
1 file
46 links
ဆရာတင်ဆန်း နှင့် မူရင်းရေးသားသော ဆရာများအားလည်း crd ပေးပါတယ်
Download Telegram
အောက်လမ်းဘိုးထင် နှင့် နာမ်ရွာ(ဒုတိယပိုင်း)

(၁၈၃)

​အခန်း (၁)

ပျဉ်ထောင်ပျဉ်ခင်းသက်ငယ်မိုးအိမ်လေးအိမ်တအိမ်၏ အောက်တန်းလျားတွင် ညိုးငယ်နေသည့်မျက်နှာဖြင့်မိန်းကလေးတစုထိုင်‌နေကြသည်။သူမတို့၏မျက်နှာထက်၌ ပြုံးနေကြသော်ငြား စိတ်မကောင်းဖြစ်နေကြသည်။သူမတို့ သည် မအေးမြင့်အား တစ်ယောက်တစ်ပေါက်နှင့်နှုတ်ဆက်နေကြသည်။

​"အမအေးမြင့် ရွာကိုပြန်လာခဲ့ဦးနော်"

​"ဟုတ်တယ် ကျုပ်တို့မျှော်နေမယ် ရွာသားပြဇာတ်ပွဲကြရင် အမကိုရှိစေချင်တယ်"

​"ပြန်လာရမှာပေါ့ကွယ် နောက်တစ်ခါလာရင် အမေ့ကိုပါခေါ်ပြီးလာခဲ့မယ်"

​"အမရယ် ရှုပ်ပါတယ် ကျုပ်တို့အကိုကြီး ကိုကြီးမြကြီးကိုသာယူလိုက် အဲ့တာဆို ဘာမှပူစရာမလိုဘူး"

​မယ်လှဟုအမည်ရသော မိန်းကလေးမှ ထိုသို့ပြောလိုက်ရာ မအေးမြင့်တစ်ယောက် မျက်နှာနီမြန်းလို့သွား၏။ မသန်းရင်နှင့် မိကျော့တို့မှာလည်း တုတ်ထိုးအိုးပေါက်ပြောသော မယ်လှကို ဟန့်လိုက်ကြသည်။

​"မယ်လှ ဘယ်လိုကြီးတွေပြောနေတာလဲ ဒီကလေးမကတော့လေ"

​"ဟုတ်တယ် မယ်လှ ညည်းဘယ်လိုတွေပြောနေတာလဲ အဲ့လိုမပြောရဘူး"

​အားလုံးမှဝိုင်းပြောလာသည့်အခါ မယ်လှတစ်ယောက် မကျေမနပ်နှင့် သူမအားပြောဆိုများအားခွန်းတုံ့ပြန်လေသည်။

​"အမတို့ကလည်း ကျုပ်ကိုချည်းအပြစ်ပြောနေတာပဲ ဘာလို့လဲ အမတို့ကရော ကိုကြီးမြကြီးနဲ့သဘောမတူကြဘူးလား ပေပင်သားမပီသကြဘူး"

​"သဘောတူတာတူတာပဲလေ အဲ့လို တည့်တိုးကြီးပြောတော့ ဘယ်ကောင်းမလဲ မယ်လှရယ်"

​"ဘာလို့မကောင်းရမှာလဲ ကျုပ်ကတော့ အမကြီးအေးမြင့်ကို ကျုပ်တို့ရွာသား ကိုကြီးမြကြီးနဲ့ပဲသဘောတူတယ်"

​"တူ တူ ဟိုမှာ မအေးမြင့်ကဖြင့်ရှက်နေပြီ"

​ပေပင်ရွာမှမိန်းကလေးများသည် မအေးမြင့်အား မသန်းရင်နေအိမ်တွင် ဝိုင်းအုံနှုတ်ဆက်လို့နေသည်။များမကြာသောအချိန်တွင်တော့ ကိုဝင်းဦးနှင့် ကိုမြကြီးသည် အထုပ်အပိုးကိုယ်စီနှင့်ရောက်လာကြသည်။ကိုမြကြီးသည် သားရေဖြင့် ပြုလုပ်ထားသော ကျောပိုးအိတ်ကြီးတစ်လုံးကိုလွယ်ထားသည့်အပြင် လွယ်အိတ်တစ်လုံးကိုပါလွယ်ထားသေးသည်။ ကိုဝင်းဦးမှာဖြင့် ကြိမ်ခြင်းတောင်းကြီးအားကိုင်းတပ်ကာ ကျောတွင်လွယ်ထားပြီး ခပ်ကြီးကြီးလွယ်အိတ်ကိုလည်း စလွယ်သိုင်းထားသေးသည်။ဝါးဖတ်ခမောက်ကိုယ်စီနှင့် ဖြစ် သည်။ကိုမြကြီးသည် မအေးမြင့်ကိုမြင်သည်နှင့် သူမဘေးတွင်ချထားသော ပုဆိုးဖြင့်ထုပ်ထားသည့် အဝတ်ထုပ်လေးအား ကတမ်းကတန်းလှမ်းယူဟန်ပြင်လိုက်စဉ် ပိုလျှင်သော မအေးမြင့်မှ ဆတ်ခနဲကောက်ယူလိုက်ပြီး

​"ကိုမြကြီး နေ နေ ကျမထမိန်တွေပါတယ်"

​"ပါ ပါစေ ဘာဖြစ်လို့လဲ ပါပါပေါ့"

​"ရတယ် ကျမပဲသယ်မယ်"

​"ရပါတယ် ညီမလေးရယ် ညီမလေးပင်ပန်းမှာစိုးလို့"

​အကဲပိုနေသည့် ကိုမြကြီးအား ကိုဝင်းဦးအပါအဝင် တခြားသောမိန်းကလေးများမှ သိပ်မကြည်ကြတော့ပေ။ကိုဝင်းဦးမှာဖြင့် ကိုမြကြီးအားမျက်စောင်းထိုးကြည့်လိုက်ကာ

​"တော်တော်သယ်ပေးချင်နေတာလား လာ လာ ကျုပ်ခြင်းတောင်းလာသယ်ကူပေး"

​"မသယ်နိုင်ဘူး"

​"နေပါဦး အဲ့ကျောပိုးအိတ်ကြီးက ဘယ်ကဘယ်လိုရလာတာလဲ တစ်ခါမှလည်းမမြင်ဖူးဘူး"

​ကိုဝင်းဦးသည် ကိုမြကြီး၏ကျောပိုးအိတ်အားစူးစမ်းကြည့်ရင်းက မေးလိုက်ခြင်းဖြစ်သည်။တောရွာများတွင် ယခု ကဲ့သို့ ကျောပိုးအိတ်မှာ ရှားပါးပြီး တွေ့ရခဲသည့်အတွက် မေးလိုက်ခြင်းလည်းဖြစ်သည်။ထိုအခါ ကိုမြကြီးသည် သူ၏ကျောပိုးအိတ်ကိုပုတ်ပြရင်း

​"ဒီကျောပိုးအိတ်လား ရေအိုးစင်က ပန်းချီငိုဆီက သွားငှားထားတာလေကွာ သူဘယ်ကရလည်းတော့ မပြောတတ်ဘူး"

​"ဟုတ်လား လှသားပဲ ကျုပ်ခြင်းလောက်တော့ မဆန့်ဘူး"

​"အေး ဟုတ်တယ် မင်းခြင်းက ပိုလို့တောင်မိုက်သေးတယ် ဒါနဲ့ ဟိုကောင်တွေရော"

​"သူတို့က ရွာအစွန်မှာနေတာလေ ကျုပ်တို့ သူတို့အိမ်ကိုသွားကြတာပေါ့"

​"အဲ့တာဆို သွားကြရအောင်လေ ညီမလေး အဆင်သင့်ဖြစ်ပြီလား အကိုကြီးတို့ သွားကြရအောင်"

​ကိုမြကြီးသည် ကိုဝင်းဦးနှင့်စကားပြောနေရင်းမှ မအေးမြင့်အား လှည့်၍စကားဆိုလိုက်သည်။ထိုအခါ မအေးမြင့်သည်လည်း ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

​"ပြီးပြီလေ သွားကြတာပေါ့"

​"အဲ့တာဆို သွားကြရအောင်"

​ဤသို့ဖြင့် သယ်ပိုးစရာ ခြင်း၊အိတ်၊အထုပ်ကိုယ်စီနှင့် ကိုမြကြီး၊ကိုဝင်းဦးနှင့် မအေးမြင့်တို့သည် အိမ်ဝိုင်းထဲမှ ပေပင်ရွာ သူမိန်းကလေးများအားနှုတ်ဆက်ကာ ရွာအစွန်မှ ဘိုးထင်၏ နေအိမ်သို့ ဦးစွာသွားလိုက်ကြပါလေတော့သည်။

​အခန်း (၂)

​"ကိုဝင်းဦးတို့ကလည်း မလာသေးဘူးလားကွာ နေတောင်ထွက်နေပြီကို"

​"အေးဗျာ ခင်ဗျားတို့က ရွာထဲကလာတာ တခါတည်းတော့မခေါ်ခဲ့ဘူး"

​"အေးကွာ ငါတို့လည်း သတိမေ့သွားတယ်"

​ဘိုးထင်၏အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေကြသော ဘိုးထင်၊ ပေတူး၊သာအေး၊ဖိုးထွေးနှင့် သာရတို့ စကားပြောနေခြင်း ဖြစ် သည်။သူတို့သည် ခရီးထွက်နေကျမို့ ပေါ့ပေါ့ပါးပါးပဲဖြစ်ပြီး စိတ်မလှုပ်ရှားကြပေ။ဖိုးထွေးနှင့် သာရမှာ ဒူးလေးနှင့် မြှားဘူးအပြင် လွယ်အိတ်ကြီးတစ်ယောက်တစ်လုံးကိုလည်းလွယ်ထားကြသေးသည်။သာအေးနှင့် ပေတူးမှာဖြင့် ခါတိုင်းယူနေ ကျ လှံတံကိုမယူတော့ဘဲ မုတ်ဆိတ်ဖြူပေးထားသော ကျွန်းနက်တုတ်ချောင်းနှစ်ချောင်းကိုသာ
7
တယောက်တချောင်းစီခါးကြားထိုးယူလာခဲ့၏။ထို့အပြင် သူတို့နှစ်ယောက်သည် ပလိုင်းကြီးများကိုလွယ်ထားရသေးသည်။ပလိုင်းထဲတွင်တော့ စားသောက်ဖို့ရာအတွက် လိုအပ်သောဝန်စည်စလွယ်များအား ထည့်ထားခြင်းဖြစ်သည်။သူတို့စကားဆိုနေချိန်မှာပင် အသံခပ်စာစာနှင့် ကိုမြကြီး၊ကိုဝင်းဦးတို့ အိမ်ဝိုင်းထဲသို့ဝင်လာကြသည်ကို တွေ့လိုက်ရသည်။သူတို့ကိုမြင်သည်နှင့် ဘိုးထင် သည် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး ကွပ်ပျစ်တွင် ချထားသော လွယ်အိတ်ကိုကောက်လွယ်ကာ ခရီးအားစတင်ရန် အားလုံးကိုဆော်ဩလိုက်သည်။

​"ကဲ သွားကြရအောင်ဗျို့ ကိုဝင်းဦးတို့လည်းရောက်ပြီ"

​"အေး အေး"

​ကိုဝင်းဦး၊ကိုမြကြီးနှင့် မအေးမြင့်တို့ ကွပ်ပျစ်အနီးသို့ရောက်လာချိန်မှာပင် ဘိုးထင်သည် အရှေ့မှဦးဆောင်ပြီး အိမ်ဝိုင်းအပြင်သို့ ထွက်လိုက်သည်။သူထွက်လိုက်သည်နှင့် ကျန်သူများသည်လည်း အနောက်မှ လိုက်ပါသွားကြသည်။ ရွာအထွက်ပေပင်တန်းသို့ ရောက်သည့်အခါ ဘိုးထင်နောက်မှ လမ်းလျှောက်လိုက်လာနေသည့် ကိုမြကြီးမှ စတင်၍ မေးမြန်းလိုက်လေသည်။

​"ဘိုးထင် ဘယ်ကိုသွားရမှာတုန်း"

​"ကျုပ်လည်းမသိသေးဘူးဗျ မုတ်ဆိတ်ဖြူပြောထားတဲ့ ရွှေခဲကလည်း အခုထိမတွေ့ရသေးဘူး"

​"ရွှေခဲက ဘယ်ရွာကနေ လာမှာတုန်း"

​ကိုမြကြီးသည် ဘိုးထင်ပြောသော ရွှေခဲအား လူအထင်နှင့်ထိုသို့မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ ကိုမြကြီးနံဘေးတွင် လမ်းလျှောက်နေသည့် ပေတူးမှ ရွှေခဲအကြောင်း ဝင်ရောက်ရှင်းပြပြောဆိုလေသည်။

​"ကိုကြီးမြကြီး ဘိုးထင်ပြောတဲ့ ရွှေခဲဆိုတာ လူမဟုတ်ဘူးဗျ"

​"လူမဟုတ်ဘူးဆိုတော့ ဘာတုန်းကွ"

​"ရွှေခဲဆိုတာ ကြက်တူးရွေးကြီး"

​"ကြက်တူးရွေးကြီး ဟုတ်လား"

​"ဟုတ်တယ် ကျုပ်တို့ကို မုတ်ဆိတ်ဖြူပြောသွားတာတော့ အဲ့ကြက်တူးရွေးကြီးက လမ်းပြပေးလိမ့်မယ်တဲ့လေ"

​"နေပါဦး အခု ငါတို့ ဘာအကောင်မှလည်းမတွေ့ပါလား ဘယ်လိုဖြစ်တာလဲကွ"

​"လမ်းမမှားလို့ မလာသေးတာနေမှာပေါ့ဗျာ"

​"အေးကွာ ခရီးထွက်တဲ့နေရာမှာ မင်းတို့က ပိုပြီးဆရာကျပါတယ် မင်းတို့အဆင်ပြေသလိုသာ လုပ်ကွာ ငါတော့သိပ်နားမလည်ဘူး"

​ကိုမြကြီးသည် ထိုသို့ပြောပြီး သူ၏နောက်တွင် ကိုဝင်းဦးနှင့်စကားဖောင်ဖွဲ့၍ပြောဆိုနေသည့် မအေးမြင့်အား လှမ်း၍ ကြည့်နေသည်။သာအေးမှာဖြင့် ဘိုးထင်နှင့်အတူ ယှဉ်တွဲ၍ လျှောက်နေရာမှ နောက်သို့လှည့်ကြည့်လာပြီး အသံခပ်အုပ်အုပ်ဖြင့် ကိုမြကြီးအားလှမ်း၍ စ‌နောက်လိုက်လေသည်။

​"ကိုကြီးမြကြီး ဘယ်လိုလဲဗျ နောက်ကိုကြည့်လှချည်လား"

​"သူတို့ လမ်းလျှောက်တာ အဆင်ပြေလားလို့ကြည့်တာပါ သာအေးရာ"

​"ဟာဗျာ လမ်းလျှောက်တာ အဆင်မပြေရအောင် တစ်ယောက်မှ ကျိုးပဲ့နေတဲ့သူမပါဘူး ပြီးတော့ အခုမှ ရွာကစထွက်တာကို "

​"တခြားသူတွေကတော့ ဟုတ်တာပေါ့ကွာ ညီမလေးကို လည်းလှမ်းကြည့်ရသေးတယ်ကွ သူ ပင်များပင်ပန်းနေမလားလို့"

​"ကိုကြီးမြကြီးကတော့ တအားပိုတာပဲဗျာ မနက်အစော ကြီးရှိသေးတယ် ပြီးတော့ အခုမှစ‌ထွက်လာတာလေ ဘယ်ကဘယ်လိုပင်ပန်းမှာတဲ့တုန်း"

​"အဲ့ဒါတွေ မင်းတို့တွေနားမလည်ပါဘူးကွာ လုပ်ပါဦး မင်းကောင် ဘိုးထင် ဘယ်သွားလို့သွားရမယ်မှန်းမသိဖြစ်နေတာ ထင်တယ် မေးလည်းကြည့်ဦး"

​ကိုမြကြီး၏စကားကြောင့် သာအေးသည် သူ၏ဘေးမှ တစ်စုံတစ်ခုကိုတွေးနေဟန်ရှိသော ဘိုးထင်အား လှည့်ကြည့်ကာ မေးမြန်းလိုက်တော့သည်။

​"ဘိုးထင် အခြေအနေဘယ်လိုလဲ ငါတို့ ဘယ်ကိုသွားရမှာလဲ မုတ်ဆိတ်ဖြူပြောတဲ့ ရွှေခဲလည်း မလာသေးဘူးနော်"

​"ငါ့အထင် ငါတို့လမ်းမမှားလို့ ရောက်မလာသေးတာနေမှာပါ တို့ ရေအိုးစင်ရွာကို အရင်သွားတာပေါ့ အခု လမ်းက ရေအိုးစင်ရွာသွားတဲ့လမ်းလေ အဲ့မှာ တစ်ညအိပ်တာပေါ့ကွာ"

​"ငါတို့က ဘယ်မှာအိပ်မှာတုန်း"

​"ကိုပန်းချီငိုအိမ်ရှိတယ်လေ ဒီကြားထဲ ရွှေခဲပေါ်လာရင်တော့ သူပျံရာနောက် လိုက်ရမှာပဲ"

​"ကိုပန်းချီငိုအိမ်ဆို အမအေးမြင့်အိပ်ဖို့အဆင်မပြေ လောက်ဘူးထင်တယ်"

​"သူ့အိမ်မှာတော့အိပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ တခြားအိမ် သွားအိပ်ခိုင်းတာပေါ့"

​"ဘယ်သူ့အိမ် သွားအိပ်ခိုင်းမလဲ"

​သာအေးမှ မေးမြန်းလိုက်သည့်အခါ ဘိုးထင်သည် ခေတ္တစဥ်းစားနေလိုက်ပြီး

​"ထားစရာအိမ်တွေတော့ များတယ်ကွ အင်း အဆင်ပြေဆုံးဖြစ်မယ့် ကြီးတော်ကြီးတို့အိမ်မှာပဲ အိပ်ခိုင်းရအောင်"

​"ဘယ်ကြီးတော်ကြီးအိမ်လဲ ဘိုးထင်"

​"အမမူယာတို့အိမ်လေကွာ အဲ့မှာဆို မိန်းမသားတွေပဲရှိတာ အဆင်ပြေမယ်ထင်ပါတယ်"

​"ဟုတ်တယ် အဲ့ဒါကောင်းတယ် ကဲ ကဲ အဲ့ဒါဆို တို့မြန်မြန် လေးသွားလိုက်ကြတာပေါ့"

​သာအေးနှင့် ဘိုးထင်တို့သည် ရှေ့မှဦးဆောင်၍ ရေအိုးစင်ရွာသို့ ခပ်မြန်မြန်သွားလိုက်ကြပါလေတော့သည်။

​အခန်း (၃)

​ဘိုးထင်တို့တစ်သိုက် ခြေလျင်ခရီးကို စကားတပြောပြောနှင့်နှင်လာရာ နေ့လယ်ကျော်၍ ညနေစောင်းအချိန်တွင်တော့ ရေအိုးစင်ရွာသို့ ရောက်ရှိလာပြီဖြစ်သည်။ရွာထဲဝင်လာသည်နှင့် ဘိုးထင်သည် မအေးမြင့်အားအနီးသို့ခေါ်လိုက်ပြီး ကျန်သူများကိုဖြင့် ကိုပန်းချီငိုအိမ်သို့သွားရန်ပြောလိုက်လေသည်။
5
​"ကဲ ကိုသာရ ကိုဖိုးထွေး ကိုမြကြီးတို့ကို ကိုပန်းချီငိုအိမ် ခေါ်သွားနှင့်လိုက်ပါ ကျုပ်နဲ့ သာအေး အမအေးမြင့်ကို အမမူယာတို့အိမ်လိုင်ပို့လိုက်ဦးမယ် ဒီတစ်ညတော့ ဒီမှာပဲ နားကြတာပေါ့ဗျာ"

​"အေးကွာ အဲ့ဒါလည်းကောင်းတာပါပဲ ကဲ အဲ့ဒါဆို ငါတို့သွားတော့မယ်ကွာ"

​ဖိုးထွေးသည် ထိုသို့ပြောပြီး ရှေ့ဆုံးမှနေ၍ ပန်းချီငို၏ နေအိမ်သို့သွားလိုက်သည်။ကျန် သာရ၊ပေတူးနှင့် ကိုဝင်းဦး တို့နောက်မှလိုက်သွားသော်လည်း ကိုမြကြီးသည်ကား မအေးမြင့်အနားမှာပင်ကျန်ခဲ့သဖြင့် သာရမှ လှမ်းအော်ခေါ်လိုက်ရလေသည်။

​"ကိုကြီးမြ လာလေဗျာ ဘာတွေလုပ်နေတာလဲ"

​"ငါ ငါ ဘိုးထင်တို့နောက်လိုက်သွားအုံးမယ်လေကွာ ပြီးမှ သူတို့နဲ့ ပြန်လာခဲ့မယ်"

​"ဟာ ရှုပ်ရအောင်ဗျာ လာခဲ့"

​"မင်းကလည်း ဘိုးထင်ကတောင်ဘာမှမပြောဘူး"

​ကိုမြကြီးသည် ဘိုးထင်ကိုအားကိုးတကြီးဖြင့်ကြည့်ရင်း ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ဘိုးထင်မှာဖြင့် ကိုမြကြီးအား မကြည်သလိုကြည့်ကာ

​"သွားဗျာ ကိုဖိုးထွေးတို့နောက်လိုက်သွား ဘာလဲ အစက တည်းက ခင်ဗျားက ကန့်လန့်ကဆန်လုပ်ချင်နေတာလား"

​"ဟာ မဟုတ်ပါဘူးကွာ ငါက ညီမလေးကိုစိတ်မချလို့ပါ"

​"ကိုကြီးမြကြီး ခင်ဗျားက လွန်တယ်ဗျာ စိတ်မချရအောင် အခုမှ ရေအိုးစင်မှာပဲရှိသေးတယ်လေ"

​"အေး ဟုတ်သားပဲ အေးကွာ အဲ့ဒါဆိုလည်း ငါ ပန်းချီငိုအိမ်ပဲလိုက်သွားတော့မယ် မင်းတို့ သေချာအပ်ခဲ့နော်"

​"စိတ်ချစမ်းပါဗျာ ကျုပ်တို့အလုပ် ကျုပ်တို့သိပါတယ်"


​ဘိုးထင်မှ ထိုသို့‌ပြောလိုက်ရာ ကိုမြကြီးသည် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မအေးမြင့်အား ပြုံးချိုနေသည့် အကြည့်တို့ဖြင့်ကြည့်ကာ

​"ညီမလေး အကိုကြီး သွားတော့မယ်နော် မနက်ဖြန်မနက်မှတွေ့မယ်"

​မအေးမြင့်မှာဖြင့် ခေါင်းကိုသာညိတ်ပြလိုက်ပြီး ဘိုးထင်နှင့် သာအေး စတင်ထွက်ခွာသွားရာနောက်သို့လိုက်သွားလေသည်။ကိုမြကြီးသည် ဘိုးထင်တို့ခပ်လှမ်းလှမ်းရောက်သည်အထိငေးကြည့်နေလေရာ စိတ်မရှည်သော ပေတူးမှ ကိုမြကြီး၏လက်အား အတင်းဆွဲ၍ခေါ်ဆောင်သွားလေသည်။ ဘိုးထင်သည် ကိုမြကြီး၏အမူအရာကို ခေတ္တမျှနောက်လှည့်ကြည့်လိုက်ပြီး မူယာတို့၏နေအိမ်သို့ ခပ်မြန်မြန်သွားလိုက်လေသည်။မကြာသောအချိန်တွင်တော့ မူယာ၏နေအိမ်သို့ ရောက်ရှိလာပြီဖြစ်သည်။အိမ်ရှေ့တွင်တော့ မူယာနှင့် သူမ၏ မိခင်ဖြစ်သူတို့ ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြသည်ကို တွေ့လိုက်ရလေသည်။သူတို့နှင့်အတူ ပေတူး၏ မိန်းမ စွဲမိလည်း အတူရှိနေသည်။သူမတို့သည် ဘိုးထင်တို့ သုံးယောက်အားမြင်သောအခါ ဝမ်းသာအားရဖြင့်လှမ်းခေါ်ပြီးနှုတ်ဆက်ကြလေသည်။

​"ဘိုးထင်တို့ပါလား လာ ဧည့်သည်လည်းပါလာတာကိုး"

​"ဘိုးထင် နင်တို့နောက်ကို နင့်အကိုကြီး ပေါက်တူးမလိုက်ရလို့ ရန်စောင်နေတာလေ အဲ့ဒါနဲ့ ငါလည်း ပေပင်ကနေ ခဏရှောင်ပေးနေတာ အဲ့ဒါမှ ဒင်းပြန်ပျော်သွားမှာ"

​စွဲမိသည် တန်းလျားတွင်ထိုင်နေကြသည့် ဘိုးထင်တို့ သုံးယောက်အနက် ဘိုးထင်ကိုကြည့်၍စကားဆိုလိုက်ခြင်းဖြစ် သည်။ထိုအခါ ဘိုးထင်သည် စွဲမိအား မျက်နှာပြုံးစစဖြင့်ခွန်းတုံ့ပြန်လိုက်သည်။

​"အမစွဲမိက ကိုပေါက်တူးကိုတော်တော်ချစ်သားပဲဗျ"

​"ချစ်တာပေါ့ဟယ် ရေအိုးစင်မှာနေရင် ငါ့အကိုတွေက အလုပ်ခိုင်းလွန်းလို့ ပေပင်ရွာမှာလိုက်နေတာပဲ ကြည့်"

​"ကိုပေါက်တူးကတော့ တကယ်ကိုကံကောင်းတာပဲ ကိုပေါက်တူးက ကျုပ်တို့နောက်လိုက်ချင်လို့ အတင်းလာပြောသေးတယ် ကျုပ်လည်း အမပြောထားတာနဲ့မခေါ်တော့တာ"

​"မခေါ်နဲ့ မခေါ်နဲ့။ ဒင်းက ဗေါက်ရှူးဝါးရယ် ဘာမှသိပ်တွေးတာမဟုတ်ဘူး သူတို့လိုက်ရင် နင်တို့ပါ ဘေးများမှာစိုးလို့"

​ဘိုးထင် မစွဲမိ၏စကားကိုလက်ခံမိသည်။သူမပြောသည်မှာ မှန်၏။ကိုကိန်နှင့် ကိုပေါက်တူးတို့သည် သူတို့ဖြစ်ချင်တာ လုပ်ချင်တာများကိုသာ အတင်းလုပ်လေ့ရှိသဖြင့် သိပ်တော့ အဆင်မပြေပေ။ထို့နောက် ဘိုးထင်သည် မူယာနှင့် မူယာ၏ မိခင်ကြီးတို့အားပြုံးပြလိုက်ကာ မအေးမြင့်အားညွှန်ပြရင်း စကားဆိုလေသည်။

​"အမမူယာနဲ့ ကြီးတော်ကြီးရေ ဒီကအမက မအေးမြင့်တဲ့"

​ဘိုးထင်သည် ထိုသို့အစရှိပြီး နာမ်ရွာသို့ မအေးမြင့်ကိုယ်ထဲတွင်ကိန်းအောင်းနေသည့် မဟူရာဒေဝီကိုသွားပို့ရသည့် အကြောင်းအား ပြောပြလိုက်လေသည်။မူယာသည်လည်း ပညာသည်ဘဝမှ ပညာစွန့်ထားသူတစ်ယောက်မို့ ဘိုးထင်ပြောသောစကားအား ကောင်းစွာနားလည်ပြီး သူမတို့အိမ်တွင်ညအိပ်ထားမည့်အစီအစဉ်အား လိုလိုလားလားလက်ခံလေသည်။

​"ဘိုးထင် နင်တို့ဘာမှမပူနဲ့ သူ့ကို သေချာဂရုစိုက်ထားမယ် နင်တို့ ငါ့အိမ်မှာပဲ ထမင်းစားကြပါလားဟယ်"

​"မစားတော့ဘူး အမရေ အမအေးမြင့်ကိုပဲကျွေးလိုက်ပါ ကျုပ်တို့က ကိုပန်းချီငိုအိမ်မှာပဲစားတော့မယ် မနက်အစောမှ ကျုပ်တို့ လာခေါ်လိုက်မယ်လေ"

​"အေး အေး ဘာမှစိတ်မပူနဲ့"

​"အင်းပါဗျာ အဲ့ဒါဆို ကျုပ်တို့လည်းပြန်လိုက်ဦးမယ် အမအေးမြင့် ကျုပ်တို့ မနက်အစောမှလာခဲ့မယ်နော် ဒီအမတွေကိုဘာမှအားနာစရာမလိုဘူး ဒါ ကျုပ်တို့စားအိမ်သောက်အိမ်ပဲ အမစွဲမိလည်း အမအေးမြင့်ကိုဂရုစိုက်ပေးပါဦး"
4
​ဘိုးထင်သည် မအေးမြင့်အားစကားဆိုရင်း မစွဲမိကိုပါ တစ်ခါတည်းပြောလိုက်သည်။ထိုအခါ စွဲမိသည် သူမ၏ဝသီအတိုင်း အာပေါင်အာရင်းသန်သန်နှင့် စိတ်ချလက်ချထားခဲ့ရန် ဘိုးထင်တို့အား ခွန်းတုံ့ပြန်ပြောဆိုလာလေသည်။ ထို့နောက် ဘိုးထင်နှင့် သာအေးတို့သည် မအေးမြင့်အား ထားရစ်ခဲ့ကာ ကိုပန်းချီငို၏နေအိမ်သို့ ပြန်လာလိုက်ကြပါလေတော့သည်။

​အခန်း (၄)

​နေလုံးကြီးသည် အားအင်ပျော့ပြောင်းနေပြီး အနောက်ဘက်တောင်တန်းများအတွင်းသို့ ဝင်တော့မည်ဟန်ပြင်နေ သည်။ထို့အတွက် နေ၏အလင်းရောင်တို့သည်လည်း အရှိန် လျော့ပြီး ညီအကိုမသိတသိအချိန်သို့ရောက်ရှိလာလေသည်။ ထိုအချိန်တွင် ရေအိုးစင်ရွာအဝင်လမ်း၌ လူနှစ်ယောက် လမ်းလျှောက်နေသည်။သူတို့သည် စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ဟန်ပန်များနှင့်ဖြစ်ပြီး ရွာအဝင် မလှမ်းမကမ်းရှိ ဇရပ်ကိုကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် စကားဆိုနေကြသည်။

​"မောင်တူးရေ ငါတို့ဇရပ်မှာ ခဏထိုင်နားရအောင်ကွာ ငွေကလည်း ဘယ်လိုလုပ်ပြီးရှာရမှန်းမသိဘူး မြောက်ကမ်းက အသုဘမှာ အခုညပွဲကောင်းမယ်တဲ့ကွ"

​"မင်းကို ငါကြိုပြောသားပဲ စိန်ဌေးရာ သစ်ဆိမ့်ဝိုင်းက ညာရိုက်တဲ့ကောင်တွေများတယ်ဆိုတာကို သွားရိုက်တော့ ခံရတာ‌ပေါ့ တောက် တစ်ဂွင်လေးတောင် မနိုင်ဘူးဆိုတော့ တို့ညာရိုက်ခံရတာပဲ ငါ့နွားဖိုးငွေတွေလည်း ကုန်ပြီ ငါ့အဘကို ဘယ်လိုပြောရမှန်း မသိတော့ဘူးကွာ"

​"မင်းက ညာရိုက်နေမှန်း သိသိကြီးနဲ့ကို အကုန်ရိုက်တာကိုးကွ အခုအချိန် အရင်းအနှီးလေးသာရှိရင် ကုန်သွားတဲ့ငွေတွေ ပြန်ရပါတယ်ကွ မြောက်ကမ်းဝိုင်းတွေက တို့မနိုင်ဘူးဆိုတာရှိဖူးလို့လား"

​ရေအိုးစင်ရွာသားနှစ်ယောက်ဖြစ်သည့် မောင်တူးနှင့် စိန်ဌေးအမည်ရ လူရွယ်နှစ်ယောက်တို့သည် ဖဲရှုံးလာကြသည့် အတွက် စိတ်ပျက်လက်ပျက်ဖြစ်ကာ ရွာသို့ပြန်လာရင်း စကားတပြောပြောနှင့် ဇရပ်အတွင်းသို့ဝင်သွားကြသည်။ ဇရပ်အတွင်းတွင်တော့ တို့ထက်ကြိုရောက်နှင့်နေသော မုတ်ဆိတ်ကျင်စွယ် ဗရပွနှင့် ခပ်နွမ်းနွမ်းပုဆိုးနှင့်တိုက်ပုံကိုဝတ်ထားသည့် လူကြီးတစ်ယောက်သည် ဇရပ်တိုင်ကိုမှီ၍ ထိုင်နေသည်။မောင်တူးနှင့် စိန်ဌေးမှာဖြင့် ထိုလူကြီးကိုစိတ်မဝင်စားဘဲ သူတို့ဆုံးရှုံးခဲ့သော ငွေများပြန်ရရန်အတွက်သာ တိုင်ပင်နေကြသည်။မောင်တူးသည် အဘဖြစ်သူမှ နွားတစ်ရှဉ်းဝယ်ခိုင်းလိုက်သည့်ငွေကုန်အောင်ဖဲရိုက်မိလိုက်သဖြင့် အတော်ကိုစိတ်ရှုပ်ထွေးလို့နေသည်။

​"စိန်ဌေး ငါက မင်းအဆွယ်ကောင်းလို့ချလိုက်တာ အခုတော့ခွေးဖြစ်သွားပြီ ငါ့အဘအကြောင်း မင်းလည်းအသိသားနဲ့ တော်ကြာ ရွာလူကြီးဆီမှာ ငါ့ကိုထိပ်တုံးခတ်ခိုင်းရင် ခတ်ခိုင်းနေမှာ"

​"မင်းကလည်းကွာ ထိပ်တုံးခတ်ခိုင်းတော့လည်း အခတ်ခံလိုက်ကြရုံပေါ့ ဘာခက်တာမှတ်လို့"

​"ထိပ်တုံးတင်မဟုတ်ဘူး ငါ့အဘက ငါ့ကိုဆော်အုံးမှာဟ နွားဝယ်ဖို့စုထားတဲ့ငွေလေးတွေ အကုန်ကုန်သွားတာလေ "

​"မင်းကလည်းကွာ အဲ့လောက်လည်း စိတ်ဓာတ်ကျမနေစမ်းပါနဲ့ဦး ငါတို့ ငွေလေးဘာလေးလိုက်ချေးကြည့်ကြတာပေါ့ အဲ့ငွေလေးရရင် ထပ်ပွားလိုက်မယ်လေ မြောက်ကမ်းဝိုင်းမှာတော့ နိုင်မှာ သေချာပါတယ်ကွာ"

​"မင်းပြောလိုက်ရင်တော့ အသေအချာနိုင်မယ်ဆိုတာချည်းပဲ ပြီးရင် ကုန်သွားတာချည်း"

​"ဟေ့ကောင်ရာ အဲ့ဒါ တို့က နယ်ကျော်ရိုက်လို့လေ မြောက်ကမ်းတို့ဘာတို့ဆိုတာက တို့နယ်ပဲလေ ဘယ်တုန်းက များ ငါတို့နယ်မှာ ငါတို့ရှုံးဖူးလို့လဲ"

"အေး အဲ့ဒါလည်းဟုတ်တာပဲ ဒါပေမဲ့ကွာ ငါတို့ ဘယ်သူ့ဆီကနေ ငွေချေးမှာလဲ အတိုးချေးစားတဲ့ ဒေါ်မြဝင်းတောင် တို့ကိုငွေမချေးတော့ဘူးလေ ငါတို့ အရင်းအနှီးဘယ်လိုဖန်ကြမတုန်း"

​မောင်တူး၏စကားကြောင့် စိန်ဌေးသည်လည်း မည်သည့်စကားမှပြန်မပြောနိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။ထိုအချိန်မှာပင် ဇရပ်ထောင့်တိုင်ကိုမှီပြီးထိုင်နေသည့် မုတ်ဆိတ်ကျင်စွယ်ဗရပျစ်နှင့် လူကြီးထံမှ လေသံအေးအေးဖြင့်ပြောလာသည့် စကားသံပေါ်ထွက်လို့လာသည်။

​"မောင်တို့က ငွေလိုနေတာလား"

​ထိုစကားကြောင့် မောင်တူးနှင့် စိန်ဌေးသည် မျက်နှာစိမ်းလူကြီးအားပြိုင်တူလှည့်ကြည့်လိုက်ပြီး

​"လိုတာပေါ့ ဦးကြီးရာ ဒါနဲ့ ဦးကြီးကို ကျုပ်တို့မမြင်ဖူးပါလား ဘယ်ကများလဲ"

​"ဟုတ်တယ် ကျုပ်တို့ ဦးကြီးကို တခါမှမမြင်ဖူးဘူး"

​မောင်တူးနှင့် စိန်ဌေးမှ ထိုသို့ပြောလိုက်သည့်အခါ မျက်နှာစိမ်းလူကြီးသည် သဘောကျစွာရယ်မောလိုက်ပြီး သူထိုင်နေသည့်နေရာမှထ၍ မောင်တို့နှစ်ယောက်အနားသို့ ပြောင်းထိုင်လိုက်ကာ စကားကိုဆက်လေသည်။

​"ကဲ ငါဘယ်မှာနေတာဆိုတာက အရေးမကြီးပါဘူး အရေး ကြီးတာက မင်းတို့ အရင်းအနှီးရဖို့မလား"

​"ဦးကြီး ဘာကိုဆိုလိုတာလဲဗျ"

​မျက်နှာစိမ်းလူကြီး၏ပြောစကားအား နားမလည်ဖြစ်နေဟန်ရှိသော မောင်တူးမှ ပြန်မေးလိုက်လေသည်။ထိုအခါ မျက်နှာစိမ်းလူကြီးသည် တစ်ချက်ပြုံးလိုက်ပြီး သူ၏လွယ် အိတ်ကြီးထဲမှ ငွေစက္ကူအချို့ကိုထုတ်ပြီး ဇရပ်ကြမ်းပြင်ပေါ် ချလိုက်ရင်းက စကားဆိုလေသည်။

​"မောင်ရင်တို့ ဟော့ဒီမှာ ငွေတွေ မင်းတို့ အရင်းအနှီးအတွက် လုံလောက်မယ်လို့ထင်တယ်"
4
မျက်နှာစိမ်းလူကြီးမှ ဇရပ်ကြမ်းပြင်ပါ်သို့ ငွေအချို့ကိုချပေးပြီး လက်နှင့်ပုတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။မောင်တူးနှင့် စိန်ဌေးသည် မှောင်စပျိုးနေပြီဖြစ်သော်လည်း အထင်အရှား မြင်နေရသည့် ငွေစက္ကူတို့ကိုကြည့်ကာ

​"ဦးကြီးက ကျုပ်တို့ကို အဲ့ငွေတွေတကယ်ပေးမှာမလို့လား"

​"အေးပေါ့ကွ ပေးမှာပေါ့ ဒါပေမဲ့ အလကားတော့မပေးနိုင်ဘူး ငါခိုင်းတာတစ်ခုလုပ်ပေးရင်တော့ပေးမယ်"

​"ဦးကြီးက ဘာခိုင်းမှာလဲ ကျုပ်တို့က ငွေပေးတိုင်း မဟုတ်တာလုပ်မယ့်သူတွေမဟုတ်ဘူးနော် ကျုပ်တို့က အဲ့လိုလူစားတွေမဟုတ်ဘူး"

​"အေးပါကွာ မင်းတို့ မဟုတ်တာမလုပ်ဘူးဆိုတာကို ငါသိပါတယ် ငါကလည်း မင်းတို့ကိုမဟုတ်တာတွေခိုင်းမှာမဟုတ်ဘူး ငါ့ပညာလေးစမ်းချင်လို့ မင်းတို့ကို အကူအညီတောင်းမှာ"

​"ပညာစမ်းမယ် ဟုတ်လား အဲ့ဒါဆို ဦးကြီးကဘာလဲ သိုင်းဆရာလား ကျုပ်တို့ ဦးကြီးကိုချရမှာလား"

​မောင်တူး၏စကားကြောင့် မျက်နှာစိမ်းလူကြီးသည် သဘောကျစွာဖြင့်ရယ်မောလိုက်ပြီး

​"မဟုတ်ရပါဘူးကွာ ပညာစမ်းမယ်ဆိုတာကလည်း သိုင်းပညာမဟုတ်ဘူးကွ စုန်းပညာ"

​"ဗျာ အဲ့ဒါဆို ဦးကြီးက စုန်းကြီးလား"

​မောင်တူးနှင့် စိန်ဌေးတို့သည် ပြောပြောဆိုဆို ထိုင်ရာမှ မတ်တတ်ထရပ်လိုက်ပြီး မျက်နှာစိမ်းလူကြီးနှင့် ခပ်ခွာခွာ၌ သွားနေလေသည်။မျက်နှာစိမ်းလူမှာဖြင့် ကမန်းကတန်း လက်ကာပြလိုက်ကာ

​"မောင်ရင်တို့ နေစမ်းပါဦးကွယ် ကျုပ်မျက်နှာက မောင်ရင်တို့ကိုဒုက္ခပေးမယ့်ပုံ ပေါက်နေလို့လား"

​"ပြောလို့ရမလားဗျ လူဆိုးဆိုတာ ချိုပါတာမှမဟုတ်ပဲ"

​"မင်းတို့ကလည်းကွာ ငါလို လူအိုတစ်ယောက်က မင်းတို့လိုလူရွယ်နှစ်ယောက်ကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ မင်းတို့မလုပ်ချင်ရင်လည်း နေကွာ ငါလည်း မင်းတို့လိုချင်တဲ့ အရင်းအနှီးမပေးရုံပေါ့"

​မျက်နှာစိမ်းလူကြီးသည် ထိုသို့ပြောပြီး ဇရပ်ကြမ်းပြင်တွင် ချထားသော သူ၏ငွေစက္ကူတို့အားပြန်လည်သိမ်းဟန်ပြင်လိုက်သည်။ထိုအခါ စိန်ဌေးသည် ငွေများကို နှမြောတသစွာ ကြည့်ပြီး မျက်နှာစိမ်းလူကြီးအား မေးမြန်းလိုက်လေသည်။

​"ခင်ဗျား ကျုပ်တို့ကိုဘာခိုင်းမှာလဲ ပြောကြည့်လေဗျာ ငွေတွေအများကြီးပေးတော့ ကျုပ်တို့လည်း မဟုတ်တာခိုင်းမှာလားလို့ လန့်သွားတာပေါ့ ခင်ဗျား အရင်ပြောကြည့်"

​"အဲ့ဒီလိုလုပ်စမ်းပါကွ မင်းတို့ကလည်း"

​မျက်နှာစိမ်းလူကြီးသည် ထိုသို့ပြောလိုက်ပြီး ငွေစက္ကူများကိုမသိမ်းတော့ဘဲ မောင်တူးနှင့် စိန်ဌေးတို့နှစ်ယောက်အား သေချာကြည့်ပြီး စကားဆိုလိုက်လေသည်။

​"တခြားတော့ မဟုတ်ပါဘူး မင်းတို့ရွာမှာ ပညာသည်တစ်ယောက်ရှိတယ်မလား"

​"ဘယ်သူလဲဗျ ကျုပ်တို့သိတာတော့ တစ်ယောက်မကဘူး"

​"မူယာဆိုတဲ့ တစ်ယောက်လေကွာ မင်းတို့သိတယ်မလား"

​"သိတယ်လေ သိပ်သိတာပေါ့ ဘာလို့လဲ ခင်ဗျားက မူယာကိုဒုက္ခပေးမလို့လား အဲ့ဒါဆိုရင်တော့ ကျုပ်တို့မကူညီနိုင်ဘူး"

​"မင်းတို့ရွာသူကို ဒုက္ခမပေးပါဘူးကွာ မင်းတို့ရွာသူကို ငါက ကယ်မှာ"

​"ဗျာ ဦးကြီး ဘာတွေပြောနေတာလဲ"

​"မင်းတို့ရွာသူရဲ့အိမ်မှာ မကောင်းဆိုးဝါးတစ်ကောင် ရောက်နေတယ် သူက မိန်းကလေးတစ်ယောက်ရဲ့ကိုယ်ကို အမှီသဟဲပြုပြီး နေ နေတာ"

​"ဟာဗျာ မဖြစ်နိုင်တာ"

​"မဖြစ်နိုင်ဘူးဟုတ်လား မင်းတို့မယုံရင် မူယာ့အိမ်ကို သွားကြည့်ကွာ အဲ့မှာ မိန်းမတစ်ယောက်ရောက်နေလိမ့်မယ် မင်းတို့တွေကို သူ့ကိုမြင်နိုင်တဲ့ အစွမ်း ငါပေးလိုက်မယ် သေချာပြီဆိုမှ ငါ့အလုပ်ကိုလုပ်ပေးပေါ့ကွာ"

​"နေပါဦး ဦးကြီးအလုပ်က ဘာအလုပ်လဲဗျ"

​"တခြားတော့ မဟုတ်ပါဘူးကွာ ဒီပစ္စည်းလေးကို အဲ့အိမ်ဝိုင်းထဲ သွားထားရုံပါပဲ"

​မျက်နှာစိမ်းလူကြီးသည်ထိုသို့ပြောပြီးနောက် လွယ်အိတ်ထဲမှ အစွယ်များထွက်နေပြီး ပုဆိုးကိုခါးတောင်းကျိုက်ထားကာ သန်လျက်ထမ်းထားသော အမည်းရောင်သစ်သားရုပ်ကလေးကိုထုတ်ပြလာလေသည်။

​"ဒီအရုပ်ကို သွားထားရမှာ ဒီအရုပ်က ကျုပ်တို့ရွာသူကို ဒုက္ခမပေးဘူးလို့ ခင်ဗျားပြောရဲလား"

​"မင်းတို့ကို ပြောပြပြီးပြီကော ငါအခုလိုလုပ်တာ မင်းတို့ရွာသူကိုကယ်တင်တာပါဆို မှတ်ထား ငဉာဏ်ဆိုတဲ့ငါက မဟုတ်တာဘာမှမလုပ်ဘူး"

​မျက်နှာစိမ်းလူကြီး၏အမည်မှာ ဦးဉာဏ်ဖြစ်ပြီး အောက်လမ်းဆရာကြီးတစ်ယောက်ဖြစ်သည်။ရုပ်ရည်မှာ ကြမ်းတမ်းသော်လည်း အပြောအဆိုကောင်းသူမို့ တော်ရုံလူများသည် သူ့စကားအားလိုက်နာကြသည်သာဖြစ်သည်။ယခုလည်း ဖဲရှုံး၍စိတ်ပျက်နေသည့် လူရွယ်နှစ်ယောက်အား ငွေဖြင့်မြူဆွယ်၍ သူ၏အကြံအစည်များအားအကောင်အ ထည်ဖော်ရန်ကြံစည်လျက်ရှိသည်။အမှောင်လောကသားတို့၏ထုံးစံအတိုင်း အင်အားကြီးမားသော မဟူရာဒေဝီ၏ အစွမ်းကိုလိုချင်တပ်မက်နေ၍ စတင်လှုပ်ရှားလိုက်ခြင်းပင်ဖြစ်သည်။မောင်တူးသည် ဦးဉာဏ်ပေးသော ဘီလူးရုပ်တုလေးအားသေချာစူးစမ်းကြည့်ပြီးနောက် သူသိလိုသည်များအား မေးမြန်းလိုက်လေသည်။

​"ကျုပ်တို့က ဒီအရုပ်ကလေးကို ဘယ်မှာထားရမှာလဲ"

​"မင်းတို့ရွာသူ မူယာအိမ်ဝိုင်းထဲသွားထားရင်ရပြီ"

​"ဒါလေးသွားထားတာများဗျာ ကိုယ့်ဘာသာ သွားထားလို့ မရဘူးလား"

​"မရလို့ပေါ့ကွာ မင်းတို့မသိတဲ့တချို့အရာတွေ အများကြီးရှိသေးတယ် မောင်တို့ရ"
2
​"အဲ့ဒါတွေထားတော့ဗျာ ဒီအရုပ်နဲ့ မူယာကိုဒုက္ခပေးရင်ကော ဘယ်လိုလုပ်မလဲ မူယာက ဟိုးတုန်းကသာ ပညာသည်ဗျ အခုတော့ သာမန်လူပဲ "

​"အဲ့ဒါကြောင့်မို့ ကျုပ်က မောင်ရင်တို့ကို သွားထားစေချင်တာပေါ့ မင်းတို့ရွာသူအိမ်ကိုရောက်နေတာ မကောင်းဆိုးဝါးနော် မင်းတို့ မယုံဘူးဆိုရင် ငါလက်တွေ့ပြမယ်"

​"ဘယ်လို လက်တွေ့ပြမှာလဲဗျ"

​"လွယ်ပါတယ်ကွာ မင်းတို့နှစ်ယောက်ကို ငါမန်းပေးလိုက်မယ် ငါမန်းပြီးတာနဲ့ မင်းတို့ရွာသူအိမ်က မကောင်းဆိုးဝါးကောင်ကိုမြင်ရလိမ့်မယ်"

​ဦးဉာဏ်ထိုသို့ပြောလိုက်သည့်အခါ မောင်တူးနှင့် စိန်ဌေးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်သားတိုင်ပင်ကြလေသည်။

​"မောင်တူး ဘယ်လိုလုပ်မတုန်း"

​"ဘာကိုလဲ"

​"ဒီဦးကြီးခိုင်းတာကိုလုပ်မလား"

​"သူက သေချာပြောနေမှတော့ ငါတို့စမ်းကြည့်တာပေါ့ကွာ မကောင်းဘူးလား"

​"ကောင်းတယ် တကယ်မကောင်းဆိုးဝါးဆိုရင် ကူညီပေး လိုက်တာပေါ့ ကုသိုလ်လည်းရဝမ်းလည်းဝပေါ့ကွာ"

​မောင်တူးနှင့် စိန်ဌေးတို့သည် အချင်းချင်းတိုင်ပင်လိုက်ပြီးနောက် ဦးဉာဏ်အားကြည့်လိုက်ကာ

​"ကဲ ဦးကြီး ကျုပ်တို့လုပ်မယ်ဗျာ တကယ်လို့ ဘာမကောင်း ဆိုးဝါးမှမရှိဘူးဆိုရင်တော့ မလုပ်ဘူးနော် ငွေမယူသေးဘူး အရင်သွားကြည့်အုံးမှာ"

​"ကောင်းတယ် မင်းတို့စိတ်ဓာတ်တွေကိုတော့ကြိုက်သွားပြီ မင်းတို့တွေက ကိုယ့်ရွာသူထိခိုက်မှာတော့ အတော်စိုးရိမ်သားပဲ"


​"စိုးရိမ်တာရပေါ့ဗျာ မူယာက ဟိုးတုန်းကလည်း မတရားစွပ်စွဲတာခံရ‌သေးတယ် အဲ့တုန်းကတည်းက ကျုပ်တို့ရွာသူရွာ သားတွေ သူ့ကိုသနားနေကြတာ"

​"အေးကွာ ကောင်းတယ် ကဲ အဲ့ဒါဆို မင်းတို့ကို ငါမန်းပေးမယ် လာ ဒီမှာထိုင်ကြ"

​အောက်လမ်းဆရာကြီး ဦးဉာဏ်သည် သူ့အားကြောက် လန့်ပြီး ဇရပ်ပေါ်တွင်မထိုင်တော့သည့် မောင်တူးနှင့် စိန်ဌေးအား ဇရပ်ပေါ်တွင်ပြန်ထိုင်စေကာ သူတို့မျက်လုံးများအရှေ့၌ သူ၏လက်ဝါးအား ဝေ့ရမ်းကာ အသံခပ်အုပ်အုပ်ဖြင့် မန္တန်တပုဒ်ကိုရွတ်နေပါလေတော့သည်။

​အခန်း (၅)

​မီးအိမ်အတွင်းသို့ထည့်ထားသည့် ရေနံဆီမီးခွက်၏ အလင်းရောင်လေးသည် အိမ်လေး၏အိမ်အောက်တွင်တော့ အလင်းရောင် ကောင်းစွာပေးစွမ်းလျက်ရှိသည်။ရေနံဆီမီးခွက်အလင်းရောင်အောက်တွင်တော့ အမျိုးသမီးသုံးယောက်သည် တန်းလျားစားပွဲတွင်ထိုင်ကာ ထမင်းစားလျက်ရှိသည်။သူမတို့သည် မူယာ၊မအေးမြင့်နှင့် မူယာ၏မိခင်ဖြစ်သူတို့ဖြစ်သည်။မူယာနှင့် သူမ၏မိခင်ဖြစ်သူတို့သည် တန်းလျားတစ်ခုတွင်ထိုင်နေပြီး မအေးမြင့်သည်ကား သူတို့နှင့်မျက်နှာချင်းဆိုင်တန်းလျားတွင်ထိုင်ကာ ပြုံးရွှင်စွာဖြင့် ထမင်းစားသောက်နေကြသည်။

​"မအေးမြင့် ဟင်းတွေထည့်စားနော် ဘာမှအားနာစရာမလိုဘူး"

​"ဟုတ်ကဲ့ မမူယာ ဘိုးထင်တို့ရောအဆင်ပြေရဲ့လားမသိဘူး"

​"အဲ့အတွက်တော့ မပူနဲ့ မအေးမြင့်ရေ ကိုပန်းချီငိုက သိပ်သဘောကောင်းတာ ပြီးတော့ ဘိုးထင်တို့နဲ့ဆိုညီအစ်ကိုလို နေကြတာလေ"

​သူမတို့သုံးယောက်စကားပြောနေချိန်မှာပင် မောင်တူးနှင့် စိန်ဌေးမှာ ခေါ်သံပြု၍ အိမ်အောက်သို့ဝင်လာကြလေသည်။

​"မူယာ ကြီးတော်ကြီး ကျုပ်တို့ဝင်လာပြီနော်"

​"ဘယ်သူတွေများလဲကွယ့်"

​"ကျုပ်တို့ မောင်တူးနဲ့ စိန်ဌေးပါဗျ"

​"မောင်တူးတို့လား လာ လာ ဘယ်လိုလဲ နင့်ညီမဆီ ငွေလာချေးပြန်တာလား"

​အကြောင်းသိနေသော မူယာ၏မိခင်ကြီးသည် မောင်တူးနှစ်ယောက်အားဆီးကြိုပြီး ထိုသို့ပြောလိုက်သည်။ထိုအခါ မောင်တူးနှင့် စိန်ဌေးတို့သည် ရယ်သံနှောကာ

​"ကြီးတော်ကြီးကတော့ ပြောတော့မယ်။ကျုပ်တို့နှစ်ယောက်ကိုတွေ့ရင် ငွေချေးမယ်ချည်းထင်နေတာ"

​"ဟုတ်တယ် ကျုပ်တို့ကခင်လို့ အလည်လာတာပါ"

​မောင်တူးနှင့် စိန်ဌေးသည် ပြောပြောဆိုဆို မအေးမြင့်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် မူယာနှင့် မူယာ၏မိခင်ကြီးနံဘေးတွင် ရပ်လိုက်သည်။ထို့နောက် သူတို့သည် မအေးမြင့်ကိုကြည့်လိုက်ရာ သူတို့၏မျက်လုံးထဲတွင် မအေးမြင့်နှင့် မဟူရာတို့၏မတူညီသော ရုပ်သွင်နှစ်ခု ထပ်လျက်ဖြစ်နေ သည်ကို အံ့ဩဖွယ်မြင်တွေ့လိုက်ရသည်။မအေးမြင့်၏ကိုယ်တွင်ရှိနေသည့် မဟူရာမှာဖြင့် မောင်တူးနှင့် စိန်ဌေးအား မျက်စောင်းထိုး၍ကြည့်နေသည်။ထူးဆန်းသည့် မအေးမြင့်ကြောင့် မောင်တူးတို့နှစ်ယောက်လုံးလန့်ဖြန့်နေသော်လည်း မှင်ကောင်းကောင်းဖြင့်ပင် မူယာတို့သားအမိနှစ်ယောက်အား စကားရောဖောရောလုပ်ပြီး မအေးမြင့်အား သတိမထားမိဟန် နေ နေကြသည်။

​"မူယာ နင့်အမေပြောတဲ့အတိုင်း ငါတို့ကို ငွေငါးဆယ်လောက်ချေးပေးပါလား"

​"ကိုမောင်တူးတို့ကို ခင်တော့ခင်တယ် တစ်ရွာလုံးကမချေးနိုင်တာမို့ ကျုပ်လည်းမချေးပေးနိုင်ဘူး ထမင်းဆာနေရင် တစ်ခါတည်း ဝင်စားသွားလိုက် ငွေတော့မချေးပါရစေနဲ့ ရှိလည်းမရှိဘူး"

​"နင်ကလည်း ပြောလိုက်မှဖြင့် တုတ်ထိုးအိုးပေါက်ပဲ ကဲ ကဲ မချေးဘူးဆိုလည်းသွားပြီ ငါတို့လည်း ပြန်တော့မယ်ဟာ ထမင်းတော့ မစားတော့ပါဘူး ဧည့်သည်ကိုနှောင့်ယှက်နေသလိုဖြစ်မှာစိုးလို့"

​"ဒါတော့ သိတတ်သား"

​"သိတတ်တာပေါ့ဟ ကြီးတော်နဲ့ မူယာ ကျုပ်တို့ပြန်ပြီနော် ဒီက ဧည့်သည်အမလည်း ပြန်ပြီဗျ"
4
​မောင်တူးနှင့် စိန်ဌေးတို့သည် ကြောက်စိတ်များဖြစ်ပေါ်နေသော်လည်း မှင်ကောင်းကောင်းနှင့်ပင် အားလုံးကိုနှုတ်ဆက် ပြီး ပြန်ရန်ပြင်လိုက်လေသည်။မောင်တူးသည် လက်ထဲမှ အရုပ်အား အိမ်ဝိုင်းရှေ့တွင်ရှိသော မန်ကျည်းပင်အရင်းတွင် ချထားခဲ့လိုက်သည်။သူတို့နှစ်ယောက်ပြန်သွားသည့်အခါ မူယာသည် မအေးမြင့်အား အားနာစွာဖြင့်ကြည့်ကာ

​"အမရေ အားနာလိုက်တာတာ သူတို့နှစ်ယောက်က ရွာက ဖဲသမားတွေလေ ဖဲရှုံးရင် ကျမဆီငွေလာချေးနေကျ သူတို့က ငွေချေးပြီးရင် ပြန်မပေးတော့မဟုတ်ဘူး ပေးတယ် သူတို့အိမ်တွေက စပါးခိုးပေး နှမ်းခိုးပေးဆိုတော့ မျက်နှာပူရတယ်လေ အဲ့ဒါကြောင့်လည်း မချေးပေးလိုက်တာ"

​"ဟုတ်လား သူတို့က ဒီကိုတော့ လာနေကျပေါ့"

​"ဖဲရိုက်ဖို့ ငွေ ဘယ်မှာမှချေးမရဘူးဆိုရင်တော့ ရလိုရငြား အခုလိုပဲ လာကြတာပါပဲ"

​"ဩော် ဩော်"

​မအေးမြင့်သည်လည်း သံံောဪသယစိတ်မဖြစ်သလို မအေးမြင့်၏ကိုယ်ထဲမှာ ကပ်နေသည့် မဟူရာသည်လည်း မောင်တူးတို့နှစ်ယောက်အား သံသယစိတ်မဖြစ်ပေ။ဤသို့ဖြင့် သူမတို့သုံးယောက် စကားတပြောပြောနှင့် ထမင်းစားနေချိန်တွင်တော့ ဘီလူးရုပ်လေးအား မန်ကျည်းပင်အောက်သတွင်ထားခဲ့သော မောင်တူးနှင့် စိန်ဌေးတို့ နှစ်ယောက်သည် ဇရပ်သို့ ပြန်သွားရင်း တီးတိုးစကားဆိုနေဠအွကြသည်။

​"ဟို ဆရာကြီးပြောတာမှန်တယ်ဟ မင်းမြင်လိုက်လား မူယာတို့အိမ်မှာရောက်နေတဲ့ မိန်းမကိုလေ သူ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ကွ"

​"ဟုတ်တယ် ငါလည်းမြင်တယ် တကယ်မကောင်းဆိုးဝါးရှိနေတာ ငါတို့ ဘယ်လိုလုပ်မလဲ မောင်တူး"

​"ဘာလုပ်ရမှာလဲ စိန်ဌေးရာ ဇရပ်က ဆရာကြီးခိုင်းတာ လုပ်ပေးခဲ့ပြီးပြီ သူ့ငွေတွေယူပြီး မြောက်ကမ်းဖဲဝိုင်းသွားတာပေါ့"ေါဪ

​"ကောင်းတယ် ကောင်းတယ်"

​သူတို့သည် စကားတပြောပြောနှင့် ဇရပ်သို့ပြန်သွားရာ မကြာသောအချိန်တွင်တော့ ဇရပ်အပေါ် လရောင်အောက်တွင် သူတို့အားစောင့်ဆိုင်းနေသည့် ဦးဉာဏ်ဆိုသောအောက်လမ်းဆရာကြီးအား တွေ့လိုက်ရသည်။ဦးဉာဏ်သည် မောင်တူးတို့ကိုမြင်သည်နှင့် ဦးစွာ ဆီးကြို၍ မေးမြန်းလိုက်သည်။

​"ဘယ်လိုလဲကွ ငါပြောတာ ဟုတ်တယ်မလား"

​"ဟုတ်တာပေါ့ ဆရာကြီးရာ မူယာတို့အိမ်ကိုရောက်နေတဲ့ မိန်းမက သာမန်မိန်းမတစ်ယောက်မဟုတ်ဘူးဗျ သူကမကောင်းဆိုးဝါးအပူးခံနေရတာ"

​"မင်းတို့ကို ငါပြောထားတယ်မလား မင်းတို့ရွာသူကို ငါကယ်တင်ပေးမှာပါဆို"

​"ကယ်ပေးလိုက်ပါဗျာ သူတို့သားအမိက သနားစရာ ကောင်းတယ်ဗျ"

​"ဒါနဲ့ မင်းတို့ကို သူတို့ သံသယဝင်သွားသေးလား"

​"အဲ့လိုတော့ မဟုတ်ဘူးလို့ထင်တာပဲ ကျုပ်တို့နှစ်ယောက်က သူတို့အိမ် မကြာမကြာဝင်ထွက်နေတာဆိုတော့လေ"

​"ကောင်းတယ်ကွာ ကောင်းတယ် ရော့ မင်းတို့ကို အပိုဆုပါ ပေးလိုက်ဦးမယ်"

​အောက်လမ်းဆရာကြီး ဦးဉာဏ်သည် ထိုသို့ပြောပြီးနောက် သူ၏လွယ်အိတ်ကြီးအတွင်းမှ ငွေစက္ကူများအား ထုတ်ပြီး မောင်တူးနှင့် စိန်ဌေးတို့အား ပေးလိုက်လေသည်။ ပထမပေးသည့်ငွေထက်များသောငွေအမောက်ကိုရရှိသွားသည့် မောင်တူးနှင့် စိန်ဌေးတို့နှစ်ယောက်သည် လွန်စွာမှ ပျော်ရွှင်သွားကြပြီး ငွေများကိုယူလိုက်ကြသည်။ထို့နောက် သူတို့နှစ်ယောက်သည် အောက်လမ်းဆရာကြီးအား နှုတ်ဆက်လိုက်လေသည်။

​"ဆရာကြီး ကျုပ်တို့လည်း ငွေရပြီဆိုတော့ ထပ်ပွားလိုက်ဦးမယ်ဗျာ"

​"ကောင်းတယ် မင်းတို့တွေ အသေအချာနိုင်မယ့် အင်းလေးရော မလိုချင်ဘူးလား"

​"ဖဲရိုက်ရင်နိုင်တဲ့အင်းကို ပြောတာလား"

​"အေးပေါ့ကွ မင်းတို့က ငါ့ကို လိုလိုလားလားကူညီထားတယ်ဆိုတော့ ငါကလည်း ကူညီရမှာပေါ့ ရော့ ဒီအင်းစက္ကူကို ဆောင်ပြီး တော့သာ ရိုက် မင်းတို့ ပွဲတိုင်းနိုင်လိမ့်မယ်ဟုဆ်ုကာ စက္ကူတစ်ချပ်အားထုတ်ပေးလာလေသည်။မောင်တူးမှာဖြင့် အင်းကို ရိုရိုသေသေဖြင့်ယူလိုက်ကာ အောက်လမ်းဆရာကြီးကိုအား စကားဆိုလိုက်သည်။"

​အောက်လမ်းဆရာကြီးသည် ထိုသို့ပြောပြီးသည်နှင့်သူ၏လွယ်အိတ်ကြီးထဲမှ အင်းကွက်ချထားသည့်စာရွက် လေးအားကိုပါလက် အုပ်ချီရှိခိုးပြီးနောက် မြောက်ကမ်းဖဲဝိုင်းဆီသို့ထွက်သွားလေ တော့သည်။ကျန်ခဲ့သော အောက်လမ်းဆရာကြီးသည် သဘောကျစွာတဟားဟားနှင့်ရယ်မောလိုက်ပြီးနောက် ဇရပ်နှင့် ဝေးရာဆီသို့ထွက်သွားချိန် ကောင်းကင်တွင် သာနေသည့် လသည်လည်း တဖြည်းဖြည်း တိမ်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည်။

​အခန်း (၆)

​မိုးသားတိမ်လိပ်တို့သည် အချိန်အခါမဟုတ်ပါဘဲ ကောင်းကင်တွင် မှောင်မဲလို့လာသည်။ထို့ကြောင့် ထွန်းလင်းနေသည့် လသည်လည်း တိမ်များအကြား၌ ပျောက်ကွယ်လို့သွားရာ လရောင်ထွန်းလင်းနေသည့် ရေအိုးစင်ရွာလေးမှာ အမှောင်အတိကျသွားတော့သည်။ယခု မှောင်အတိကျနေသည့် ရေအိုးစင်ရွာလေး၏အိမ်ဝိုင်းတစ်ဝိုင်းထဲတွင်တော့ အရိပ်တစ်ခု လှုပ်ရှားလို့နေသည်။ထိုအရိပ်လှုပ်ရှားရာ အိမ်ဝိုင်းသည် မအေးမြင့်တည်းခိုနေသည့် မူယာ၏အိမ်ဝိုင်းပင်ဖြစ်သည်။ လှုပ်ရှားနေသည့်အရိပ်မှာ အရပ်ခြောက်ပေခွဲမျှရှိသော အရိပ်တခုဖြစ်ပြီး သူ၏လက်ထဲတွင် ကိုင်ထားသောအရာဝတ္ထုမှာ အမှောင်ထဲတွင် အရောင်တလက်လက်တောက်ပလျက်ရှိ၏။ ထိုအရိပ်မှာ အောက်လမ်းဆရာကြီး ဦးဉာဏ်၏ခိုင်းစေမှုဖြင့် မောင်တူးနှင့် စိန်ဌေးတို့လာရောက်ထားရှိသော အစီအရင်ရုပ်ပင်ဖြစ်၏။ထိုအစီအရင်ရုပ်မှာ ညသန်းခေါင်အချိန်တွင်
9
ယခုကဲ့သို့ပြောင်းလဲလာခြင်းဖြစ်သည်။ထိုအစီအရင်ဘီလူးရုပ်လှုပ်ရှားသည်နှင့် အိမ်လေးပေါ်မှ လူတစ်ယောက်သည်လည်း အိမ်အောက်သို့ဆင်းလာသည်။အိမ်‌အောက်သို့ဆင်းလာသူမှာ မအေးမြင့်ဖြစ်လေသည်။ယခုအချိန်တွင်တော့ မအေးမြင့်၏စိတ်ဝိညာဉ်ထက် မဟူရာ၏စိတ်ဝိညာဉ်မှာ မအေးမြင့်၏ရုပ်ခန္ဓာအား ဦးဆောင်လို့နေသည်။သူမသည် အစီအရင် ဘီလူးရုပ်၏ရှေ့တည့်တည့်တွင် ခါးထောက်ရပ်လိုက်ကာ အသံခပ်မာမာဖြင့် စကားဆိုလေသည်။

​"နင်က ဒီအိမ်ဝိုင်းထဲ ဘာလုပ်နေတာလဲ နင်အသွင်ပြောင်းလိုက်ကတည်းက နင်ရှိနေမှန်းကို ငါသိတယ်"

အစီအရင်ဘီလူးရုပ်သည် ​မအေးမြင့်အား ချက်ခြင်းပြန်မ ဖြေသေးဘဲ အတန်ကြာသောအခါမှသာ မအေးမြင့်အား သူ၏လက်အတွင်းမှ သန်လျက်နှင့်ချိန်ရွယ်၍ စကားဆိုလိုက်လေသည်။

​"နင့်ကိုအခေါ်လွှတ်လိုက်တာလေ နင် ငါ့ဆီလာရလိမ့်မယ်"

​"အရုပ်ကိုထိန်းချုပ်ပြီး ငါ့ကိုခေါ်ဖို့ကြိုးစားနေတာ ဘယ်သူလဲ"

​"နင်လာရင် သိရမှာပေါ့ နင်မလိုက်လာလို့ကတော့ ဒီအိမ်က သားအမိနှစ်ယောက်လုံးကို ငါသတ်ပစ်မယ်"

နင် မယုတ်မာနဲ့ သူတို့နဲ့ ဘာမှမဆိုင်ဘူး"

​"မဆိုင်ဘူးဆို လိုက်ခဲ့လေ နင်မလိုက်လာရင် သူတို့ကို ငါတကယ်သတ်ပစ်မှာ အခု နင် ငါ့အစီအရင်ကိုဖျက်နိုင်တယ်ဆိုရင်တောင် နင်မရှိတဲ့အချိန် နောက်အစီအရင်နဲ့တိုက်သတ်မှာ"

​ဘီလူးထံမှပြောစကားများသည် အောက်လမ်းဆရာကြီး ဦးဉာဏ်၏ပြောစကားများပင်ဖြစ်သည်။အောက်လမ်းဆရာကြီးသည် မအေးမြင့်ကိုယ်ထဲမှ မဟူရာဒေဝီအား အကြပ်ကိုင်၍ခေါ်နေခြင်းဖြစ်သည်။မ‌အေးမြင့်သည် ထိုအစီအရင်အရုပ်အားတိုက်နိုင်စွမ်းရှိသော်လည်း အိမ်ရှင်များ၏ ဘေးရန်ရှိသေးသည့်အတွက် မအေးမြင့်ကိုယ်တွင်းမှ မဟူရာဒေဝီတစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်လို့နေ သည်။မအေးမြင့်ငြိမ်သွားချိန် သန်လျက်ကိုင်ဘီလူးကြီးထံမှ အောက်လမ်းဆရာ၏အသံ ထပ်မံထွက်ပေါ်လာပြန်သည်။

​"ငါ မကြာခင် ပြန်ထွက်တော့မယ် နင် ငါ့နောက်လိုက်မလာဘူးဆိုရင် ဒီသားအမိတင်မကဘူး တစ်ရွာလုံးကလူတွေကိုပါ အကုန် တိုက်သတ်ပစ်မယ်"

​"နင် နင် တိတ်စမ်း ငါလိုက်ခဲ့မယ်"

​"ကောင်းတယ် လိုက်ခဲ့"

​"အစီအရင်ကိုလာထားတာ ဟိုကောင်နှစ်ယောက်မလား အေး နင့်ဆီလာပြီးရင် အဲ့နှစ်ယောက်ကိုပါမသာဖြစ်အောင် လုပ်ပေးပစ်မယ်"

​"သူတို့နဲ့ ဘာမှမဆိုင်ဘူး ငါက သူတို့ကိုလှည့်စားပြီး ခိုင်း လိုက်တာ နင်က မကောင်းဆိုးဝါးမ ဒီအိမ်ရှင်တွေကိုပြုစားတော့မှာဆိုပြီးပြောလိုက်တာ အဲ့ဒါကြောင့်ပဲ သူတို့က ကူညီတာ"

​"ဩော် နင်က ရွာသားတွေကိုအသုံးချလိုက်တာကိုး အဲ့ဒါကြောင့် အဲ့ကောင်တွေလာတုန်းက မသင်္ကာစရာဘာမှမတွေ့တာ ကောင်းပြီလေ ငါ နင့်အကွက်ထဲဝင်သွားပြီဆိုမှတော့လနင့်သဘောအတိုင်းပေါ့ ငါ နင့်ဆီလိုက်ခဲ့မယ် ငါ့ကို နင်နိုင်အောင်ထိန်းပေတော့"

​မဟူရာဒေဝီကိန်းအောင်းနေသည့် မအေးမြင့်သည် ထိုသို့ပြောပြီးနောက် အောက်လမ်းဆရာကြီးစီရင်ထားသည့် ဘီလူးရုပ်ကြီးနောက်သို့လိုက်သွားလေသည်။ညသည်မှောင်အတိကျနေသည့်အတွက် ရွာလမ်းအတိုင်း သန်လျက်ထမ်းထားသောအစီအရင်ဘီလူးရုပ်ကြီးနှင့် မအေးမြင့်တို့လမ်းလျှောက် နေသည်ကိုဖြင့် မည်သူမှမတွေ့ကြပေ။အိပ်မောကျနေချိန်မို့လည်းဖြစ်မည်ထင်၏။ငှက်တစ်ကောင်ထပျံသည်နှင့် ဟောင်တတ်သော ခွေးများသည်လည်း အစီအရင်ဘီလူးရုပ်ကြီး ရွာအတွင်းသို့ရောက်နေချိန်တွင်တော့ တုတ်တုတ်မျှမလှုပ်ရဲဘဲ ချောင်ထဲတွင်သာ တိုးဝင်လို့နေကြသည်။ဤသို့ဖြင့် ဘီလူးရုပ်ကြီးနှင့် မအေးမြင့်တို့ ရွာအပြင်ဇရပ်သို့ရောက်ချိန်တွင်တော့ တိမ်များဖုံးနေသည့်လသည်လည်း ပြန်လည်ထွက်ပေါ်လာသလို ရွာထဲမှ ခွေးများသည်လည်း ဆူညံစွာအူနေကြသည်။ရေအိုးစင်ရွာအပြင်ရှိ ဇရပ်နံဘေးတွင်တော့ တစ်ကိုယ်လုံး အစိမ်းရောင်အကြေးခွံများရှိပြီး ပုဆိုးကွက်ထောက်ကို ခါးတောင်းကျိုက်ထားကာ မျက်လုံးပြူးပြူးနှင့် ပါးစပ်တွင်းမှ အစွယ်တို့ အပြင်သို့ထွက်နေသည့် အစီအရင်ဘီလူးရုပ်သည် ရှေ့မှဦးဆောင်ကာလမ်းလျှောက်နေပြီး သူ၏နောက်တွင်တော့ တည်ငြိမ်စွာဖြင့်လမ်းလျှောက်၍လိုက်ပါလာသော မအေးမြင့်သည် ရွာနှင့်ဝေးရာသို့ထွက်သွားနေသည်ကိုရှင်းလင်းစွာမြင်တွေ့နေရပါလေတော့သည်။

​အခန်း (၇)

​"ဘိုးထင် ဘိုးထင် ထဦးကွ"

​"ကိုမြကြီး ဘာဖြစ်လို့လဲဗျာ"

​"ငါ အိပ်မက်ဆိုးတွေ မက်လို့ကွာ လာ တို့ ညီမလေးဆီ သွားကြည့်ရအောင်"


​"ခင်ဗျားကလည်း အကြီးဖြစ်ပြီး အ လိုက်တာ ဒီအချိန်ကြီး သွားလို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​"ခွေးတွေလည်း တအားအူတယ် တစ်ရွာလုံးလည်း ဆူညံနေတာပဲ ငါ့စိတ်တွေလေးနေတယ် လာပါကွာ သွားကြည့်ရအောင်"

​"ကိုကြီးမြကြီးကလည်းဗျာ မိုးလင်းမှပဲ သွားရအောင်ဗျာနော် ပြန်အိပ်လိုက်တော့"

​"အိပ်မက်ထဲမှာ ညီမလေးဒုက္ခရောက်နေတာကွ သူ့ကို ကယ်ပါဦးလို့လည်း ပြောနေတယ် မင်းမသွားရင် ငါ့ဘာသာ သွားတော့မယ်"

​ပန်းချီငို၏အိမ်ကြီးပေါ်တွင် အတန်းလိုက်အိပ်နေကြသည့် ဘိုးထင်တို့အနက် ကိုမြကြီးတယောက် အိပ်မက်မက်ကာ လန့်နိုးလာပြီး ရွာထဲတွင် ဆူညံစွာဖြင့်အော်ဟစ်နေသည့် ခွေးသံများကြောင့် သူ၏မအေးမြင့်အပေါ် စိတ်မချသည့်စိတ်တို့ တိုးလာကာ ဘိုးထင်အားနှိုး၍ ယခုကဲ့သို့ပြောဆိုနေခြင်းဖြစ် လေသည်။စကားသံများကြောင့် တခြားလူများပါနိုးသွားပြီး အိမ်ရှင်ပန်းချီငိုမှ
2👎1
မီးခွက်ကိုထွန်းပေးလိုက်လေရာ အိမ်ကြီးပေါ်တွင်တော့ ရေနံဆီမီးခွက်အလင်းရောင်လင်းထိန်လို့သွားသည်။ကိုမြကြီးသည် မတ်တတ်ရပ်ပြီး သူ့အားကြည့်နေသည့် သာအေးအား အတင်းဆွဲထူလိုက်ကာ

​"သာအေး မင်း ညီမလေးကို ထားတဲ့ အိမ်ကိုသိတယ်မလား ငါ့ကို လိုက်ပို့စမ်းကွာ ငါစိတ်ပူလို့ သေတော့မယ်"

​မျက်နှာတွင် စိုးရိမ်စိတ်များနေသည့် ကိုမြကြီး၏ းဟန်ပန်ကြောင့် သာအေးတယောက် ဘိုးထင်အားမေးငေါ့ပြီး အခြေအနေကိုမေးမြန်းလိုက်သည်။ဘိုးထင်သည်လည်း မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် ကိုဝင်းဦးနှင့် ပန်းချီငိုမှ အကြံပေးလာလေသည်။

​"ဘိုးထင် ခွေးတွေတော့ တအားအူနေတယ်ကွာ ကျန်တဲ့နေ့တွေ ဒီလောက်မအူဘူးလားလိူ့"

​"ဘိုးထင်ရယ် ကိုမြကြီး သွားချင်နေတာပဲ လိုက်ပို့ပေး လိုက်စမ်းပါ ငါပါ လိုက်ခဲ့မယ် ဘယ်လိုလဲ"

​ဘိုးထင်တစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် ပေတူးမှာ ထပ်မံအကြံပေးလေသည်။

​"အချိန်ကလည်း သန်းခေါင်ကျော်နေပြီမလား ကိုမြကြီးလည်းတအားသွားချင်နေတာကွာ မကြာခင် အုန်းမောင်း လည်းခေါက်တော့မှာပဲဟာ ကဲ ငါတို့လည်း တစ်ခါတည်းပဲထွက်လိုက်ကြတာပေါ့ ဘယ်လိုလဲ"

​"အေးကွာ အဲ့ဒါကောင်းတယ် လလည်း သာနေပုံရတယ် မင်းပြောသလိုပဲလုပ်ကြတာပေါ့ မျက်နှာသစ်ပြီး သွားကြမယ်ကွာ"

​ဘိုးထင်မှထိုသို့ပြောလိုက်ရာ ကိုမြကြီးသည် ဝမ်းသာအားရနှင့် သူ၏အိတ်ပိုးအားချက်ခြင်းကောက်လွယ်လိုက်ကာ အိမ်အောက်သို့ ခပ်မြန်မြန်ဆင်းသွားလေသည်။ထို့အတွက် ကျန်သူများသည်လည်း အိပ်ရာမှ ကမန်းကတန်းထကာ အိမ်အောက်သို့လိုက်ဆင်းလိုက်ပြီး မျက်နှာသစ်၊သွားတိုက်ခြင်းအမူကိုလုပ်လိုက်ကြကာ မူယာတို့၏နေအိမ်သို့ ခပ်မြန်မြန်ပင်သွားလိုက်ကြသည်။ပန်းချီငိုမှာဖြင့် ဘိုးထင်တို့အား နှုတ်ဆက်ကာ အိမ်၌သာကျန်ခဲ့လေသည်။ကိုမြကြီး၏ အပြေးတစ်ပိုင်း လမ်းလျှောက်မှုကြောင့် မကြာသောအချိန်မှာပင် မူယာတို့၏ နေအိမ်သို့ ရောက်လာသည်။လရောင်ထွန်းလင်းနေသော် လည်း အချိန်မတော်မို့ ဘိုးထင်တစ်ယောက် မူယာတို့အား နှိုးရမည့်အရေးကို အားနာနေမိသည်။ထို့ကြောင့် သူသည် ကိုမြကြီးအား အသံခပ်အုပ်အုပ်ဖြင့်ပြစ်တင်ပြောဆိုလိုက်လေသည်။

​"ကိုကြီးမြကြီးကလည်းဗျာ အခုပဲကြည့်ဦး တအိမ်လုံးက တိတ်ဆိတ်နေတာပဲ ကျုပ်နှိုးရမှာတောင် အားနာတယ် အိပ်မက်မက်တာကိုများ အဆန်းလုပ်နေတယ်လို့ဗျာ"

​"ဟေ့ကောင် မင်းမသိဘူးနော် ငါတကယ်ကြီးကိုခံစားနေရတာ နှိုးမှာသာနှိုးလိုက်စမ်းပါကွာ"

​"ရောက်မှတော့ နိုးရတော့မှာပေါ့ဗျာ"

​ဘိုးထင်သည် ထိုသို့ပြောပြီး အိမ်ဝိုင်းထဲဝင်ကာ အသံခပ်ကျယ်ကျယ်ဖြင့် မူယာတို့အား နှိုးလိုက်ပါလေတော့သည်။

​"ဗျို့ အမမူယာ အမမူယာ"

​သုံးလေးခွန်းမျှခေါ်ပြီးချိန်တွင် အိမ်လေးပေါ်မှာ ရေနံဆီမီးခွက်အလင်းရောင်တခုပေါ်ထွက်လာပြီးနောက် မူယာ၏ ထူးသံပါပေါ်ထွက်လာ၏။

​"ဘယ်သူတုန်း ဒီအချိန်ကြီး"

​"ကျုပ် ကျုပ် ဘိုးထင်ပါ အမရေ နှိုးရတာအားနာတယ်ဗျာ"

​"ဘိုးထင် အစောကြီးပါလား ငါတို့ အောက်ဆင်းခဲ့မယ် တန်းလျားမှာ ထိုင်နှင့်ကြဦး"

​မူယာထိုသို့ပြောလိုက်သည်နှင့် ဘိုးထင်တို့သည် သူတို့၏ ဝန်စည်စလွယ်များအားစားပွဲပေါ်တင်ကာ တန်းလျားတွင် ထိုင်နေကြသည်။မကြာသောအချိန်တွင်တော့ မူယာတစ်ယောက် ရေနံဆီမီးခွက်ကလေးကိုကိုင်ပြီး ဆင်းလာသလို သူမ၏မိခင်ကြီးသည်လည်း လိုက်ဆင်းလာသည်ကို တွေ့လိုက်ရလေသည်။ကိုမြကြီးသည်ကား မအေးမြင့်ကို မမြင်ရသဖြင့် ပျာယာခတ်လျက် အလျင်စလိုမေးလိုက်လေသည်။

​"ညီမကြီး မအေးမြင့်ကော"


​"မအေးမြင့် အောက်ဆင်းသွားတာမဟုတ်ဘူးလား ကျမ မီးခွက်ထွန်းတော့ ကျမဘေးမှာ မရှိတော့ဘူးလေ"

​"မဆင်းလာသေးပါဘူး"

​"နောက်ဖေးများသွားတာလား"

​မူယာသည် မီးအိမ်အတွင်း ရေနံဆီမီးခွက်ကိုထည့်ကာ နောက်ဖေးဘက်၌သွားရှာလေသည်။သို့ပေမဲ့ မတွေ့လေရာ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

​"မတွေ့ဘူး မအေးမြင့် မအေးမြင့်"

​အတန်ကျယ်အောင်ခေါ်သော်လည်း ထူးသံပြန်မကြားရသည့်အခါ အားလုံးစိုးရိမ်ပူပန်စွာဖြင့် အိမ်ဝိုင်းအတွင်းလှည့် လည်၍ ရှာကြပြန်သည်။သို့ပေမဲ့လည်း မတွေ့ရပေ။သူမ၏ အဝတ်အစားအထုပ်ကိုသာ တွေ့ရသည်။ကိုမြကြီးမှာဖြင့် မအေးမြင့်၏အဝတ်ထုပ်ကိုကိုင်ကာ အသံများတုန်ယင်ကာဖြင့် ဘိုးထင်အား စကားဆိုလေသည်။

​"ဘိုးထင် မင်းကို ငါပြောပါတယ်ကွာ ညီမလေးတော့ ဒုက္ခရောက်ပြီထင်ပါတယ်ဆိုတာ ငါတို့ ဘယ်လိုလုပ်ကြမလဲ"

​"ဘယ်လိုဖြစ်တာတုန်းဗျာ အမ မသင်္ကာစရာ ဘယ်သူတွေ လာသေးလဲ"

​"ဘယ်သူမှတော့ မလာဘူး ဘိုးထင် အင်း ညနေကဆိုလို့ စွဲမိရယ် မောင်တူးတို့နှစ်ယောက်ရယ်ပဲလာတာ"

​"ဒုက္ခပါပဲဗျာ ကျုပ်တို့ ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး"

​ဘိုးထင်တို့အားလုံး မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် ငှက်တောင်ပံခတ်သံနှင့်အတူ ကြက်တူးရွေးတစ်ကောင် ၏အော်သံကို ကြားလိုက်ရသည်။ကြက်တူးရွေး၏အော်သံကိုကြားသည်နှင့် ဘိုးထင်၏နှုတ်မှလည်း တစ်ခုခုကို ရေရွတ်လို့နေသည်။

​"ရွှေခဲ ရွှေခဲ အဲ့အသံက ရွှေခဲပဲ ပေတူး"

​"ဟုတ်တယ် ဘိုးထင် အဲ့ဒါဆို တို့ သူ့နောက်ကိုလိုက်ရမှာပေါ့"

​"အေး လိုက်ရမှာပေါ့"
6
​ဘိုးထင်သည် ထိုသို့ပြောပြီး အိမ်ဝိုင်းအပြင်တွင်ပျံသန်းနေသည့် ကြက်တူးရွေးကြီးကိုကြည့်ကာ သူပျံသန်းသွားသည့် လမ်းအတိုင်း လိုက်သွားလေသည်။ဘိုးထင်၏နောက်မှ ကျန်သူများသည်လည်း သူတို့၏ဝန်စည်စလွယ်များကိုယ်စီနှင့် ဒရောသောပါ လိုက်သွားလိုက်ကြပါလေတော့သတည်း။

​အောက်လမ်းဘိုးထင်နှင့် နာမ်ရွာ (ဒုတိယပိုင်း) သည်ကား ဤမျှသာ။ မကြာမီ (တတိယပိုင်း)အား တင်ဆက်ပေးပါမည်။

#တင်ဆန်း
react 🤕
1
အောက်လမ်းဘိုးထင် နှင့် နာမ်ရွာ(တတိယပိုင်း)

(၁၈၄)

အခန်း (၁)

​‌အပြေးတပိုင်းနှင့်လမ်းလျှောက်နေသည့် လူတစုသည် ‌စိမ်းစိုနေသောသစ်ပင်များပေါက်ရောက်နေသည့် တောင် တန်းနံဘေးရှိ လူသွားလမ်းလေးတွင် လမ်းလျှောက်နေကြ လေသည်။ထိုသူတို့မှာ တခြားသူများမဟုတ်။ပေပင်ရွာမှ ဘိုးထင်တို့အဖွဲ့ဖြစ်လေသည်။ညသန်းခေါင်ကျော်အချိန်ကစ၍ ရေအိုးစင်ရွာမှလမ်းလျှောက်ထွက်လာကြရာ ယခု နေလုံးကြီး ထွက်လာပြီး ဆွမ်းစားချိန်ရောက်လာသည့်အချိန်အထိ သူတို့သည် ခြေလှမ်းတို့အားရပ်တန့်ခြင်းမရှိဘဲ ဆက်သွားနေလေရာ သူတို့၏မျက်နှာမှ ချွေးတို့စီးကျနေပေပြီဖြစ်သည်။ သို့ပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကမှ နားမည့်အကြောင်းမပြောကြဘဲ ပျောက်ဆုံးသွားသည့် မအေးမြင့်ကိုသာပြန်တွေ့ရန် စိတ်လောနေသည်။ရှေ့ဆုံးမှသွားနေသည့် ဘိုးထင်သည် သူတို့အရှေ့တွင် မကြာမကြာပေါ်လာတတ်သည့် ကြက်တူရွေးကြီးအားမတွေ့တော့သည့်အချိန်၌ နောက်သို့လှည့်ကြည့်ပြီး သူ၏အဖွဲ့သားများကိုကြည့်၍ စကားဆိုလိုက်သည်။

​"ကဲ အားလုံးလည်း လမ်းလျှောက်ရတာမောနေလောက်ပြီ ကျုပ်တို့ကို လမ်းပြပေးတဲ့ ရွှေခဲကိုလည်းမတွေ့တော့ဘူး အဲ့ဒီတော့ ကျုပ်တို့တွေ ဒီမှာပဲ တစ်အောင့်လောက်နားကြမလား"

​ဘိုးထင်၏စကားအား ကိုမြကြီးမှအပ ကျန်သူများအားလုံးက လက်ခံကြလေသည်။ကိုမြကြီးသည်ကား သူချစ်ရသူမိန်းကလေး ရုတ်တရက်ပျောက်ဆုံးသွား၍ ‌မောပန်းနေ သည်ကိုပင်ဂရုမထားနိုင်ဘဲ ဘိုးထင်၏စကားအား ကန့်ကွက်ပြောဆိုလာလေသည်။

​"ဘိုးထင် ဘာလို့နားမှာလဲကွာ ဆက်ပြီးရှာမယ် ညီမလေး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မှာလဲ ပြော "

​"လိုက်ရှာမှာပါဗျာ အဲ့လောက်ကြီးလည်းစိတ်မပူစမ်းပါနဲ့အခုပျောက်တာ မအေးမြင့်တစ်ယောက်တည်းမှမဟုတ်တာ"

​"သူတစ်ယောက်တည်းမဟုတ်လို့ ဘယ်သူပါသေးလို့လဲ ငါကတော့ ညီမလေးကိုမတွေ့မချင်းမနားဘူးကွာ"

​"ကိုကြီးမြကြီး ခင်ဗျားစိတ်ပူနေတာကို ကျုပ်တို့ နားလည်တယ် ဒါပေမဲ့ ကျုပ်တို့တွေလမ်းလျှောက်လာတာကြာပြီဗျ အနားယူမှဖြစ်တော့မယ် အမအေးမြင့်ကိုယ်ထဲမှာ မဟူရာဒေဝီလည်းရှိနေတာပဲ အဲ့လောက်ကြီးလည်းစိတ်ပူစရာမလိုပါဘူးဗျ"

​"မင်းကတော့ ဘယ်စိတ်ပူမလဲ ငါကတော့ စိတ်ပူတယ်ကွ ညီမလေးတစ်ခုခုဖြစ်သွားရင် မင်းကြောင့်ပဲ"

​ကိုမြကြီးတ‌ယောက်စိတ်ပူပန်ရာမှဖြစ်ပေါ်လာသော သောကများသည် ဒေါသအဖြစ်ပြောင်းလဲသွားပြီး ဘိုးထင်အား ကန့်လန့်စကားဆိုလေသည်။ထိုအခါ တခြားသူများက ကိုမြကြီးအားပြစ်တင်ပြောဆိုမည်ပြင်သည့်အခါ ဘိုးထင်မှ လက်ကာပြလိုက်ပြီး

"ကိုကြီးမြကြီးစိတ်ထဲကဖြစ်နေတာကို ကျုပ် နားလည်တယ် ဒါပေမဲ့ နည်းနည်းတော့ နားမှအဆင်ပြေမယ် ကျုပ်တို့ကို လမ်းပြပေးတဲ့ ရွှေခဲကိုလည်း မတွေ့ရတော့ဘူးလေဗျာ အဲ့ဒါကြောင့်ပါ"

​ဘိုးထင်ပြောသည်မှာလည်းနည်းလမ်းကျသဖြင့် ကိုမြကြီး လက်ခံလိုက်သည်။ထို့နောက် သူ့စကားလွန်သွားသည်ကို သတိပြုမိပြီး ဘိုးထင်အား တောင်းပန်စကားဆိုလေသည်။

​"ငါ တောင်းပန်တယ် ဘိုးထင်ရာ ငါ ညီမလေးကိုတအား စိတ်ပူနေလို့ အဲ့လိုတွေပြောမိတာပါ"

​"‌တောင်းပန်ဖို့မလိုပါဘူး ကိုမြကြီးရာ ကျုပ်နားလည်ပါတယ်ဗျ ကျုပ်တို့လည်း ခဏနားတာပါ ပြီးရင် ရွှေခဲပေါ်မလာလည်း ဒီလမ်းအတိုင်း ဆက်သွားပြီးရှာကြတာပေါ့"

​"အေးပါကွာ မင်းတို့ကောင်းသလိုသာ လုပ်ပါတော့ မင်းတို့က ငါ့ထက် အတွေ့အကြုံရှိပါတယ်"

​ဘိုးထင်တို့သည် သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်တွင် နားလိုက်ကြသည်။နေပြင်းနေပြီဖြစ်သည့်အတွက် မောပန်းနေကြသော ပေတူးနှင့် သာအေးတို့သည် သူတို့လွယ်လာသောပလိုင်းများကိုမြေပြင်ပေါ်သို့ချလိုက်ပြီး လွယ်အိတ်အား ခေါင်းခုကာ ကျောဆန့်လိုက်ကြသည်။ကျန်သူများလည်း သစ်ပင်ရိပ်အောက်တွင်ထိုင်နေကြရင်း ကိုဝင်းဦးမှ ဘိုးထင်အား ကြည့်ကာမေးမြန်းလေသည်။

​"ဘိုးထင် မအေးမြင့်ကို ဘယ်သူခေါ်သွားတာဖြစ်နိုင်မလဲ"

​"ပညာသည်တစ်ယောက်ယောက်လို့ထင်တာပဲလေ"

​"အေးဟာ ငါတော့ မအေးမြင့်ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေတာ"

​"အဲ့ဒီအတွက်တော့ စိတ်ချ ကိုဝင်းဦး မအေးမြင့်ဘာမှမဖြစ်ဘူး မဟူရာဒေဝီက မအေးမြင့်ကိုစောင့်ရှောက်မှာပါ မဟူရာ‌ဒေဝီရဲ့ အစွမ်းကလည်း နည်းတာမှမဟုတ်ပဲ"

"အဲ့ဒါဆို မအေးမြင့်ကဘာကြောင့်ပျောက်သွားရတာလဲ တို့နဲ့မသွားချင်လို့ ထွက်သွားတာများလား"

​ကိုဝင်းဦးမှထိုသို့ပြောလိုက်ရာ ကျန်သူများသည်လည်း ကိုဝင်းဦး စကားအားထောက်ခံကြသည်။

​"ဟုတ်တယ် ဘိုးထင် မင်းပြောပုံအရဆို မအေးမြင့်ကိုဘယ်သူကမှ တော်ရုံဒုက္ခမပေးနိုင်ဘူး အဲ့တော့ မအေးမြင့်က တို့ပို့မယ့်နေရာကို မသွားချင်လို့ ထွက်သွားတာများလား"

​"ငါလည်း ကိုဝင်းဦးပြောသလိုပဲထင်တယ် မင်းကော ဘယ်လိုထင်လဲ ဘိုးထင်"

​ဒူးလေးကိုင်ထားသော သာရနှင့် ဖိုးထွေးမှ ထိုသို့မေးလာသောအခါ ဘိုးထင်သည် ဦးခေါင်းကိုခါရမ်းလိုက်ပြီး

​"ကျုပ်ကတော့အဲ့လိုမထင်ဘူး ဘာလို့လဲဆိုတော့ တကယ် လို့သာ သူမသွားချင်ဘူးဆိုရင် အစောကတည်းက ငြင်းလို့ရနေတာပဲ အခုမှ အဲ့လိုကြီးထွက်သွားမယ်တော့မထင်ဘူး"

​"အဲ့ဒါဆို မင်းက ဘယ်လိုထင်လဲ ဘိုးထင်"
3👍2
"အဲ့ဒါကိုတော့ ကျုပ်လည်းမပြောတတ်ဘူး နာမ်ရွာကိုသွား တဲ့လမ်းက လွယ်မယ်တော့မထင်ဘူးဗျ ကဲ အားလုံးနားကြဗျာ ခဏနားပြီးရင် ရွှေခဲပေါ်မလာလည်း ဒီလမ်းအတိုင်းပဲ ဆက်လိုက်သွားကြတာပေါ့"

​ဘိုးထင်သည် ထိုသို့ပြောပြီး သူသည်လည်း သစ်ပင်ကြီး၏ ပင်စည်တွင်မှီကာ အနားယူနေသည်။ကျန်သူများသည်လည်း အတွေးကိုယ်စီနှင့် အိပ်သူက အိပ်၊ထိုင်သူက ထိုင်နှင့် ခေတ္တ အမောဖြေလို့နေကြပါလေတော့သည်။

အခန်း (၂)

​သစ်ပင်သစ်တောများဖြင့်အုံ့ဆိုင်းနေသည့် သစ်တောကြီး ၏အလယ်တွင် ရွာတစ်ရွာတည်ရှိလေသည်။ထိုရွာရှိ အိမ်များ သည် အိမ်တော်ခေါင်နှင့် နှစ်ဆောင်ပြိုင်အိမ်များသာဖြစ်ကြသည်။တောတောင်ကြီးထဲတွင် ယခုကဲ့သို့ အိမ်ကြီးအိမ် ကောင်းများဆောက်ကာ ရွာဖြစ်တည်နေခြင်းဖြစ်၍ သာမာန်သူတို့မြင်‌တွေ့ပါက ထူးဆန်းနေမည်မှာ အမှန်ဧကန်ဖြစ်၏။ ယခု ထိုရွာ၏ရေနံချေးဝနေသည့် နှစ်ဆောင်ပြိုင်အိမ်ကြီး တစ်လုံးထဲတွင်ဖြစ်သည်။ထိုအိမ်ကြီးအားကျွန်းသားများဖြင့်ဆောက်လုပ်ထားပြီး အိမ်ထဲတွင်တော့ စုံလင်လှသောအသုံးအဆောင်ပရိဘောဂများလည်းရှိနေသည်။ကျွန်းဖြင့်ပြုလုပ်ထားသော ထိုင်ခုံကြီးပေါ်တွင်တော့ ဦးဉာဏ်ဟုအမည်ရသော အောက်လမ်းဆရာကြီးသည် ခြေထောက်ကိုချိတ်ပြီး ထိုင်နေသည်။သူ၏အရှေ့မှထိုင်ခုံတွင်တော့ မအေးမြင့်သည်တည်ငြိမ်စွာနှင့်ထိုင်နေသည်။ဦးဉာဏ်သည် သူ၏အရှေ့တွင် ကြောက်လန့်ခြင်းမရှိပဲ အိန္ဒြေရရထိုင်နေသည့် မအေးမြင့်အား စကားဆိုလိုက်လေသည်။

​"နင်က မဟူရာဒေဝီနော် နင်တတ်မြောက်ထားတဲ့ ပညာတွေကို နင်မနှမြောဘူးလား"

​"ငါက ဘာကိုနှမြောရမှာလဲ"

​"နင် နာမ်ရွာကိုမသွားဘဲ ငါ့ရွာမှာပဲနေပါလား နင့်ပညာတွေကို နောင်လာနောင်သားတွေကိုလက်ဆင့်ကမ်းပေါ့ အခု ငါ့ရွာမှာ နင်လိုပညာသည်တွေ အများကြီးစုထားတယ် နင့်ကို ငါခေါ်လာတယ်ဆိုတာကလည်း ငါ့အရိုက်အရာကိုဆက်ခံစေချင်လို့ပဲ"

​အောက်လမ်းဆရာကြီး ဦးဉာဏ်စကားဆိုလိုက်သည့်အခါ မဟူရာဒေဝီ၏စိတ်ဝိညာဉ်ကြီးစိုးနေသည့် မအေးမြင့်သည် အောက်လမ်းဆရာကြီးအား စူးစူးစိုက်စိုက်ကြည့်ကာ အသံခပ်မာမာနှင့် မေးမြန်းလိုက်လေသည်။

​"နင်က ဘာကိစ္စနဲ့ ငါ့ကို နင့်ဆက်ခံသူအဖြစ်ထားချင်တာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ နင်သာ ငါတို့ရွာမှာရှိနေရင် အမှောင်လောကကို ငါတို့ဘုံသာရွာကသာ ကြီးစိုးနိုင်မှာမို့လို့ပဲ အဲ့တော့ နင်ငါ့ရွာမှာ နေရမယ် နင်ဒီခန္ဓာကိုမကြိုက်ဘူးဆိုရင် နင်ကြိုက်တဲ့ခန္ဓာကို ပြော ငါရှာပေးမယ်"

​အောက်လမ်းဆရာကြီး ဦးဉာဏ်သည် မဟူရာဒေဝီ၏ အစွမ်းကိုအသုံးပြုပြီး အမှောင်လောကကိုကြီးစိုးချယ်လှယ်ရန်ကြံစည်နေခြင်းသာဖြစ်သည်။ထို့ကြောင့် သူသည် အစွမ်းကြီးသော မဟူရာဒေဝီအား သူ၏ရွာဆီသို့ခေါ်ဆောင်လာခြင်းဖြစ်သည်။ထို့‌ကြောင့်ပင် ရေအိုးစင်ရွာသားတို့၏အသက်နှင့် ခြိမ်းခြောက်၍ခေါ်လာခဲ့ခြင်းဖြစ်ပြီး မဟူရာဒေဝီမှပြန်အန္တရာယ်ပြုနိုင်သည်ကိုသိသော်လည်း မဟူရာဒေဝီ၏ အားနည်းချက်ကိုသိထားသောကြောင့်သာ ယခုကဲ့သို့ ရဲရဲတင်းတင်းခေါ်လာရဲခြင်းဖြစ်၏။မဟူရာဒေဝီသည်ကား ဦးဉာဏ်၏အကြံအစည်ကိုသိလိုက်ရသောကြောင့် သဘောကျစွာဖြင့်ရယ်မောလိုက်ပြီး

"ဪ နင်က အတော်ကောင်းတဲ့အကြံ ကြံနေတာကိုး ငါနင်တို့ရွာမှာ မနေနိုင်ဘူးဆိုရင်ကော နင်ဘာလုပ်မလဲ"

​"အနုနည်းနဲ့မရရင် အကြမ်းနည်း သုံးရမှာပေါ့"

​ဦးဉာဏ်သည်ထိုသို့ပြောပြီးသည်နှင့် လက်ခုပ်တီးလိုက်ရာ အမျိုးသမီးလေးယောက်သည် အိမ်ကြီးပေါ်သို့လျှင်မြန်စွာဖြင့် တက်လာကြပြီး မဟူရာဒေဝီတဖြစ်လဲ မအေးမြင့်ထိုင်နေသည့် ထိုင်ခုံနောက်တွင် ရပ်နေကြသည်။သူမတို့၏မျက်လုံးအစုံသည်မဲနက်နေပြီး တစ်စုံတစ်ယောက်မှထိန်းချုပ်ထားသည့်ပုံစံရှိလေသည်။သူမတို့သည် အောက်လမ်းဆရာကြီး ဦးဉာဏ်အားသေချာကြည့်ပြီး ပြိုင်တူနီးပါးစကားဆိုလေသည်။

​"သခင်ကြီး ကျွန်မတို့ တာဝန်ထမ်းဆောင်ရန် အသင့်ပါရှင်သခင်ကြီးအတွက် အသက်ပေးရမယ်ဆိုရင်တောင် ပေးဖို့ အသင့်ပါပဲ"

​ထိုစကားကြောင့် ဦးဉာဏ်သည် သဘောကျစွာဖြင့်ပြုံးလိုက်ပြီး မဟူရာဒေဝီအား ပြုံးစစဖြင့်ကြည့်ကာ

​"ကဲ ညည်းကိုတိုက်မယ့် ငါ့ရဲ့ ကျွန် လေးယောက်တော့ ရောက်နေပြီ ညည်းဘယ်လိုလုပ်မလဲ"

​"ငါ့ကို နောက်က ကလေးမလေးတွေနဲ့တိုက်ခိုင်းမလို့ ဟုတ်လား"

မဟူရာဒေဝီတဖြစ်လဲ မအေးမြင့်သည် အနောက်ဖက်ဆီမှ သူမနှင့်ရွယ်တူ မိန်းကလေး လေးယောက်အားလှည့်မကြည့်ဘဲ ထိုသို့ပြောကာရယ်နေသည်။ထို့နောက် သူမ၏မျက်လုံးတို့သည်လည်း မဲနက်လာကာ အရိပ်ပမာလျှင်မြန်သော လှုပ်ရှားမှုတို့ဖြင့် မိန်းကလေး လေးယောက်အနက် တစ်ယောက်သော မိန်းကလေး၏နောက်သို့ ရောက်ရှိသွားပြီး လည်ပင်းအား လက်ဖြင့်ကုပ်ခဲရန်အတွက် ပြင်လိုက်လေသည်။ထို့နောက် သူမသည် အောက်လမ်းဆရာကြီး ဦးဉာဏ်ကိုကြည့်ကာ ရယ်သွေးသမ်းနေသည့်ဟန်ဖြင့် မေးမြန်းလိုက်လေသည်။

​"နင်က ဒီမလောက်လေးမလောက်စားလေးတွေကို ငါ့နဲ့ တိုက်ခိုင်းမလို့လား"

​မအေးမြင့်သည် အနိုင်ရသူတစ်ယောက်၏ဟန်ပန်ဖြင့် ဦးဉာဏ်ကိုကြည့်ကာ မေးလိုက်သည်။ထိုအခါ ဦးဉာဏ်သည် ထိတ်လန့်ရမည့်အစား သဘောကျစွာဖြင့်ရယ်မောနေလေရာ မအေးမြင့်တစ်ယောက် နားမလည်နိုင်ဖြစ်သွားပြီး ဦးဉာဏ်ကိုသာ မဲနက်နေသည့်မျက်လုံးတို့ဖြင့်စူးစိုက်ကြည့်လို့နေသည်။ ဦးဉာဏ်သည်ကား အချိန်အတန်ကြာအောင်ရယ်နေပြီးနောက် မအေးမြင့်အားလက်ညှိုးထိုးကာ
5👍1
စကားဆက်ပြန်လေသည်။

​"နင် အဲ့ကောင်မကိုသတ်လိုက်လေ နင်သတ်လိုက်ရင် အဲ့ကောင်မက နောက်တစ်ယောက်ရဲ့ခန္ဓာထဲ ကူးရုံပဲ တကယ် သေသွားမှာက သနားစရာကောင်းတဲ့ ကိုယ်ခန္ဓာပိုင်ရှင် လူသားပဲဖြစ်မှာပေါ့ သတ်လိုက်ပါ နင် အဲ့လိုသတ်လိုက်ရင် နာမ်ရွာသွားမယ့်ခရီးစဥ်လည်း ငါမတားရဘဲပျက်ပြီပေါ့ ငါ့အထင် နာမ်ရွာဆိုတာ ဖြူစင်တဲ့သူတွေကိုသတ်တဲ့ ပညာ သည်တွေအတွက် နေရာမရှိဘူးမလား"

​"နင် နင်"

​မအေးမြင့်သည် မိန်းကလေး၏လည်ပင်းကိုကုပ်ထားသော သူမ၏လက်တို့အားလွှတ်ကာ အောက်လမ်းဆရာကြီးထံပြေးဝင်တိုက်ခိုက်ရန်ပြင်လေသည်။သို့ပေမဲ့ သူမ အောက်လမ်းဆရာကြီးအနားရောက်သည်နှင့် အနောက်မှမိန်းကလေးများသည် အောက်လမ်းဆရာကြီး၏ရှေ့တွင် ကာရပ်လာကြပြီး မအေးမြင့်တိုက်ခိုက်သည်ကိုပြန်ခုခံလေသည်။မအေးမြင့်သည် အောက်လမ်းဆရာကြီး၏လည်ပင်းအား ကုပ်ခဲရန်ကြိုးစားပါသော်လည်း အောက်လမ်းဆရာ၏ရှေ့တွင် ဝင်ကာသော မိန်းကလေးတယောက်၏လည်ပင်းကိုသာ ကုပ်ခဲမိလေရာ သူမ၏စိတ်တို့အားထိန်းချုပ်လိုက်ပြီး သူမလည်ပင်းညှစ်ထားသော မိန်းကလေးအား တစ်ချက်တွန်းထုတ်လိုက်ရာ ထိုမိန်းကလေးသည်လည်း အတော်ဝေးဝေးသို့လွင့်စင်သွား၏။ထို့နောက် သူမသည် အောက်လမ်းဆရာကြီး ဦးဉာဏ်အားကြည့်လိုက်ပြီး

​"နင်က အကွက်ကျကျစီစဉ်ထားတာပဲ ငါက ဒီကောင်မတွေကိုသတ်ပြီး နင့်ကိုပါသတ်မှာ မကြောက်ဘူးလား"

​"နင်သာ အဲ့လောက်ရက်စက်မယ်ဆို ဒီအထိတောင် ပါမလာဘူး"

"ကောင်းပြီလေ ရွေးချယ်စရာမရှိဘူးဆိုမှတော့ ငါစဉ်းစားကြည့်တာပေါ့ ဒီတစ်ညစဉ်းစားမယ် နင်ပြောတာ‌တွေ သင့်မသင့်ဆိုတာကိုပေါ့"

​"အဲ့လိုလုပ်စမ်းပါ ကဲ အဲ့ဒါဆိုလည်း ဒီအိမ်ပေါ်မှာနားပေတော့ ထွက်ပြေးဖို့တော့မကြံနဲ့နော် ကြံရင်လည်းအလကားပဲ ဘာလို့လဲဆိုတော့ ငါ့ရွာကလွတ်ဖို့ဆိုရင် အနည်းဆုံး လူဆယ်ယောက်လောက်သတ်ပြီးမှပဲ လွတ်နိုင်မှာ နင်အဲ့လိုသတ်လိုက်တာနဲ့ နာမ်ရွာမှာနေဖို့ အိပ်မက်ကိုမမက်တော့နဲ့"

​ဘုံသာရွာသူကြီး အောက်လမ်းဆရာကြီး ဦးဉာဏ်သည် မအေးမြင့်၏ကိုယ်ထဲမှ မဟူရာဒေဝီအားထိန်းချုပ်ဖို့ရာ မဖြစ်နိုင်မှန်းသိ၏။ထို့ကြောင့် သူသည် အပြစ်ကင်းသောမိန်းကလေးများအား အောက်လမ်းအတတ်ဖြင့်စီရင်ပြီး မကောင်းသည့်ဉာဉ်ဆိုးရှိသော ဝိညာဉ်များအားဖြင့် မအေးမြင့်အားစောင့်ရှောက်စေသည်။သူမထွက်ပြေးသည့်အခါ အပြစ်ကင်းသည့် အနည်းဆုံးမိန်းကလေးဆယ်ယောက်ခန့်ကိုသတ်ဖြတ်ပြီးမှသာပြေးနိုင်မည်ဖြစ်ရာ ထိုသို့သောအလုပ်ကို မလုပ်နိုင်ဟု ကြိုတင်တွေးပြီး ယခုကဲ့သို့ စီရင်ခြင်းဖြစ်သည်။ဦးဉာဏ်၏အကြံအစည်မှာ အလုပ်ဖြစ်သည်ဟုဆိုရမည်ဖြစ် သည်။အဘယ့်ကြောင့်ဆိုသော် မဟူရာဒေဝီသည် ရက်စက်ခြင်းအမှုကိုမပြုလုပ်လိုသူဖြစ်၍ ထွက်မပြေးတော့ဘဲ ဘိုးထင်တို့ သူမအား လာရောက်ကယ်တင်မည့်အချိန်အထိစောင့်ရန် ဆုံးဖြတ်လိုက်၍ဖြစ်ပါလေတော့သည်။

အခန်း (၃)

​အရောင်အသွေးစုံလှသော ကြက်တူရွေးငှက်တစ်ကောင်သည် သစ်ပင်သစ်တောများအကြားတွင် ပျံသန်းလို့နေသည်။ သူသည် အော်သံကိုပြုရင်း အနောက်သို့ မကြာမကြာလှည့်ကြည့်နေသေးသည်။ထိုကြက်တူရွေးငှက်သည် သာမန် ကြက်တူရွေးငှက်များထက် သုံးလေးဆမျှကြီးပြီး အရောင်အသွေးမှာလည်း သာမန်ကြက်တူရွေးငှက်များထက် ပိုပြီး တောက်ပကာ အဝေးမှပင် ထင်ထင်ရှားရှားမြင်နိုင်စွမ်းလေသည်။ကြက်တူရွေးငှက်အော်မြည်ပျံသန်းသွားရာ နောက်ခပ်လှမ်းလှမ်းရှိသစ်ပင်သစ်တောများကြားထဲတွင်တော့ လူရှစ်ယောက်သည် ချွေးသံများကြားက ခပ်မြန်မြန်လမ်းလျှောက်နေကြသည်။သူတို့မှာ မအေးမြင့်ကိုရှာဖွေရန် ရွှေခဲဟုအမည်ရသော ကြက်တူရွေးကြီးနောက်လိုက်လာသည့် ဘိုးထင်တို့ အဖွဲ့ပင်ဖြစ်သည်။ခေတ္တအနားယူပြီးနောက် ရွှေခဲပြန်ပေါ်လာသည်နှင့် အနောက်မှမနေမနားလိုက်လာကြရာ ယခုဆိုလျှင် နက်သထက်နက်သည့် တောကြီးအတွင်းသို့ တဖြည်းဖြည်းနှင့်ရောက်မှန်းမသိရောက်လာကြပြီဖြစ်သည်။တောတွင်း တစ်နေရာအရောက်တွင်တော့ အရှေ့မှ ပျံသန်းနေသည့် ကြက်တူရွေးငှက်ကြီးသည် ရုတ်ရက် မိုးကောင်းကင်အပေါ်သို့ ထောင်တက်ကာ ပျံသန်းပျောက်ကွယ်သွားပြီး အော်သံလည်း တိတ်ဆိတ်သွားလေသည်။ထိုအခါ အနောက်မှလိုက်ပါလာသော ဘိုးထင်တို့သည်လည်း အချင်းချင်းအချက်ပြကာ ရပ်တန့်လိုက်ကြပြီး ဘိုးထင်မှ ကျန်သောသူများအား စကားဆိုလိုက်သည်။

​“ရွှေခဲ ပြန်ပျောက်သွားပြန်ပြီ ကျုပ်တို့ကို ဒီမှာနားစေချင်တာနဲ့တူတယ်“

“ဟုတ်မယ် ဘိုးထင် မိုးလည်းချုပ်လာပြီဆိုတော့ တို့နားကြရအောင် ထမင်းခြောက်တော့ပါလာတယ် ထမင်းချက်စားဖို့ကတော့မဖြစ်နိုင်လောက်ဘူး”

“အေးဗျာ အဲ့ဒါဆိုလည်း ဖြစ်သလိုပဲစားလိုက်ကြတာပေါ့ ကျုပ်တို့တွေ တောနက်ထဲရောက်လာပြီဆိုတော့ အစစအရာ ရာ သတိထားမှတန်ကာကျမယ် ကဲ ကျုပ်တို့တွေ ဒီနားမှာပဲ စခန်းချတာပေါ့”

​ဘိုးထင်၏စကားအား အားလုံးမှ လက်ခံလိုက်သည်။ကိုမြကြီးသည်လည်း စောဒကမတက်တော့ပေ။သို့သော် စိုးရိမ်စိတ်ပူသည့် သူ၏မျက်နှာမှာ အနည်းငယ်မျှလျော့သွားခြင်းပင်မရှိပေ။သာရနှင့် ဖိုးထွေးအပြင် ကိုမြကြီးတို့သည် သစ်ပင်တစ်ပင်အောက်၌ ရှင်းလင်းလိုက်ကာ မီးဖို ဖိုလိုက်ကြသည်။ မီးဖိုပြီးသွားသည့်အချိန်တွင်တော့ ပတ်ဝန်းကျင်သည်လည်း မှောင်လာပြီဖြစ်၍ မီးဖိုမှအလင်းရောင်သည်သာ ပတ်ဝန်းကျင်တခွင် အလင်းရောင်ကိုပေးစွမ်းနေသည်။မီးဖိုမှထွက်ပေါ်လာသည့်အလင်းရောင်ကြောင့် သစ်ပင်ကြီးများ၊သစ်ပင်ငယ်များနှင့်
4👍1
ခြုံနွယ်ပိတ်ပေါင်းတို့အား သူတို့စခန်းချရာနေရာ၏ဘေးပတ်ဝန်းကျင်၌ ရှင်းလင်းစွာမြင်တွေ့နေရသည်။သာအေး၊ပေတူးနှင့် ကိုဝင်းဦးတို့သည် သူတို့၏ပလိုင်းများနှင့် ခြင်းများအတွင်းမှ ထမင်းခြောက်များအား ပန်းကန်လုံးနှစ်လုံးအတွင်းထည့်လိုက်ပြီးနောက် ပါလာသော အသားခြောက်များအား မီးကင်လိုက်ကြလေသည်။မီးကင်ပြီးသွားသည်နှင့် ကိုဝင်းဦးသည် ပြင်ဆင်ထားသော အစားအ သောက်များအားလိုက်လံဝေငှရင်းက စကားဆိုလေသည်။

​"ရေရှိတဲ့နေရာရောက်မှပဲ ထမင်းချက်စားကြတာပေါ့ ဒီညတော့ ထမင်းခြောက်နဲ့ ဝက်သားခြောက်ဖုတ်လေးပဲစားထားကြအုံး တော်သေးတယ် ပေတူးနှင့် သာအေးတို့ ရေတွေ အများကြီးထည့်ယူလာလို့"

​"ကိုကြီးဝင်းဦးလည်းထိုင်လေဗျာ ကျုပ်တို့နဲ့လိုက်လာတာ ပင်ပန်းနေပြီလား"

​ဖိုးထွေးသည် သူ၏ဒူးလေးအား ဘေးတွင်ချလိုက်ပြီး ထမင်းခြောက်အား လက်နှင့်ကော်ယူရင်း မေးလိုက်သည်။ ထိုအခါ ကိုဝင်းဦးသည် ဦးခေါင်းကိုခါရမ်းလိုက်ပြီး

"ငါက တောထဲတောင်ထဲ မျှစ်ချိုးသွားနေကျ‌လေ ဒီလောက်ကတော့ မမှုပါဘူး"

​"အေးဗျာ ကျုပ်တို့က ခင်ဗျားပင်ပန်းမှာကိုစိုးနေတာ"

​"မပင်ပန်းပါဘူး ကိုမြပဲပင်ပန်းမှာ သူက လယ်တွေယာတွေတောင် လူငှားနဲ့လုပ်တာလေ သူကိုယ်တိုင် လယ်ထဲယာထဲ မသွားတာတောင်ကြာနေပြီမလား ပင်ပန်းရင်းပင်ပန်း သူပဲ ပင်ပန်းမှာ"

ကိုဝင်းဦးစကားကြောင့် ကျန်သောသူများသည် ကိုမြကြီးအားလှမ်းကြည့်ကြလေသည်။ဖိုထားသော မီးဖိုအလင်းရောင် အောက်တွင် ကိုမြကြီး၏ပင်ပန်းနေသည့် အသွင်အပြင်မှာ အထင်းသားပေါ်နေသည်။သူသည် ခြေပစ်လက်ပစ်ထိုင်နေပြီး ထမင်းခြောက်ကိုဝါးကာ ဘူးသီးခြောက်ရေဘူးအတွင်းမှ ရေအား မော့သောက်နေသည်။မျက်နှာထက်မှ မအေးမြင့်အပေါ်စိုးရိမ်သည့်အရိပ်အယောင်တို့သည် အနားယူနေသည့် အချိန်တွင်ပင် ပျောက်ကွယ်မသွားဘဲ အထင်းသားပေါ်လွင်နေလေ၏။သူ့ကိုဝိုင်းကြည့်နေသည်ကိုသတိထားမိသွားသော ကိုမြကြီးသည် ရေဘူးအစို့အားပြန်ပိတ်ကာ သူ၏နံဘေးမှ ပေတူးထံကမ်းပေးလိုက်ပြီးနောက် ကပျာကယာလက်ကာပြရင်းကစကားဆိုလေသည်။

"မဟုတ် မဟုတ်ဘူး ငါမပင်ပန်းဘူး တစ်နေ့လုံး မရပ်မနား လမ်းလျှောက်မယ်ဆိုရင်တောင် အဆင်ပြေတယ်"

​ကိုမြကြီးမှထိုသို့ပြောလိုက်ရာ ဖိုးထွေးနှင့် သာရသည် သူတို့၏လွယ်အိတ်များကို ခေါင်းခုပြီး ပက်လက်လှန်လှဲချလိုက်ရင်း ကိုမြကြီးအား စကားဆိုကြလေသည်။

​"အဲ့ဒါ အချစ်ရဲ့စွမ်းအားပဲလေဗျာ ကိုမြကြီး မအေးမြင့်ကို တကယ်ချစ်လို့သာ အဲ့လိုစိတ်တွေဖြစ်နေတာ ကိုယ်ချစ်တဲ့သူအတွက်ဆို ဘယ်လောက်ပဲပင်ပန်းပါစေ စိတ်က ဆောင်နေတော့ သန်မာနေတတ်တယ်ဗျ"

"ဖိုးထွေးပြောတာ မှန်တယ် ကိုကြီးမြ ကျုပ်တို့လည်း လှရင်နဲ့တွေ့ရတော့မယ်ဆိုရင် ဘယ်လောက် ထယ်ထိုးထိုး၊ ဘယ်လောက် ထွန်ချချ ပင်ပန်းတယ်လို့ကိုမထင်ဘူး အဲ့တာတကယ်ဗျ"

​"မင်းတို့ပြောတာ ဟုတ်တယ် ဒီခရီးက ပြန်လာရင်တော့ ငါ ညီမလေးကိုတောင်းရမယ်ကွာ"

​"ကိုကြီးမြကြီးက တကယ်မိန်းမယူတော့မှာပေါ့"

​"အေးပေါ့ကွ"

​"မင်္ဂလာက နှစ်ဌာနေဆောင်ရမှာပေါ့ ချမ်းသာမှာ တစ်ခါ ပေပင်မှာ တစ်ခါ ချမ်းသာမှာက လူကြီးတောင်းပဲတောင်းမှာလား"

"ဟေ့ကောင် ငါက နှစ်ဌာနေလုံး ကလေးတောင်းပဲတောင်းမှာ ချမ်းသာရွာမှာမင်္ဂလာဆောင်ရင် မင်းတို့လိုက်ရမှာနော်"

"စိတ်ချပါဗျာ လိုက်မှာ လိုက်မှာ ကျုပ်တို့မှမလိုက်ရင် ဘယ်သူကလိုက်မှာတုန်း"


​"အေးကွာ ငါ့မင်္ဂလာဆောင်ကြရင် မင်းတို့ကို တပတ်လုံး ဧည့်ခံပစ်မယ် တကယ်ပြောတာ"

​"ယုံပါတယ်ဗျာ ယုံပါတယ်"

​ကိုမြကြီးသည် သူ၏စိတ်ထဲတွေးနေသည့် အရာများအား ကျန်သူများကို ပြောပြနေသည်။ကျန်သောသူများသည်လည်း စိတ်ပါဝင်စားစွာနှင့် ကိုမြကြီး၏စိတ်ကူးအား ကောင်းမွန်စွာထောက်ပံ့ပေးနေသည်။ဤသို့ဖြင့် သူတို့သည် အချိန်အတန် ကြာအောင်စကားပြောဖြစ်ကြပြီးနောက် အတွေးကိုယ်စီဖြင့် အိပ်စက်အနားယူလိုက်ကြပါလေတော့သည်။

အခန်း (၄)

​"အမကြီးလိုအပ်တာရှိရင် ကျမကိုပြောနော် ကျမ ဒီမှာ စောင့်နေမယ်"

​"ရတယ် နင် အိပ်ချင်အိပ်လေ"

​"မအိပ်ရဲပါဘူး ကျမအိပ်တာကိုသိရင် သခင်ကြီးကသတ်လိမ့်မယ်"

​ကျွန်းသားများဖြင့်တည်ဆောက်ထားသည့် အိမ်ကြီးထဲတွင် မအေးမြင့်နှင့် အသက်တဆယ့်လေးနှစ်အရွယ် ဆံရစ်ဝိုင်းနှင့်ကလေးမလေးတို့ပြောဆိုနေသည့် စကားသံ များဖြစ်၏။ကလေးမလေးသည် မအေးမြင့်၏အိပ်ယာအနီးတွင် ဒူးတုတ်၍ထိုင်နေသည်။မအေးမြင့်မှ ထိုကလေးမလေးအား အိပ်ရန်ပြောပါသော်လည်း အောက်လမ်းဆရာကြီး ဦးဉာဏ်၏စကားအား မလွန်ဆန်ဝံ့သည်မို့ ကလေးမလေးမှာအိပ်စက်ခြင်းမပြုရဲပေ။ထို့ကြောင့် မအေးမြင့်သည်လည်း တင်ပျဉ်ခွေထိုင်ကာ ကလေးမလေးနှင့်စကားပြောနေလိုက်သည်။

​"နင့်နာမည် ဘယ်လိုခေါ်လဲ"

​"မိဦးပါ အမကြီး"

"ငါဘာလဲဆိုတာ နင်သိလား"

​"သိပါတယ် အမကြီး စိတ်မထင်ရင် ကျုပ်သေသွားနိုင်တယ်မလား"

​"နင် ငါ့ကိုမကြောက်ဘူးလား"

​"အမှန်အတိုင်းပြောရရင် ကြောက်တယ် အမကြီးသတ်ရင်လည်း သေရမှာပဲ သခင်ကြီးခိုင်းတာမလုပ်ရင်လည်း သေရမှာပဲ သခင်ကြီးခိုင်းတာမလုပ်ရင် အရင်သေမှာမို့ အမကြီးဘေး မှာလာစောင့်နေရတာပါ"

​မိဦး၏စကားကြောင့် မအေးမြင့် အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။ထို့ကြောင့် သူမသည် လေသံကို လျှော့ကာ မိဦးအား ဆက်လက်မေးမြန်းလိုက်သည်။
4👍2
​"ဒါနဲ့ နင်က ပညာသည်တစ်ယောက်မဟုတ်ဘူးမလား နင့်ကိုကြည့်ရတာ အမှောင်ပညာမတွေ့ရဘူး"

​"မဟုတ်ဘူး အမကြီး ကျုပ်က သာမန်လူပါပဲ"

​"ဟင် နင်က သာမန်လူဟုတ်လား ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာတုန်း"

​"ကျုပ်ရဲ့ အမကြီးကို သခင်ကြီးက ခေါ်ထားတယ်လေ ကျုပ်မှာ နေစရာလည်းမရှိတာနဲ့ အမကြီးနောက်လိုက်ရင်း ဒီကိုရောက်လာတာ သခင်ကြီးက နေခွင့်ပေးထားတယ်"

​"ဒီရွာထဲကလူတွေက သာမန်လူတွေလား"

​"သခင်ကြီးစခေါ်လာစကတော့ အကုန်လုံးက သူလိုငါလိုပဲ နောက် ဟိုအိမ်ကြီးဆီခေါ်ပြီး ဘာလုပ်လိုက်တာလဲမသိဘူး အဲ့အိမ်ကြီးထဲရောက်ပြီးသွားရင် သာမန်လူမဟုတ်တော့ဘူး မျက်နှာသေကြီးတွေနဲ့ တစ်မျိုးကြီးဖြစ်သွားကြတယ် ကျုပ်အစ်မလည်း သူတို့လိုဖြစ်သွားတာ အမကြီး"

​"ဟိုအိမ်ကြီးဆိုတာ"

​"ရွာလယ်က အိမ်မဲကြီးလေ အဲ့ထဲမှာ အရုပ်တွေနဲ့ အိုးတွေပဲရှိတယ်"

​မိဦးမှာ ကလေးသာသာအရွယ်ကလေးမို့ သူမသိထားသောအကြောင်းအရာများကို မအေးမြင့်အား ပြောပြနေခြင်း ဖြစ်သည်။မအေးမြင့်သည်ကား ဦးခေါင်းအားညိတ်ပြလိုက်ကာ သူမသိလိုသည်များအား မေးမြန်းလိုက်ပြန်သည်။

​"အဲ့ဒါဆို ဒီမှာ ရှိနေတဲ့လူတွေက သာမန်လူတွေပေါ့လေ"

​"ခေါ်လာတုန်းကတော့ ဟုတ်တယ်"

​"နေပါဦး သူခေါ်တယ်ဆိုတာနဲ့ပဲ နင်တို့တွေကလည်း လိုက်လာကြတာပဲလား"

"သခင်ကြီးကို ဒီနားဝန်းကျင်ကလူတွေအကုန်လုံးကြောက် ကြတယ် သူခေါ်ရင်မလိုက်လို့မရဘူး ဒီတောကြီးပတ်ဝန်းကျင်မှာ တဲစုတွေ အများကြီးရှိတယ် အဲ့တဲစုက လူတွေက သခင်ကြီးကိုကြောက်ကြတယ် သခင်ကြီးခိုင်းတာဆို ဘယ်သူကမှ မငြင်းရဲကြဘူး"

"အဲ့ဒါဆို ဒီရွာမှာ ရှိနေတဲ့သူတွေက ဒီနားဝန်းကျင် တဲစုက လူတွေပေါ့"

​"ဟုတ်တယ် အမကြီး"

​"ငါတွေ့တာတော့ ဒီမှာ မိန်းကလေးတွေချည်းပဲလားလို့"

"ဟုတ်တယ် မိန်းကလေးတွေများတယ် ယောက်ျားဆိုလို့ အိမ်ဆောက်တဲ့လက်သမားတွေပဲရှိတာ ဒီရွာတည်ထားတာ တောင်သိပ်မကြာသေးဘူးလေ"

​"ဪ အေး အေး ကဲ ကဲ ငါအိပ်တော့မယ် ညည်းလည်း အိပ်ချင်အိပ် ငါပြောပေးမယ် "

"မအိပ်ရဲပါဘူး အမကြီးရယ် သခင်ကြီးသာ ကျုပ်အိပ်တာ ကိူသိသွားရင် ဆူမှာ"

​"အဲ့ဒါဆိုလည်း စောင့်ပေါ့ ငါတော့အိပ်ပြီ"

​မအေးမြင့်သည် ထိုသို့ပြောပြီး သူမအတွက်ပြင်ဆင်ပေးထားသော အိပ်ယာတွင်ဝင်အိပ်လိုက်သည်။မအေးမြင့်သည် သူမ၏နံဘေးတွင် မအိပ်ဘဲဒူးတုတ်ထိုင်ကာ သူမအား စောင့်ကြည့်နေသည့် မိဦးဆိုသော ကလေးမလေးအားကြည့်ရင်း တဖြည်းဖြည်းနှင့်အိပ်ပျော်သွားပါလေတော့သည်။

အခန်း (၅)

​မီးဖိုမှထွက်လာသော အလင်းရောင်အောက်တွင်တော့ ဘိုးထင်တို့အဖွဲ့သည် အထုပ်အပိုးဝန်စည်စလွယ်များကိုဘေးချပြီး ပက်လက်အိပ်သူက အိပ်၊တစ်စောင်းအိပ်သူက အိပ်နှင့်ရှိ နေကြသည်။ညဉ့်နက်ပိုင်းရောက်လာသည့်အတွက် တောအတွင်းတိတ်ဆိတ်နေပြီး မီးဖိုမှထွက်သည့် မီးတောက် လောင်နေသည့်အသံကိုပင် အတိုင်းသားကြားနေရကာ တခါတရံတွင်တော့ ညဉ့်အချိန်အခါတွင် အစာရှာထွက်သည့် သတ္တဝါတို့၏အော်သံကိုကြားနေရသည်။ထိုအချိန်တွင် တခြားသူများထက် မအေးမြင့်အပါ် စိုးရိမ်သောကပိုရောက်နေသော ကိုမြကြီးသည် ကောင်းစွာအိပ်မပျော်နိုင်ဘဲ ခေတ္တ အိပ်ပျော်လိုက်၊ပြန်နိုးလာလိုက်နှင့် ရှိနေသည်။သူသည် အတွေးပေါင်းမြောက်များစွာဖြင့် အိပ်မရဘဲ မျက်လုံးကိုမှိတ်ထားနေချိန် သစ်ရွက်ခြောက်တို့အား ခြေဖြင့်နင်းလာသည့်အသံကို ပီပီသသကြားလိုက်သောကြောင့် ငုတ်တုတ်ထထိုင်လိုက်ကာ အသံလာရာဆီသို့ကြည့်လိုက်သည်။ထိုအခါ သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ကိုမြကြီးတစ်ယောက် မည်သည့်စကားဆိုရမည်မှန်းမသိအောင်ဖြစ်နေပြီး သတိပြန်ဝင်လာသည့်အခါတွင် နံဘေးတွင်အိပ်နေသည့် ဘိုးထင်ကိုနှိုးရန်ကြံလိုက်သည်။သို့ပေမဲ့ သူ မနှိုးဖြစ်ပေ။အကြောင်းမှာ သူမြင်တွေ့လိုက်ရသောသူမှ သူ့အားအသံမထွက်ရန် အချက်ပြလိုက်သောကြောင့်ဖြစ်လေသည်။မီးဖိုအလင်းရောင်အောက်သို့တဖြည်းဖြည်းချင်းဝင်လာသူမှာ မအေးမြင့်ဖြစ်နေ၍ ကိုမြကြီးတယောက် လွန်စွာအံ့ဩဝမ်းသာနေသည်။မအေးမြင့်သည် ကျန်သူများအားမနှိုးရန် လက်ဟန်အမူအယာဖြင့်ပြနေပြီး သူ့ကိုပါလက်ယပ်ခေါ်နေသဖြင့် ကိုမြကြီးသည် စဉ်းစားချင့်ချိန်နိုင်စွမ်းကင်းမဲ့စွာပင် မအေးမြင့်အနားသို့ တဖြည်း ဖြည်းချင်းတိုးကပ်သွားလိုက်လေသည်။သူစကားပြောမည်ကြံလိုက်တိုင်း မအေးမြင့်သည် တိတ်တိတ်နေရန်သာအချက်ပြနေ၍ မည်သည့်စကားမှမပြောဖြစ်ပေ။ထို့နောက် မအေးမြင့်သည် တဖြည်းဖြည်းချင်းနောက်ဆုတ်နေပြီး ကိုမြကြီးအနီးရောက်လာသည်နှင့် လက်ယပ်ခေါ်ကာ အလင်းရောင်မရနိုင်တော့သည့်တောအတွင်းသို့ တဖြည်းဖြည်းပြန်ဝင်သွားနေလေ၏။ထိုအတွက် ကိုမြကြီးတစ်ယောက် လှမ်းနေသည့်ခြေလှမ်းတို့အားရပ်တန့်လိုက်၍ တစ်စုံတစ်ခုအား စဉ်းစားနေမိသည်။မအေးမြင့်သည်ကား ခြေလှမ်းတို့ရပ်တန့်သွားသော ကိုမြကြီးအား သူ့နောက်လိုက်ရန်သာ လက်ယပ်ခေါ်နေသည်။ကိုမြကြီးတယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိစဉ်းစားနေချိန်တွင်တော့ ဘိုးထင်တစ်ယောက် အိပ်နေရာမှ နိုးလာပြီဖြစ် သည်။ဘိုးထင်သည် သူ၏လွယ်အိတ်ကိုစမ်းပြီး လွယ်အိတ်အတွင်းမှ အစီအရင်ကြိုးတစ်ချောင်းအား လက်နှင့်ကိုင်ထားလိုက်သည်။ကိုမြကြီးမှာဖြင့် မအေးမြင့်ခေါ်ရာနောက်လိုက်ရနိုးမလိုက်ရနိုးတွေးနေပြီး သူ့အား မျက်နှာငယ်လေးနှင့်လက်ယပ်ခေါ်နေသည့် မအေးမြင့်နောက်
4
မီးဖိုမှအလင်းရောင်ပျောက်သည့်ဘက်သို့လိုက်သွားလိုက်သည်။ထို့နောက် သူသည် မအေးမြင့်နှင့်မလှမ်းမကမ်းတွင်ရပ်လိုက်ပြီး ရှေ့ဆက်မသွားပဲရပ်တန့်နေလေရာ မအေးမြင့်တစ်ယောက် အသံခပ်အုပ်အုပ်နှင့် စကားဆိုလာလေသည်။

​"ဘာလုပ်နေတာလဲ လာလေ"

"ဘာလို့ အမှောင်ထဲကိုခေါ်နေတာလဲ ညီမလေး ညီမလေးကို အစ်ကိုကြီးတို့လိုက်ရှာနေတာလေ"

"သိတယ် ကျွန်မ သူတို့နဲ့မတွေ့ချင်ဘူး ရှင်နဲ့ပဲတွေ့ချင်တာ"

"ရှင် အစ်ကိုကြီးကို ဘယ်လိုပြောလိုက်တယ် ရှင် ဟုတ်လား"

"ရှင်လို့မပြောလို့ ကျွန်မက ဘယ်လိုပြောရမှာလဲ"

​အခြေအနေမှာ မူမမှန်သည်ကိုသိသွားသော ကိုမြကြီးသည် လှမ်းတော့မည့်ခြေလှမ်းတို့အားရပ်တန့်လိုက်ပြီး အမှောင်ထဲသို့ ဆက်မလိုက်တော့ပေ။ထိုအခါ မအေးမြင့်သည် စိတ်မရှည်သည့်လေသံဖြင့်

​"ရှင် ဘာဖြစ်နေတာလဲ ကျွန်မကိုလိုက်ရှာတယ်လည်း ပြောသေးတယ် အခုတွေ့တော့ ပျော်တောင်မပျော်နိုင်ပါလား"

"နင် ဘယ်သူလဲ"

"ကျွန်မက ကျွန်မလေ"

"နင့်နာမည် ဘယ်သူလဲလို့မေးနေတာ"

​ကိုမြကြီးမှထိုသို့မေးလိုက်ရာ မအေးမြင့်တစ်ယောက် မျက်စိမျက်နှာပျက်သွားပြီး မည်သို့ပြန်ပြောရမည်မှန်းမသိ ဖြစ်နေပုံပေါ်လေသည်။ထို့နောက် သူမ၏မျက်နှာထားသည် ချက်ခြင်းဆိုသလိုပြောင်းလဲသွားပြီး ကိုမြကြီး၏လည်ပင်းအား ရုတ်တရက်ဝင်ညှစ်ပါလေတော့သည်။မထင်မှတ်ထားသောအဖြစ်အပျက်မို့ ကိုမြကြီးတစ်ယောက် ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ မအေးမြင့်၏လည်ပင်းညှစ်ခြင်းကိုသာခံလိုက်ရသည်။ထိုအချိန်တွင် မအေးမြင့်၏လည်ပင်းဆီသို့ ကြိုးကွင်းတစ်ချောင်းစွပ်လာပြီး မန္တန်ရွတ်သံလည်းပေါ်ထွက်လို့လာသည်။မန္တန်ရွတ်သံနှင့်အတူ မအေးမြင့်အနီးသို့ ဒူးလေးနှင့်ချိန်ရွယ်ထားသော ဖိုးထွေးနှင့် သာရ၊ကျွန်းနက်တုတ်ကိုင်ထားသည့် သာအေးနှင့် ပေတူးတို့ပါ တိုးကပ်လာသည်။ကြိုးကွင်းစွပ်လိုက်သူမှာ ဘိုးထင်ဖြစ်ပြီး ဘိုးထင်သည် ကိုဝင်းဦးအားကြိုးကိုကိုင်စေကာ အားဖြင့် ဆွဲစေသည်။မန္တန်ရွတ်သံတစထက်တစကျယ်လာသည်နှင့်အမျှ မအေးမြင့်၏ရုပ်သွင်မှာလည်း တစတစပျောက်ကွယ်သွားပြီး အရပ်လေးပေခန့်ရှိပြီး ကိုယ်ခန္ဓာတွင် အဖုအထစ်ဗရပျစ်၊မျက်လုံးတို့နီရဲနေကာ နားရွက်ကားကားကိုမှ နံငယ်ပိုင်းသာဝတ်ဆင်ထား‌သည့် မှင်စာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။မှင်စာကောင်အဖြစ်အသွင်ပြောင်းသွားသည်နှင့် ကိုမြကြီးလည်း လည်ပင်းအညှစ်ခံနေရသည်မှလွတ်မြောက်သွားကာ အသက်ကိုပြင်းစွာရှူပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ လည်ပင်းအညှစ်ခံလိုက်ရသည့်အတွက် စိတ်တိုသွားသည့် ကိုမြကြီးသည် လည်ပင်းအား ကြိုးဖြင့်အချည်ခံထားရသည့် မှင်စာကောင်လေးအား ခြေထောက်ဖြင့်ပိတ်ကန်လိုက်လေရာ မှင်စာကောင်လေးသည် သူ၏‌လက်ဖြင့်ကာလိုက်ပြီး စူးရှရှလေသံဖြင့် တောင်းပန်လာလေသည်။

​"ငါ ငါ တောင်းပန်ပါတယ် ငါ့ကို မနှိပ်စက်ပါနဲ့"

"ဘာကွ မင်းကိုမနှိပ်စက်နဲ့ ဟုတ်လား မင်း ငါ့ကို လည်ပင်းညှစ်သတ်တာလေ"

"အဲ့ဒါက မတော်လို့ပါ"

"မင်း မင်း ငါ့ကိုအမှောင်ထဲခေါ်လာတာ သတ်မလို့မလား"

"မ မဟုတ်ပါဘူး ငါ ငါ မင်းတို့ကိုနောက်တာပါ ငါက ပျော်တတ်လို့ပါ"

"တော်စမ်း မင်း မင်း ငါ့ကိုသတ်မလို့မလား"

​ကိုမြကြီးမှာ လွန်စွာစိတ်ဆိုးဒေါသထွက်နေပြီး မှင်စာလေးအား ခြေဖြင့် ဆင့်ကာဆင့်ကာကန်လေသည်။မှင်စာလေးသည်လည်း လက်ကလေး တကာကာဖြင့် တောင်းပန်နေလေရာ ကြားထဲမှ သနားတတ်သောကိုဝင်းဦးသည် ကိုမြကြီးအား ဟန့်တားလိုက်လေသည်။

​"ကိုမြ တော်ပါတော့ သူ့ကိုလည်းမိထားပြီပဲကို"

"ဟုတ်တယ် ကိုကြီးမြ စိတ်လျှော့ဗျာ ကျုပ် မေးလိုက်မယ် ကိုကြီးဝင်းဦး ကြိုးကိုမလျှော့နဲ့ တင်းထား ဒီကောင်တွေက ဉာဏ်များတယ်"

​ဘိုးထင်သည် ကိုမြကြီးအားစကားဆိုရင်း ကိုဝင်းဦးအား သတိပေးလိုက်ခြင်းဖြစ်သည်။ထို့နောက် ဘိုးထင်သည် သာရ၏ဝါးကျည်တောက်ထဲမှ အစီအရင်အဝတ်စပတ်ထားသော မြှားတံတစ်ချောင်းကိုယူကာ မှင်စာလေးအနီးသို့တိုးကပ်သွားလိုက်ပြီး မှင်စာလေး၏ရင်ဘတ်ကို ခြေဖြင့်ဆောင့်ကန်လိုက်သည်။ထို့နောက် လဲကျသွားသော မှင်စာလေး၏ ရင်ဘတ်ပေါ်သို့ ဒူးဖြင့်တက်ဖိကာ မြှားတံကို လည်ပင်းတွင်ထောက်ပြီး အသံခပ်မာမာနှင့်မေးမြန်းလိုက်လေသည်။

​"ဟေ့ကောင် ဖြေစမ်း မင်းကို ငါသနားလို့ ချက်ချင်းပြာချမပစ်တာ အခု ငါမေးတာကို အမှန်အတိုင်းမဖြေဘူးဆို မင်းကို ပြာချပစ်မယ်"

"ကြောက် ကြောက်ပါတယ် ကျုပ် ကျုပ် အမှန်အတိုင်း ဖြေပါမယ်"

"မင်း ဘာလို့ မိန်းကလေးအယောင်ဆောင်ရတာလဲ"

"မင်းတို့ မိန်းကလေးကိုလိုက်ရှာနေတယ်ထင်လို့ပါ"

"အဲ့ဒါဆို မင်း သူ့ကို တွေ့ခဲ့တယ်ပေါ့"

"တွေ့ တွေ့ပါတယ် အစီအရင်ဘီလူးက ဘုံသာရွာကိုခေါ်သွားတာပါ"

"မင်းပြောတာ အမှန်ပဲလား"

"ငါ ငါ မညာရဲပါဘူး"

"မင်း သူ့ကို သေသေချာချာမြင်လိုက်တယ်ပေါ့"

"မြင်လိုက်တယ် မြင်လို့သာ ငါအယောင်ဆောင်တာပေါ့"

"အယောင်ဆောင်ပြီးတော့ ငါတို့ကိုဘာလုပ်ဖို့လဲ သတ်မလို့မဟုတ်လား"

"မ မဟုတ်ပါဘူး ငါ ငါ ပျော်တတ်လို့ပါ ငါ ငါ စတာပါ"
5👍1
​အသံစူးရှရှနှင့် မှင်စာလေးသည် ဘိုးထင်၏အမေးများအား ကြောက်ကြောက်လန့်လန့်နှင့်ပြန်ဖြေလေသည်။ ထို့နောက် ဘိုးထင်သည် မှင်စာလေး၏လည်ပင်းမှ ကြိုးအား မိန်းမချည်ပြောင်းချည်လိုက်ပြီး မြှားတံအား မှင်စာလေး၏ ဦးခေါင်းဘေးသို့ အားနှင့်စိုက်ချလိုက်ကာ လန့်၍တုန်ယင်နေသည့် မှင်စာလေးအား ဆက်လက်စကားဆိုလိုက်သည်။

​"ဒီကြိုးကို ငါစီရင်ထားတာ မင်းလို မှင်စာကောင်မပြောနဲ့ဘီလူးတောင် လွတ်အောင်ရုန်းနိုင်မှာမဟုတ်ဘူး အဲ့တော့ မင်း ငါတို့ကို ဘုံသာရွာကိုလိုက်ပို့ ဘုံသာရွာရောက်ရင် မင်းကို ငါလွှတ်ပေးမယ်"

"ပို့ ပို့ပေးပါ့မယ် ဒါပေမဲ့ ငါက ညဖက်ပဲသွားလို့ရတာ"

"သိတယ် အခု ညတွင်းချင်းပဲ ခရီးဆက်မယ်"

"ငါ ပို့ပေးမယ် ဟိုရောက်ရင်တော့ မင်းတို့ လွှတ်ပေးရမယ်နော်"

"လွှတ်ပေးမယ် မင်း ဉာဏ်များလို့ကတော့ ငါဘာကောင်လဲဆိုတာ မင်းသိတယ်မလား"

​ဘိုးထင်သည် ထိုသို့ပြောပြီး မန္တန်တစ်ပုဒ်အားရွတ်လိုက်ပြန်ရာ ဘိုးထင်၏မျက်လုံးတို့ မဲနက်လို့သွားလေ၏။ဘိုးထင် ထိုသို့ပြောင်းလဲသွားသည်ကိုမြင်သည်နှင့် မှင်စာလေးသည်လည်း လွန်စွာကြောက်လန့်သွားပြီး

​"ငါ ငါ မလိမ်ရဲပါဘူး အမှန်အတိုင်းပြောတာပါ မင်း မင်းကို ကြောက်တယ်"

​ထိုအခါမှ ဘိုးထင်သည် မန္တန်ရွတ်နေသည်ကိုရပ်လိုက်ပြီး ကိုဝင်းဦး၏လက်ထဲမှ ကြိုးစကိုယူကာ ကျန်သူများအား စကားဆိုလိုက်သည်။

​"ကဲ မီးတုတ်တွေလုပ်ကြဗျာ မီးတုတ်လုပ်ဖို့ပါတယ်မလား"

"ပါတယ် ဘိုးထင်"

​ဖိုးထွေးနှင့် သာရသည် ထိုသို့ပြောပြီး သာအေးနှင့် ပေတူးတို့နှင့်အတူ သူတို့၏ဝန်စည်စလွယ်များထဲမှ ပစ္စည်းပစ္စယများအားထုတ်လိုက်ပြီး မီးတုတ်တခုအား ခပ်မြန်မြန်ပင်ဖန်တီးလိုက်ကြသည်။မီးတုတ်ရလာသည်နှင့် ဘိုးထင်သည် မှင်စာလေးအား ရှေ့မှသွားစေကာ မှင်စာလေး၏လည်ပင်းကိုချည်ထားသော ကြိုးတစ်ဖက်၊မီးတုတ်တစ်ဖက်ဖြင့် စတင်ထွက်ခွာလိုက်ရာ ကျန်သူများသည်လည်း သူတို့၏ဝန်စည်စလွယ်များကိုသယ်ဆောင်ပြီး အနောက်မှလိုက်သွားလိုက်ကြပါလေတော့သည်။

အခန်း (၆)

​‌အငြို့ခံထားရသည့်အလား မျက်နှာသေနှင့် မိန်းကလေးငယ်များခြံရံလျက် အောက်လမ်းဆရာကြီးဦးဉာဏ်သည် မအေးမြင့်နေထိုင်သည့် အိမ်ကြီးပေါ်သို့တက်သွားလိုက်သည်။ အိမ်ကြီး၏တံခါးအနီးတွင်‌စောင့်နေသည့် မိန်းကလေးနှစ်ယောက်သည် ဦးဉာဏ်ကိုမြင်သည်နှင့် ခေါင်းညိတ်ကာ အရိုအသေပေးပြီး တံခါးဖွင့်ပေးလိုက်သည်။သူမတို့မှ တံခါး ဖွင့်ပေးလိုက်သည်နှင့် ဦးဉာဏ်သည် အိမ်ထဲဝင်လိုက်ပြီး အိမ်အတွင်းရှိ ကျွန်းထိုင်ခုံပေါ်တွင် ခြေထောက်ကိုချိတ်ပြီး အိန္ဒြေရရဖြင့်ထိုင်နေသည့် မအေးမြင့်အားတွေ့လိုက်ရ၍ သဘော ကျစွာဖြင့်တစ်ချက်ပြုံးလိုက်သည်။ဦးညဏ်သည် မအေးမြင့် အနီးတွင် ဒူးတုတ်၍ထိုင်နေသည့် မိဦးအား လက်ဝေ့ရမ်းပြကာ အိမ်အောက်သို့ဆင်းသွားရန်အချက်ပြလိုက်သည်။ ထိုအခါ မိဦးသည် ဦးခေါင်းလေးကိုငုံ့ပြီး ဦးဉာဏ်နှင့် သူ၏ နောက်လိုက်နောက်ပါမိန်းကလေးများ ဘေးမှနေ၍ အိမ်အောက်သို့ ဆင်းသွားလေတော့သည်။ထိုအခါမှ ဦးဉာဏ်သည် မအေးမြင့်နှင့်မျက်နှာချင်းဆိုင်တွင်ချထားသော ကျွန်းထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ မျက်နှာခပ်ပြုံးပြုံးဖြင့် စတင်ပြီး စကားဆိုလေသည်။

​"ငါက နင့်ကို ညကတည်းက လူတွေသတ်ပြီးပြေးမယ် ထင်ထားတာ အင်း အထက်ဆရာကြီးတွေက နာမ်ရွာကိုသွားဖို့လွှတ်တဲ့သူပဲ အဲ့လောက်တော့ ဘယ်ရက်စက်မှာလဲ ကဲ ဘယ်လိုလဲ အခု လက်ရှိခန္ဓာနဲ့ပဲဆက်နေမလား ဒီ့ထက်ငယ်တဲ့ခန္ဓာကို ရွေးမလား"

​"အဲ့ဒါတွေပြောဖို့က စောပါသေးတယ် ကဲ ငါ့ကို နင်အရိုက်အရာကိုဆက်ခံစေချင်တယ်ဆိုတော့ နင် ဘာတွေ စိတ်ကူးထားသလဲ ပြောဦးလေ ဒီရွာလေး တစ်ရွာလောက်နဲ့တော့ အဆင်မပြေဘူးထင်တယ်"

​"ဟုတ်တယ် ဒီရွာ တစ်ရွာတည်းမဟုတ်ဘူး။နင်သာ ငါတို့နဲ့ ပူးပေါင်းရင် စုန်းရွာတွေကိုသွားတိုက်မယ် ငါတို့က စုန်းရွာတွေရဲ့ဘုရင် လုပ်မယ် ပြီးရင် သာမန်လူသားတွေကို ငါတို့ရဲ့ အခိုင်းအစေအဖြစ်ထားမယ် ဘယ်လိုလဲ"

​"နင့်အကြံက ကြီးလှချည်လား"

​"ငါတို့ကို မနှစ်မြို့တဲ့လူတွေဆို ငါတို့အနေနဲ့လည်း အကြင်နာထားနေစရာမလိုဘူး ကဲ ဘယ်လိုလဲ ငါတို့နဲ့ ပူးပေါင်းမှာလား"

မအေးမြင့်၏ကိုယ်ခန္ဓာအတွင်းမှ မဟူရာဒေဝီတစ်ဖြစ်လဲ မအေးမြင့်တယောက် ဦးဉာဏ်၏အမေးအား ချက်ခြင်းပြန်မဖြေသေးဘဲ အတန်ကြာအောင်တွေးလို့နေသည်။ထို့နောက် သူမသည် ဘိုးထင်တို့အားစောင့်ဆိုင်းချိန်ပိုရရန်ရည်ရွယ်ကာ ဦးခေါင်းကိုပြညိတ်၍ လက်ခံသည့်သဘောမျိုးပြုမူလိုက်သည်။

​"ကောင်းပြီလေ နင့်ရည်ရွယ်ချက်က ကြီးတယ်ဆိုတော့ ငါကလည်း နင့်ပြောစကားကိုလက်ခံရမှာပေါ့"

​"ငါပြောတာ လက်ခံတယ်လား နင် ငါတို့နဲ့ပူးပေါင်းမှာပေါ့"

​"ဟုတ်တယ် ငါ နင်တို့နဲ့ပူးပေါင်းမယ်"

​မအေးမြင့်၏နှုတ်မှ ထိုသို့ပြောနေသည့်တိုင် အောက်လမ်းဆရာကြီး ဦးဉာဏ်မှာဖြင့် လုံးဝဥဿုံယုံကြည်ဟန်မပြသေးဘဲ ဦးခေါင်းအားခါရမ်းရင်း မအေးမြင့်အားပြုံးပြီ စကားဆက်လေသည်။

​"နင့်ပါးစပ်ကနေ ခုလိုပြောရုံလေးနဲ့ ငါကလက်ခံမယ်များထင်နေလား"

"နင်က ဘာဆိုလိုချင်တာလဲ"

"ဘာဆိုလိုချင်တာလဲဆိုတော့"

​ဦးဉာဏ်သည် ထိုသို့စကားဆိုလိုက်ပြီးနောက် လက်ခုပ်တီးလိုက်ကာ အသံခပ်မာမာနှင့် မိဦးဆိုသော ကလေးမလေးအား ခေါ်လိုက်လေသည်။
4👍2
​"ဟေ့ တစ်ယောက်လောက် ဟို သူငယ်မကိုခေါ်လိုက်စမ်း"

ဦးဉာဏ်၏စကားဆုံးပြီးသည်နှင့်မကြာသောအချိန်တွင်တော့ ဆံရစ်ဝိုင်းနှင့်မိဦးဆိုသောကလေးမလေးသည် သူမ၏ ခါးလေးကိုကိုင်းညွှတ်ပြီး မရဲတရဲနှင့် ဦးဉာဏ်ရှေ့တွင် မတ်တတ်ရပ်နေသည်။ထိုအခါ ဦးဉာဏ်သည် မအေးမြင့်ကို ခပ်ပြုံးပြုံးဖြင့်ကြည့်လိုက်ပြီး

​"ကဲ နင်က ငါတို့နဲ့ပူးပေါင်းမှာဆိုတာ ငါ့ကိုယုံစေချင်လား"

​မအေးမြင့် ဦးခေါင်းကိုသာညိတ်ပြလိုက်သည်။ထိုအခါ ဦးဉာဏ်သည် မျက်နှာတည်တံ့သွားပြီး မိဦးအား လက်ညှိုးထိုးပြကာ မအေးမြင့်အား အသံခပ်မာမာနှင့်အမိန့်ပေးလိုက်လေသည်။

​"ငါတို့ကိုယုံစေချင်တယ်ဆိုရင် အဲ့သူငယ်မကိုသတ်ပြီး သူရဲ့လည်ချောင်းသွေးကို ငါတို့ရှေ့မှာတင်သောက်ပြ"

​"ဘာပြောတယ်"

​"ငါပြောနေတာကို နင်မကြားဘူးလား ငါ့ရှေ့က သူငယ်မကို သတ်ပြီး လည်ချောင်းသွေးသောက်ပြ"

​ဦးဉာဏ်နှုတ်မှတလုံးချင်းထွက်လာသော စကားတို့ကြောင့် မအေးမြင့်ကိုယ်ထဲ၌ကြီးစိုးနေသည့် မဟူရာဒေဝီတစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်လို့နေပြီဖြစ်သည်။မိဦးမှာဖြင့် ဦးဉာဏ်၏စကားကြောင့် ခေါင်းကလေးငုံ့ထားရင်းမှ ဒူးများတဆတ်ဆတ်တုန်ရင်နေသည်။သို့ပေမဲ့ သူမသည် ရပ်မြဲရပ်နေကာ မအေးမြင့်အား သနားစဖွယ်အမူအရာလေးဖြင့် လှမ်းကြည့်နေ၏။မအေးမြင့်သည်လည်း ဦးခေါင်းကိုခါရမ်းလိုက်ကာ

​"နင်ယုံကြည်ဖို့အတွက် ငါက ကလေးတစ်ယောက်ကိုသတ်ရမှာလား"

​"နင် အဲ့လိုလုပ်ဖို့လိုအပ်တယ်"

"ငါ နင်ပြောသလိုမလုပ်နိုင်ဘူး"

​"ဟုတ်ပြီလေ နင်က ငါပြောသလိုမလုပ်နိုင်ဘူးဆိုမှတော့ နင် ငါတို့နဲ့ပူးပေါင်းမယ်ဆိုတာ မယုံကြည်နိုင်ဘူး ကဲ ကဲ နင်က သိပ်ကြင်နာတတ်နေတော့ လူဘယ်လိုသတ်ရမယ်ဆိုတာ ကို ငါကပြပေးရတာပေါ့"

​အောက်လမ်းဆရာကြီး ဦးဉာဏ်သည် ထိုသို့ပြောလိုက်ပြီးနောက် မိဦးအားလက်နှင့်ရွယ်လိုက်ရာ ကြောက်လန့်နေသည့်မိဦးသည် အောက်လမ်းဆရာကြီး၏လက်အတွင်းသို့ တရွတ်တိုက်ပါသွားလေတော့သည်။ထို့နောက် အောက်လမ်းဆရာကြီးသည် မိဦး၏လည်ပင်းကို လက်နှင့်ညှစ်ဟန်ပြုပြီးမှ တစ်ချက်ပြုံးလိုက်ကာ မိဦးအားဖေးမလိုက်ပြီး ဦးခေါင်းကိုပွတ်သပ်ကာ

​"သူငယ်မ အတော်ကြီးကြောက်သွားပြီထင်တယ် ငါက အကြောင်းမဲ့လူသတ်တဲ့သူမဟုတ်ပါဘူး ဒီနေ့ ဧည့်သည်က ညည်းကိုမသတ်ဘူးဆိုတော့ ညည်း ဘာမှမဖြစ်တော့ဘူး ကဲ အိမ်အောက်ကိုပြန်သွားတော့"

​"ကျေး ကျေးဇူးတင်ပါတယ် သခင်ကြီး"

​"ငါ့ကိုကျေးဇူးတင်ရမှာ မဟုတ်ဘူး ညည်းကိုမသတ်တဲ့ ဧည့်သည်ကိုသာကျေးဇူးတင်ရမှာ"

​အောက်လမ်းဆရာကြီး ဦးဉာဏ်၏စကားကြောင့် မိဦးသည် ကြောက်လန့်နေသည့်မျက်ဝန်းများဖြင့် မအေးမြင့်အား ကြည့်ကာ ကျေးဇူးတင်ကြောင်းကို ဦးညွှတ်ပြပြီး အိမ်ပေါ်မှ ခပ်မြန်မြန်ဆင်းသွားလေတော့သည်။မအေးမြင့်သည်ကား အိမ်ပေါ်မှဆင်းသွားသော မိဦးအားလှည့်ကြည့်နေမိချိန် သူမအား အောက်လမ်းဆရာကြီးဦးဉာဏ်မှ စကားဆိုလေသည်။

​"နင့်စိတ်နေအထားအရတော့ ငါတို့နဲ့ပူးပေါင်းလို့မရဘူး ငါတို့ဆီကလည်း ထွက်ပြေးလို့မရနိုင်ဘူး ငါတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ တွေးမရတော့ဘူး မဟူရာဒေဝီရေ အဲ့တော့ နင့်ရဲ့ ရက်စက်တတ်တဲ့စိတ်ကို ပြန်မွေးပါ နင်မမွေးဘူးဆိုရင် နောက်ဆုံး နင့်ကိုသယ်လာတဲ့ မိန်းကလေးကို ငါတို့ ဒုက္ခပေးရလိမ့်မယ် ငါမလုပ်ချင်ပါဘူး ဒါပေမဲ့ ရွေးစရာလမ်းမရှိတော့ဘူး"

​"နင်တို့ အဲ့လိုလုပ်လို့မရဘူး ငါ့ကိုယ်သယ်လာတဲ့သူကို နင်တို့ လက်ဖျားနဲ့တောင်ထိလို့မရဘူး ထိတာနဲ့ နင်တို့ အကုန် မသာပေါ်ကုန်မယ်မှတ်"

"အဲ့ဒါကိုကြိုက်တာ ငါလည်း အဲ့စိတ်မျိုး နင့်ကိုပေါ်စေချင်တာ ငါထိန်းလို့မရရင်တောင် နင့်ကို မကောင်းဆိုးဝါးတစ်ကောင်လိုပုံဖော်ပေးနိုင်ရင် သေရမယ်ဆိုရင်တောင် ကျေနပ်တယ်"

​"နင် ရူးနေပြီ နင် အကျိုးမရှိတာတွေကိုလုပ်နေတာပဲ"

"ဟုတ်တယ် ငါရူးနေပြီ နင်သာ ငါ့ရွာရဲ့ အကြီးအကဲနေရာယူမယ်ဆိုရင် ငါ နင့်ကိုဒူးထောက်ဖို့အသင့်ပဲ လုပ်ပါ ရက်စက်လိုက်စမ်းပါ ဒီလောကကြီးကို ကမောက်ကမဖြစ်အောင်လုပ်ပစ်လိုက်စမ်းပါ"

မအေးမြင့်တစ်ယောက် မည်သို့မှအကဲခတ်၍မရသော အောက်လမ်းဆရာကြီးဦးဉာဏ်အား အံ့ဩတကြီးကြည့်နေမိသည်။သူလိုချင်သော အရာမှာ မည်သည့်အရာမှန်း သူမ ခန့်မှန်းမရဖြစ်နေသည်။ထိုအချိန်မှာပင် အိမ်အောက်ဆီမှ မိန်းကလေးတစ်ယောက်သည် အိမ်ပေါ်သို့ခပ်မြန်မြန်တက်လာပြီး ဦးဉာဏ်အား လေးလေးစားစားဖြင့်စကားဆိုလာလေသည်။

​"သခင်ကြီး ရွာအပြင်မှာ လူတစ်အုပ်တွေ့တယ် သူတို့ ရွာထဲဝင်ဖို့ကြံနေတယ်"

​"ဘယ်သူဖြစ်နိုင်မလဲ"

​"သခင်ကြီးခေါ်လာတဲ့မိန်းကလေးကိုလာရှာတာဖြစ်နိုင်တယ်"

​"သူတို့ပုံစံတွေက ဘယ်လိုရှိလဲ ပညာသည်တွေလား"

​"ကျွန်မတို့အမြင်ကတော့ သာမန်လူတွေပဲ သခင်ကြီး"

​"ကောင်းတယ် ကောင်းတယ် ကဲ ကဲ ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန်ကြိုဆိုလိုက်ကြစမ်း"

​"ဟုတ်ကဲ့ သခင်ကြီး"

သတင်းလာပို့သောမိန်းကလေးသည် ဦးဉာဏ်အား အရိုအသေပေးပြီးနောက် အိမ်ပေါ်မှ ဆင်းသွားလေသည်။ ထိုအခါ ဦးဉာဏ်သည် မအေးမြင့်ကိုကြည့်လိုက်ပြီး

​"ကဲ နင့် အဖော်အပေါင်းတွေတော့ရောက်ပြီ ငါ့အတွက် နောက်ထပ် စီစဉ်စရာတွေလည်းပေါ်လာပြီ အဲ့တော့ ကောင်း ကောင်းနားပေဦး ခဏနေရင် နင့်လူတွေနဲ့ တွေ့ခွင့်ပေးမယ်"
2👍2
​ဦးဉာဏ်သည် ထိုသို့ပြောပြီး အိမ်အောက်သို့ဆင်းသွားလေသည်။သူဆင်းသွားသည်နှင့် ကျွန်းတံခါးကြီးလည်း ပြန်ပိတ်သွားလေ၏။မအေးမြင့်မှာဖြင့် ကျွန်းထိုင်ခုံတွင်သာထိုင်ရင်းတွေးငေးနေပါလေတော့သည်။

အခန်း (၇)

​ဝေလီဝေလင်းအချိန်တွင်တော့ ဘိုးထင်တို့အုပ်စုသည် ဘုံသာရွာအဝင်သို့ရောက်ရှိလာကြပြီဖြစ်သည်။သူတို့အား ယခု နေရာသို့လိုက်ပို့ပေးသည့် မအေးမြင့်အယောင်ဆောင်သော မှင်စာကောင်လေးကိုချည်ထားသည့်ကြိုးအား ဘိုးထင်မှ ဖြည်ပေးလိုက်တော့သည်။လည်ပင်းမှချည်ထားသော ကြိုးပြေသွားသည်နှင့် မှင်စာကောင်လေးသည် ဘိုးထင်တို့အား တစ်ချက်လှည့်ကြည့်ကာ လျှင်မြန်သောအရှိန်အဟုန်ဖြင့် တောကြီးအတွင်းသို့ ပြေးဝင်သွားတော့၏။ကိုမြကြီးသည် မှင်စာကောင်ထွက်သွားရာနောက်သို့ ကြည့်လိုက်ကာ

​"ဘိုးထင် မင်းအဲ့ကောင်လေးစကားကို ယုံတယ်လား သူ ငါတို့ကိုလှည့်စားဖို့ကြိုးစားထားတာလေ"

​"ကိုကြီးမြကြီး အဲ့ကောင် ကျုပ်တို့ကိုမညာရဲပါဘူး ဘာလို့လဲဆိုတော့ သူ့အသက်နဲ့ခြိမ်းခြောက်ထားလို့လေ အမအေးမြင့်ရှိတဲ့နေရာကို သူတကယ်သိထားတယ် အဲ့ဒါကြောင့်မို့ ကျုပ်တို့ အမအေးမြင့်ကိုရှာတယ်ဆိုတာ သူသိနေတာပေါ့"

​"မင်းပြောတာလည်း မှန်ပါတယ်အဲ့ဒါဆို ဘယ်လိုလုပ်မလဲ ငါတို့ ဒီရွာထဲဝင်မှာလား"

​"ဝင်ရမှာပေါ့ဗျာ သူတို့ရန်ပြုရင်တော့ ကျုပ်တို့ တိုက်ခိုက်ရမှာပေါ့ သူတို့ ရန်မပြုဘူးဆိုရင်တော့ ကျုပ်တို့လည်း အေး အေးဆေးဆေးပဲနေမယ်လေ ဘယ်လိုလဲ မကောင်းဘူးလား"

​"ကောင်းတယ်"

​"ကဲ ကိုကြီးဝင်းဦးနဲ့ ကိုကြီးမြကြီး ကျုပ်တို့ကြားထဲမှာနေဗျာ ပေတူးနဲ့ သာအေး မင်းတို့နောက်မှာနေ ကိုသာရနဲ့ ကိုဖိုးထွေး ခင်ဗျားတို့ ရှေ့ကသွား ရန်ပြုဖို့ကြံတာနဲ့ ပစ်သာပစ်ဗျာ သာအေးနဲ့ ပေတူး မင်းတို့ကို မုတ်ဆိတ်ဖြူပေးခဲ့တဲ့ လက်နက်တွေ အသင့်ပြင်ထား"

အားလုံးသည် ​ဘိုးထင်ပြောသည့်အတိုင်းလိုက်နာကြသည် ။ထို့နောက် သူတို့သည် တောကြီးအတွင်း၌တည်ရှိသော ပျဉ်ထောင်ပျဉ်ခင်းအိမ်တော်ခေါင်နှင့် နှစ်ဆောင်ပြိုင်အိမ်ကြီးများတည်ရှိရာ ဘုံသာရွာအတွင်းသို့ဝင်လိုက်ကြသည်။သူတို့ ရွာထဲသို့ဝင်လိုက်သည်နှင့် မည်သည့်လူရိပ်လူယောင်ကိုမျှမတွေ့ရပေ။အိမ်ကြီးများသည် တိတ်ဆိတ်ခြောက်ကပ်စွာတည် ရှိနေပြီး ရွာများအတွင်းတွင် ရှိနေတတ်သော ကျွဲ၊နွား၊ကြက်၊ ဝက်များကိုပင်မတွေ့ရပေ။သူတို့ သတိကြီးစွာနှင့်ဆက်ပြီး လမ်းလျှောက်လာကြရာ မကြာသောအချိန်တွင်တော့ သူတို့ နှင့်မျက်နှာချင်းဆိုင်ဆီမှ ရင်ဖုံးအင်္ကျီနှင့် ထမိန်တို့အား ဝတ်ဆင်ထားပြီး ဗျာပါဆံ ဆံပင်ပုံစံများနှင့် မျက်နှာသေမိန်းကလေးငါးယောက်တို့အား တွေ့လိုက်ရသည်။သူမတို့ သည် အရယ်အပြုံးမရှိပါဘဲ သူတို့ကိုကြည့်၍ စကားဆိုလာလေသည်။

​"ဧည့်သည်တို့ ရွာကို လမ်းမှားပြီးရောက်လာတာထင်တယ်"

​မိန်းကလေးတစ်ယောက်၏အမေးစကားအား ဘိုးထင်မှ ပြန်လည်ဖြေကြားလိုက်လေသည်။

​"မဟုတ်ဘူး ကျုပ်တို့ လူတစ်ယောက်ကိုလာရှာတာ"

​"ဟုတ်လား ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ရွာကိုရောက်လာပြီဆိုမှတော့ ဧည့်သည်တွေပဲလေ ကျွန်မတို့ နောက်လိုက်ခဲ့ပါ ဧည့်သည်တွေကိုဧည့်ဝတ်ကျေအောင်ပြုစုပါရစေ"

​မျက်နှာသေများနှင့်ပြောလာသော စကားများမှာ မည်သို့မှ မလိုက်ဖက်သောကြောင့် ဘိုးထင်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး အချင်းချင်းမေးငေါ့ကာတိုင်ပင်ကြလေသည်။ထို့နောက် ဘိုးထင်သည် မိန်းကလေးများအား ကြည့်၍စကားဆိုလိုက်သည်။

​"ကောင်းပြီလေ ခင်ဗျားတို့က ဧည့်ဝတ်ပြုမယ်ဆိုတော့လည်း ကျုပ်တို့က လိုက်ခဲ့ရမှာပေါ့ ကဲ ရှေ့ကသွားဗျာ"

​"ကောင်းပါပြီ ကျွန်မတို့ နောက်ကိုသာလိုက်ခဲ့ပါ"

မိန်းကလေးများသည် ထိုသို့ပြောပြီး အရှေ့မှဦးဆောင်၍ လမ်းလျှောက်သွားလေသည်။ကိုဝင်းဦးသည်ကား အသံခပ်တိုးတိုးနှင့် ဘိုးထင်အား စကားဆိုလေသည်။

​"ဘိုးထင် သူတို့ကိုကြည့်ရတာ လှတော့လှပေမဲ့ ကြောက်စရာကောင်းနေသလိုပဲ"

"ဟုတ်တယ် ကျုပ်အထင်တော့ သူတို့ တစ်ခုခုပူးကပ်ခံနေရပုံပဲ"

​"သူတို့က မကောင်းဆိုးဝါးတွေမဟုတ်ဘူးလား"

"မဟုတ်ဘူး သူတို့ကိုယ်ထဲကို မကောင်းဆိုးဝါးတွေ ထည့်ထားတာ သူတို့တွေက လူတွေဗျ ကိုကြီးဝင်းဦးမြင်သာအောင် ပြောရရင် ကျုပ်တို့ အမအေးမြင့်ကိုယ်ထဲကို မဟူရာဒေဝီ ကိန်းနေသလိုပေါ့ဗျာ"

​"အဲ့လိုကြီးလား ကြောက်စရာကြီးဟာ"

"ကြောက်စရာမကောင်းပါဘူးဗျာ သနားဖို့တောင်ကောင်းသေးတယ် သူတို့ဘဝတွေက တကယ်မလွယ်ဘူး"

​ဘိုးထင်သည် အောက်လမ်းဆရာတစ်ယောက်မို့ မိန်းကလေးများ၏ကိုယ်ခန္ဓာအတွင်း မကောင်းဆိုးဝါးများကိန်း‌နေသည်ကိုတန်းသိလေသည်။ဤသို့ဖြင့် သူတို့သည် အရှေ့မှသွားနေသည့် မိန်းကလေးများနောက်သို့လိုက်သွားရာ များမကြာသောအချိန်တွင်တော့ နှစ်ဆောင်ပြိုင်အိမ်ကြီးတစ်လုံး၏အိမ်အောက်သို့ ရောက်ရှိလာလေသည်။အိမ်အောက်တွင်တော့ ပိတောက်အနှစ်များအား ခုံတန်းနှင့် စားပွဲများအဖြစ်ပြုလုပ်ထားသည့် ခုံတန်းများအားညွှန်ပြကာ လေသံအေးအေးဖြင့် ဧည့်ဝတ်ပြုလေသည်။

​"ဧည့်သည်တို့ ဒီခုံတွေမှာ သင့်သလိုထိုင်ကြပါ မကြာခင် ကျွန်မတို့ သခင်ကြီးလာပါလိမ့်မယ်"
3👍2
​မိန်းကလေးများပြောသည့်အတိုင်း ဘိုးထင်တို့သည် သူတို့၏ဝန်စည်စလွယ်များအား စားပွဲ၊ခုံတန်းများပေါ် တင်ထားလိုက်ကြပြီး ပိတောက်အနှစ်ခုံတန်းများတွင် ဝငိထိုင်လိုက်ကြသည်။ထို့နောက် မိန်းကလေးများသည် အိမ်အောက်မှထွက်သွားလေရာ အိမ်အောက်ထဲတွင်တော့ သူတို့သာကျန်နေလေ တော့သည်။အချိန်အတန်ကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်မျှပေါ်မလာသောအခါ ပေတူးတစ်ယောက် စိတ်မရှည်ဖြစ်လို့လာလေသည်။

​"ဘိုးထင် ဘယ်သူမှလည်းမလာပါလား တို့ ဘယ်လိုလုပ်ကြမလဲ"

​"စိတ်ရှည်စမ်းပါကွာ"

​"ငါထိုင်ရတာ ညောင်းနေပြီကွ"

​"ညောင်းရင်လည်း လှဲနေကွာ ငါတို့ ဘာကိုမှအလျင်စလို လုပ်လို့မဖြစ်ဘူး"

​ဘိုးထင်၏စကားကြောင့် ပေတူးသည် ထိုင်နေရာမှ ခုံတန်းတွင် လှဲအိပ်လိုက်သည်။သူနှင့်အတူ သာအေးသည်လည်း ခုံတန်းတွင် လွယ်အိတ်ကိုခုကာ လဲလျောင်းနေလေသည်။ညသန်းခေါင်ကျော်အချိန်မှစပြီး လမ်းလျှောက်ခဲ့ရသည်မို့ သူတို့ အားလုံး ပင်ပန်းနေကြသည်။နေအတော်မြင့်သည်အထိ မည်သူမှပေါ်မလာသောကြောင့် ဘိုးထင်သည်လည်း အိပ်ချင်စိတ်များဖြစ်ပေါ်လာလေသည်။ထို့ကြောင့် သူသည် ဘေးတွင်ရှိသော ကိုဝင်းဦးနှင့် ကိုမြကြီးအားကြည့်ကာ

​"ကိုကြီးမြကြီးနဲ့ ကိုကြီးဝင်းဦး ကျုပ် အိပ်ချင်လာလို့ဗျာ ခဏမှေးလိုက်ဦးမယ် အဆင်ပြေမလား"

​"ပြေပါတယ်လေကွာ မင်းလည်း တွေးရတောရနဲ့ အတော် ပင်ပန်းနေရောပေါ့ အိပ် အိပ် ငါတို့စောင့်နေမယ်"

​ကိုမြကြီးနှင့် ကိုဝင်းဦးတို့မှ လိုလိုလားလားပင်ခွင့်ပြုလေရာ ဘိုးထင်သည် ပေတူးနှင့် သာအေးနည်းတူ ပိတောက်အနှစ်ခုံတန်းတွင် ချိတ်ထားသောလွယ်အိတ်ကိုခေါင်းခုကာ အိပ်လိုက်ပါလေတော့သည်။

အောက်လမ်းဘိုးထင်နှင့် နာမ်ရွာ (တတိယပိုင်း)သည် ကား ဤမျှသာ။မကြာမီ ဇာတ်သိမ်းပိုင်းအား တင်ဆက်ပေးပါမည်။

#တင်ဆန်း
14👍1