RFA Burmese
34.2K subscribers
2.33K photos
2.33K videos
1 file
5.01K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
နမ့်ပန်ယွန်းချောင်းက ဘော်ကျောက် ကောက်ကြသူများ
~~~
■ နမ္မတူမြို့နယ်ထဲက ကမ္ဘာကျော် ဘော်တွင်းသတ္တုမိုင်းအနီး နမ့်ပန်ယွန်းချောင်းမှာ အခုလို နွေရာသီ ရေခန်းခြောက်တဲ့အချိန် ဘော်ကျောက် ကောက်တဲ့သူတွေနဲ့ စည်ကားလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ ဘော်ကျောက် တစ်ပိဿာကို ကျပ်တစ်ထောင့်ငါးရာ ရတာကြောင့် အလုပ်အကိုင်ရှားပါးတဲ့ ဒေသခံတွေ တစ်ပိုင်တစ်နိုင် ဘော်ကျောက် ကောက်တဲ့အလုပ်ကို ပိုလုပ်ကိုင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဘော်ကျောက်တွေကို တရုတ်နိုင်ငံဘက်ပို့ပြီး ပြန်သန့်စင်တဲ့အခါ ခဲနဲ့ ငွေသတ္တုတွေ ရပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးအပြီး နမ္မတူဘော်တွင်းဒေသကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သတ္တုကုမ္ပဏီတွေ မလည်ပတ်နိုင်သေးလို့ အလုပ်သမား မိသားစုဝင်တွေပါ ဘော်ကျောက်ကောက်တဲ့ အလုပ်ကို လုပ်ကိုင်လာကြတာပါ။

၁၄၁၂ ခုနှစ်ကတည်းက တရုတ်လူမျိုးတွေ ဒီဘော်တွင်းဒေသကို အခြေချခဲ့ပြီး ရွှေနဲ့ ခဲသတ္တုတွေကို တူးဖော်ခဲ့ရာ ကနေ ကျန်နေတဲ့ ဘော်ကျောက်တွေ နမ့်ပန်ယွန်းချောင်းဘေးကို စွန့်ပစ်ခဲ့ကြတာလို့ ဝါရင့် ဘော်တွင်း လုပ်သားကြီးတွေက ပြောပါတယ်။
_________
Photo: RFA
Media is too big
VIEW IN TELEGRAM
NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ အကျဉ်းထောင်အခွင့်အရေး ချိုးဖောက်ခံနေရ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းနှစ်ခု AA သိမ်းပိုက်
~~~
■ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေယုတောင်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မေလ ၁ ရက် မနေ့က အပြီးသိမ်းပိုက်လိုက်တယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင် - မောင်တော ကားလမ်း ၇ မိုင်တံတားအနီးက အင်အား လေးဆယ်ခန့်ရှိတဲ့ MRTV တာဝါတိုင် ကင်းစခန်းနဲ့ ၆ မိုင်တံတားအနီးက အင်အား ခြောက်ဆယ်ဝန်းကျင်ရှိတဲ့ စေတီကုန်းကင်းစခန်းကို သိမ်းပိုက် လိုက်တာလို့ ဒီအခြေအနေကို သိရှိထားတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟုတ်ပါတယ်။ အဲဒီစခန်းနှစ်ခုကို သိမ်းဖို့ ကြိုးစားနေတာ ကြာပြီ။ နှစ်ပတ်၊ သုံးပတ်လောက်ရှိနေပြီ။ မနေ့က မှရတယ်”

စေတီကုန်းကင်းစခန်းကို သိမ်းရာမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) က တရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

၆ မိုင် စေတီကုန်းစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ပထမအကြိမ် သိမ်းပိုက်ဖို့ကြိုးစားခဲ့ရာမှာ စစ်ကောင်စီ တပ်က အင်အား သုံးရာခန့်နဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် ရက္ခိုင့်တပ်တော် (AA) က ဆုတ်ခွာပေးခဲ့ရပြီး မနေ့ ကမှ အပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ AA အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဘူးသီးတောင် - မောင်တော ကားလမ်းပေါ်မှာရှိတဲ့ အဲဒီစခန်းနှစ်ခုဟာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ လမ်းကြောင်းအတွက် အရေးပါတဲ့ စခန်းတွဖြစ်တာကြောင့် စစ်ကောင်စီတပ်က မောင်တောမြို့အနီးမှာရှိတဲ့ မြို့သူကြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅)က လက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ပါ ခုခံကာကွယ်ခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်ကြိမ် ဧပြီလ ၁၅ ရက်နေ့လောက်က အဲဒီ ၆ မိုင်စေတီကုန်းကို သိမ်းလိုက်တယ်။ အဲဒါကို စစ်ကောင်စီတပ်က အင်အားအများနဲ့ ပြန်ထိုးစစ်ဆင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘူးသီးတောင်ဘက်ကို လက်နက်တွေ သယ်ရင်းလမ်းကြောင်းရှင်းပြီး ထိုးစစ်ဆင်တာ”

မေလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ကျီးကန်းပြင်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့သလို ဘူးသီးတောင်မြို့နယ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅) ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ဆီဆိုင်မြို့နယ်က သဘက်ချောင်း သစ်သားတံတား ဖျက်ဆီးခံရ
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်စကားကျေးရွာနဲ့ ရွှေတဂူဘုရားအနီးက သဘက်ချောင်း သစ်သားတံတားကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မေလ ၁ ရက် မနေ့ မနက်ပိုင်းက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချပြီး ဖျက်ဆီးလိုက်တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)က မေလ ၂ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံကတော့ တံတားကိုလာရောက်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ချိန်မှာ အလောင်းနှစ်လောင်းနဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

“သူတို့က တံတားကိုလာပြီး ဖျက်ဆီးတာပေါ့နော်။ ဒရုန်းနဲ့ ဗုံးချတယ်။ ကျွန်တော်တို့ သွားပြီးရှင်းတော့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီနဲ့ PNO ဘက်က သေတာ ရှစ်ဦးရှိတယ်။ အလောင်းနှစ်လောင်းနဲ့ လက်နက်အချို့ ကျန်ခဲ့တယ်”

အဲဒီဗုံးကြောင့် တံတားအနီးမှာရှိတဲ့ ရွှေတဂူဘုရားစေတီတွေလည်း ပျက်စီးခဲ့ရသလို သဘက်ချောင်း ကျေးရွာဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
______
Photo: PNLA
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်
~~~
■ မြန်မာနိုင်ငံကနေ အမျိုးသားတွေကို ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်မယ့်လုပ်ငန်းမှန်သမျှ မေလ ၁ ရက် မနေ့ကစလို့ ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက RFA ကို ဒီနေ့ညနေက အတည်ပြုပြောပါတယ်။

ဘယ်လိုအမျိုးသားကိုမှ ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်ဖို့ ခွင့်ပြုပေးသွားမှာ မဟုတ်တော့ဘူးလို့လည်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

“ဧပြီလကုန်အထိ နားလည်မှု စာချွန်လွှာ (MOU) နဲ့ တင်ထားတဲ့ ယောက်ျားလေး စာရင်းတွေကတော့ မပါဘူး။ အရေအတွက်နည်းတဲ့ နှစ်ဖက်အစိုးရအချင်းချင်း အစိုးရ အလုပ်အကိုင် အေဂျင်စီတွေကနေတစ်ဆင့် သွားကြမယ့် အလုပ်သမားတွေလည်း မပါဘူး။ မေ ၁ ရက်နေ့ကစပြီး တင်လာတဲ့ စာရင်းတွေထဲကပဲ ရွှေ့ပြောင်းလုပ်သားအဖြစ် အမျိုးသမီးစာရင်းကိုစေလွှတ်ဖို့ ခွင့်ပြုပေးသွားမယ်။ အမျိုးသားစာရင်းကို ဆိုင်းငံ့ကာလအတွင်း လိုအပ်ချက်အရ ရပ်ဆိုင်းထားသွားမှာပါ”

ဘာကြောင့် ရပ်ဆိုင်းတယ်၊ ဘယ်အချိန်အထိ ရပ်ဆိုင်းမယ်ဆိုတာကို တိတိကျကျပြောဆိုတာမရှိဘဲ လိုအပ်ချက်အရ ယာယီရပ်ဆိုင်းတာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ပြည်ပ အလုပ်အကိုင် အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် အမျိုးသားတွေ ပြည်ပထွက်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားလာကြတာတွေကြောင့် စစ်ကောင်စီက ကန့်သတ်တာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီက လူငယ်အမျိုးသားတွေကိုလိုချင်လို့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းလိုက်တာလေ။ အဲဒီဥပဒေ အသက်သွင်းလိုက်တဲ့နေ့ကစပြီး အမျိုးသားတွေက အပေါ်လမ်းကတစ်မျိုး၊ အောက်လမ်းကတစ်မျိုး ရတဲ့နည်းတွေနဲ့ ရသလိုထွက်နေကြလို့ အခုစစ်ကောင်စီက ကန့်သတ်လိုက်တာ ဖြစ်နိုင်ပါတယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မေလ (၁) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့ထားတဲ့ သဝဏ်လွှာထဲမှာတော့ အလုပ်သမားတွေအားလုံးဟာ နိုင်ငံအတွက် မရှိမဖြစ်အရေးပါတဲ့ အဓိက အင်အားစုဖြစ်တာကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
________

RFA Burmese Website တွင် ဖတ်ရှုရန်…
မြစ်ကြီးနားအကျဉ်းထောင်တွင်းပစ်ခတ်မှု ဝန်ထမ်း ၁၉ ဦးကို အရေးယူ
~~~
■ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုကို လူသေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ထောင်ပိုင်ကြီး အပါအဝင် အကျဉ်းထောင် အရာရှိ ၁၉ ဦးကို အရေးယူဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးကို ဒီနေ့ စွဲတင်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကစပြီး သုံးပွင့်အဆင့်ရှိ ထောင်ပိုင်လေး (ဦးစီးအရာရှိ) ဦးကျော်မင်းဦးနဲ့ ထောင်ဆေးရုံ ဆရာဝန် ဦးထွန်းထွန်းအောင်တို့ အပါအဝင် အကျဉ်းထောင်ဝန်ထမ်းရှစ်ဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စတင်စစ်ဆေးခဲ့ပြီးနောက် ထောင်ပိုင်ကြီး (လက်ထောက်ညွန်ကြားရေးမှူး) ဦးကျော်ညွန့်စိန်နဲ့ အခြားဝန်ထမ်းတွေကိုလည်း ပြန်လည်ခေါ်ယူစစ်ဆေးခဲ့တာလို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

“အခုက ထောင်ပိုင်ကြီးတွေ အမှုဖွင့်နိုင်ဖို့ ရုံးတင်လိုက်တဲ့သဘောပေါ့။ ဆိုလိုတာက စုံခုံဖွဲ့စည်းပြီးစစ်တယ်။ အဲဒီစစ်ချက်နဲ့ ရဲလက်အပ်တယ်။ ရဲလက်အပ်ပြီးဆိုတော့ ဘယ်သူက တရားလိုလုပ်မလဲပေါ့။ အခုက အကျဉ်းဦးစီးထဲကပဲ အသစ်ပြောင်းလာတဲ့ ထောင်ပိုင်လေးကနေပြီး တရားလိုလုပ် အမှုဖွင့်ပြီး အခု တရားရုံးကိုသွားနေပြီ။ ဝန်ထမ်းအားလုံး ၁၉ ယောက် ဟုတ်တယ်”

ဒီနေ့မှ တရားရုံးကို သွားနေတာဖြစ်တဲ့အတွက် ပုဒ်မတွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်အမိန့်က မျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြကြစဉ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ သေဆုံးသူ ငါးဦးနဲ့ ဒဏ်ရာရသူ ခုနစ်ဦး ရှိခဲ့တာပါ။

အခု ဝန်ထမ်းတွေကို အရေးယူတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနဦးစီးမှူးရုံးနဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနားအကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။
_________

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။
(Photo: Citizen Journalist)

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
မိုင်းအန္တရာယ် အထူးဂရုစိုက်ဖို့ ကရင်နီအုပ်ချုပ်ရေးကောင်စီ သတိပေး
~~~
■ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ (ကရင်နီ) ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကို အထူးဂရုစိုက် ရှောင်ရှားကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒေသခံပြည်သူတွေကို သတိပေးလိုက်ပါတယ်။ သတင်းအပြည့်အစုံကို မထက်ထက်အိန္ဒြာအောင်က ဆက်ပြောပြမှာပါ။
____________

RFA Burmese Website တွင် ဖတ်ရှုရန်…
ဖားကန့်မှာ ရေမဆေးသမားတစ်ဦး မြေစာပိ သေဆုံး
~~~
■ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်ခါရွာမှာ မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းက ကျောက်စိမ်း လုပ်ကွက်ဟောင်း တစ်ခုမှာ ရေမဆေးသမားတစ်ဦး မြေစာပိပြီး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်ဟောင်းက မြေစာပုံအောက်မှာ ရေမဆေးသမား တွေ ကျောက်ရှာနေချိန် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးပေါ်ကို မြေစာပိကျလာပြီး သေဆုံးခဲ့တာလို့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျင်းထဲမှာ ဘက်ဟိုး (မြေတူးစက်)နဲ့ ကုပ်ပြီး ကားထဲကို ထည့်နေတဲ့ချိန် သူက ကားနောက်ဘေးမှာ ဝင်ခေါက် တာ ကျောက်ရှာတာပေါ့။ ဘက်ဟိုး (မြေတူးစက်) က လှည့်သွားတဲ့အချိန် အပေါ်က မြေစာက သူ့အပေါ် ပဲ့ကျလာတာပေါ့”

မြေစာပုံ တစ်ခုလုံး ပြိုကျတာ မဟုတ်ဘဲ မြေစာအနည်းငယ် ပဲ့ကျကာ ခေါင်းကို ထိိမှန် သေဆုံးခဲ့တာဖြစ်ပြီး တခြား ထိခိုက် ဒဏ်ရာရတဲ့သူ မရှိဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း ဖားကန့်မြို့ မနရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ နွံကန်ပြိုကျခဲ့ပြီး လူပေါင်း ၁၇ ဦး သေဆုံးခဲ့ပါတယ်။
_________
Media is too big
VIEW IN TELEGRAM
ကယားပြည်(ကရင်နီပြည်နယ်)မှာ မိုင်းအန္တရာယ်ရှိတဲ့ နေရာပေါင်း နှစ်ရာကျော်ရှိ
မန္တလေးက မိုးခေါ် လွန်ဆွဲပွဲ
~~~
■ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်ကွက်က ဒေသခံတွေ မိုးမျှော် မိုးခေါ် လွန်ဆွဲပွဲကို မေလ ၂ ရက် ဒီနေ့မှာ ပြုလုပ်နေကြတာပါ။

အပူဒဏ်ကြောင့် လူသေဆုံးမှုတွေ အဖြစ်များလာပြီးနောက် အပူဒဏ်လျော့နည်းစေရေးအတွက် မြို့ပေါ် ရပ်ကွက်တချို့မှာ ရိုးရာဓလေ့အရ ပြုလုပ်ကြတဲ့ မိုးခေါ် မိုးမျှော် လွန်ဆွဲပွဲတွေကို ဧပြီလကုန်ပိုင်းကစလို့ ကျင်းပလာကြတာ ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကတော့ မန္တလေးမြို့မှာ မိုးသက်လေပြင်းတိုက်ခတ်တာနဲ့ မိုးအနည်းငယ်ရွာသွန်းမှုကြောင့် အပူချိန်အနည်းငယ် လျော့ကျခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့အထိ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ မန္တလေးမြို့ ပါဝင်ခဲ့ပြီး အပူချိန် ၄၄.၅ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။
_________
Photo: RFA