The Standard Time Digital
250 subscribers
561 photos
21 videos
68 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
◾️စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့ စစ်ဆေးကုသပေးနေ
စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် အသက် (၃၅) နှစ်မှ(၄၉) နှစ်ကြား အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့်အခမဲ့ ကာကွယ်ကုသပေးခြင်း လုပ်ငန်းများကို မေ ၂၀ ရက်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် အသက် (၃၅) နှစ်မှ(၄၉) နှစ်ကြားရှိ အမျိုးသမီး များအားလုံးလာရောက် ပြသ စစ်ဆေးနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးမှုများအတွင်း သားအိမ်ခေါင်း ကင်ဆာမဖြစ်မီ ကြိုတင်လက္ခဏာများ (Precancerous lesions) ကို တွေ့ရှိပါက ခွဲစိတ်ကုသမှု မလိုအပ် သေးသည့် အဆင့်တွင်ရောဂါအမြစ်ပြတ် ပျောက်ကင်း စေရန် အခမဲ့ ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-MRTV
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အိမ်ဖြူတော် စစ်ဆေးရေးဂိတ်ကိုသေနတ်သမားတစ်ဦး ပစ်ခတ်တိုက်ခိုက်
ဝါရှင်တန်မြို့တော် အိမ်ဖြူတော် စစ်ဆေးရေးဂိတ်တစ်ခုတွင်မေ ၂၃ ရက်တွင် သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသမ္မတလုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းသေနတ်သမားကို အိမ်ဖြူတော်လုံခြုံရေးအမှုထမ်းများက ပြန်လည်ပစ်ခတ်တားဆီးခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏အဆိုအရ သိရသည်။
အဆိုပါ သေနတ်သမား အမျိုးသားသည် အမှတ်(၁၇)လမ်းမကြီးနှင့်ပင်ဆယ်ဗေးနီးယား ရိပ်သာလမ်းထောင့်ရှိအိမ်ဖြူတော်လုံခြုံရေး စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေနတ်သမားနှင့် အိမ်ဖြူတော်လုံခြုံရေးအဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် လုံခြုံရေးဝန်ထမ်းများ အထိအခိုက်မရှိခဲ့သော်လည်းလမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေနတ်သမားနှင့် လုံခြုံရေး အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရှိနေကြောင်းသမ္မတလုံခြုံရေး တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ အိမ်ဖြူတော်စစ်ဆေးရေးဂိတ် သေနတ်ပစ်ခတ်မှုသည် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကျင်းပခဲ့ရာ ဟိုတယ်အတွင်းသေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်လနီးပါးအကြာတွင်ထပ်မံ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲ သေနတ်ပစ်ခတ်မှု တွင်ယင်းညစာစားပွဲသို့ တက်ရောက် နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အခြားထိပ်တန်း တာဝန်ရှိသူများကို သမ္မတလုံခြုံရေး အဖွဲ့ဝင်များက အရေးပေါ်ကယ်ထုတ်ခဲ့ရသည်။
အိမ်ဖြူတော်စစ်ဆေးရေးဂိတ် သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့သူ အမျိုးသားမှာ စိတ်ကျန်းမာရေး ပြဿနာရှိနေသူတစ်ဦးဖြစ်ကြောင်း ဝါရှင်တန်ရဲတပ်ဖွဲ့ကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ရန်ကုန်-ပီနန်း လေကြောင်းခရီးစဉ်သစ် ပျံသန်းပြေးဆွဲမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)သည် မလေးရှားနိုင်ငံ ပီနန်းမြို့သို့ ရန်ကုန်-ပီနန်း လေကြောင်းခရီးစဉ်အသစ် န်.၂၇ ကို ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ် အသစ်အားလာမည့်ဇွန်လအတွင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပီနန်းမြို့သို့ ခရီးထွက်ခွာရန် စီစဉ်နေသူများအတွက်ခရီးသွား အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်-ပီနန်း လေယာဉ်ခရီးစဉ်သစ်အား အပတ်စဉ် တနင်္လာ၊ကြာသပတေးနှင့် စနေနေ့တို့တွင် သုံးကြိမ် ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် လေယာဉ်ပေါ်ရှိ အစားအသောက်နှင့် Baggage အပိုင်းတို့တွင် ဒစ်ကောင့်များ
ပေးအပ်သွားမည်ဖြစ်ပြီး www.mai.air.com တွင် ကြိုတင်စာရင်းသွင်းဝယ်ယူခြင်းဖြင့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များအား အခြေပြု၍ MAI အနေဖြင့် ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့်
ပြည်ပခရီးစဉ်များ ၂၂ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ၏လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ထိုင်း၊စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများ အပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင်မှုပေးအပ်
လျက်ရှိကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MAI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
1
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အီရန်နှင့်အမေရိကန်တို့ ရက်ပေါင်း ၆၀ သက်တမ်းတိုးနိုင်
လက်ရှိရယူထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရက်ပေါင်း ၆၀ သက်တမ်းထပ် တိုးပေးထားသော သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အနေဖြင့် ရယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အထက်ပါ သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုး ရက် ၆၀ ကာလအတွင်းအီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးထားမည်ဖြစ်ပြီး အီရန်ရေနံများကိုလည်း အထက်ပါကာလအပိုင်းအခြားအတွင်း လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိကြောင်း သိရသည်။
ယင်းအပြင် အပစ်အခတ်ရပ်စဲရေး ရက် ၆၀ ကာလအတွင်း အီရန်နျူကလီးယားအစီအစဉ် ကန့်သတ်
ရေးဆွေးနွေးပွဲများကို ကျင်းပရန်လည်း အထက်ပါသဘောတူညီချက်၌ပြဋ္ဌာန်းထားကြောင်း အမေရိကန်အစိုးရသတင်းအရင်းအမြစ်များကထုတ်ဖော်ပြောကြားထားသည်။
အထက်ပါ ရက် ၆၀ ကာလအတွင်း အီရန်နိုင်ငံအနေဖြင့်ဟော်မုဇ်ရေလက်ကြားကို လမ်းကြေး
မကောက်ခံဘဲ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ရေမြုပ်မိုင်းများ ရှင်းလင်းရေးအတွက်လည်း သဘောတူလိမ့်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အပြန်အလှန်အနေဖြင့် အမေရိကန်ပြည်ထောင်စုက အီရန်ဆိပ်ကမ်းများအား ရေတပ်အင်အားဖြင့်
ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ပြီး ရေနံများကို လွတ်လပ်စွာ ရောင်းချနိုင်ရေးအတွက် အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သည်။
အထက်ပါသဘောတူညီချက်သတင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိသေးပေ။
ဖေဖော်ဝါရီ ၂၈ ရက်တွင်စတင်ခဲ့သော အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပ
ရာတွင် တိုးတက်မှုရှိနေကြောင်းအမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးကပြောကြားထားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သက်တမ်းတိုးမည့်သတင်း ပေါ်ထွက်လာခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
1
ပင်လည်ဘူး၌ ပြင်းအား ၃ ဒသမ ၉ အဆင့်ရှိငလျင်လှုပ်
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၌ ယနေ့(မေ ၂၅ ရက်)နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုမှာ ယနေ့မြန်မာစံတော်ချိန် နံနက် ၄ နာရီ၊ ၇ မိနစ်၊ ၅၀ စက္ကန့်တွင် ပင်လည်ဘူးမြို့၏အနောက်တောင်ဘက် (၂၁) မိုင်ခန့်အကွာဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၃ ဒသမ ၉အဆင့်ရှိငလျင်ဖြစ်ကြောင်းသိရသည်။
ယခုမေလ ၅ ရက်၊ ည ၇ နာရီ၊ ၅၃ မိနစ်၊ ၃၄ စက္ကန့်တွင်လည်း စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၌ ပြင်းအား ၃ ဒသမ ၈ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
#ပြည်တွင်းသတင်း
ဖိလစ်ပိုင်အဆေက်အဦး ပြိုကျမှု သေဆုံးသူ ၃ ဦး ရှိလာပြီး ၁၇ ဦး ပျောက်ဆုံးနေ
ဖိလစ်ပိုင်တွင် ဆောက်လက်စဖြစ်သော်လည်း ပြိုကျသွားခဲ့သော အဆောက်အဦ၌ သေဆုံးသူ သုံးဦးရှိလာခဲ့ကာ ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
ယမန်နေ့က ကိုးထပ်အဆောက်အဦးပြိုကျသွားခဲ့ပြီးနောက် အပျက်အစီးများအောက်တွင် ညှပ်နေသော အလုပ်သမားနှစ်ဦး အသက်ရှင်နေသေးကြောင်း တွေ့ရှိခဲ့သည်။ ၎င်းအဆောက်အဦး ပြိုကျမှုကြောင့် ထိခိုက်ခဲ့သော အနီးအနားဟိုတယ်တစ်လုံးတွင် မလေးရှားနိုင်ငံသား တစ်ဦး သေဆုံးခဲ့သည်။
ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြသော်လည်း မြို့တော်မနီလာမြောက်ဘက် အန်ဂျလစ်မြို့ အ‌ဆောက်အဦး အပျက်အစီးများအောက် ညှပ်နေခဲ့သော အလုပ်သမား နှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ ပထမတစ်ယောက်ကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက်မရှင်ခဲ့ပါဘူး။ ဆရာဝန်တွေက သူ နှလုံးပြန်ခုန်လာအောင် မလုပ်နိုင်ခဲ့ကြပါဘူး” ဟု ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့အကြီးအကဲ မာရီယာဆာဂျီလီ က အေအက်ဖ်ပီသတင်းက ပြောသည်။
အဆောက်အအုံ ပြိုကျချိန်၌ အိပ်နေခဲ့ကြသော အလုပ်သမား ၁၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မာရီယာဆာဂျီလီ က ပြောသည်။
“တခြားတစ်ယောက်က ည ၃ နာရီ လောက်မှာ နှလုံးဖောက်​ပြန်မှု ခံစားခဲ့ရတယ်။ သူက ညှပ်နေဆဲဖြစ်တာကြောင့် ဆရာဝန်တွေ ကုသမှုမပေးနိုင်ခဲ့ဘူး” ဟု မာရီယာက ဆက်ပြောသည်။
ယမန်နေ့ညက အပူလှိုင်းကိရိယာအသုံးပြုစမ်းသပ်မှုများတွင် အသက်ရှင်နေသည့် လက္ခဏာများ တွေ့ရှိခဲ့ကြပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်‌ဆောင်နေကြသည်။
အဆောက်အအုံ ပြိုကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် အ‌ဆောက်အအုံပိုင်ရှင်အား အာဏာပိုင်များက ရှာဖွေနေကြောင်း အန်ဂျလစ်မြို့တော်ဝန် ကာမီလီလာဇာတင် က ပြောကြားသည်။
အဆောက်အဦး ပြိုကျချိန်၌ ငါးမီတာခန့်ဝေးသော အလုပ်သမားတန်းလျားတွင် အိပ်နေခဲ့ကြောင်း အသက် ၅၅ နှစ်အရွယ် အယ်လ်ဖရက်ဒိုအယ်ဘစ်က ပြောသည်။
“ ကျနော်ရဲ့ ညီအစ်ကို ဝမ်းကွဲ နှစ်ယောက် အဆောက်အဦးအောက် ရောက်နေပါတယ်။ သူတို့က မိသားစုကို လုပ်ကျွေးနေကြတာပါ။ သူတို့ သေသွားလောက်ပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
ကယ်ဆယ်ရေးသမားများ၏ လှုပ်ရှားမှုကြောင့် အသက်ရှင်ကျန်ပြီး ညှပ်နေသူများ ပို၍ ပိမိသွားနိုင်သလို ကယ်ဆယ်ရေးသမားများအတွက်လည်း အန္တရာယ်ရှိသောကြောင့် ယခုအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းကို လူအင်အားဖြင့်သာ အဓိကထား လုပ်‌ဆောင်နေရသည်ဟု မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာက ပြောကြားသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း
စပိန် DEMU ရထားတစ်စင်း ရန်ကုန်-မန္တလေး ခရီးစဉ် တိုးချဲ့ပြေးဆွဲမည်
ရထားစီး ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက်ရန်ကုန်-မန္တလေး လမ်းပိုင်းတွင်အမှတ်(၉) အဆန်/အမှတ် (၁၀)အစုန် ရန်ကုန်-မန္တလေး စပိန် DEMUရထားကို ဇွန် ၁ ရက်မှ စတင်ကာတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထိုရထားသည် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာတို့မှ နေ့စဉ် နံနက်၈ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ အမှတ် (၉) အဆန် ရန်ကုန်-မန္တလေးရထားသည် မန္တလေးဘူတာသို့ ညနေ ၆ နာရီခွဲ၊အမှတ်(၁၀)အစုန်ရထား သည်ရန်ကုန်ဘူတာကြီးသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည် ဖြစ်ကာလမ်းဘူတာများအနေဖြင့် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာ များတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ခနှုန်းထားများ အနေဖြင့် လက်ရှိပြေးဆွဲနေသော ရန်ကုန်-မန္တလေး DEMU ရထားလက်မှတ်ခနှု န်း ထားများအတိုင်းဖြစ်ကာ လက်မှတ်များကို ORTP ဝက်ဘ်ဆိုက်မှတစ်ဆင့် ခရီးစဉ်အစအဆုံး အတွက် ခုနစ်ရက်ကြို၊ကြားဘူတာ ခရီးစဉ်များအတွက် ငါးရက်ကြို ဝယ်ယူနိုင်မည်ဖြစ်သည်။
ရထားထပ်မံတိုးချဲ့ပြေးဆွဲပေးခြင်းကြောင့် ဇွန် ၁ ရက်မှ စတင်ကာရန်ကုန်-မန္တလေး တိုက်ရိုက်ပြေးဆွဲသည့် DEMU ရထားအစင်းရေ စုစုပေါင်းသုံးစင်းအထိရှိလာမည် ဖြစ်သည်။
သတင်း- မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ရာသီပေါ်အင်ဥများ ဈေးနှုန်းမြင့်တက်နေ
ဈေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ မြင့်တက်နေပြီးဈေးကောင်းရရှိနေကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် အင်ဥဈေးနှုန်းများသည် တစ်ပိဿာလျှင် ကျပ်၁၀၀၀၀၀ ကျော်အထိ ရှိနေပြီး အချို့နေရာများတွင် ကျပ် ၁၃၀၀၀၀ အထိမြင့်တက်နေကြောင်း သိရသည်။
အင်ဥဈေးနှုန်းများ မြင့်တက်လာရခြင်းမှာသယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် စရိတ်စကများမြင့်တက် လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကုန်ပစ္စည်းများကိုဈေးကွက်သို့ တင်ပို့နိုင်မှုလျော့နည်းနေခြင်းသည်လည်း အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နေသည်။
အင်ဥများကို စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ ဝန်းသို၊ကသာ၊ ဗန်းမော် စသည့် ဒေသများမှအဓိက ထွက်ရှိကြောင်း သိရသည်။
သို့သော် ယခုအချိန်တွင် အဆိုပါဒေသများတွင် သွားလာရေးအခက်အခဲများရှိနေခြင်းကြောင့် ဈေးကွက်သို့ ဝင်ရောက်နိုင်မှု နည်းပါးနေသည်။
အင်ဥများသည် မိုးရာသီအစတွင် ပိုမိုထွက်ရှိလေ့ရှိပြီး မေလမှဇူလိုင်လအထိ ရရှိနိုင်သည်။
မိုးရွာပြီးနောက် ညအချိန်များတွင် အများဆုံးထွက်တတ်ကြောင်းလည်း သိရသည်။
သတင်း-ဆုလဲ့
ဓာတ်ပုံ- အစိမ်းရောင်လမ်း
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ရန်ကုန်မြို့မှ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ဆေးကုသပေးမည်
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် (၅၀၀) အထူးကု ဆေးရုံကြီးတို့မှအထူးကုဆရာဝန်ကြီးများ ပါဝင်သောအထူးကု ဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် မေ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်တိုင်တိုင် ‘အခမဲ့’ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ပါမောက္ခ/ဌာနမှူးလာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ။ဌာနမှူး(နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း)ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ။ဌာနမှူး
(အသည်းဆေးကု) အထူးကုဆေးရုံ ကြီး ခုတင်(၅၀၀) ရန်ကုန်၊ ပါမောက္ခ။အထူးကု ဆရာဝန်ကြီး (အစာအိမ်နှင့် အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။
ထို့ပြင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံ ကြောဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန် ကြီး(ရင်ခေါင်းဆေးကု) အထူးကုဆေးရုံကြီး ခုတင်(၅၀၀) ရန်ကုန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ် ဆေးကု) အထူးကုဆေးရုံကြီး ခုတင်(၅၀၀) ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ကင်ဆာဆေးပညာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အထူးကုဆရာဝန်ကြီး (ကလေးကင်ဆာ) ကလေးဆေးရုံကြီး (ရန်ကုန်နှင့် အထူးကုဆရာဝန်ကြီးကလေးဆေးရုံကြီး) ရန်ကုန် (ကလေးဦးနှောက်နှင့်အာရုံကြောဆေးကု) စသည့် အထူးကုဆရာဝန်ကြီး၁၁ ဦး ပါဝင်မည်ဖြစ်သည်။
ဆေးကုသလိုသူများအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး ဧည့်ကြိုဌာနတွင် စုံစမ်း၊ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သတင်း-လင်းလက်ကြယ်စင်
ဓာတ်ပုံ- CJ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ကွန်ဂိုနှင့် ယူဂန်ဒါ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကပ်ဘေးကို တုံ့ပြန်နိုင်စွမ်းထက် ပိုမြင့်မားနေ
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုနှုန်းမှာ ရောဂါကူးစက်မှုအား တုံ့ပြန်နိုင်သည့် နှုန်းထက် ပို၍ မြင့်မားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)အကြီးအကဲ အက်ဟာနွန်ဂျီဘရီယေးဆပ်က မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဘေးနှင့် ပတ်သက်၍ အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အွန်လိုင်း
ဆွေးနွေးပွဲမိန့်ခွန်းတွင် ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များကို ထောက်လှမ်းဖော်ထုတ်ရန် နှောင့်နှေးမှုကြောင့် ရောဂါကူးစက်မှု တုံ့ပြန်ရေး လုပ်ငန်းစဉ်များလည်း နောက်ကျခဲ့ရကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက မေ၂၅ ရက်ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးမီအထိ ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့၌ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာနိုငကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက သတိပေးထားသည်။
လက်ရှိအချိန်တွင် ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူအရေအတွက်မှာ ၂၂၀အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက ထုတ်ဖော်ပြောကြားထားသည်။
ကွန်ဂို၌ လက်ရှိ ကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ ကာကွယ်ဆေးနှင့် သီးသန့်ကုထုံးမရှိသေးသော Bundibugyo မျိုးကွဲဖြစ်သည်။
ကွန်ဂို အီဘိုလာဗိုင်းရပ်စ်ကပ်ဘေးအတွက် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ဒဗလျူအိတ်ခ်ျအိုကယခုလအစောပိုင်းတွင် ကြေညာထားပြီဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း