The Standard Time Digital
249 subscribers
588 photos
21 videos
88 links
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Download Telegram
ရယောင်မြို့နယ် ဖော့ ဖျာစက်ရုံရှိ မြန်မာအလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ရယောင်မြို့နယ်နိခွန်းဖတ်ထနာမြို့ ခြေသုပ်ခုံ၊ ဖော့ဖျာစက်ရုံရှိ မြန်မာအလုပ်သမား ၆၅ ဦးအလုပ်ထုတ်ခံရသည့်အတွက် နစ်နာကြေးရရှိရန် ကူညီပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
၎င်းတို့အား မေ ၁၃ ရက်တွင်စက်ရုံ HR က တစ်ရက်ဆင်း တစ်ရက်နား အလုပ်အလှည့်ကျ ဆင်းရန်စာချုပ်တွင် လက်မှတ်ထိုးခိုင်းခဲ့ပြီးမထိုးလျှင် အလုပ်လာစရာ မလိုတော့ဟုဆိုကာ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများသည် အလုပ်သမားအခွင့်အရေးများနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိရန် မေ ၁၄ ရက်တွင် အကူအညီတောင်းခံခဲ့ကြောင်းWAG အဖွဲ့မှသိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံများတွင် မြန်မာအလုပ်သမားများ မကြာခဏ အလုပ်ထုတ်ခံနေရပြီး စက်ရုံမှ ထုတ်ပေးသည့် စာရွက်စာတမ်းများတွင် မိမိဆန္ဒဖြင့် ကြိုတင်လက်မှတ်ရေးထိုးခြင်းများမပြုဘဲ အလုပ်သမားအရေးကူညီသည့် အဖွဲ့များအား အမြန်ဆုံး အကြောင်းကြားကြရန် အလုပ်သမားရေး ဆောင်ရွက်သူအချို့က အကြံပြုထားသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ -WAG
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ချွန်ဘူရီတွင် မြန်မာအလုပ်သမားခြောက်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရာချာမြို့နယ်ဘော်ဝင်းရပ်ကွက်တွင် မေ ၁၇ ရက်က အထောက် အထားမရှိ မြန်မာနိုင်ငံသားခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံ ဘော်ဝင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဘော်ဝင်းရဲစခန်းမှ နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့သည် ဘော်ဝင်းရပ်ကွက် ဖာ့ယထိုင်း ဘော်ဝင်းဆေးရုံရှေ့ လမ်းမကြီးအမှတ် (၃၃၁)ပတ်ဝန်းကျင်တွင် လှည့်ကင်း ဆောင်ရွက်စဉ် အတွင်း ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသား ခြောက်ဦးအား တရားမဝင် ဝင်ရောက်ပြီး ခွင့်ပြုချက်မရှိနေထိုင်မှုနှင့် ဖမ်းဆီး ခဲ့ကာ တရုတ်နိုင်ငံသားအမျိုးသားတစ်ဦးကို လွတ်မြောက်ရန် ကူညီပံ့ပိုးပေးမှု၊ ယာဉ်မောင်း လိုင်စင်မရှိဘဲ မော်တော်ယာဉ်မောင်းနှင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ခြောက်ဦးနှင့် တရုတ်နိုင်ငံသားကို ဥပဒေအရ ဆက်လက်အရေးယူရန် ဘော်ဝင်းရဲစခန်းသို့ ခေါ်ဆောင်ထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
သတင်း-လင်းလက်ကြယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလီယံဖိုး တရုတ်ဝယ်ယူတင်သွင်း မည်
၂၀၂၆ ခုနှစ်၊ ၂၀၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်များတွင် အမေရိကန်စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်များကို အနည်းဆုံး အမေရိကန်ဒေါ်လာ၁၇ ဘီလီယံဖိုးအထိ နှစ်စဉ်ဝယ်ယူရန် တရုတ်နိုင်ငံက ကတိပြုထားကြောင်း အမေရိကန်အစိုးရက မေ ၁၇ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ပြီးခဲ့သည့် သီတင်းပတ်က ပေကျင်းမြို့တော်၌ ထိပ်သီးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များကို နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖိုးအထိ ဝယ်ယူရန် တရုတ်နိုင်ငံက ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ခွန်များကိုအပြန်အလှန် လက်စားချေ မြှင့်တင်ခဲ့ကြပြီးနောက် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ နိုင်မှု သိသိသာသာကျဆင်းခဲ့ရသည်။
သို့ရာတွင် အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့်ပထမဆုံးအကြိမ် ရယူခဲ့စဉ်ကာလကပင် တရုတ်နိုင်ငံသည်အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် မှီခိုအားထားမှုကိုတဖြည်းဖြည်း လျှော့ချခဲ့သည်။
တရုတ်အစိုးရ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံအနေဖြင့်၎င်း၏ ပဲပိစပ်လိုအပ်ချက်၏ ၄၁ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူတင်သွင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်အရောက်တွင် ၂၀ ရာခိုင်နှုန်းအထိသာ ဝယ်ယူတင်သွင်းခဲ့ကြောင်းသိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
တောင်ကိုရီးယား နယ်စပ်၌ မြောက်ကိုရီးယား စစ်အင်အား တိုးမြှင့်မည်
တောင်ကိုရီးယား နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ ရှေ့တန်းတပ်များအင်အားကို ဖြည့်တင်းရန် စီစဉ်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မေ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
မြောက်ကိုရီးယား ကြည်းတပ်တပ်မှူးများနှင့် မေ ၁၇ ရက်တွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် တောင်ကိုရီးယား နယ်စပ်တစ်လျှောက်၌အင်အားဖြည့်တင်းရန် အစီအစဉ်ရှိကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ခေတ်သစ်စစ်ပွဲများ၏ အပြောင်းအလဲများကို ထင်ဟပ်နိုင်ရေးအတွက် လက်တွေ့ကျသည့် လေ့ကျင့်မှုများ တိုးချဲ့ပြုလုပ်ရန်၊ မြောက်ကိုရီးယားစစ်ဘက်၏စစ်ဆင်ရေး သဘောတရားများကိုပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရန်လည်းမြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အထက်ပါအစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်းကေစီအင်န်အေ သတင်းဌာန ကသတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တောင်ကိုရီးယား၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမြဲတမ်းသတိထားနေရန် လိုအပ်ကြောင်းလည်းကြည်းတပ် တပ်မှူးများနှင့် တွေ့ဆုံစဉ် ကင်ဂျုံအန်းက ပြောကြားခဲ့သည်။
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် ၁၉၅၀-၁၉၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် ရပ်ဆိုင်းထားခြင်းဖြစ်ရာ လက်တွေ့အားဖြင့် နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ပွားနေဆဲ အခြေအနေတွင်သာရှိသေးသည်။
လက်ရှိ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအ ကြားဆက်ဆံရေးကို ပြုပြင်ရေးအတွက်ကြိုးပမ်းနေသော်လည်း မြောက်ကိုရီးယားအစိုးရကမူ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ် သတ်မှတ်ထားသည်။
မေ ၁၇ ရက် ဆွေးနွေးပွဲသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ကြည်းတပ် တပ်မှူးများအကြား ပထမဆုံး တွေ့ဆုံပွဲဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ယူကရိန်းနှင့် ရုရှား အပြန်အလှန် လေကြောင်းတိုက်ခိုက်
ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်ခဲ့သော ရုရှားလေကြောင်း တိုက်ခိုက်မှုတွင် ယူကရိန်းနိုင်ငံ ဒါနူဘေးမြစ်ပေါ်ရှိ အဇ္ဇမေးလ်မြို့မှ ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ပျက်စီးသွားခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားကြသည်။
တစ်ဖက်တွင်လည်း ယူကရိန်းက ပစ်လွှတ်လိုက်သော ဒရုန်း လေးစင်း မော်စကိုသို့ ရောက်ရှိခဲ့ကြောင်း ရုရှားဘက်က ပြောသည်။
အဇ္ဖမေးလ်မြို့သည် ဒါနူဘေးမြစ်ပေါ်ရှိ ယူကရိန်း၏ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်ကာ မကြာခဏတိုက်ခိုက်ခံခဲ့ရသော မဟာဗျူဟာ‌နေရာတစ်ခုဖြစ်သည်။
“အဇ္ဇမေးလ်မြို့က ဆိပ်ကမ်းအခြေခံ အဆောက်အအုံတွေ ပျက်စီးသွားပါတယ်” ဟု ယူကရိန်းဒေသန္တရ အရာရှိများက တယ်လီဂရမ်ကွန်ရက်ပေါ်တွင် ရေးသားခဲ့ကာ လေကြောင်းမှလာသော လက်နက်များအားလုံးကို ဖျက် ဆီးပစ်ခဲ့ကြောင်း နှင့် လူများ သေဆုံး၊ ဒဏ်ရာရမှု မရှိသလို အပျက်အစီး ကြီးကြီးမားမားလည်း မဖြစ်ခဲ့ကြောင်း ၎င်းတို့က ဆက်ပြောသည်။
ပြတင်းပေါက်များ ပွင့်ထွက်နေသော အဆောက်အဦးတစ်ခုတွင် လောင်ကျွမ်းနေသော မီးများကို မီးသတ်တပ်ဖွဲ့များက ငြှိမ်းသတ်နေသည်ကို တယ်လီဂရမ်ပုံရိပ်တွင် မြင်တွေ့ရသည်။
မြို့တော် မော်စကိုသို့ ဦးတည်လာသော ဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်းနှင့် အရေးပေါ်ဌာနလုပ်ငန်းများကို အသုံး ပြုခဲ့ရကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျာနင်က တယ်လီဂရမ်ပေါ်မှာပင် ပြောကြားပြီး အသေးစိတ်တော့ မပြောပေ။
ယင်းမတိုင်မီ သီတင်းပတ်ကုန်ရက်များတွင် ယူကရိန်းက မော်စကိုမြို့အား ဒရုန်းအမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရုရှားကလည်း ယူကရိန်းမြို့ကြီးများဖြစ်သော အိုဒက်ဆာ နှင့် ဒီနီပရို တို့ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာတွင် လူနေတိုက်ခန်းတွဲများ ပျက်စီးခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ညနေက ဖြစ်ပေါ်ခဲ့သော ယူကရိန်းတိုက်ခိုက်မှုများအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနယ်စပ်အနီးရှိ ရုရှားကာ့ချ်ဒေသ စစ်ဆင်ရေးဌာနချုပ်က တယ်လီဂရမ်ပေါ်တွင် ပြောကြားသည်။
ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့ဗ် နှင့် မော်စကို အနောက်မြောက်ဖက်ရှိ ယာရိုစလယ်ဒေသတို့တွင်လည်း ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက တယ်လီဂရမ်တွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◾️မူလတန်းကြိုကျောင်းများ ဗုဒ္ဓဟူးတစ်ရက် Work from home ဆောင်ရွက်ရမည်

‎၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ အထူးပညာရေးကျောင်းများနှင့် ဌာနပိုင်မူလတန်းကြိုကျောင်းများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တစ်ရက်အား Work from home ဆောင်ရွက်ရန် အသိပေးအကြောင်းကြားစာများပေးပို့ထားသည်။

‎လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အဆိုပါအကြောင်းကြားစာတွင် ဌာနပိုင်မူလတန်းကြိုကျောင်းများအနေဖြင့် ဧပြီလအတွင်း ကလေးများအားကျောင်းပိတ်၍ စာသင်ခန်းများပြင်ဆင်ခြင်း၊ သင်ထောက်ကူပစ္စည်းများပြင်ဆင်ခြင်းနှင့် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကိုပြုလုပ်ဆောင်ရွက်ရန်နှင့် ယခုမေ ၄ ရက်မှစတင်ကာ အပတ်စဉ်ဗုဒ္ဓဟူးနေ့အား Work from home ဆောင်ရွက်ရန် ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။

‎"လက်ရှိညီမက ကလေးကိုပုဂ္ဂလိကမူလတန်းကြိုကျောင်းတစ်ခုမှာထားတယ်။ လစာကတစ်လကို ကျပ် ၈၀၀၀၀ ပေးရတယ်။ အခုကျောင်းကညွှန်ကြားချက်အရဆိုပြီး ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ သုံးရက်ပိတ်တာဖြစ်သွားတော့မိဘတွေက တစ်ရက်ပိုထိန်းရတာပေါ့။ အလုပ်ရှိတဲ့ရက်ဆိုကလေးကို အလုပ်ခေါ်သွားရတယ်။ Work from home ဆိုပြီးမတက်ရတဲ့ဗုဒ္ဓဟူးနေ့ကို အစားပြန်မသင်ပေးဘူး။ ကလေးတွေကငယ်သေးတော့ ကွန်ပျူတာရှေ့စာမသင်နိုင်ဘူး။ ကျောင်းလစာကတော့အပြည့်ပေးရတယ်" ဟု ရန်ကုန်မြို့မှ ကျောင်းသားမိဘတစ်ဦးကပြောသည်။

‎အဆိုပါ မူလတန်းကြိုကျောင်းများ မည်သည့်အတွက်ကြောင့် Work from home ဆောင်ရွက်ရမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ပြီးခဲ့သည့်မတ်လအတွင်းကမူ စက်သုံးဆီချွေတာရန်အတွက်ဟုဆိုကာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ မတ် ၂၅ ရက်မှစတင်ကာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းနေအိမ်မှ work from home လုပ်ရန် နိုင်ငံပိုင်မီဒီယာထုတ်ပြန်ကြေညာခဲ့ရာ ယင်း၏ သက်ရောက်မှုဖြစ်နိုင်ကြောင်းလည်း ကျောင်းသားမိဘများက သုံးသပ်ကြသည်။

‎ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင်လည်း ကိုယ်ထူကိုယ်ထမူလတန်းကြိုကျောင်းတစ်ခုက ကျောင်းသားမိဘများကိုခေါ်ယူတွေ့ဆုံ၍ အဆိုပါအကြောင်းကြားစာနှင့်ပတ်သက်ပြီး ရှင်းလင်းပြောပြခြင်းများရှိကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။

‎ယခုနှစ်ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၌ ကျောင်းအပ်နှံရာတွင် ကျောင်းအခြေနေပေါ်မှုတည်ပြီး ကလေးတစ်ဦး၏အနိမ့်ဆုံးကျောင်းလခမှာ ကျပ်ရှစ်သောင်းထိပေးရကြောင်း၊ အခြားကျောင်းဝင်ကြေး၊ စာရွက်စာတမ်းကြေးများနှင့် ယူနီဖောင်းကြေးများပါဝင်ပါက ကျပ်နှစ်သိန်းကျော်အထိကျသင့်ကြောင်း ယခုနှစ်တွင်ကျောင်းအပ်ခနှုန်းထားများ သိသိသာသာမြင့်တက်လာကြောင်း ကျောင်းသားမိဘများထံမှသိရသည်။

‎ထို့ပြင်စက်သုံးဆီရရှိမှုအခက်အခဲနှင့် စုံ/မခွဲခြားထားသည့်အတွက်ကြောင့် လာမည့်ကျောင်းဖွင့်ရာသီအတွက် ကျောင်းဖယ်ရီခများမှာ နှစ်ဆမြင့်တက်သွားကြောင်း ကျောင်းသားမိဘများကပြောသည်။

‎သတင်း - ပိုင်လေး
‎ဓာတ်ပုံ-MOI (ပုံဟောင်း)
#ပြည်တွင်းသတင်း‌‎
အိမ်ဖြူတော်တွင် ကျင်းပမည့် UFC အထူးပွဲသို့ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှူအာဗန် ဖိတ်ကြား ခံရ
အမေရိကန် ပြည်ထောင်စုဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ကျင်းပမည့် UFC အထူးပွဲကြီးသို့မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFCဖလိုင်း ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဂျိုရှူအာဗန် ဖိတ်ကြားခံထားရကြောင်း သိရသည်။
‘UFC Freedom 250’ ဟု အမည်ပေးထားသည့် အဆိုပါပြိုင်ပွဲကို အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း နှစ်(၂၅၀)ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပမည် ဖြစ်ပြီး ဂျိုရှူအာဗန် အပါအဝင် UFC ၏ ကမ္ဘာ့ထိပ်သီးချန်ပီယံများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ် ဂျိုရှူအာဗန်သည် ပြီးခဲ့သည့် မေ ၁၀ ရက်ကဂျပန်ဖိုက်တာ Tatsuro Taira ကို အနိုင်ယူကာ ချန်ပီယံခါးပတ်အား အောင်မြင်စွာကာကွယ်နိုင်ခဲ့ပြီး လက်ရှိတွင် UFC ၏ ထိပ်သီးကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။
အဆိုပါ UFC အထူးပွဲကြီးကို လာမည့် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-ဝတ်ရည်
ဓာတ်ပုံ-UFC
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
မိသားစုဝင်ငွေတိုးရေး စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ကျေးလက်ဒေသတွင် ဆက်လက်ဖော်ဆောင်မည်
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင် နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၂၁၄ ရွာ၌ ‘ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း’ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှသိရသည်။
အဆိုပါ စီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အသေး စားကုန်ထုတ်လုပ်ငန်းများကိုကိုယ်တိုင်ဦးစီး လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများတွင် အထည်ချုပ်နှင့် စက်ချုပ်သင်တန်းများ၊ ဒေသထွက်ကုန်အ ခြေခံစားသောက်ကုန်ထုတ်လုပ်မှုသင်တန်းများနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများ၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှုသင်တန်းများ၊တစ်လုံးထိုးအင်ဂျင် ပြုပြင်မှုသင်တန်းများနှင့် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ သင်တန်းများ ပါဝင်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၁ရွာ၌ စတင်စမ်းသပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ သုံးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၅၀၀ ကျော်၌ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း အသေးစားစက်မှု၊ လက်မှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
သတင်း-သံစဉ်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အီရန်အား စစ်ရေးအရ ပြန်လည်တိုက်ခိုက်မည့်အစီအစဉ် ရပ်ဆိုင်းထားကြောင်း ဒေါ်နယ်ထရန့် ပြောကြား
အီရန်စစ်ပွဲကို အဆုံးသတ်ပေးမည့် သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် စေ့စပ်ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အီရန်နိုင်ငံအား တိုက်ခိုက်မည့် အစီအစဉ်ကို ရပ်ဆိုင်းပေးထား ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေး အဆိုပြုချက်သစ်ကို အီရန်နိုင်ငံက ပေးပို့ခဲ့ပြီးနောက် အီရန်အား တိုက်ခိုက်မည့်အစီအစဉ်ကို ရပ်ဆိုင်းပေးထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မေ ၁၉ ရက်တွင် အီရန်နိုင်ငံကိုစစ်ရေးအရ ပြန်လည် တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်၏အဆိုအရ သိရသည်။
အီရန်နိုင်ငံက ငြိမ်းချမ်းရေးအဆိုပြုချက်သစ် ပေးပို့ထားပြီးနောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အီရန်နိုင်ငံအား တိုက်ခိုက်မည့်အစီအစဉ် ရပ်တန့်ထားရန် အမေရိကန် စစ်ဘက်ကို မိမိညွှန်ကြားထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာ ပေါ်တွင်ရေးသားထားသည်။
သို့ရာတွင် လက်ခံနိုင်လောက်သော သဘောတူညီချက်မျိုး မရခဲ့ပါကအီရန်နိုင်ငံကို အပြည့်အဝ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်ထားရန် အမေရိကန်စစ်ဘက်ကို သမ္မတဒေါ်နယ်ထရန့်က ဆက်လက်ညွှန်ကြားထားကြောင်း သိရသည်။
အီရန်စစ်ပွဲကို အဆုံးသတ်ရေးအတွက် အီရန်၏ သဘောထားများကိုပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်အစိုးရထံ ပေးပို့ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ကျူးဘားကို စစ်ရေးအရ မတိုက်ရန်သမ္မတ ဒီအက်ဇ်ကာနယ် သတိပေး
ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါက ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ခန့်မှန်းတွက်ချက်၍ မရနိုင်သော အကျိုးဆက် များ ပေါ်ထွက်လာနိုင်ကြောင်း ကျူးဘားသမ္မတ မီဂွဲလ်ဒီအက်ဇ်ကာနယ်က မေ ၁၈ ရက်တွင် သတိပေးလိုက်သည်။
ကျူးဘားနိုင်ငံအနေဖြင့် စစ်သုံးမောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်ဝယ်ယူထားပြီး ယင်းလေယာဉ်များဖြင့် ဂွာတာနာမိုပင်လယ်အော်ရှိ အမေရိကန်ရေတပ်စခန်းနှင့် စစ်သင်္ဘောများကို တိုက်ခိုက်ရေးအတွက် အကြံအစည်ရှိကြောင်း အမေရိကန်မီဒီယာများက သတင်းများ ထုတ်ပြန်ခဲ့ပြီးနောက် ကျူးဘားသမ္မတ၏ အထက်ပါသတိပေး ချက်ပေါ်ထွက် လာ ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အထက်ပါသတင်းများဖြင့် ကျူးဘားနိုင်ငံကို စစ်ရေးအရ ကြားဝင်စွက်ဖက်ရန် အကြောင်းရှာနေကြောင်း ကျူးဘားသမ္မတ ဒီအက်ဇ်ကာနယ်က ဝေဖန်ထားသည်။
ကျူးဘားခေါင်းဆောင်ဟောင်း ရောလ်ကက်စထရိုကို တရားစွဲဆိုရန်စီစဉ်ထားကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျူးဘားနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ရသည်။
၁၉၉၆ ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသော လေယာဉ်နှစ်စင်းအား ကျူးဘားလေတပ်ကပစ်ချမှု ဖြင့် ရောလ်ကက်စထရိုကို တရားစွဲဆိုရန် အမေရိကန်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဒဗလျူအိတ်ခ်ျအို ညီလာခံအတွက် တရုတ်(တိုင်ပေ)အား ဖိတ်ကြားရေးအဆိုပြုချက် ပယ်ချခံရ
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) နှစ်စဉ်ညီလာခံအတွက် တရုတ်(တိုင်ပေ)အားဖိတ်ကြားရေး အဆိုပြုချက်ကို ဒဗလျူအိတ်ခ်ျအို အဖွဲ့ဝင်နိုင်ငံများက ပယ်ချခဲ့ကြကြောင်း မေ ၁၈ရက် သတင်းများတွင် ရေးသားတင် ပြထားသည်။
ဒဗလျူအိတ်ခ်ျအို နှစ်စဉ်ညီလာခံ၌ တရုတ်(တိုင်ပေ) ပါဝင်တက်ရောက်မှုကို လက်ခံမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ဒဗလျူအိတ်ခ်ျအိုအဖွဲ့ဝင်နိုင်ငံများက တရုတ်(တိုင်ပေ)အား ဖိတ်ကြားရေးအဆိုပြုချက်ကို ပယ်ချခဲ့ကြရခြင်းဖြစ်သည်။
ဒဗလျူအိတ်ခ်ျအိုညီလာခံမှ တရုတ်(တိုင်ပေ)ကို ဖယ်ထုတ်ထားမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါထောက်လှမ်းရေးနှင့် သတင်းအချက်အလက်မျှဝေရေးလုပ်ငန်းစဉ်များ အားနည်းထိခိုက် သွားနိုင်ကြောင်း အဆိုပြုချက်ကိုထောက်ခံသည့်နိုင်ငံများက ထောက်ပြထားသည်။
တရုတ်(တိုင်ပေ)ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားပြီး တာဝန်သိသော မိတ်ဖက်များကို ဒဗလျူ အိတ်ခ်ျအိုညီလာခံမှ ဖယ်ထုတ်ထားခြင်းကြောင့် နိုင်ငံတကာ ကျန်းမာရေးစီမံခန့်ခွဲမှုလုပ်ငန်း စဉ်၌ ဟာကွက်များရှိလာကြောင်း အဆိုပြုချက်ထောက်ခံသည့်နိုင်ငံများက ပြောကြား ထားသည်။
တရုတ်(တိုင်ပေ)ကို ပြည်မကြီး၏ အချုပ်အခြာပိုင်နယ်မြေအဖြစ် မှတ်ယူထားသော တရုတ် နိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၌ တရုတ်(တိုင်ပေ)ပါဝင်ခွင့်ကို ဆန့်ကျင်ထားသည်။
တရုတ်(တိုင်ပေ)သည် သမ္မတဟောင်းမာရင်ရွှေလက်ထက် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြားတွင် ဒဗလျူအိတ်ခ်ျအိုညီလာခံများ၌ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
1