The Standard Time Digital
248 subscribers
581 photos
21 videos
80 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
ဆော်ဒီသို့ တပ်ဖွဲ့ဝင် ၈၀၀၀နှင့် တိုက်လေယာဉ်အုပ်တစ်အုပ် ပါကစ္စတန် ဖြန့်ကြက်
နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့ တပ် ဖွဲ့ဝင် ၈၀၀၀၊ တိုက်လေယာဉ် အုပ်တစ်အုပ်နှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုတို့ ဖြန့်ကြက်ထားကြောင်း မေ ၁၈ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ပါကစ္စတန်နိုင်ငံသည် အီရန်စစ်ပွဲ ပြီးဆုံးရေးအတွက် ကြားခံလူအဖြစ် ပါဝင်ကူညီနေသော်လည်း နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်အရ ဆော်ဒီအာရေဗျနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများလည်း မြှင့်တင်လျက်ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်လုံး၌ စစ်ရေးတင်းမာမှုများအားကောင်းနေချိန်တွင် ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့လက်နက်ကိုင်တပ်များ စေလွှတ်ဖြန့် ကြက်ထားခြင်းဖြစ်သည်။
သတင်းအရင်းအမြစ်များ၏အဆိုအရ ပါကစ္စတန်နိုင်ငံသည်ဆော်ဒီအာရေဗျနိုင်ငံသို့ တပ်ဖွဲ့ဝင် ၈၀၀၀၊ ဂျေအက်ဖ်-၁၇ အမျိုးအစားတိုက်လေယာဉ်အများစု ပါဝင်သောလေယာဉ် ၁၆ စင်းပါ တိုက်လေယာဉ်အုပ်တစ်အုပ်နှင့် အိတ်ခ်ျကျူ-၉ အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခုကို ဖြန့်ကြက်ထားကြောင်းသိရသည်။
ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် နှစ်နိုင်ငံ အပြန်အလှန် ကာကွယ်ရေး စာချုပ် တစ်ရပ်ကို ပြီးခဲ့သည့်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသော်လည်း စာချုပ်ပါ ပြဋ္ဌာန်းချက် များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကြေညာခြင်းမရှိခဲ့ပေ။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဟင်္သာတရှိ ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်၊ အခန်း ၁၂ ခန်းပါအဆောက်အဦပျက်စီးဆုံးရှုံး
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ ယမန်နေ့(မေ ၁၉ ရက်) ည ၁၁ နာရီခွဲတွင် ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှုဖြစ်ပွားပြီး အခန်း ၁၂ ခန်းပါအဆောက်အဦပျက်စီးဆုံးရှုံးကြောင်း ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းထံမှသိရသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်းအခန်း ၁၂ ခန်းပါ နှစ်ထပ်ဗိုလ်မောင်စိန်တိုက်တန်း အဆောက်အဦတစ်ခုလုံးမီလောင်ကျွမ်းခဲ့ကြောင်း၊ အချိန်နှစ်နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ယနေ့(မေ ၂၀ ရက်) နံနက် ၂ နာရီခန့်တွင် မီးငြိမ်းကြောင်းသိရသည်။
“ဗိုလ်မောင်စိန်တိုက်တန်းက အန္တရာယ်ရှိအဆောက်အအုံအဖြစ်ကြေညာပြီးဖြစ်တဲ့ သက်တမ်းရှည် အဆောက်အဦဖြစ်ပါတယ်။ တိုက်တန်းမှာ အခန်း ၁၂ ခန်းရှိပါတယ်။ လက်ရှိလူနေတာနှစ်ခန်းပဲရှိတယ်။ ကျန်တဲ့အခန်းတွေကလူမနေဘူး” ဟုဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း
◾️တရုတ်သို့ မြန်မာ့ဒူးရင်းသီးတင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်
ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာမှုနှင့်အတူ တရုတ်ဒူးရင်းသီး ဈေးကွက်တွင် ဝေစုရရှိနိုင်ရန် ရည်မှန်း၍ ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မေ ၁၉ ရက်တွင် ကျင်းပသည့် ‘မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆’ တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ်အဓိကမှီခိုနေရသော်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့အလုံးအရင်းဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကြောင်းလည်း သိရသည်။
အာဆီယံဒေသတွင်း ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုတွင်ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ဈေးကွက်ကို ဦးဆောင်နေပြီးမြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထုတ်လု ပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်ရေးများ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့ဒူးရင်းသီးများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး မေ၊ ဇွန်နှင့် ဇူလိုင်လများသည်ဒူးရင်းသီးအထွက်လှိုင်သည့် ကာလများဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဒူးရင်းသီး တစ်ကီလိုလျှင် ကျပ် ၄၀၀၀၀ အထိ ဈေးဖွင့်ခဲ့ပြီးအလုံးကြီးများမှာ တစ်လုံးလျှင် ကျပ်နှစ်သိန်းကျော်အထိ ဈေးရရှိနိုင်ကြောင်းဈေးကွက်အတွင်းမှ သိရသည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ ကျင်းပမည်
လာမည့်ခရီးသွားရာသီ၌ ပြည်ပနိုင်ငံများမှခရီးသွားများ မြန်မာ့အလှနှင့်ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန် အပြည်ပြည် ဆိုင်ရာ ခရီးသွားပြပွဲကို ဇွန်လဒုတိယပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားမှုကို ပြန်လည်ဖော်ဆောင် ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာ၀အ လှများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများနှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီ၀မျိုးစုံ မျိုးကွဲများ၊ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးအပင်မျိုးစိတ်များကို လေ့လာကြည့်ရှု အပန်းဖြေနိုင်ရန်အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာခရီးသွား ပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ပြင်သစ်၊ အီဂျစ်၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှခရီးသွားဆိုင်ရာကုမ္ပဏီများပါဝင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်မှုကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ငွေဆောင်ကမ်းခြေနှင့်အခြားခရီးသွားဒေသတို့ကို အဓိကထားဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြပွဲတွင် ပြည်တွင်း^ပြည်ပခရီးသွားဒေသများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များနှင့် အာမခံများ၊ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများနှင့် စွန့်ဦးတီထွင်ပြခန်းများကို ပြသသွားမည်ဖြစ်ပြီး ပြပွဲကို ဇွန် ၁၃ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ Sedona Hotel ၌ကျင်းပသွားမည်ဖြစ်သည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️နိုင်ငံ ၉၀ ကျော်အား ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ် ပယ်ဖျက်ရန် ထိုင်းနိုင်ငံအစိုးရ အတည်ပြု
နိုင်ငံပေါင်း ၉၀ ကျော်မှ ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ပယ်ဖျက်ရန် ထိုင်းနိုင်ငံအစိုးရက မေ ၁၉ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရ၏ အဆိုပါ အတည်ပြုချက်အရ တစ်လသာ နေထိုင်ခွင့်ပြုခဲ့သည့် ယခင်သတ်မှတ်ချက်အတိုင်း ပြန်လည်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ထိုင်းခရီးသွားလာ ရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဆူရာဆက်က မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်ဟု The Thaiger သတင်းဌာနက ရေးသားဖော်ပြထားသည်။
နိုင်ငံပေါင်း ၉၀ ကျော်မှ ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ပယ်ဖျက်ရန်ဆိုသည့် အချက်အောက်တွင် ဗီဇာအခွင့်အရေး အကြိမ်ကြိမ်ရယူခွင့်ပြုထားသည့် စီစဉ်ဆောင်ရွက်ချက်များကိုပါ ရုပ်သိမ်းရန်နှင့် ယခင်စည်းမျဉ်းဟောင်းများကို ပြန်လည် ကျင့်သုံးရန် အစိုးရအဖွဲ့ကသဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးဆူရာဆက်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ဗီဇာမူဝါဒကော်မတီအနေဖြင့် ယင်းနိုင်ငံ ၉၀ ထဲမှ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဗီဇာ စည်းမျဉ်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး လုံခြုံရေးနှင့် စီးပွားရေး ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို အခြေခံကာ မည်သည့်ဗီဇာအမျိုးအစားသည် နိုင်ငံအသီးသီး အတွက် သင့်လျော်မည်ဆိုသည်ကို ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။
သတင်း-စိန်သံ
ဓာတ်ပုံ-The Thaiger
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ကွန်ဂိုအရှေ့ပိုင်း၌ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၀ ကျော်
ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီဘိုလာဗိုင်းရပ်စ် ရောဂါဖြင့် လူပေါင်း ၂၆ ဦး ထပ်မံသေဆုံးခဲ့ရာ ယင်းဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူ စုစုပေါင်းမှာ၁၃၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေ ၁၉ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရသူများအဖြစ် အတည်ပြုထားနိုင်သည့် လူနာ အရေအတွက်မှာ ၃၃ ဦးရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူများအဖြစ် သံသယရှိသူ လူနာအရေအတွက်မှာလည်း ၅၄၃ ဦးအထိရှိနေကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကွန်ဂိုနိုင်ငံ၌ လက်ရှိပေါ်ပေါက်နေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဘေးမှာသေဆုံးမှုနှုန်းနှင့် ကူးစက်မှု မြန်နှုန်းများအရအထူးစိုးရိမ်ရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ခ်ျအို) အကြီးအကဲ အက်ဒ်ဟာနွန်ဂျီဘရီယေးဆပ်က သတိပေးထားချိန်တွင်ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ၁၃၀ ကျော်အထိ ရှိလာခြင်းဖြစ်သည်။
ကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ကပ်ဘေးအတွက် ဒဗလျူအိတ်ခ်ျအို အကြီးအကဲက မေ ၁၇ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေး ပေါ်အခြေအနေကို ကြေညာထားသည်။
ဒဗလျူအိတ်ခ်ျအို အကြီးအကဲ ဂျီဘရီယေးဆပ်သည် အစဉ်အလာအရ အရေးပေါ် ကော်မတီ အစည်းအဝေး မခေါ်ယူမီမှာပင်ကွန်ဂိုအီဘိုလာ ဗိုင်းရပ်စ်ကပ်ဘေးကို နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ သတိပေးချက်သည် ဒဗလျူအိတ်ခ်ျအို ၏ ဆေးပညာစည်းမျဉ်းများအရ ဒုတိယအမြင့်ဆုံး ကျန်းမာရေးသတိပေးချက်ဖြစ်သည်။
လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ ကြညိငဘကါပသ အမျိုးအစား ရှားပါး အီဘိုလာဗိုင်းရပ်စ်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ရောဂါအတွက် သီးသန့် ကုထုံးနှင့် ကာကွယ်ဆေးများ မရှိသေးကြောင်း သိရသည်။
လက်ရှိ ရင်ဆိုင်နေရသော အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကပ်ဘေးမှာ ကွန်ဂိုနိုင်ငံအတွက် ၁၉၇၆ ခုနှစ် နောက်ပိုင်း ၁၇ ခုမြောက်အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုဖြစ်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရုရှားတပ်ဖွဲ့ဝင် ၂၀၀ခန့်ကို တရုတ်စစ်ဘက်လျှို့ဝှက်လေ့ ကျင့်မှုများ ပြုလုပ်ပေးခဲ့ဟုဆို
တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို လျှို့ဝှက်လေ့ကျင့်ပေးခဲ့ပြီး အဆိုပါရုရှားတပ်ဖွဲ့ဝင်များအနက်အချို့မှာ ယူကရိန်းစစ်မြေပြင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဥရောပထောက်လှမ်းရေးအဖွဲ့များ၏ အဆိုကို ကိုးကား၍ မေ ၁၉ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့များ၏ အဆိုအရ တရုတ်နိုင်ငံသည်အထက်ပါ ရုရှားတပ်ဖွဲ့ဝင် များကို မောင်းသူမဲ့လေယာဉ်များ အသုံးချမှုနှင့် ပတ်သက်၍ အဓိကလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်တွင် ရုရှားနှင့်တရုတ် တာဝန်ရှိသူများအကြားရယူခဲ့သည့် သဘောတူ ညီချက်အရ တရုတ်နိုင်ငံက ရုရှားတပ်ဖွဲ့ဝင်များအားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဥရောပ ထောက်လှမ်းရေးအဖွဲ့အစည်းများကသတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် အထက်ပါသဘောတူညီချက်အရ ရုရှားတပ်ဖွဲ့ဝင်၂၀၀ ခန့်ကို ပေကျင်း မြို့တော်နှင့် နန်ကျင်းမြို့အပါအဝင် တရုတ်မြို့ကြီးများတွင်ရှိသော စစ်စခန်းများ၌ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဥရောပထောက်လှမ်းရေးအဖွဲ့အစည်းများက ပြောကြားထားသည်။
အထက်ပါသတင်းနှင့် ပတ်သက်၍ တရုတ်နှင့်ရုရှား ကာကွယ်ရေးဝန်ကြီးဌာနများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
မွေ့ရာပေါ်တွင် Power Bank ဖြင့် မီးလုံးအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာတွင် Power Bank ဖြင့် LED မီးလုံး အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၀ ရက် ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာတွင် အိမ်ပိုင်ရှင်ဦး...(၄၅) နှစ်၏ နေအိမ် (၄၅ x ၂၅)ပေ နှစ်ထပ်ခွဲ အဆောက်အအုံဒုတိယထပ်၊ ပေ ၂၀၁၀ အခန်းအတွင်း ရှိပြတင်းပေါက်အနီး နေပူထဲမွေ့ရာပေါ်တွင် ၃၀၀၀၀ mah Power Bank ဖြင့် LED မီးလုံးအားသွင်းထားရာမှ Power Bankအပူရှိန်လွန်ကဲ၍ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား သတင်းရရချင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ လက်ထောက် ညွှန်ကြားရေးမှူးဦးကျော်ဆန်း ခေါင်းဆောင်၍ တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းအောင် ခေါင်းဆောင်၍ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ် ရေသယ်ယာဉ်တစ်စီး၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၂၄ဦး၊ မီးသတ်ယာဉ်လေးစီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့သည်။
ညနေ ၄ နာရီ ၂၇ မိနစ်တွင်ရောက်ရှိခဲ့ပြီး စတင်ငြှိမ်းသတ်ခဲ့ရာညနေ ၄ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်းနှင့် မီးပေါ့ ဆသူအား ဝက်ဝံနယ်မြေရဲစခန်းက (ပ) ၃၆။၂၀၂၆၊ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ-မြို့နယ်မီးသတ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ကျောင်းပြင်ပရောက် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသားများ ယခုပညာသင် နှစ်တွင် ပညာသင်ယူနိုင်ရန်လျှောက်လွှာများ စတင်ခေါ်ယူ
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့်(Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းကူးပြောင်း တက်ရောက်နိုင်မည့် Placement Test (အထူးအစီအစဉ်)အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာများကို စတင်ခေါ်ယူနေ ပြီဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ လျှောက်ထားနိုင်သူနှင့် သတ်မှတ်ချက်များမှာလျှောက်ထားသူသည် အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူ ဖြစ်ရမည်ဖြစ်ကာ မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံး အောင်မြင်ခဲ့သည့် အတန်းအတွက်ကျောင်းထောက်ခံချက် (မူရင်း) (သို့မဟုတ်) မိတ္တူ(မှန်) တင်ပြရမည်ဖြစ်ပြီး အကယ်၍ မတင်ပြနိုင်ပါကအရေးပေါ်အခြေအနေ ကြေညာ ထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူး၏ ထောက်ခံချက် ပူးတွဲတင်ပြရမည်။
ကျောင်းထောက်ခံချက်(မူရင်း)လျှောက်ထားလိုသူသည် မိမိနောက်ဆုံး တက်ရောက်ခဲ့သည့် ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် ကျောင်းထောက်ခံချက် (မူရင်း) (သို့မဟုတ်)မိတ္တူ(မှန်)တင်ပြရမည်။
အကယ်၍မတင်ပြနိုင်ပါက အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပူးတွဲတင်ပြရမည်။
ကျောင်းသား၏အသက်အရွယ်အရ တက်ရောက်သင်ယူရမည့် အတန်း၏ တစ်တန်းနိမ့်အတန်း Placement Test ဖြေဆိုရမည်။ (ဥပမာ- အသက်အရွယ်အရGrade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 အဆင့်ကို ဖြေဆိုရမည်ဖြစ်ပြီး မိမိဆန္ဒအရ Grade 7ကိုသာ တက်ရောက်လိုပါက Grade 6 အဆင့်ကို ဖြေဆိုရမည်)။
လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင်မေ ၂၂ ရက်မှစ၍ ပိတ်ရက်မရှိ အခမဲ့ထုတ်ယူနိုင်သည်ဖြစ်ကာ ဖြည့်စွက်ပြီးသည့် လျှောက်လွှာများကို ဇွန် ၅ရက် (ရုံးချိန်နောက်ဆုံး) ထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ပြန်လည်ပေးပို့ တင်သွင်းရမည်ဖြစ်သည်။
အဆိုပါ Placement Test ကိုဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက် အတွင်းသတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသည့် နေ့များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေး ဝန်ကြီးဌာနကသတ်မှတ်ထားသည့် ကျောင်းဝတ်စုံ(အင်္ကျီအဖြူ၊ လုံချည်အစိမ်း) ကို စနစ်တကျ ဝတ်ဆင်၍ ဖြေဆိုရမည်ဖြစ်ပြီးအဆိုပါ စာမေးပွဲအောင်မြင်မှသာယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်အခြေခံပညာကျောင်းများ၌ အတန်းတက်ရောက် ပညာသင်ယူခွင့်ရရှိမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
သတင်း-မြင့်မိုရ်မျိုးမျိုးသူ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အီရန်ထံမှ အဖြေမှန်များ ရရှိရေး ရက်အနည်းငယ် စောင့်ဆိုင်းပေးမည်ဟု ဒေါ်နယ်ထရန့် ပြောကြား
အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူမှု မရှိခဲ့လျှင်စစ်ရေးအရ ဆက်လက် တိုက်ခိုက်ရန်အသင့်ရှိသော်လည်း အီရန်အစိုးရထံမှ မှန်ကန်သည့် အဖြေများ ရရှိရေးအတွက် ရက်အနည်းငယ်မျှ စောင့်ဆိုင်းပေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂၀ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့အကြား လက်ရှိအခြေအနေမှာ ရှေ့မတိုး နောက်မဆုတ် အခြေအနေတွင် ရှိနေပြီး စစ်ရေးတင်းမာမှုများ လျင်မြန်စွာ မြင့်တက်လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကသတင်းထောက်များနှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အီရန်တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဖြင့် အီရန်စစ်ပွဲကိုရပ်ဆိုင်းထားသည်မှာ သီတင်းခြောက်ပတ် ကြာမြင့်နေပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုးတက်မှု အရိပ်အယောင်မတွေ့ရသေးပေ။
မိမိတို့အနေဖြင့် အီရန်အစိုးရထံမှ သင့်မြတ်မှန်ကန်သော အဖြေများ မရခဲ့လျှင် စစ်ရေးအရ ဆက်လက်တိုက်ခိုက်ရန် အသင့်ရှိကြောင်း၊သို့ရာတွင် အဖြေမှန်များရရှိရေးအတွက် မိမိတို့အနေဖြင့် ရက်အနည်းငယ်မျှ စောင့်ဆိုင်းပေးနိုင်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါကအရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ စစ်မီးကူးစက်လိမ့်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က အမေရိကန်အစိုးရကို သတိပေးထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ဖိလစ်ပိုင်တရားလွှတ်တော်ချုပ် ပိတ်ပင်ရန် မရှိ
နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ)က ဖမ်း၀ရမ်းထုတ်ထားသည့်အထက်လွှတ်တော်အမတ် ရိုနယ်ဒယ်လာရိုဆာကို ဖမ်းဆီးရန် ကြိုးပမ်းမှုများအား ကြားဝင်ပိတ်ပင်ပေးရန် ဖိလစ်ပိုင်တရား လွှတ်တော်ချုပ်က မေ ၂၀ ရက်တွင်ငြင်းပယ်ခဲ့ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီတရားရုံးသည် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက် ပြုလုပ်ခဲ့သည့် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖိလစ်ပိုင်လွှတ်တော်အမတ် ဒယ်လာရိုဆာကို ယခုလအတွင်း ဖမ်း၀ရမ်းထုတ်ပြန်ထားသည်။
အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီးနောက် ဒယ်လာရိုဆာသည် အထက်လွှတ်တော် အဆောက် အအုံအတွင်း ခေတ္တမျှ ပုန်းအောင်းခဲ့ပြီးနောက်နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ လက်မှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။
အိုင်စီစီ၏ ဖမ်း၀ရမ်းကို ကြားဝင်တားဆီးပေးရန် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ဒယ်လာရိုဆာက ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ထံ အယူခံလွှာတင်သွင်းထားသည်။
သို့ရာတွင် တရားလွှတ်တော်ချုပ်အနေဖြင့် အိုင်စီစီ၏ ဖမ်း၀ရမ်းကိုမှန်ကန်သည့် ဖမ်း၀ရမ်းအဖြစ် အတည်ယူထားပြီး ဒယ်လာရိုဆာအား ဖမ်းဆီးမှုကို ကြားဝင်တားဆီး ပေးမည် မဟုတ်ကြောင်း ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ကသတင်းထုတ်ပြန်ထားသည်။
ဒယ်လာရိုဆာသည် သမ္မတဟောင်း ဒူတာတေးလက်ထက်တွင် ဖိလစ်ပိုင်ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း