The Standard Time Digital
249 subscribers
595 photos
21 videos
94 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
အီရန်စစ်ပွဲစရိတ် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ နီးပါးရှိလာပြီဟု ပင်တဂွန်ပြော
အမေရိကန်စစ်ဘက်၏ အသင့်ရှိမှုအပေါ် စစ်ပွဲ၏ ရိုက် ခတ်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ဝေဖန်ဆန်းစစ်မှုများ ပို၍ ကြုံနေရစဉ် အီရန်နှင့်စစ်ပွဲကုန်ကျစရိတ်သည် ‌ဒေါ်လာ ၂၉ ဘီလီယံနားသို့ နီးကပ်လာပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားသည်။
လွှတ်တော်မှ ဘတ်ဂျက်ကြားနာမှုတစ်ခုအတွင်း တင်ပြခဲ့သော စစ်အသုံးစရိတ် ပမာဏသည် လွန်ခဲ့သော သီတင်းနှစ်ပတ်တွင် ဌာနကထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်ထက် လေးဘီလီယံ ပိုများသည်။
၂၀၂၇ ခုနှစ်အတွက် ထရန့်အစိုးရ၏ ကာကွယ်ရေးဘတ်ဂျက် ၁ ဒသမ ၅ ထရီလီယံ တောင်းဆိုမှုအပေါ် ထွက်ဆိုချက်ပေးချိန်တွင် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်၊ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း နှင့် ပင်တဂွန်ဘဏ္ဍာရေးမှူး ဂျူးလ်ဟတ်စ်တို့အား စစ်ပွဲကုန်ကျစရိတ်အကြောင်း မေးမြန်းကြခြင်း ဖြစ်သည်။
“ထွက်ဆိုချက်ပေးတဲ့ အချိန်တုန်းက ကုန်ကျစရိတ်က ၂၅ ဘီလီယံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ဦးစီးချုပ်ဌာနအဖွဲ့နဲ့ ဘဏ္ဍာရေးဌာနအဖွဲ့တို့က အဲဒီခန့်မှန်းချက်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့ရာမှာ အခုဆိုရင် ၂၉ ဘီလီယံနား နီးကပ်နေပါပြီ”” ဟု ဟက်ဆက်၏ ဧပြီ ၂၉ ရက် ခန့်မှန်းချက်ကို ရည်ညွှန်း၍ ဟတ်စ်က ပြောသည်။
ကာကွယ်ရေးပစ္စည်းများကို ပြင်ဆင်ဖြည့်တင်းရခြင်းနှင့် ကျယ်ပြန့်သော စစ်ဆင်ရေးကုန်ကျ စရိတ်များကြောင့် တိုးလာခဲ့သည်ဟု ၎င်းဆိုသည်။
ဒီမိုကရက်များနှင့် အခြားဝေဖန်သူများကမူ ပင်တဂွန်၏ တွက်ချက်မှုများကို မေးခွန်းထုတ်ခဲ့ပြီး အီရန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများ အပါအဝင်ဆိုလျှင် ကုန်ကျ စရိတ်အစစ်အမှန်သည် ပိုမိုများပြားနိုင်ကြောင်း ပြောကြားကြသည်။
ပို၍ပြည့်စုံသော တွက်ချက်မှုများကို လွှတ်တော်ကမည်သည့် အချိန်၌ ရရှိနိုင်မည်နည်းဟု မေးမြန်းရာတွင်လည်း ပင်တဂွန်၏ ဘတ်ဂျက်ပြင်ပမှနေ၍ ၎င်းတို့လိုအပ်သည်ဟုထင်သော အသုံးစရိတ်ကို ၎င်းတို့အစိုးရက တောင်းဆိုသွားမည် ဖြစ်ကြောင်း ပိဟက်ဆက်က ပြောကြားပြီး အချိန် သတ်မှတ်ချက်ကို မပြောပေ။
တီဟီရန်၏နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထရန့်က ပယ်ချပြီး နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲမှု တည်မြဲရန် ခက်ခဲလာခဲ့စဉ် ယင်းထွက်ဆို ပြောကြားမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း
👍1
နေပြည်တော် ဇေယျာသီရိ၌ ယာဥ်သုံးစီး ဆင့်တိုက်၊ ၁၆ ဦး ဒဏ်ရာရ

‎နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့၌ ယမန်နေ့ (မေ ၁၂ ရက်)နံနက် ၁၀ နာရီခွဲခန့်က ယာဥ်သုံးစီး ဆင့်တိုက်မှု
‎ဖြစ်ပွားခဲ့ရာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‎ဇေယျာသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့တွင် ဟိုက်ဂျက်နှင့် တစ်ဖက်မှလာသည့် ဖောကားတို့တိုက်မိစဉ် ဟိုက်ဂျက်ကားနောက်တွင်ပါလာသည့် လိုက်ထရပ်ကားကလည်း ဟိုက်ဂျက်ကားကိုနောက်မှ ထပ်မံဝင်တိုက်ခဲ့သည့်အတွက် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ခရီးသည် ၁၅ ဦးနှင့်လိုက်ထရပ်ယာဉ်ပေါ်ပါ တစ်ဦး စုစုပေါင်း ၁၆ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

‎"ယာဉ်တိုက်မှုဖြစ်စဉ်ကိုတော့ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာလူနာတွေကများတယ်။ သွားတဲ့ကားကလည်း သုံးစီးပဲရှိတော့ အဲဒါနဲ့ပို့ရတာဆိုတော့မလွယ်ဘူး။ လူနာတွေကိုဆေးရုံအမြန်းဆုံရောက်အောင်ပဲ အဓိကထားပြီးဆောင်ရွက်ပေးခဲ့တာပါ"ဟု ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‎ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ကားများဖြင့် ဥတ္တရသီရိမြို့နယ်ရှိ
‎ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀) နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူဆေးရုံ ခုတင် (၃၀၀) တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

‎သတင်း - ပိုင်လေး
‎ဓာတ်ပုံ - ကရုဏာရှင် လူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း
သံဖြူဇရပ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျောင်းတော်မူဘုရားကြီး၏ အမိုးပြိုကျ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ယမန်နေ့ (မေ ၁၂ ရက်) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကရုပ္ပိကျေးရွာ၊ဘူတာပိုင်း ကုန်းတော်ပေါ်၌ တည်ထားသောလျောင်းတော်မူဘုရားကြီး၏ အမိုးများ ပြိုကျခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သန်းရွှေကပြောသည်။
"ကျေးရွာဘက်ကဒေသခံတွေက အကြောင်းကြားလို့ ကျွန်တော်မနေ့ကပဲသွားခဲ့တာ။ လျောင်းတော်ဘုရားကိုအပေါ်ကမိုးထားတဲ့အမိုးပါ။ ပြိုကျတဲ့ဒဏ်ကြောင့် ဘုရားပုံလည်းအနည်းငယ်တော့ပျက်စီးမှာပါ။ မနေ့ကတော့ မရှင်းရသေးလို့အထဲတော့ဝင်လို့မရခဲ့ပါဘူး"ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် နိုင်သန်းရွှေက ပြောသည်။
ကရုပ္ပိကျေးရွာ၊ ဘူတာပိုင်းကုန်းတော်ပေါ်၌ တည်ထားသော လျောင်းတော်ဘုရားသည် အလျား ၁၇၂ တောင်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပြိုကျမှုအား ရှင်းလင်းမှုများပြုလုပ်နေပြီး အမိုးများကို အမြန်ဆုံးပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ -U Soe Minrc
#ပြည်တွင်းသတင်း
👍1
မန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူ
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသ နနှင့်အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးခုအတွက်အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများတွင်ပင်လယ်မိုင်းမောကုန်းအမှတ် (၂၂)အားထိန်းသိမ်းရန် အမိုးအကာ ဆောက်လုပ်ခြင်း၊မြနန်းစံကျော် ရွှေနန်းတော်ရှိ လိုအပ်သည့် လျှောက်လမ်းနေရာများတွင် ပေအုတ်ခင်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်တိုင်များအား မြန်မာမှုလက်ရာယွန်းကြိုးထိုးခြင်း၊ မန္တလေး နန်းမြို့ရိုးအတွင်းရှိစွယ်တော်စင်နှင့် ပဟိုရ်စင်တို့အား ပြုပြင်ထိန်းသိမ်းခြင်းတို့ ပါဝင်မည်ဖြစ်သည်။
တင်ဒါလျှောက်လွှာများကို မေ ၁၁ ရက်တွင်စတင်ရောင်းချလျက်ရှိပြီး မေ ၂၅ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ပြန်လည်တင်သွင်း ရမည်ဖြစ်ကာ လျှောက်လွှာများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲရုံး (၂၈) လမ်းနှင့် လမ်း (၇၀) ထောင့် ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်နှင့် နေရာကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ် အချက်အလက်များကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စီမံဘဏ္ဍာဌာနစု ဖုန်း- ၀၂ -၂၈၄၄၃၀၂၊၀၉-၄၀၆၀၀၅၉ နှင့် ၀၉-၂၀၀၂၁၉၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
👍1
ဧရာ၀တီတိုင်းရှိ မိုးစပါး စိုက်ဧက ၁၂သန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည်
ဧရာ၀တီတိုင်းဒေသကြီးအတွင်း မိုးရာသီစပါးစိုက်ပျိုးရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ဧက ၁၂၁၆၇၂၈ အတွက် ချေးငွေကျပ် ၃၆၅ ဒသမ ၀၁၈ ဘီလီယံ ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် တောင်သူ ၁၄၆၀၃၇ဦး ၏ စိုက်ဧက ၁၀၀၅၆၇၃ အတွက် ချေးငွေကျပ် ၁၅၀ဒသမ ၈၅ ဘီလီယံ ထုတ်ချေးပေး နိုင်ခဲ့သည်။
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်းထား ကျပ် ၃၀၀၀၀၀ နှုန်းဖြင့် လျာ ထားဧက ၁၂၁၆၇၂၈ ဧကအတွက် ချေးငွေကျပ် ၃၆၅ဒသမ ၀၁၈ ဘီလီယံကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
ချေးငွေထုတ်ချေးရာတွင် တစ်ဝက်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေသားဖြင့် ထုတ်ပေးပြီးကျန်တစ်ဝက်ကို Kpay account များသို့ လွှဲပြောင်းပေးသည့်စနစ် အသုံးပြုမည်ဖြစ်သည်။
ယင်းအစီအစဉ်ကြောင့် တောင်သူအချို့အနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်ငွေ ပေးချေမှုဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
သတင်း-ဆုလဲ့
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ဗင်နီဇွဲလားကို (၅၁)ခုမြောက် အမေရိကန်၏ ပြည်နယ်အဖြစ်ထည့် သွင်းထားသော ဂရပ်ဖစ်မြေပုံ သမ္မတထရန့် ထုတ်ပြန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မေ ၁၂ ရက်တွင် ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်၌ ဂရပ်ဖစ်မြေပုံတစ်ခု ထုတ်ပြန်ခဲ့ရာ ယင်းမြေပုံ၌ ဗင်နီဇွဲလားနိုင်ငံကိအမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ထည့်သွင်းထားကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ထရန့်သည်တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် တရုတ်နိုင်ငံသို့သွားရောက်တော့မည့် ဆဲဆဲတွင်အထက်ပါ ဂရပ်ဖစ်မြေပုံကို ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအပြင် မိမိအနေဖြင့်ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်ပြည်ထောင်စု၌ ပြည်နယ်သစ်တစ်ခု အဖြစ် ထည့်သွင်းရေးအတွက် စဉ်းစားနေကြောင်းလည်း သမ္မတ ဒေါ်နယ်ထရန့်က သည်ဖောက်စ် သတင်းဌာနသို့ မေ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် ဗင်နီဇွဲလားနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက်ပြည်နယ် ဘယ်သောအခါတွင်မျှ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂတ်ဇ်က မေ ၁၁ ရက်မှာပင် ပြောကြားထားသည်။
သို့တိုင်အောင် သမ္မတဒေါ်နယ်ထရန့်သည် ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်ပြည်ထောင်စု၏၅၁ ခုမြောက် ပြည်နယ်အဖြစ် ထည့်သွင်းထားသော ဂရပ်ဖစ်မြေပုံကို မေ၁၂ ရက်တွင် ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ယခုနှစ် ဇန်နဝါရီ ၃ ရက်တွင်ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်၍ သမ္မတမာဒူရိုအား ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားယာယီအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စောင့်ကြည့်လျက်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သမ္မတရာထူး စတင်ရယူခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းကလည်းကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက်ပြည်နယ်အဖြစ် ထားရှိလိုကြောင်း ပြောကြားခဲ့ရာ ယင်းပြောကြားချက်ကို ကနေဒါအစိုးရက ပယ်ချခဲ့ဖူးသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
👍2
အီရန်စစ်ပွဲအဆုံးသတ်နိုင်ရေး တရုတ်သမ္မတအကူအညီ မလိုအပ်ကြောင်း ထရန့်ပြောကြား
အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက်တရုတ်သမ္မတရှီကျင်ပင်း၏ အကူအညီ လိုအပ်လိမ့် မည်ဟု မိမိမထင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်နိုင်ငံခရီးစဉ် မစတင်မီ မေ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရယူရန် အလှမ်းဝေးနေချိန်၊ ဟော်မုဇ်ရေလက်ကြားကိုထိန်းချုပ်နိုင်ရေးအတွက် အီရန်နိုင်ငံက ပိုမိုကြိုးပမ်းအားထုတ်လာချိန်တွင် သမ္မတဒေါ်နယ်ထရန့်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်စစ်ပွဲကို အဆုံးသတ်ရာတွင် တရုတ်သမ္မတရှီကျင်ပင်း၏ အကူအညီရယူရလိမ့်မည်ဟု မိမိမထင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်စစ်ပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်းဖြင့်လည်းကောင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့်လည်းကောင်း၊ အနိုင်ရ လိမ့်မည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော် ပြောကြားလိုက်သည်။
သမ္မတဒေါ်နယ်ထရန့်သည် (၁၀) နှစ်တာကာလအတွင်း အမေရိကန်သမ္မတ တစ်ဦး၏ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် မေ ၁၃ ရက်မှ ၁၅ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထား သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့်တရုတ်သမ္မတ ရှီကျင်ပင်းတို့၏ ထိပ်သီးဆွေးနွေးပွဲတွင် အီရန်ပြဿနာ၊ တရုတ်(တိုင်ပေ)ပြဿနာနှင့်နှစ်နိုင်ငံ ကုန်သွယ်ရေးပြဿနာများကို အဓိကထား ဆွေးနွေးကြဖွယ်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
👍2
ထိုင်ဝမ်အရေး စနစ်တကျမကိုင်တွယ်ပါက နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာနိုင်ကြောင်း ထရန့်အား ရှီကျင့်ဖျင် သတိပေး
အမရိကန် - တရုတ် ဆက်ဆံရေးတွင် ထိုင်ဝမ်အရေးသည် အရေးကြီးဆုံးကိစ္စ ဖြစ်ကြောင်းနှင့် အဆိုပါအခြေအနေကို စနစ်တကျ မကိုင်တွယ်နိုင်ပါက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှု သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ် နယ်ထရန့်နှင့်တွေ့ဆုံမှုတွင် သတိပေးပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
"ထိုင်ဝမ်အရေးကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးဟာ ယေဘုယျအားဖြင့် တည်ငြိမ်နေမှာပါ။ တကယ်လို့ စနစ်တကျ မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နှစ်နိုင်ငံကြား ထိပ်တိုက်တိုးတာ ဒါမှမဟုတ် ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ခုလုံးကို အလွန်အန္တရာယ်များတဲ့ အခြေအနေထဲ တွန်းပို့လိုက်သလို ဖြစ်သွားပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် အခြေခံအားဖြင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ အဆိုပါ ရေလက်ကြား ငြိမ်းချမ်းရေးသည်သာ တရုတ်နှင့် အမေရိကန်ကြား အကြီးမားဆုံးသော ဘုံသဘောတူညီချက် ဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုအတောအတွင်းမှာပင် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးပွဲများတွင် ထိုင်ဝမ်အရေးသည် အဓိကခေါင်းစဉ်တစ်ခု ဖြစ်နေသည့်အတွက် ထိုင်ဝမ်အစိုးရ အနေဖြင့် သမ္မတ ထရန့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုကို အထူးအနီးကပ် စောင့်ကြည့်လျက်ရှိသည်။
ပေကျင်းတွင် ပြုလုပ်သည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ ထိုင်ဝမ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်လီက "ထိုင်ဝမ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံအားပေးမှုကို ထပ်ခါတလဲလဲ အတည်ပြုပြောကြားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ကျွန်းတစ်ကျွန်းဖြစ်သော်လည်း တရုတ်အစိုးရက ယင်းကို ၎င်းတို့၏ ပိုင်နက်အဖြစ်သာ သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ သိမ်းယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် ပိတ်ဆို့ဖြတ်တောက်မှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများအပါအဝင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ထိုင်ဝမ်အာဏာပိုင်များနှင့် ၎င်းတို့၏ မဟာမိတ်များအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ထရန့်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဘီလီယံဖိုးရှိသော လက်နက်များ ရောင်းချရန် ကြေညာခဲ့သည်။
ယင်းလုပ်ရပ်အပေါ် ပေကျင်းအစိုးရက ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ယနေ့တွေ့ဆုံပွဲ မတိုင်မီတွင်လည်း ထပ်မံသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် ၉ နှစ်တာအတွင်း ၎င်း၏ ပထမဆုံးတရုတ်ခရီးစဉ်အဖြစ် ယမန်နေ့ညနေပိုင်းတွင် ပေကျင်းသို့ရောက်ရှိခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား-BBC
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
👍1
ကျိုင်းတုံ၌ ရွှေဆိုင်ပိုင်ရှင်သေနတ်ပစ်ခံရပြီး သေဆုံး၊ ရွှေသုံးပိဿာနှင့် ကားပါယူဆောင်ထွက်ပြေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယ​မန်နေ့(မေ ၁၃ ရက်) မွန်းလွဲပိုင်းက ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးကြောင်း ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှသိရသည်။
ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ ကျိုင်းငမ်းဝပ်အင်းလမ်းရှိ ခေမာရဋ်ရွှေဆိုင်ပိုင်ရှင်ဦးစိုင်းယီတစ်သည်ရွှေဆိုင်သိမ်းပြီး ​မော်​တော်ယာဉ်ဖြင့်အိမ်သို့ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် နောက်မှပါလာသည့် ပါကျဲရိုကားပေါ်မှ လူသုံးဦးကသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသေနတ်သမားများက ဦးစိုင်းယီတစ်မောင်းနှင်လာသည့်ကားအား ယူဆောင်ထွက်ပြေးသွားသဖြင့် ကားပေါ်မှ ရွှေသုံးပိဿာနှင့်ငွေများပါသွားကြောင်း နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ကျွန်တော်တို့ရောက်တဲ့အချိန် ဦးစိုင်းယီတစ်ကသေနက်ဒဏ်ရာသုံးချက်နဲ့သေဆုံးခဲ့တာပါ။ လူနာရှင်တွေ စိတ်မကောင်းမှာစိုးလို့ ကားပေါ်မှာဆုံးတယ်လို့ပဲပြောခဲ့တာ။ အမျိုးသမီးတစ်ဦး ကတော့ကားပေါ်ကနေတွန်းချခံရပြီး ဒဏ်ရာရတယ်" ဟု ၎င်းကပြောသည်။
၎င်းတို့သုံးဦးသည် လုယက်ယူဆောင်သွားသည့်ကားအား နောင်ချိုရွာလမ်းတနေရာတွင်ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ကျိုင်းတုံမြို့ပေါ်တွင် ဆိုင်ကယ်များအားလုယက်ခြင်း၊ ပေါ်တင်ဓားပြတိုက်ခြင်းများမကြာခဏဖြစ်ပေါ် လျက်ရှိကြောင်း၊ လုယက်သူများကိုဖမ်းဆီးရမိခြင်းများမရှိကြောင်း ကျိုင်းတုံမြို့ရှိဒေသခံများထံမှသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း
1
မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး ထူထောင်ရန် ထရန့်နှင့် ရှီ သဘောတူ
နောင်လာမည့် သုံးနှစ်နှင့် ထိုထက်ပိုသော ကာလများအတွက် နှစ်နိုင်ငံဆက်ဆံရေး၏ ဦးတည်ချက်အသစ်အဖြစ် အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့က သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ယနေ့ ကျင်းပသည့် သမိုင်း ဝင်ထိပ်သီးဆွေးနွေးပွဲ၌ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုတွင် တည်ငြိမ်၍ အပြုသဘောဆောင်သော ဆက်ဆံရေးအသွင်သဏ္ဌာန်ဖြင့် အမေရိကန် - တရုတ် ဆက်ဆံရေး ခေတ်သစ်ကို ရှီကျင့်ဖျင်က ကြိုဆိုဂုဏ်ပြုခဲ့သည်။
အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း၊ ယခုပထမဆုံးအကြိမ် သုံးနှုန်းလိုက်သည့် အသုံးအနှုန်းသစ်မှာ မကြာသေးမီနှစ်များအတွင်း မတည်မငြိမ်ဖြစ်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြား ပိုမိုထိန်းညှိနိုင်ပြီး ခန့်မှန်းရလွယ်ကူသည့် ပုံစံမျိုးဖြင့် အသွင်ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ယူဆရသည်။
“အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် တည်ငြိမ်မှုဆိုတာ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားတဲ့ အပြု သဘောဆောင်တဲ့ တည်ငြိမ်မှု၊ စနစ်တကျ ထိန်းကျောင်းထားတဲ့ ပြိုင်ဆိုင်မှုနဲ့အတူ ကောင်းမွန်တဲ့ တည်ငြိမ်မှု၊ ကွဲလွဲချက်တွေကို စီမံခန့်ခွဲနိုင်တဲ့ သာမန်တည်ငြိမ်မှုနဲ့ ခန့်မှန်းရလွယ်တဲ့ ငြိမ်းချမ်းရေးရှိတဲ့ ရေရှည်တည်ငြိမ်မှုတို့ ဖြစ်သင့်ပါတယ်” ရှီကျင့်ဖျင်က ဆိုသည်။
ထို့ပြင် ယင်းဆက်ဆံရေးမှာ ကြွေးကြော်သံသက်သက် မဟုတ်ဘဲ၊ နှစ်ဦးနှစ်ဖက်စလုံးက တူညီသည့်ပန်းတိုင်သို့ ဦးတည်ရွေ့လျားမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ရမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့တွေ့ဆုံမှုတွင် အမေရိကန် - တရုတ် ဆက်ဆံရေးတွင် ထိုင်ဝမ်အရေးသည် အရေးကြီးဆုံးကိစ္စ ဖြစ် ကြောင်းနှင့် အဆိုပါအခြေအနေကို စနစ်တကျ မကိုင်တွယ်နိုင်ပါက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့မှု၊ သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ရှီကျင့်ဖျင်က ဒေါ်နယ်ထရန့်အား သတိပေးပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
#နိုင်ငံတကာသတင်း
👍1