The Standard Time Digital
248 subscribers
581 photos
21 videos
80 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
◾️ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံခဲ့ ရ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်မည့် ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးအယ်လီမော့ဗ်ကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်း မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက မေ ၂၇ ရက်တွင် ပြောကြားထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာရုရှားသံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြား
ခဲ့ခြင်းဖြစ်သည်။
ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ မေ ၂၆ ရက်တွင် ကျင်းပခဲ့သော လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်ရန်ရည်ရွယ်ထားသော်လည်း အမေရိကန်အစိုးရက၎င်းအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်း မရှိကြောင်း ရုရှားသံအမတ်ကြီး ဗက်ဆီလီ နီဗင်ဇီးယားက ထုတ်ဖော်ပြောကြားထားသည်။
ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအားပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခြင်းသည် ကုလသမဂ္ဂအား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံထားသော အမေရိကန်ပြည်ထောင်စု၏ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့် ရုရှားသံအမတ်ကြီးက ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂဌာနချုပ် သဘောတူညီချက်အရကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူမှန်သမျှနယူးယောက် မြို့တော်ရှိ ကုလသမဂ္ဂဌာနချုပ်သို့လာရောက်ခွင့်ရှိရမည်ဖြစ်သည်။
ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်း မရှိဟူသော သတင်းများ နှင့်ပတ်သက်၍ အမေရိကန် အစိုးရက တစ်စုံတစ်ရာတုံ့ပြန်မှု မရှိသေးပေ။
ကိုးကား-ရိုက်တာ
◾️နေပြည်တော် ၊ဇမ္ဗူသီရိအနီး ၃ ဒသမ ၈ အဆင့် ငလျင်လှုပ်
ယနေ့ (မေ ၂၉ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၊ဇမ္ဗူသီရိမြို့၌ ပမာဏ ၃ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
"လှုပ်တာသိလိုက်တယ်။ ဒုန်းကနဲပဲ။ နေပြည်တော်ကတိုက်တွေက ငလျင်ဒဏ်ခံထားရတာလေ။ နောက်ဆက်တွဲ ငလျင်တွေက တောက်လျှောက်လှုပ်နေတော့ အမြဲစိုးရိမ်နေရတယ်"ဟု ဒေသခံတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ငလျင်လှုပ်ခတ်မှုမှာ ယနေ့နံနက် ၇ နာရီ ၄၁ မိနစ်တွင်ဇမ္ဗူသီရိမြို့နယ်၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ အနက် - ၁၀ ကီလိုမီတာ ကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်မှာ ၂၀၂၅ ခုနှစ်၊မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်အမှတ် ၃၀၁ ဖြစ်ကြောင်း မိုးဇလမှအသိပေးချက်ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-မိုးဇလ
◾️လာမည့် ငါးနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် စံချိန်တင်လုနီးပါး မြင့် တက်လာနိုင်
လာမည့် ငါးနှစ်တာကာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စံချိန်တင်လုနီးပါးအဆင့်သို့ မြင့်တက်လာ နိုင်ကြောင်း ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီနှင့်ဗြိတိန်မိုးလေ၀သရုံးတို့က မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ခန့်မှန်းထားသည်။
အလားတူ လာမည့် ငါးနှစ်တာကာလအတွင်း အာတိတ်ဒေသ၏ ပျမ်းမျှအပူချိန်မှာ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ပူနွေးမှု ပိုမိုမြန်ဆန်လာလိမ့်မည်ဖြစ်ကြောင်း အထက်ပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂနှင့် ဗြိတိန်သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ လာမည့်ငါးနှစ်တာကာလအတွင်း ကမ္ဘာကြီး၏ နှစ်စဉ် ပျမ်းမျှအပူချိန်မှာ ၁၈၅၀-၁၉၀၀ပြည့်နှစ်အကြား စက်မှုတော်လှန်ရေးခေတ် မတိုင်မီကာလကထက် ၁ ဒသမ ၃ဒီဂရီ ဆဲလ်စီးယပ်နှင့် ၁ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ် အကြားတွင် ရှိနိုင်ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် ရယူထားသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်အရ တစ်ကမ္ဘာလုံး ဆိုင်ရာ ပျမ်းမျှအပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကာလ အပူချိန် အထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်တွင်ထိန်းချုပ်ထားရန် နိုင်ငံတကာအစိုးရများက ကတိပေးထားသည်။
မိမိတို့၏ တွက်ချက်မှုအရ ၂၀၂၆ ခုနှစ်နှင့် ၂၀၃၀ ပြည့်နှစ်ကြား ကာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် အထက်ပါအပူချိန် သတ်မှတ်ချက် ၁ ဒသမ၅ ဒီဂရီ ဆဲလ်စီးယပ်ကို ယာယီအားဖြင့် ကျော်လွန်သွားနိုင် ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။
သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ နောင်လာမည့် ငါးနှစ်အတွင်းအာတိတ်ဒေသ၏ ဆောင်းရာသီကာလ အပူချိန်မြင့်မားလာမှုနှုန်းမှာ ကမ္ဘာ့ပျမ်းမျှနှုန်းထားထက် သုံးဆခွဲကျော်မျှ ပို၍မြန်ဆန်လာနိုင်ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
◾️လက်ဘနွန်တောင်ပိုင်းတစ်ခုလုံးနီးပါးကို စစ်နယ်မြေအဖြစ် အစ္စရေး ကြေညာ
လက်ဘနွန်နိုင်ငံ ဇာရာနီမြစ်၏ တောင်ဘက် နယ်မြေအားလုံးကို စစ်နယ်မြေအဖြစ်အစ္စရေးစစ်ဘက်က မေ ၂၇ ရက်တွင် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ဇာရာနီမြစ် တောင်ပိုင်းဒေသရှိဒေသခံများအနေဖြင့် ဟစ်ဇ်ဘိုလာအုပ်စုချေမှုန်းရေးထိုးစစ်များ မစတင်မီ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အစ္စရေးစစ်ဘက်က တိုက်တွန်းထားသည်။
ဇာရာနီမြစ်သည် အစ္စရေးနှင့် လက်ဘနွန်နယ်စပ် ကီလိုမီတာ ၄၀ (၂၅ မိုင်) ခန့် အကွာတွင်စီးဆင်းနေသော မြစ်ဖြစ်သည်။
ဇာရာနီမြစ်တောင်ပိုင်း နယ်မြေတစ်ခုလုံးကို စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ရာယင်းဒေသရှိ အများပြည်သူများအနေဖြင့် မြစ်၏မြောက်ဘက် သို့ ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်းအစ္စရေးစစ်ဘက် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက အီရန်စစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ယခုနှစ်မတ်လအတွင်း အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ အစ္စရေးစစ်ဘက်ကလည်း လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကိုတိုက်ခိုက်ခဲ့သည်။
သို့ရာတွင် အမေရိကန်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံတို့သည် ယခုနှစ် ဧပြီ ၁၇ ရက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ရယူထားသည်။
ကိုးကား-ရိုက်တာ
◾️ရန်ကုန်၌ ဒီဇယ်ဆီစျေးများပြန်တက်

‎ရန်ကုန်မြို့ရှိ ဒီဇယ်စက်သုံးဆီစျေးနှုန်း ယနေ့(မေ ၂၉ ရက်) တွင် အနည်းငယ် ပြန်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

‎သို့သော် 92 နှင့် 95 စက်သုံးဆီစျေးနှုန်များမှာမူ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

‎အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

‎ယမန်နေ့(မေ ၂၈ ရက်) အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ်ဖြစ်သည်။

‎ထို့ကြောင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ် စျေးတက်လာခဲ့သည်။

‎သို့သော် 92 တစ်လီတာလျှင် ၃၅ ကျပ် စျေးကျခဲ့ပြီး 95 တစ်လီတာလျှင် ၃၀ ကျပ် စျေးကျသွားကြောင်း သိရသည်။


‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
‎ဓာတ်ပုံ-MOI
◾️နှစ် ၂၀ ကျော်သက်တမ်းရှိယာဥ်များ ပြန်အပ်ပြီး EV ကားတင်သွင်းရမည်
ထုတ်လုပ်သည့် ခုနှစ်မှ သက်တမ်း ၂၀ ကျော်သည့် ယာဥ်များ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး သင့်လျော်သည့် လျှပ်စစ်သုံးယာဥ်(EV) များ အစားထိုးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာသည်။
သက်တမ်းကြာမြင့်၍ အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များအား ပယ်ဖျက်အပ်နှံပြီး လျှပ်စစ် သုံးယာဉ် (EV) များဖြင့် အစားထိုးတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုသို့ အပ်နှံရာတွင် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒ အရ အပ်နှံလိုသည့် ယာဉ်များကို အပ်နှံနိုင်ကြောင်း ဖော်ပြထားသည်။
"နှစ် ၂၀ ကျော်ကားတွေ အပ်ရမယ်ဆိုတော့ ရန်ကုန်မှာ မနည်းဘူးလေ။ ပြီးတော့ ကားကောင်းတွေ အများ ကြီးရှိသေးတယ်။ ကြေညာချက်က နှစ် ၂၀ ကျော်ရင် အပ်ကို အပ်ရမှာလား။ မအပ်ဘဲနဲ့ကော ဆက်အသုံးပြု လို့ရလား ဆိုတာ သေချာ မဖော်ပြထားတော့ နောက်ပိုင်း ကညန နဲ့ရှင်းဆိုတဲ့ပုံစံမျိုးပေါ့။ အခုဆို EV ကား တွေဖြစ်တဲ့ ပြဿနာတွေအများကြီး။ ဒါတွေကို အရင်မရှင်းနိုင်ဘဲ EV ပဲ ထပ်သွင်းဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူးလေ" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက် ခံချက်ပုံစံ (ဃ) ကို တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီး အား အမျိုးသားအဆင့်လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့သို့ EV ယာဉ်တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့် သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-CJ
ဇွန်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်နှင့် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဇွန်လအတွင်း လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မေ ၂၉ ရက်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မေ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ဇွန်လအတွက် မိုးလေ၀သ ခန့်မှန်းချက်တွင် ယင်းကဲ့သို့ ဖော်ပြ ထားခြင်း ဖြစ်ပြီးအနောက်တောင်မုတ်သုံလေမှာ ဇွန်လ ၁ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဝင်ရောက်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအတင့်အသင့်မှ အားကောင်း နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားသည်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နေကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပြီး နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် မိုးအသင့်အတင့် နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-မိုး/ဇလ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဗဟိုဘဏ်များအကြား MoU ရေးထိုး
ငွေကြေးမူဝါဒ ဘဏ်လုပ်ငန်းစနစ်များပူးပေါင်းဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်များဖလှယ်ရန် မေ ၂၈ ရက်က မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါနားလည်မှု စာချွန်လွှာကြောင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်များ ဖလှယ်ရန်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့်နှစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေးရေးအပြင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဘဏ်လုပ်ငန်းစနစ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်များဖလှယ်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့ ရှေ့မှောက်တွင် နှစ်ဖက် တာဝန်ရှိသူများကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ကိယက်ဗ်မြို့ကို ထပ်မတိုက်ရန် အမေရိကန်တောင်းဆိုမှု ရုရှားနိုင်ငံငြင်းပယ်
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့အား အော်ရက်ရှ်နစ် ဒုံးကျည်စနစ်ဖြင့် ရုရှားနိုင်ငံက တိုက်ခိုက်ခဲ့မှုကို အမေရိကန်ပြည်ထောင်စုက မေ ၂၈ ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီးကိယက်ဗ်မြို့တော်အား ထပ်မံတိုက်ခိုက်မည့်အစီအစဉ်ကို ပယ်ဖျက်ရန် တ်ိုက်တွန်းခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် လူးဟန့်စ်ဒေသရှိ ကျောင်းသားဘော်ဒါဆောင်တစ်ခုတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အ နေဖြင့် မေ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံကိယက်ဗ်မြို့ကို အော်ရက်ရှ်နစ် အသံထက်မြန်နှုန်းလွန် ဒုံးကျည်အပါအဝင်မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ကိယက်ဗ်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ထပ်မံပြုလုပ်ရန် ရည်ရွယ်ထားရာ ပြည်ပသံတမန်များအနေဖြင့် ကိယက်ဗ်မြို့မှ ထွက်ခွာပေးထားရန် ရုရှားနိုင်ငံက တောင်းဆိုထားသည်။
ကိယက်ဗ်မြို့ကို အော်ရက်ရှ်နစ်ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်မှုမှာ အန္တရာယ်များပြီး ကြမ်းကြုတ်သည့် တိုက်ခိုက်မှုမျိုးတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်ဒုတိယသံအမတ်ကြီး တမ်မီဘရုစ်က မေ ၂၈ ရက် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် အရပ်သားများ ပိုမိုထိခိုက်သေဆုံးနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမည့် တိုက်ခိုက်မှုမျိုး ကိယက်ဗ်မြို့တော်အား ထပ်မံမလုပ်ဆောင်ရန် အမေရိကန်ဒုတိယသံအမတ်ကြီးက ရုရှားကိုတောင်းဆိုခဲ့သည်။
သို့ရာတွင် အထက်ပါတောင်းဆိုချက်ကို ရုရှားနိုင်ငံက ငြင်းပယ်ခဲ့ပြီးကိယက်ဗ်မြို့တော်အတွင်းရှိ ပြည်ပ သံတမန်များ ထွက်ခွာပေးကြရန်သာ ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်ဆက်ဆံရေး အစ္စရေးဖြတ်တောက်မည်
အစ္စရေးနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် အဆက်အဆံ အားလုံးဖြတ်တောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက မေ ၂၈ ရက်တွင် ကြေညာလိုက်သည်။
ကုလသမဂ္ဂနှစ်စဉ်အစီရင်ခံစာတစ်ရပ်တွင် စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်မှုဖြင့် အစ္စရေးနိုင်ငံကို နာမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးနောက် ကုလအကြီးအကဲနှင့် အဆက်အဆံအားလုံး ဖြတ်တောက်မည်ဖြစ်ကြောင်း အစ္စရေးကကြေညာခဲ့ခြင်းဖြစ်သည်။
စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက်အဖြစ်အစ္စရေးနိုင်ငံက အသုံးချနေသည် ဟူသောစွပ်စွဲချက်မှာ မိမိတို့အတွက် လုံး၀လက်သင့်ခံနိုင်ဖွယ်မရှိသော စွပ်စွဲချက်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က ပြောကြားထားသည်။
သို့ဖြစ်ရာ မိမိတို့အနေဖြင့် ကုလသမဂ္ဂအကြီးအကဲအဖြစ် အန်တိုနီယိုဂူတာရက်စ်တာဝန်ရ ယူထားစဉ် အတွင်း အစ္စရေးနှင့် အတွင်းရေးမှူးချုပ်ရုံးတို့အကြား ဆက်ဆံရေးကိုဖြတ်တောက်မည်ဖြစ်ကြောင်း ဒန်နီဒါနွန်က ပြောကြားခဲ့သည်။
မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၃၅ မျက်နှာပါ အစီရင်ခံစာတွင် ကုလသမဂ္ဂက အစ္စရေးနှင့် ရုရှားတို့ကို စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူနိုင်ငံများစာရင်းတွင် ထည့်သွင်းထား ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း