The Standard Time Digital
249 subscribers
612 photos
21 videos
95 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
◾️သီလရှင်ဝတ်စုံဖြင့် အလှမယ်ပြိုင်ပွဲဝင်သူကိုအရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းထားဟု သာသနာရေးဝန်ကြီးဌာနဆို
Miss Grand Myanmar 2026 ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် ယမန်နေ့(မေ ၅ ရက်) တွင် ပြည်ထဲရေးဝန်ကြီးဌာနအား ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာနထံမှသိရသည်။
ယခုမေလ ၄ ရက်က ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်တွင်ပြုလုပ်သည့် အဆိုပါအလှမယ်ပြိုင်ပွဲတွင် တာချီလိတ်မြို့မှပြိုင်ပွဲဝင်အလှမယ်အိမွန်လွင်သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကိုဝတ်ဆင်ပြီး Model Showလျှောက်ကာယှဉ်ပြိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ကြောင်း၊ အလှမယ် အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့်တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ် အရေးယူပေးနိုင်ပါရန် ယမန်နေ့(မေ ၅ ရက်) က ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာ ရပ်ခံထားပြီး ဖြစ်ပါကြောင်း သာသနာရေးဝန်ကြီးဌာနက သတင်းမီဒီယာများအားဖြေကြားထားသည်။
MISS GRAND MYANMAR 2026 ပြိုင်ပွဲကျင်းပရေးဘက်မှလည်း ပြိုင်ပွဲတွင်အလှမယ်များအားမြန်မာ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော၊ ကိုးကွယ်ရာဘာသာတရားအားအကြည်အညိုမဲ့စေသော ပြင်ဆင်မှုများမပြုလုပ်လာရန် အသေးစိတ်မှာကြားထားသည့်အပြင် မေလ ၃ ရက်နှင့် ၄ ရက်တွင်ကျင်းပမည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှုနှစ်ကြိမ်လုံးတွင် မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်မှုအားပြသခြင်းမရှိသလို တာဝန်ရှိသူများကိုလည်း ယင်းသို့သရုပ်ဖော်မည့်အစီအစဉ်ကို ကြိုတင်အကြောင်းကြားထားခြင်းမရှိကြောင်းသိရသည်။
ယင်ဖြစ်စဉ်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံတွင်လူဦးရေအများစုကိုးကွယ်ရာဗုဒ္ဓဘာသာကိုမထီမဲ့မြင်ပြုရာ ရောက်ခြင်း၊ ပြိုင်ပွဲမှသတ်မှတ်ထားသည့် စည်းကမ်းအားမလိုက်နာခြင်းတို့ကြောင့် အလှမယ်အိမွန်လွင် အားပြိုင်ပွဲမှထုတ်ပယ်ကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်း MGM Organization ကလည်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final တို့ကိုလည်း လတ်တလောအခြေအနေများကြောင့် အကန့်အသတ်မရှိရွှေ့ ဆိုင်းကြောင်း Miss Grand Myanmarပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကယနေ့ (မေ ၆ရက်)တွင် ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
👍1
◾️အာဆီယံ အထူးသံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့် ပေးရန် အာဆီယံအလှည့် ကျဥက္ကဋ္ဌ တိုက်တွန်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နှင့် တွေ့ဆုံ ခွင့်ပေးရန် ဖိလစ်ပိုင်နိုင်ငံကမေ ၆ ရက်တွင် မြန်မာအစိုးရကို တိုက်တွန်းထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန်ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက်အာဆီယံ အထူးသံတမန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင်နိုင်ငံကတိုက်တွန်းထားခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူထားသောနိုင်ငံဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့်အာဆီယံအထူးသံတမန်တို့ကိုတွေ့ဆုံခွင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် သက်ဆိုင်နေသူအားလုံးနှင့် ထိတွေ့ဆက်ဆံနိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အားလုံးပါဝင်နိုင်သည့် အမျိုးသားဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြစ်ဒဏ်ကာလများအား လျှော့ချ၍သတ်မှတ်ထားသည့် နေအိမ်ပြောင်းလဲ
ထားရှိပေးမှုကို မြန်မာနိုင်ငံ၌ ရေရှည်တည်ငြိမ်မှု တည်ဆောက်ရေးအတွက်လိုအပ်နေ သော ယုံကြည်မှုလုပ်ငန်းစဉ်များ၏ အဓိကခြေလှမ်းအဖြစ်အာဆီယံက ရှုမြင်ထားကြောင်း
ဖိလစ်ပိုင်နိုင်ငံ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
အထက်ပါဖြစ်ပေါ်တိုးတက်မှုများကို အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်အရ မြန်မာ
နိုင်ငံ၌ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးတို့အတွက် အရှိန်အဟုန်တည်ဆောက်ရာတွင် အသုံးပြုသင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံကတိုက်တွန်းထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
👍1👏1
◾️ရန်ကုန် - မန္တလေး ပြေးဆွဲနေသည့်DEMU ရထားနှင့် ထော်လာဂျီတိုက်မိ
မန္တလေးဘူတာကြီးမှ မေ ၅ရက် နံနက် ၆ နာရီတွင် ထွက်ခွာလာခဲ့သော အမှတ် (၆) အစုန် DEMUရထားသည် ဘဲလင်းဘူတာနှင့်ကျောက်ဆည် ဘူတာကြားတွင်တရားမဝင် ရထားလမ်းကူးပေါ်သို့တက်လာသည့် ထော်လာဂျီဖြင့်ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွတ်တိုက်မိသော ဖြစ်စဉ်ကြောင့်ထော်လာဂျီမှာ လမ်းဘေးသို့ လွင့်စဉ်သွားခဲ့ပြီး ရထားတွင် ဆေးသားနှင့်ဘောင်အနည်းငယ်ပွန်းခြင်း စသည့်ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
ထော်လာဂျီမောင်းနှင်သူမှာ အခင်းဖြစ်ရာနေရာမှထွက်ပြေးသွားခဲ့ကြောင်း၊ ရထားမှာရန်ကုန်သို့ ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာ့မီးရထား၏ ကြိုးစားဆောင်ရွက်မှုများကြောင့် မြန်နှုန်းမြင့်ရထားများကို
မြို့ကြီးများနှင့် ချိတ်ဆက်ပြေးဆွဲမှုများဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါပြေးဆွဲမှုများကြောင့် ရထားလမ်းကူးများ၊ ရထားလမ်းများပေါ်သို့ သတိပြုသွားလာကြရန် မြန်မာ့မီးရထားက
အသိပေးထုတ်ပြန်ထားသည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-CJ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Media is too big
VIEW IN TELEGRAM
◾️လှေကားထစ်စိုက်ခင်းတွေကြားက မာရသွန်ပြိုင်ပွဲ
◾️မဲဆောက်တွင် တရားမဝင်ဝင်ရောက်လာသူများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် သာ့ဆိုင်လွတ်ကျေးရွာအုပ်စုအတွင်း မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မေ ၆ ရက် နံနက်ပိုင်းတွင်မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရာ့ခ်ျမနူးအထူးစစ်ဆင်ရေးတပ်ဖွဲ့ ဝင်များ၊ကျေးရွာသူကြီးနှင့် ကျေးရွာလုံခြုံရေးအဖွဲ့တို့သည် ထိုင်း–မြန်မာ နယ်စပ်တစ်လျှောက် ပူးပေါင်းကင်းလှည့်စဉ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ၁၃ ဦးပါ ဝင်ပြီး ဥပဒေအရ အရေးယူနိုင်ရန်မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း မဲဆောက်အခြေစိုက်ထိုင်းသတင်းများအရ သိရသည်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရဧပြီ ၂၈ ရက်တွင်လည်း မဲဆောက်မြို့
၌ အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် မြန်မာအလုပ်
သမား ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် နှစ်ရှည်ထောင်ဒဏ်များကျခံနေရစဉ် အကျဉ်း ထောင်အတွင်း ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသည်။
ထောင်ဒဏ်ကျခံနေရစဉ် ကျန်းမာရေးဆိုးရွားလာသဖြင့် အကျဉ်းထောင်တာဝန်ရှိသူများ ခွင့်ပြုချက်ဖြင့် ဆေးရုံတက်ကုသခဲ့ရကြောင်း ရုပ်သံမှတ်တမ်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပင် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ၎င်းကွယ်လွန်သည်ဆိုခြင်းနှင့်ပတ်သက်၍ စံတော်ချိန်ဒစ်ဂျစ်တယ်က အတည်ပြုရန် ကြိုးပမ်းနေ ဆဲဖြစ်ပြီး မိသားစုနှင့်နီးစပ်သူများထံ ဆက်သွယ်မေးမြန်းရာတွင်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“အခုထိတော့ ကျွန်တော်တို့လည်းမေးနေတယ်၊သတင်းတော့ ဘာမှမကြားရသေးဘူး”ဟု ဒေါ်နန်းခင် ထွေးမြင့်မိသားစုနှင့်နီးစပ်သူတစ်ဦးက ယနေ့ (မေ၇ရက်)နေ့လယ်ပိုင်းတွင် ပြောသည်။
ဒေါ်နန်းခင်ထွေးမြင့်သည် ဝါရင့် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ထို့ပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် ကရင်ပြည်နယ် ပါတီဥက္ကဌအဖြစ်လည်းဆောင်ရွက်ခဲ့သည်။
ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးအဖြစ် ဆက်လက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးခံရပြီးနောက် အဂတိလိုက်စားမှု၊ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မဖြင့် ထောင်ဒဏ် စုစုပေါင်း ၈၀နှချမှတ်ခံခဲ့ရသည်။
သို့သော် ၎င်း၏ပြစ်ဒဏ်များမှ ထက်ဝက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် နစက က ထုတ်ပြန်ခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ပျဉ်းမနား၌ ဓာတ်ဆီလှယ်ရာမှမီးလောင်၊ လူနေအိမ်ငါးလုံးပျက်စီး သုံးဦးဒဏ်ရာရ

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ ယမန်နေ့(မေ ၆ ရက်) ည ၁၀ နာရီ ၁၇ မိနစ်ခန့်က လင်မယားနှစ်ဦးဓာတ်ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားကာ နေအိမ်ငါးလုံးပျက်စီးပြီးသုံးဦးဒဏ်ရာရရှိကြောင်း ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

အဆိုပါသူဌေးကုန်းကျေးရွာတွင် အမျိုးသမီးဖြစ်သူကဓာတ်ဆီလှယ်နေစဉ် အမျိုးသားကဆေးလိပ်သောက်ရာမှ ပေါက်ကွဲပြီးမီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အနီးရှိလူနေအိမ်ငါးလုံးကို မီးကူးစက်လောင်ကျွမ်းပြီး အမျိုးသမီးနှင့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးမှာထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"မီးလောင်မှုဖြစ်ကြောင်း သတင်းဝင်တာလည်းနောက်ကျတယ်။ ကားဝင်တဲ့လမ်းကလည်း အရမ်းကျဉ်းတယ်။ အိမ်ခြေကလည်းစိပ်တယ်။ ပြီးတော့ဓာတ်ဆီလည်းဖြစ်တော့မီးက Level 1 အဆင့်ဖြစ်သွားတာ။ လက်ရှိဒဏ်ရာရရှိသူသုံးဦးကို ဆေးရုံပို့ပေးထားတယ်။ အခုနောက်ဆုံးသိရတာက အမျိုးသမီးသေဆုံးတယ်လို့တော့ကြားရတယ်" ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းကြောင်းသိရသည်။

သတင်း - ပိုင်လေး
ဓာတ်ပုံ - ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့
#ပြည်တွင်းသတင်း
◾️MAI က ရန်ကုန်- ဒွန်မောင်းခရီးစဉ်ကို တိုးမြှင့် ပြေးဆွဲ
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည်နွေရာသီခရီးသွားရာသီအတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရန် ရန်ကုန်–ဒွန်မောင်းခရီးစဉ်ကို မေ ၁ ရက်မှ ၃၁ ရက်အထိတိုးမြှင့် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
“နွေရာသီ ခရီးသွားရာသီမှာဗန်ကောက်ကို သွားလည်မယ့် မြန်မာနိုင်ငံသားတွေ အဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်း ဖြစ်ပါတယ်” ဟု MAI တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသွားချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်ဒွန်မောင်းလေဆိပ်သည် ဗန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့ သွားရောက်ရာတွင် Red Line ရထားလမ်းနှင့် အမြန်လမ်းများကို အသုံးပြုနိုင်သဖြင့် ခရီးသွားချိန်နှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်များကို လျှော့ချနိုင်ကြောင်း သိရသည်။
ထို့ပြင် ဒွန်မောင်းလေဆိပ်သည် Low - Costလေကြောင်းလိုင်းများ အများအပြား အခြေစိုက်ထားသည့်လေဆိပ်တစ်ခုဖြစ်ပြီး ချိတ်ဆက်လေကြောင်းခရီးစဉ်များအတွက်လည်း အဆင်ပြေသော Transit လေဆိပ်အဖြစ်အသုံးပြုနိုင် ကြောင်း သိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MAI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စစ်ပွဲပြီးဆုံးရေးသဘောတူညီချက် မယူခဲ့ လျှင် ထပ်မံဗုံးကြဲတိုက်ခိုက်မည်ဟု အီရန်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာဇသံပေး
သုံးလတာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော အီရန်စစ်ပွဲကို အဆုံးသတ်ရေးအတွက် သဘော တူညီချက်တစ်ရပ်လက်ခံရယူရန်နှင့်လက်ခံခြင်းမရှိပါကဗုံးကြဲတိုက်ခိုက်မှုများနှင့်ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၆ ရက်တွင် အီရန်အစိုးရကိုရာဇသံပေးလိုက်သည်။
အီရန်အနေဖြင့် စစ်ပွဲကို အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရယူမှုမရှိခဲ့လျှင် ပိုမိုပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာပေါ်တွင် ရေးသားထားသည်။
သို့ရာတွင် တရုတ်ခရီးစဉ်မစတင်မီ အီရန်နိုင်ငံနှင့်စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်ရပ်
ရရှိရန် မိမိမျှော်လင့်ထားကြောင်း ပီဘီအက်စ်သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း
၌ သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။
အမေရိကန်မီဒီယာများ၏ အဆိုအရ အမေရိကန်အစိုးရနှင့် အီရန်တို့အနေဖြင့် အီရန်စစ်ပွဲကို
အဆုံးသတ်နိုင်ရန် စာမျက်နှာတစ်မျက်နှာရှိနားလည်မှု စာချွန်လွှာတစ်ရပ် ရယူနိုင်ရေးအတွက်
နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အီရန်စစ်ပွဲကို မည်သို့အဆုံးသတ်မည်ဆိုသော အချက်နှင့် ပတ်သက်၍
သမ္မတဒေါ်နယ်ထရန့်၏ ရပ်တည်ချက်ကို ကွဲကွဲပြားပြားမသိရသေးပေ။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
👍1
Media is too big
VIEW IN TELEGRAM
◾️မီးလောင်ပြင်တိုက်ခန်းမှာသေဆုံးခဲ့တဲ့ ဇနီးကို လာနှုတ်ဆက်တဲ့ ခင်ပွန်း
ရန်ကုန်မြို့ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း သင်တန်းသားများ ခေါ်ယူနေ
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာသင်တန်းသား၊ သင်တန်းသူများကိုခေါ်ယူနေကြောင်း သိရသည်။
ထိုသင်တန်းကျောင်းတွင် တစ်နှစ်သင်တန်း အမျိုးအစားဖြစ်သောအီလက်ထရွန်နစ်သင်တန်းကို ၂၀၂၆ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်၂၆ ရက်အထိ သုံးလသင်တန်းများဖြစ်ကြောင်းသိရသည်။
သင်တန်း၌ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်း (အမှတ်စဉ် - ၁) တို့ကို၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ဩဂုတ် ၇ရက်အထိ အသီးသီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းများသို့အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက်
ထားနိုင်ပြီး တစ်ကိုယ်ရေ လုပ်ငန်းဆောင်တာများကို မိမိဘာသာဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဖြစ်
သည်။
ပညာအရည်အချင်း အနေဖြင့်အီလက်ထရွန်နစ်နှင့် ကွန်ပျူတာသင်တန်းအတွက် အထက်တန်း
အဆင့်၊ စက်ချုပ်သင်တန်းအတွက်အလယ်တန်းအဆင့်နှင့် ဆံသ၊တံဆိပ်ရိုက် သင်တန်းများအတွက်
မူလတန်းအဆင့်ရှိရန် လိုအပ်ကြောင်းသိရသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများအား သင်တန်းကာလအတွင်းစားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သူများအတွက် ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုး ပေးမည်ဖြစ်သည်။
လျှောက်ထားလိုသူများသည် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများဖြင့် မရမ်းကုန်းမြို့နယ်ရှိမသန်စွမ်း သက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။
အသေးစိတ်အချက်အလက်များကို ဖုန်း ၀၆၇-၄၀၄၂၅၂ နှင့် ၀၁-၉၆၆၁၇၁၂ တို့သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
သတင်း-သံစဉ်
ဓာတ်ပုံ-လူ/ကယ်/ပြန်(မသန်စွမ်းသင်တန်းသားများအား ဆံပင်ညှပ်သင်ကြားပေးနေစဉ်) ပုံဟောင်းအသုံးပြုထားပါသည်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း