The Standard Time Digital
248 subscribers
580 photos
21 videos
79 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
◾️နိုင်ငံ ၉၀ ကျော်အား ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ် ပယ်ဖျက်ရန် ထိုင်းနိုင်ငံအစိုးရ အတည်ပြု
နိုင်ငံပေါင်း ၉၀ ကျော်မှ ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ပယ်ဖျက်ရန် ထိုင်းနိုင်ငံအစိုးရက မေ ၁၉ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရ၏ အဆိုပါ အတည်ပြုချက်အရ တစ်လသာ နေထိုင်ခွင့်ပြုခဲ့သည့် ယခင်သတ်မှတ်ချက်အတိုင်း ပြန်လည်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ထိုင်းခရီးသွားလာ ရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဆူရာဆက်က မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်ဟု The Thaiger သတင်းဌာနက ရေးသားဖော်ပြထားသည်။
နိုင်ငံပေါင်း ၉၀ ကျော်မှ ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ပယ်ဖျက်ရန်ဆိုသည့် အချက်အောက်တွင် ဗီဇာအခွင့်အရေး အကြိမ်ကြိမ်ရယူခွင့်ပြုထားသည့် စီစဉ်ဆောင်ရွက်ချက်များကိုပါ ရုပ်သိမ်းရန်နှင့် ယခင်စည်းမျဉ်းဟောင်းများကို ပြန်လည် ကျင့်သုံးရန် အစိုးရအဖွဲ့ကသဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးဆူရာဆက်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ဗီဇာမူဝါဒကော်မတီအနေဖြင့် ယင်းနိုင်ငံ ၉၀ ထဲမှ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဗီဇာ စည်းမျဉ်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး လုံခြုံရေးနှင့် စီးပွားရေး ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို အခြေခံကာ မည်သည့်ဗီဇာအမျိုးအစားသည် နိုင်ငံအသီးသီး အတွက် သင့်လျော်မည်ဆိုသည်ကို ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။
သတင်း-စိန်သံ
ဓာတ်ပုံ-The Thaiger
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ကွန်ဂိုအရှေ့ပိုင်း၌ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၀ ကျော်
ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီဘိုလာဗိုင်းရပ်စ် ရောဂါဖြင့် လူပေါင်း ၂၆ ဦး ထပ်မံသေဆုံးခဲ့ရာ ယင်းဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူ စုစုပေါင်းမှာ၁၃၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေ ၁၉ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသူများအဖြစ် အတည်ပြုထားနိုင်သည့် လူနာ အရေအတွက်မှာ ၃၃ ဦးရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူများအဖြစ် သံသယရှိသူ လူနာအရေအတွက်မှာလည်း ၅၄၃ ဦးအထိရှိနေကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိပေါ်ပေါက်နေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဘေးမှာသေဆုံးမှုနှုန်းနှင့် ကူးစက်မှု မြန်နှုန်းများအရအထူးစိုးရိမ်ရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ခ်ျအို) အကြီးအကဲ အက်ဒ်ဟာနွန်ဂျီဘရီယေးဆပ်က သတိပေးထားချိန်တွင်ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ၁၃၀ ကျော်အထိ ရှိလာခြင်းဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကပ်ဘေးအတွက် ဒဗလျူအိတ်ခ်ျအို အကြီးအကဲက မေ ၁၇ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေး ပေါ်အခြေအနေကို ကြေညာထားသည်။
ဒဗလျူအိတ်ခ်ျအို အကြီးအကဲ ဂျီဘရီယေးဆပ်သည် အစဉ်အလာအရ အရေးပေါ် ကော်မတီ အစည်းအဝေး မခေါ်ယူမီမှာပင်ကွန်ဂိုအီဘိုလာ ဗိုင်းရပ်စ်ကပ်ဘေးကို နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ သတိပေးချက်သည် ဒဗလျူအိတ်ခ်ျအို ၏ ဆေးပညာစည်းမျဉ်းများအရ ဒုတိယအမြင့်ဆုံး ကျန်းမာရေးသတိပေးချက်ဖြစ်သည်။
လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ ကြညိငဘကါပသ အမျိုးအစား ရှားပါး အီဘိုလာဗိုင်းရပ်စ်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ရောဂါအတွက် သီးသန့် ကုထုံးနှင့် ကာကွယ်ဆေးများ မရှိသေးကြောင်း သိရသည်။
လက်ရှိ ရင်ဆိုင်နေရသော အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကပ်ဘေးမှာ ကွန်ဂိုနိုင်ငံအတွက် ၁၉၇၆ ခုနှစ် နောက်ပိုင်း ၁၇ ခုမြောက်အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရုရှားတပ်ဖွဲ့ဝင် ၂၀၀ခန့်ကို တရုတ်စစ်ဘက်လျှို့ဝှက်လေ့ ကျင့်မှုများ ပြုလုပ်ပေးခဲ့ဟုဆို
တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို လျှို့ဝှက်လေ့ကျင့်ပေးခဲ့ပြီး အဆိုပါရုရှားတပ်ဖွဲ့ဝင်များအနက်အချို့မှာ ယူကရိန်းစစ်မြေပြင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဥရောပထောက်လှမ်းရေးအဖွဲ့များ၏ အဆိုကို ကိုးကား၍ မေ ၁၉ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့များ၏ အဆိုအရ တရုတ်နိုင်ငံသည်အထက်ပါ ရုရှားတပ်ဖွဲ့ဝင် များကို မောင်းသူမဲ့လေယာဉ်များ အသုံးချမှုနှင့် ပတ်သက်၍ အဓိကလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်တွင် ရုရှားနှင့်တရုတ် တာဝန်ရှိသူများအကြားရယူခဲ့သည့် သဘောတူ ညီချက်အရ တရုတ်နိုင်ငံက ရုရှားတပ်ဖွဲ့ဝင်များအားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဥရောပ ထောက်လှမ်းရေးအဖွဲ့အစည်းများကသတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် အထက်ပါသဘောတူညီချက်အရ ရုရှားတပ်ဖွဲ့ဝင်၂၀၀ ခန့်ကို ပေကျင်း မြို့တော်နှင့် နန်ကျင်းမြို့အပါအဝင် တရုတ်မြို့ကြီးများတွင်ရှိသော စစ်စခန်းများ၌ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဥရောပထောက်လှမ်းရေးအဖွဲ့အစည်းများက ပြောကြားထားသည်။
အထက်ပါသတင်းနှင့် ပတ်သက်၍ တရုတ်နှင့်ရုရှား ကာကွယ်ရေးဝန်ကြီးဌာနများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
မွေ့ရာပေါ်တွင် Power Bank ဖြင့် မီးလုံးအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာတွင် Power Bank ဖြင့် LED မီးလုံး အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၀ ရက် ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာတွင် အိမ်ပိုင်ရှင်ဦး...(၄၅) နှစ်၏ နေအိမ် (၄၅ x ၂၅)ပေ နှစ်ထပ်ခွဲ အဆောက်အအုံဒုတိယထပ်၊ ပေ ၂၀၁၀ အခန်းအတွင်း ရှိပြတင်းပေါက်အနီး နေပူထဲမွေ့ရာပေါ်တွင် ၃၀၀၀၀ mah Power Bank ဖြင့် LED မီးလုံးအားသွင်းထားရာမှ Power Bankအပူရှိန်လွန်ကဲ၍ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား သတင်းရရချင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ လက်ထောက် ညွှန်ကြားရေးမှူးဦးကျော်ဆန်း ခေါင်းဆောင်၍ တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းအောင် ခေါင်းဆောင်၍ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ် ရေသယ်ယာဉ်တစ်စီး၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၂၄ဦး၊ မီးသတ်ယာဉ်လေးစီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့သည်။
ညနေ ၄ နာရီ ၂၇ မိနစ်တွင်ရောက်ရှိခဲ့ပြီး စတင်ငြှိမ်းသတ်ခဲ့ရာညနေ ၄ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်းနှင့် မီးပေါ့ ဆသူအား ဝက်ဝံနယ်မြေရဲစခန်းက (ပ) ၃၆။၂၀၂၆၊ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ-မြို့နယ်မီးသတ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ကျောင်းပြင်ပရောက် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသားများ ယခုပညာသင် နှစ်တွင် ပညာသင်ယူနိုင်ရန်လျှောက်လွှာများ စတင်ခေါ်ယူ
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့်(Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းကူးပြောင်း တက်ရောက်နိုင်မည့် Placement Test (အထူးအစီအစဉ်)အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာများကို စတင်ခေါ်ယူနေ ပြီဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ လျှောက်ထားနိုင်သူနှင့် သတ်မှတ်ချက်များမှာလျှောက်ထားသူသည် အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူ ဖြစ်ရမည်ဖြစ်ကာ မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံး အောင်မြင်ခဲ့သည့် အတန်းအတွက်ကျောင်းထောက်ခံချက် (မူရင်း) (သို့မဟုတ်) မိတ္တူ(မှန်) တင်ပြရမည်ဖြစ်ပြီး အကယ်၍ မတင်ပြနိုင်ပါကအရေးပေါ်အခြေအနေ ကြေညာ ထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူး၏ ထောက်ခံချက် ပူးတွဲတင်ပြရမည်။
ကျောင်းထောက်ခံချက်(မူရင်း)လျှောက်ထားလိုသူသည် မိမိနောက်ဆုံး တက်ရောက်ခဲ့သည့် ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် ကျောင်းထောက်ခံချက် (မူရင်း) (သို့မဟုတ်)မိတ္တူ(မှန်)တင်ပြရမည်။
အကယ်၍မတင်ပြနိုင်ပါက အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပူးတွဲတင်ပြရမည်။
ကျောင်းသား၏အသက်အရွယ်အရ တက်ရောက်သင်ယူရမည့် အတန်း၏ တစ်တန်းနိမ့်အတန်း Placement Test ဖြေဆိုရမည်။ (ဥပမာ- အသက်အရွယ်အရGrade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 အဆင့်ကို ဖြေဆိုရမည်ဖြစ်ပြီး မိမိဆန္ဒအရ Grade 7ကိုသာ တက်ရောက်လိုပါက Grade 6 အဆင့်ကို ဖြေဆိုရမည်)။
လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင်မေ ၂၂ ရက်မှစ၍ ပိတ်ရက်မရှိ အခမဲ့ထုတ်ယူနိုင်သည်ဖြစ်ကာ ဖြည့်စွက်ပြီးသည့် လျှောက်လွှာများကို ဇွန် ၅ရက် (ရုံးချိန်နောက်ဆုံး) ထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ပြန်လည်ပေးပို့ တင်သွင်းရမည်ဖြစ်သည်။
အဆိုပါ Placement Test ကိုဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက် အတွင်းသတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသည့် နေ့များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေး ဝန်ကြီးဌာနကသတ်မှတ်ထားသည့် ကျောင်းဝတ်စုံ(အင်္ကျီအဖြူ၊ လုံချည်အစိမ်း) ကို စနစ်တကျ ဝတ်ဆင်၍ ဖြေဆိုရမည်ဖြစ်ပြီးအဆိုပါ စာမေးပွဲအောင်မြင်မှသာယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်အခြေခံပညာကျောင်းများ၌ အတန်းတက်ရောက် ပညာသင်ယူခွင့်ရရှိမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အီရန်ထံမှ အဖြေမှန်များ ရရှိရေး ရက်အနည်းငယ် စောင့်ဆိုင်းပေးမည်ဟု ဒေါ်နယ်ထရန့် ပြောကြား
အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူမှု မရှိခဲ့လျှင်စစ်ရေးအရ ဆက်လက် တိုက်ခိုက်ရန်အသင့်ရှိသော်လည်း အီရန်အစိုးရထံမှ မှန်ကန်သည့် အဖြေများ ရရှိရေးအတွက် ရက်အနည်းငယ်မျှ စောင့်ဆိုင်းပေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂၀ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့အကြား လက်ရှိအခြေအနေမှာ ရှေ့မတိုး နောက်မဆုတ် အခြေအနေတွင် ရှိနေပြီး စစ်ရေးတင်းမာမှုများ လျင်မြန်စွာ မြင့်တက်လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကသတင်းထောက်များနှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဖြင့် အီရန်စစ်ပွဲကိုရပ်ဆိုင်းထားသည်မှာ သီတင်းခြောက်ပတ် ကြာမြင့်နေပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုးတက်မှု အရိပ်အယောင်မတွေ့ရသေးပေ။
မိမိတို့အနေဖြင့် အီရန်အစိုးရထံမှ သင့်မြတ်မှန်ကန်သော အဖြေများ မရခဲ့လျှင် စစ်ရေးအရ ဆက်လက်တိုက်ခိုက်ရန် အသင့်ရှိကြောင်း၊သို့ရာတွင် အဖြေမှန်များရရှိရေးအတွက် မိမိတို့အနေဖြင့် ရက်အနည်းငယ်မျှ စောင့်ဆိုင်းပေးနိုင်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါကအရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ စစ်မီးကူးစက်လိမ့်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က အမေရိကန်အစိုးရကို သတိပေးထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ဖိလစ်ပိုင်တရားလွှတ်တော်ချုပ် ပိတ်ပင်ရန် မရှိ
နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်း၀ရမ်းထုတ်ထားသည့်အထက်လွှတ်တော်အမတ် ရိုနယ်ဒယ်လာရိုဆာကို ဖမ်းဆီးရန် ကြိုးပမ်းမှုများအား ကြားဝင်ပိတ်ပင်ပေးရန် ဖိလစ်ပိုင်တရား လွှတ်တော်ချုပ်က မေ ၂၀ ရက်တွင်ငြင်းပယ်ခဲ့ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီတရားရုံးသည် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက် ပြုလုပ်ခဲ့သည့် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖိလစ်ပိုင်လွှတ်တော်အမတ် ဒယ်လာရိုဆာကို ယခုလအတွင်း ဖမ်း၀ရမ်းထုတ်ပြန်ထားသည်။
အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီးနောက် ဒယ်လာရိုဆာသည် အထက်လွှတ်တော် အဆောက် အအုံအတွင်း ခေတ္တမျှ ပုန်းအောင်းခဲ့ပြီးနောက်နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ လက်မှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။
အိုင်စီစီ၏ ဖမ်း၀ရမ်းကို ကြားဝင်တားဆီးပေးရန် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ဒယ်လာရိုဆာက ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ထံ အယူခံလွှာတင်သွင်းထားသည်။
သို့ရာတွင် တရားလွှတ်တော်ချုပ်အနေဖြင့် အိုင်စီစီ၏ ဖမ်း၀ရမ်းကိုမှန်ကန်သည့် ဖမ်း၀ရမ်းအဖြစ် အတည်ယူထားပြီး ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ကြားဝင်တားဆီး ပေးမည် မဟုတ်ကြောင်း ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ကသတင်းထုတ်ပြန်ထားသည်။
ဒယ်လာရိုဆာသည် သမ္မတဟောင်း ဒူတာတေးလက်ထက်တွင် ဖိလစ်ပိုင်ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ရန်ကုန်၌ 92 နှင့် 95 စက်သုံးဆီ စျေးတက်ပြီး ဒီဇယ်ဆီစျေးများကျ
ရန်ကုန်မြို့၌ 92 နှင့် 95 စက်သုံးဆီစျေးနှုန်း ယနေ့(မေ ၂၂ ရက်)တွင် အနည်းငယ် ပြန်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ရိုးရိုးဒီဇယ် နှင့် ပရီမီယံဒီဇယ် စျေးနှုန်များမှာမူ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီ၏ဈေးနှုန်းများအရ ယနေ့(မေ ၂၂ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၅၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၄၆၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၅၄၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။
မေ ၂၁ ရက်အထိ စျေးနှုန်းများအရ 92 တစ်လီတာလျှင် ၄၅၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၆၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၈၁၅ ကျပ်ဖြစ်သည်။
ထို့ကြောင့် 92 တစ်လီတာလျှင် ၂၀ ကျပ်စျေးတက်သွားခဲ့ပြီး 95 တစ်လီတာလျှင် ၅ ကျပ် တက်လာခဲ့ကြောင်း သိရသည်။သို့သော် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ် ကျဆင်းခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
တရုတ်သမ္မတ ရှီကျင်ပင်း လာမည့်သီတင်းပတ်တွင် မြောက်ကိုရီးယားသို့ သွားရောက်ဖွယ်ရှိ
လာမည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက် ဖွယ်ရှိကြောင်း တောင်ကိုရီးယားမီဒီယာများကမေ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်သမ္မတ ရှီကျင်ပင်း အနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ ယခုလကုန်ပိုင်းသို့မဟုတ် ဇွန်လအစောပိုင်းတွင် သွားရောက်နိုင် ကြောင်း သိရသည်။
မြောက်ကိုရီးယား ခရီးစဉ်အတွင်း သမ္မတရှီကျင်ပင်းအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ဆက်ဆံရေးကို ကြားဝင်ညှိနှိုင်း ပေးသူအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်းသတင်းရင်းမြစ်များက ပြောကြား ထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် နှစ်ရက်ဆက်တိုက် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသို့ လာမည့်သီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက် ဖွယ်ရှိသည်ဆိုသော သတင်းများနှင့် ပတ်သက်၍တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။
တရုတ်နှင့် မြောက်ကိုရီးယားတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေး စတင်ခဲ့ပြီး နောက်ပိုင်းအေးစက်စက်ဖြစ်ခဲ့ရသော နှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည် ပြင်ဆင်ရန် ကြိုးပမ်း လျက်ရှိသည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏အဓိကစီးပွားရေး မဟာမိတ်ဖြစ်သလို နိုင်ငံရေး မဟာမိတ်လည်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ကျူးဘားခေါင်းဆောင်ဟောင်းကိုအမေရိကန်အစိုးရ တရားစွဲဆို
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုကို အမေရိကန်အစိုးရက မေ ၂၀ ရက်တွင် ရာဇဝတ်ကြောင်းအရ စတင်တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အသက် (၉၄)နှစ်အရွယ် ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုကို လူသတ်မှု၊ အမေရိကန်နိုင်ငံသားများကို သတ်ဖြတ်ရန် ကြံစည်မှု၊ လေယာဉ်များ ဖျက်ဆီးမှုတို့ဖြင့် ဖလော်ရီဒါပြည်နယ် ဖက်ဒရယ်တရားရုံး တစ်ရုံး၌ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကတ်စထရိုအနေဖြင့် ၁၉၉၆ ခုနှစ်တွင် နိုင်ငံတကာ ဝေဟင်အတွင်း အရပ်ဘက်လေယာဉ်ငယ်နှစ်စင်းကို ကျူးဘားလေတပ်က ပစ်ချမှုတွင် တာဝန်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက စွပ်စွဲထားသည်။
ရောလ်ကတ်စထရိုအပေါ် အမေရိကန်အစိုးရက ရာဇဝတ်ကြောင်းအရတရားစွဲဆိုလာမှုကြောင့် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ကျူးဘားအစိုးရကိုဖြုတ်ချရန် ရည်ရွယ်ထားသည်ဟူသော ထင်ကြေးများ ပိုမိုအားကောင်းခိုင်မာလာခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် လက်ရှိမူဝါဒ လမ်းစဉ်များကို ပြောင်းလဲရန် ကျူးဘားအစိုးရကို ဖိအားပေးသည့်အနေဖြင့် ကျူးဘားနိုင်ငံအား ကုန်သွယ်ရေးပိတ်ဆို့မှုများ နှစ်ပေါင်းများစွာ ချမှတ်ကျင့်သုံးခဲ့ပြီး ပြီးခဲ့သည့်ရက်များအတွင်းကလည်း ကျူးဘားခေါင်းဆောင်များကို အရေးယူပိတ်ဆို့ မှုများ ချမှတ်ထားသည်။
သမ္မတဒေါ်နယ်ထရန့်သည် ဗင်နီဇွဲလားသမ္မတမာဒူရိုကို ဖြုတ်ချဖမ်းဆီးရေးအတွက် ယခုနှစ် ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံအား စစ်ရေးအရတိုက်ခိုက်ရာတွင် အမေရိကန်ပြည်တွင်း၌ မာဒူရိုအား တရားစွဲဆိုထားမှုကို အကြောင်းပြချက်အဖြစ် အသုံးချခဲ့ဖူးသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ယူကရိန်းစစ်ပွဲအတွင်း ဆွဲသွင်းခံမည်မဟုတ်သော်လည်း ရုရှားနှင့်အတူ ဘီလာရုစ်ကို ကာကွယ်သွားမည်ဟု လူကာရှန်ကို ဆို
ဘီလာရုစ်သည် ယူကရိန်းစစ်ပွဲထဲသို့ ဆွဲသွင်းခံရလိမ့်မည်ဟူသော ယူဆချက်များကို ဘီလာရုစ်သမ္မတ အလက်ဆန်းဒါးလူကာရှန်ကိုက ပယ်ချလိုက်ပြီး အကယ်၍ စစ်ပြုခံခဲ့ရပါက ရုရှားနှင့် ဘီလာရုစ်က ပူးတွဲ၍ခုခံကာကွယ်သွားကြမှာ ဖြစ်ကြောင်း ပြောကြားသည်ဟု ဘီလာရုစ်အစိုးရ BELTA သတင်းဌာန က တင်ပြသည်။
ထို့ပြင် လေးနှစ်ကျော်ကြာစစ်ပွဲတွင် ဘီလာရုစ်က ပိုမို၍ ပါဝင်ပတ်သက်လာနိုင်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး ကို တွေ့ဆုံသွားရန် အသင့်ရှိကြောင်းလည်း လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း BELTA သတင်းဌာန က ဆက်ပြောသည်။
ရုရှားနှင့်ဘီလာရုစ်တို့ ပူးတွဲပြုလုပ်သည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှုများကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လူကာရှန်ကိုတို့က ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် စောင့်ကြည့်လေ့လာခဲ့ပြီးနောက် လူကာရှန်ကိုက ထိုသို့ မှတ်ချက်ပေးခြင်းဖြစ်သည်။
“ဘီလာရုစ်က စစ်ပွဲထဲ ဆွဲသွင်းခံရမယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ကျွန်တော်အခုပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ပိုင်နက်နယ်မြေ တိုက်ခိုက်ခံရတဲ့ အချိန်မျိုးမှာပဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ၂ နိုင်ငံ ရပ်တည်နေတဲ့အဖမြေကို အတူတကွ ကာကွယ်သွားကြပါမယ်” ဟု လူကာရှန်ကို က ပြောကြားခဲ့သည်။
ဇီလန်စကီးအနေဖြင့် အကြောင်းအရာတစ်ခုခုကို ပြောဆိုဆွေးနွေးချင်ပါက ၎င်းအနေဖြင့် ဆွေး‌နွေးရန် လမ်းဖွင့်ထားပြီး ယူကရိန်း သို့မဟုတ် ဘီလာရုစ် ကြိုက်သည့်နေရာတွင် တွေ့ဆုံနိုင်ကြောင်း ဘီလာရုစ်သမ္မတက ပြောသည်။
“သူနဲ့တွေ့ပြီး ကျွန်တော်တို့နှစ်နိုင်ငံကြားက ပြဿနာတွေကို ဆွေးနွေးဖို့ အသင့်ရှိပါတယ်” ဟု လူကာရှန်ကို က ဆိုသည်။
ထိုအတောအတွင်း ဘီလာရုစ်နှင့်နယ်စပ် ယူကရိန်းမြောက်ပိုင်းအနီးတွင် ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကို ယူကရိန်းသမ္မတ ဇီလန်စကီးက ယင်းဒေသမှ တာဝန်ရှိသူများနှင့် ယမန်နေ့က ဆွေး‌နွေးနေခဲ့ကြောင်း သိရသည်။
ရုရှားသည် ဘီလာရုစ်အား ယူကရိန်းစစ်ပွဲအတွင်း ဆွဲသွင်းရန် စိတ်အားထက်သန်နေကြောင်း နှင့် မိမိတို့ဘက်က ကာကွယ်ရေးတိုးမြှင့်နိုင်သလို ခုခံကာကွယ်ရေးအတွက်လည်း လုပ်ဆောင်နိုင်စွမ်းရှိကြော်း ဇီလန်စကီး က ၎င်း၏ ညစဉ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
ဂန္ဓမာစက်မှုဇုန်ရှိ ဂွမ်းစက်ရုံမီးလောင်၊ ဝန်ထမ်းတစ်ဦးဒဏ်ရာရ
ပဲခူးတိုင်း၊ ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်ရှိ ဂွမ်းစက်ရုံမီးလောင်မှုကြောင့် ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိကြောင်း ပြည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းရုံးထံမှသိရသည်။
အဆိုပါမီးလောင်မှုမှာ ယမန်နေ့(မေ ၂၂ ရက်) နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုန် မောင်ပေါက်ကျိုင်းလမ်းရှိ ဂွမ်းစက်ရုံ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
"စတင်လောင်ကျွမ်းတဲ့အကြောင်းအရင်းကို ပြည်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်ခရိုင်မီးသတ်ဦးစီး ဌာနတို့စုံစမ်းစစ်ဆေးလျက်ရှိပါတယ်ခင်ဗျာ။ ဝန်ထမ်းတစ်ဦး အပူလောင်ဒဏ်ရာအနည်းငယ်ရတယ်လို့ သိထားပါတယ်" ဟု ပြည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မီးငြိမ်းသတ်ရာတွင်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) (ပရဟိတပါရမီအသင်း)မှ ကုသမှုများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မီးလောင်မှုမှာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၂ မိနစ်တွင်မီးငြိမ်းကြောင်းမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ပြည်မြို့နယ်၊အရန်မီးသတ်တပ်ရင်းရုံး/မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) (ပရဟိတပါရမီအသင်း)
#ပြည်တွင်းသတင်း