The Standard Time Digital
249 subscribers
595 photos
21 videos
94 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
ဒူးရင်းပွဲတော် ကျင်းပမည်
ဒူးရင်းဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် မြန်မာမျိုး ဒူးရင်းမျိုးရင်းများကို အဓိကထားပြသ သွား မည့် မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကို မေ၁၉ ရက် (တစ်ရက်တည်း) ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ယင်းပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပမည် ဖြစ်ပြီး မြန်မာ့ဒေသထွက် ဒူးရင်းသီးများကိုပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်]မြန်မာ့ဒူးရင်း} အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့်ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများဖန်တီးရေးနှင့် စီးပွားရေးကွန်ရက် ချိတ်ဆက်ရေးတို့ကိုလည်း အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများကို ရွေးချယ် ဖော်ထုတ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း အသင်းကထုတ်ပြန်ထားသည်။
အဆိုပါ ဒူးရင်းပွဲတော်တွင် မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ သီးနှံအသင်းအစုအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက အသိပေးအကြောင်းကြားထားသည်။
သို့ဖြစ်ရာ ဒူးရင်းစိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် အဆို ပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် အသေးစိတ်အချက် အလက် များအတွက် သက်ဆိုင်ရာအသင်းနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ-အစိမ်းရောင်လမ်း
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
👍1
ချင်းရိုင်တွင် မြန်မာလုပ်သား ၃၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နယ် ပါအော့ဒွန်းချိုင်ကျေးရွာအုပ်စုရှိ အိမ်တစ်အိမ်တွင် တရားမဝင် ဝင်ရောက်လာပြီး ခိုအောင်းနေကြသည့် မြန်မာလုပ်သား၃၆ဦးအား ဖမ်းဆီး ခဲ့ကြောင်းထိုင်းသတင်းမှ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းရိုင်ခရိုင် လ၀ကအဖွဲ့က မေ၁၁ ရက်တွင် သတင်းရရှိပြီး ယင်းနေအိမ်သို့ စစ်ဆေးခဲ့ခြင်းဖြစ် ပြီး အိမ်အတွင်း၌ မြန်မာလုပ်သားအမျိုးသား၁၇ဦး၊အမျိုးသမီး၁၉ဦးအားတွေ့ရှိခဲ့ရာအများစုမှာ လူငယ်အရွယ်များ ဖြစ်ကာ ခရီးဆက်ရန် အထုပ်အပိုးများ ပြင်ဆင်ထားကြောင်း သိရသည်။
ထိုအလုပ်သမားများမှာ မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ဝင်ရောက်ကာဗန်ကောက်နယ်စပ်တွင် အလုပ်လုပ်နိုင်ရေး တစ်ဦးလျှင် ဘတ် ၅၀၀၀ မှ ဘတ်၁၀၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။
ပွဲစားက မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ကားဖြင့်လာကြိုခဲ့ပြီး အဆိုပါအိမ်တွင် ခေတ္တထား ထားချိန်၌ ဖမ်းမိကြောင်း ဖော်ပြထားသည်။ဖမ်းဆီးရရှိခဲ့သော မြန်မာအလုပ်သမားများအား မှတ်တမ်းပြုစုကာမယ်ဆိုင်မြို့အမှတ် (၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်သို့ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၇ ရက်ကလည်း ဖိစနုလုခ်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၁၆၀ အား ကား ၁၀ စီးဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအလုပ်သမားများမှာမဲဆိုင်မြို့မှဝင်ရောက်ကာအဆိုပါနေအိမ်တွင်ခိုအောင်းသွားကြသူများဖြစ်ကာ ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းနေကြောင်း ထိုင်းသတင်းတွင် ဖော်ပြ ထားသည်။
သတင်း-လင်းလက်ကြယ်
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲံ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ထရန့်၏ တရုတ်ခရီးစဉ်အတွက် အီလွန်မက်စ်နှင့် တင်မ်ကွတ်ခ်တို့ကို အိမ်ဖြူတော် ဖိတ်ကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏တရုတ်ခရီးစဉ်တွင် အတူလိုက်ပါရန် တက်စလာနည်းပညာ ကုမ္ပဏီ အကြီးအကဲ အီလွန်မက်စ်နှင့်အက်ပဲလ်ကုမ္ပဏီအကြီးအကဲ တင်မ်ကွတ်ခ်တို့ကို အိမ်ဖြူတော်က ဖိတ်ကြားထားကြောင်း အမေရိကန်မီဒီယာများက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မေ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက် ၍ တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသည်။
အထက်ပါခရီးစဉ်တွင် သမ္မတဒေါ်နယ်ထရန့်နှင့်အတူ အမေရိကန် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါမည်ဖြစ်ရာတက်စလာအကြီးအကဲ အီလွန်မက်စ်နှင့် အက်ပဲလ်ကုမ္ပဏီအကြီးအကဲ တင်မ်ကွတ်ခ်တို့ကိုလည်း ဖိတ်ကြားထားကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများကပြောကြားသည်။
တရုတ်နိုင်ငံခရီးစဉ်အတွင်း စီးပွားရေးသဘောတူညီချက်နှင့် နှစ်နိုင်ငံအရောင်းအဝယ် သဘော တူညီချက်များ ရယူနိုင်ရန် သမ္မတဒေါ်နယ်ထရန့်က မျှော်လင့်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်မူလက တရုတ်နိုင်ငံသို့ မတ်လကုန်ပိုင်း သို့မဟုတ် ဧပြီလအစောပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း အီရန်စစ်ပွဲကြောင့် ခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရသည်။
လာမည့်တရုတ်နိုင်ငံခရီးစဉ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
လုပ်ငန်းခွင်ထိခိုက်ခဲ့ သည့်မြန်မာလုပ်သားနှစ်ဦး နစ်နာကြေးဘတ်လေးသိန်းကျော် ရရှိ
ထိုင်းနိုင်ငံ စမူပကန်ခရိုင်ရှိ ဂက်စ်အိုးစက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်စဉ် လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးအတွက် ရထိုက်သည့်နစ်နာကြေးငွေ ဘတ် ၄၁၀၀၀၀ ကို မေ ၁၁ ရက်က ရရှိခဲ့ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့ထံမှ သိရသည်။
နစ်နာကြေးရရှိခဲ့သူများမှာ စမူပကန်မြို့နယ် ဘန်ဘိုဒေသရှိ ဂက်စ်အိုးစက်ရုံ၌ အလုပ်လုပ် ကိုင်နေသူ ကိုရဲရင့်အောင်နှင့် ကိုဝဏ္ဏဖြိုး တို့ဖြစ်သည်။ ၎င်းတို့အနက် ကိုရဲရင့်အောင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်က အလုပ်လုပ်ကိုင်စဉ် လက်မတစ်ချောင်း ပြတ်တောက် သွားခဲ့ပြီး ကိုဝဏ္ဏဖြိုးမှာလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၂၆ ရက်တွင် ညာဘက်လက်သန်းကြွယ်နှင့် လက်သန်းတစ်ဆစ်စီ ဖြတ်တောက်ခဲ့ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဆေးကုသစရိတ်များကိုစက်ရုံဘက်မှ ကျခံပေး ခဲ့သော်လည်းရထိုက်သည့် နစ်နာကြေးများရရှိရန်ပျက်ကွက်ခဲ့သည့်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာလုပ်သားနှစ်ဦးအတွက် စုစုပေါင်း နစ်နာကြေးငွေဘတ် ၄၁၀၀၀၀ ကို မေ ၁၁ ရက်တွင်သက်ဆိုင်ရာက တာဝန်ရှိသူများရှေ့မှောက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ယူကရိန်းနှင့် ဒရုန်းသဘောတူညီချက် ရယူရန် နိုင်ငံပေါင်း ၂၀ စိတ်ဝင်စားနေကြောင်း ဇီလန်စကီးပြော
ယူကရိန်းနှင့် ဒရုန်းသဘောတူညီချက်များရယူရန် နိုင်ငံပေါင်း ၂၀ နီးပါးက စိတ်ဝင်စားနေကြောင်း နှင့် သဘော တူညီမှု လေးခုကို လက်မှတ်ထိုးထားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောသည်။
ဖေဖော်ဝါရီလကုန်တွင် အီရန် စစ်ပွဲစတင်ခဲ့ပြီးချိန်မှစ၍ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ခရီးစဉ်များတွင် ဇီလန်စကီးက ဒရုန်းစစ်ဆင်ရေး၌ ယူကရိန်းရရှိခဲ့သော ကျွမ်းကျင်ပညာများကို အောင်မြင်သောသံမန်ရေး သဘောတူညီချက်များအဖြစ် အသာစီးရယူနိုင်ခဲ့သည်။
“လက်ရှိမှာ နိုင်ငံပေါင်း ၂၀ နီးပါးက အဆင့်အမျိုးမျိုးမှာ ပါဝင်ပတ်သက် နေကြပါတယ်။ သဘောတူညီချက် လေးခုကို လက်မှတ်ထိုးပြီးပါပြီ။ အဲဒီ သဘောတူညီမှုတွေက ထွက်ပေါ်လာခဲ့တဲ့ ပထမဆုံးကန်ထရိုက်တွေကို ပြင်ဆင်နေပါပြီ” ဟု ဇီလန်စကီးက X လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ဧပြီလတွင် ယူကရိန်းက ဂျာမနီ၊ နော်ဝေ၊ နယ်သာလန်တို့နှင့် ကာကွယ်ရေးနှင့် ဒရုန်းသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းမတိုင်မီ မတ်လနှောင်းပိုင်းတွင် ဇီလန်စကီးသည် ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးတို့နှင့် ကာလရှည် လုံခြုံရေးသဘောတူညီချက်များ ရရှိခဲ့သည်။
ပြီးခဲ့သည့်လကလည်း အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဖ်က ယူကရိန်းနှင့် ကာကွယ်ရေး၊ စွမ်းအင် သဘောတူညီချက်များ ရယူခဲ့သည်။
ကမ္ဘာ၏ အခြားအစိတ်အပိုင်းတစ်ခုနှင့်လည်း ဒရုန်းသဘောတူညီချက် မူဘောင်အတွင်းမှ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ယူကရိန်းက စတင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပို့စ်တွင် ဇီလန်စကီးက ပြောကြားပြီး မည်သည့်နေရာ ဖြစ်သည်ကို မဖော်ပြခဲ့ပေ။
အဆိုပါ သဘောတူညီချက်များကြောင့် ယူကရိန်းသည် ၎င်းတို့လိုအပ်သော လောင်စာပမာဏကို ရရှိနေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားသော်လည်း အသေးစိတ်မပြောပေ။
၎င်း၏ ဒရုန်းသံတမန်ရေးနှင့်အတူ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် စွမ်းအင်ထောက်ပံ့‌ရေး သဘောတူညီ ချက်များ ရရှိနိုင်ပြီး ယူကရိန်း၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက်လည်း ဈေးကွက်များ ရရှိမည်ဟု ဇီလန်စကီးက မျှော်လင့်ထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
ဓာတ်မြေဩဇာပြဿနာကြောင့် ကမ္ဘာ့ပြည်သူသန်းပေါင်းများစွာ အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်
မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ဓာတ်မြေဩဇာများမကြာမီကာလအတွင်း ဖြတ်သန်းနိုင်ခြင်း မရှိပါက ကမ္ဘာ့ပြည်သူသန်းပေါင်းများစွာတို့ အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင် ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများကမေ ၁၁ ရက်တွင် သတိပေးထားသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ပုံမှန် ဖြတ်သန်းနေသော ရေလမ်းကြောင်း ဖြစ်သလို ကမ္ဘာ့ဓာတ်မြေဩဇာ ထုတ်လုပ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော် ပုံမှန် ဖြတ်သန်းနေသည့်ရေလမ်းကြောင်းဖြစ်သည်။
သို့ရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းများ ပိတ်ဆို့ခဲ့ရပြီး ကမ္ဘာ့ဈေးကွက်များအတွင်းသို့ စွမ်းအင်နှင့် ဓာတ်မြေဩဇာများ ဝင်ရောက်မှုပြတ်တောက်ခဲ့ရသည်။
လာမည့်သီတင်းပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားကို ဓာတ်မြေဩဇာများ ဖြတ်သန်း ဝင်ရောက်နိုင်မှု မရှိပါက ကမ္ဘာ့ပြည်သူ ၄၅ သန်းတို့မှာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာနှင့် ရင်ဆိုင်ရမည့် အလားအလာရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားထား သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဓာတ်မြေဩဇာနှင့် ဆက်စပ်ကုန်ကြမ်းများ ဖြတ်သန်းနိုင်ရေး လုပ်ငန်းယန္တရားစနစ်တစ်ခုကို အကောင်အထည်ဖော်ရန် ယခုနှစ်မတ်လအတွင်း အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
အီရန်စစ်ပွဲစရိတ် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ နီးပါးရှိလာပြီဟု ပင်တဂွန်ပြော
အမေရိကန်စစ်ဘက်၏ အသင့်ရှိမှုအပေါ် စစ်ပွဲ၏ ရိုက် ခတ်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ဝေဖန်ဆန်းစစ်မှုများ ပို၍ ကြုံနေရစဉ် အီရန်နှင့်စစ်ပွဲကုန်ကျစရိတ်သည် ‌ဒေါ်လာ ၂၉ ဘီလီယံနားသို့ နီးကပ်လာပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားသည်။
လွှတ်တော်မှ ဘတ်ဂျက်ကြားနာမှုတစ်ခုအတွင်း တင်ပြခဲ့သော စစ်အသုံးစရိတ် ပမာဏသည် လွန်ခဲ့သော သီတင်းနှစ်ပတ်တွင် ဌာနကထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်ထက် လေးဘီလီယံ ပိုများသည်။
၂၀၂၇ ခုနှစ်အတွက် ထရန့်အစိုးရ၏ ကာကွယ်ရေးဘတ်ဂျက် ၁ ဒသမ ၅ ထရီလီယံ တောင်းဆိုမှုအပေါ် ထွက်ဆိုချက်ပေးချိန်တွင် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်၊ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း နှင့် ပင်တဂွန်ဘဏ္ဍာရေးမှူး ဂျူးလ်ဟတ်စ်တို့အား စစ်ပွဲကုန်ကျစရိတ်အကြောင်း မေးမြန်းကြခြင်း ဖြစ်သည်။
“ထွက်ဆိုချက်ပေးတဲ့ အချိန်တုန်းက ကုန်ကျစရိတ်က ၂၅ ဘီလီယံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ဦးစီးချုပ်ဌာနအဖွဲ့နဲ့ ဘဏ္ဍာရေးဌာနအဖွဲ့တို့က အဲဒီခန့်မှန်းချက်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့ရာမှာ အခုဆိုရင် ၂၉ ဘီလီယံနား နီးကပ်နေပါပြီ”” ဟု ဟက်ဆက်၏ ဧပြီ ၂၉ ရက် ခန့်မှန်းချက်ကို ရည်ညွှန်း၍ ဟတ်စ်က ပြောသည်။
ကာကွယ်ရေးပစ္စည်းများကို ပြင်ဆင်ဖြည့်တင်းရခြင်းနှင့် ကျယ်ပြန့်သော စစ်ဆင်ရေးကုန်ကျ စရိတ်များကြောင့် တိုးလာခဲ့သည်ဟု ၎င်းဆိုသည်။
ဒီမိုကရက်များနှင့် အခြားဝေဖန်သူများကမူ ပင်တဂွန်၏ တွက်ချက်မှုများကို မေးခွန်းထုတ်ခဲ့ပြီး အီရန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများ အပါအဝင်ဆိုလျှင် ကုန်ကျ စရိတ်အစစ်အမှန်သည် ပိုမိုများပြားနိုင်ကြောင်း ပြောကြားကြသည်။
ပို၍ပြည့်စုံသော တွက်ချက်မှုများကို လွှတ်တော်ကမည်သည့် အချိန်၌ ရရှိနိုင်မည်နည်းဟု မေးမြန်းရာတွင်လည်း ပင်တဂွန်၏ ဘတ်ဂျက်ပြင်ပမှနေ၍ ၎င်းတို့လိုအပ်သည်ဟုထင်သော အသုံးစရိတ်ကို ၎င်းတို့အစိုးရက တောင်းဆိုသွားမည် ဖြစ်ကြောင်း ပိဟက်ဆက်က ပြောကြားပြီး အချိန် သတ်မှတ်ချက်ကို မပြောပေ။
တီဟီရန်၏နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထရန့်က ပယ်ချပြီး နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲမှု တည်မြဲရန် ခက်ခဲလာခဲ့စဉ် ယင်းထွက်ဆို ပြောကြားမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း
👍1
နေပြည်တော် ဇေယျာသီရိ၌ ယာဥ်သုံးစီး ဆင့်တိုက်၊ ၁၆ ဦး ဒဏ်ရာရ

‎နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့၌ ယမန်နေ့ (မေ ၁၂ ရက်)နံနက် ၁၀ နာရီခွဲခန့်က ယာဥ်သုံးစီး ဆင့်တိုက်မှု
‎ဖြစ်ပွားခဲ့ရာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‎ဇေယျာသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့တွင် ဟိုက်ဂျက်နှင့် တစ်ဖက်မှလာသည့် ဖောကားတို့တိုက်မိစဉ် ဟိုက်ဂျက်ကားနောက်တွင်ပါလာသည့် လိုက်ထရပ်ကားကလည်း ဟိုက်ဂျက်ကားကိုနောက်မှ ထပ်မံဝင်တိုက်ခဲ့သည့်အတွက် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ခရီးသည် ၁၅ ဦးနှင့်လိုက်ထရပ်ယာဉ်ပေါ်ပါ တစ်ဦး စုစုပေါင်း ၁၆ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

‎"ယာဉ်တိုက်မှုဖြစ်စဉ်ကိုတော့ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာလူနာတွေကများတယ်။ သွားတဲ့ကားကလည်း သုံးစီးပဲရှိတော့ အဲဒါနဲ့ပို့ရတာဆိုတော့မလွယ်ဘူး။ လူနာတွေကိုဆေးရုံအမြန်းဆုံရောက်အောင်ပဲ အဓိကထားပြီးဆောင်ရွက်ပေးခဲ့တာပါ"ဟု ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‎ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ကားများဖြင့် ဥတ္တရသီရိမြို့နယ်ရှိ
‎ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀) နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူဆေးရုံ ခုတင် (၃၀၀) တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

‎သတင်း - ပိုင်လေး
‎ဓာတ်ပုံ - ကရုဏာရှင် လူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း
သံဖြူဇရပ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျောင်းတော်မူဘုရားကြီး၏ အမိုးပြိုကျ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ယမန်နေ့ (မေ ၁၂ ရက်) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကရုပ္ပိကျေးရွာ၊ဘူတာပိုင်း ကုန်းတော်ပေါ်၌ တည်ထားသောလျောင်းတော်မူဘုရားကြီး၏ အမိုးများ ပြိုကျခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သန်းရွှေကပြောသည်။
"ကျေးရွာဘက်ကဒေသခံတွေက အကြောင်းကြားလို့ ကျွန်တော်မနေ့ကပဲသွားခဲ့တာ။ လျောင်းတော်ဘုရားကိုအပေါ်ကမိုးထားတဲ့အမိုးပါ။ ပြိုကျတဲ့ဒဏ်ကြောင့် ဘုရားပုံလည်းအနည်းငယ်တော့ပျက်စီးမှာပါ။ မနေ့ကတော့ မရှင်းရသေးလို့အထဲတော့ဝင်လို့မရခဲ့ပါဘူး"ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် နိုင်သန်းရွှေက ပြောသည်။
ကရုပ္ပိကျေးရွာ၊ ဘူတာပိုင်းကုန်းတော်ပေါ်၌ တည်ထားသော လျောင်းတော်ဘုရားသည် အလျား ၁၇၂ တောင်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပြိုကျမှုအား ရှင်းလင်းမှုများပြုလုပ်နေပြီး အမိုးများကို အမြန်ဆုံးပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ -U Soe Minrc
#ပြည်တွင်းသတင်း
👍1
မန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူ
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသ နနှင့်အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးခုအတွက်အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများတွင်ပင်လယ်မိုင်းမောကုန်းအမှတ် (၂၂)အားထိန်းသိမ်းရန် အမိုးအကာ ဆောက်လုပ်ခြင်း၊မြနန်းစံကျော် ရွှေနန်းတော်ရှိ လိုအပ်သည့် လျှောက်လမ်းနေရာများတွင် ပေအုတ်ခင်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်တိုင်များအား မြန်မာမှုလက်ရာယွန်းကြိုးထိုးခြင်း၊ မန္တလေး နန်းမြို့ရိုးအတွင်းရှိစွယ်တော်စင်နှင့် ပဟိုရ်စင်တို့အား ပြုပြင်ထိန်းသိမ်းခြင်းတို့ ပါဝင်မည်ဖြစ်သည်။
တင်ဒါလျှောက်လွှာများကို မေ ၁၁ ရက်တွင်စတင်ရောင်းချလျက်ရှိပြီး မေ ၂၅ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ပြန်လည်တင်သွင်း ရမည်ဖြစ်ကာ လျှောက်လွှာများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲရုံး (၂၈) လမ်းနှင့် လမ်း (၇၀) ထောင့် ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်နှင့် နေရာကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ် အချက်အလက်များကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စီမံဘဏ္ဍာဌာနစု ဖုန်း- ၀၂ -၂၈၄၄၃၀၂၊၀၉-၄၀၆၀၀၅၉ နှင့် ၀၉-၂၀၀၂၁၉၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
👍1