RFA Burmese
41.5K subscribers
2.54K photos
2.58K videos
1 file
5.56K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို ဆန့်ကျင်လို့ ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော် ရှိလာ
~~~
■ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေနဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံ တစ်ထောင်ကျော်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်း ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မယဉ်မျိုးသူ တင်ပြထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ပုဏ္ဏားကျွန်းမှာ ဝမ်းပျက်ဝမ်းလျှောမှုကြောင့် သုံးဦးသေဆုံး၊ လူတစ်ရာခန့် အရေးပေါ် ဆေးကုသရန်လိုအပ်နေ
~~~
■ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်သုံးဦး သေဆုံးခဲ့သလို ရောဂါကူးစက်ခံထားရတဲ့ နောက်ထပ်ဒုက္ခသည် တစ်ရာခန့်လည်း အရေးပေါ်ဆေးကုသဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက မေလ ၂ ရက်နေ့မှာ ပြောပါတယ်။

သောက်သုံးရေမသန့်ရာကနေ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးတွေပြတ်လပ်နေသလို ဆေးကုသဖို့အတွက်လည်း ငွေကြေးအခက်အခဲဖြစ်နေတာလို့ အထက်မြတ်လှဲဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

“အခု ဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ တစ်ရာကျော်လောက်ရှိတယ်။ ကလေးတွေရော၊ လူကြီးတွေရော အားလုံးဖြစ်နေကြတာပဲ။ သေသွားတာက သုံးယောက်ရှိပြီ။ အရေးပေါ်ဆေးကုသဖို့လို အပ်နေပါတယ်။ အခုရက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ အဓိကတော့ ရေကြောင့်ပဲ။ ပြီးရင် ဆေးကုဖို့ ပိုက်ဆံမရှိဘူး။ ဆေးတွေလည်းမရှိဘူး။ အတော်အခက်အခဲဖြစ်နေကြပါတယ်”

ဧပြီလကစလို့ ရာသီဥတုပူပြင်းမှုနဲ့အတူ သောက်သုံးရေပြတ်လပ်ခဲ့တာကြောင့် မသန့်ရှင်းတဲ့ရေတွေကို ဒုက္ခသည်တွေ သောက်သုံးခဲ့ရတာလို့ သူက ဆိုပါတယ်။

မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး လူဦးရေ ခုနစ်ရာကျော် နေထိုင်ပါတယ်။

ရောဂါဖြစ်ပွားမှုတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရတော့တာကြောင့် စားနပ်ရိက္ခာအတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒီဒုက္ခသည်စခန်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းက ရွာတချို့မှာလည်း သောက်သုံးရေကန်တွေ ခန်းခြောက်နေလို့ သောက်ရေပြတ်လပ်နေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားရောဂါဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒုက္ခသည်တွေတိုးလာသလို ပြည်နယ်အဝင်အထွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးလည်း ပိတ်ဆို့ခံထားရပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာဒုက္ခသည် ပထမသုတ် အိန္ဒိယပြန်ပို့
~~~
■ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် အနည်းဆုံး ၃၈ ယောက်ကို မေလ ၂ ရက်နေ့က ပထမအသုတ်အဖြစ် မဏိပူရ်ပြည်နယ်ကနေ နေရပ်ပြန်ပို့လိုက်ပြီလို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောလိုက်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ပြန်ပို့ရေး သီတင်းပတ်နဲ့ချီ နှောင့်နှေးခဲ့ရတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေကို အဆင့်အတန်းမခွဲခြားဘဲ ပြန်ပို့တာဖြစ်ပြီး တရားမဝင်ရောက်လာသူတွေကို ပြည်နယ်အစိုးရက ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့အရပ်သားတွေနဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယကို ဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတာတွေဟာ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ရတာကြောင့် နယ်စပ်စည်းရိုးကာဖို့နဲ့ ဗီဇာမလိုဘဲ နှစ်နိုင်ငံ ကူးလူးသွားလာခွင့်ပိတ်ပင်ဖို့ ကြေညာခဲ့ပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...
အာဏာရှင်စနစ်ကြား သတင်းပညာအရေးကြီးကြောင်း RFA ဥက္ကဋ္ဌ ပြော
~~~
■ ကမ္ဘာမှာ အာဏာရှင်စနစ်ကြီးထွားနေချိန်အတွင်း သတင်းပညာရပ်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို ကာကွယ်ပေးဖို့ အရေးကြီးကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA) ဥက္ကဋ္ဌ Ms. Bay Fang က ပြောလိုက်ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ဗီဒီယိုကနေတစ်ဆင့် အမှာစကား ပြောတာဖြစ်ပြီး ထောင်ထဲမှာ အကျဉ်းကျနေတဲ့ သတင်းသမားတွေအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA မြန်မာဌာနက ဗီဒီယိုမှတ်တမ်းရိုက်ကူးသူ သတင်းစာဆရာမ ရှင်ဒေဝီ၊ RFA ဗီယက်နမ်ဌာန ဘလော့ဂါတစ်ဦးနဲ့ RFA ရဲ့ မောင်နှမသတင်းဌာနဖြစ်တဲ့ Radio Free Europe/Radio Liberty က သတင်းသမားတစ်ဦး ရုရှားမှာ ရက်ပေါင်း၂ဝဝ အကျဉ်းကျခဲ့တာတွေကို Ms. Bay Fang က ထည့်သွင်းပြောကြားတာပါ။

သတင်းစာဆရာမ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားပါတယ်။

သူရိုက်ကူးတဲ့ "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဗီဒီယိုဆောင်းပါးကို အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုအဖြစ် အမေရိကန်အခြေစိုက် အမျိုးသမီးမီဒီယာသမားများ ညွန့်ပေါင်းဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ဂရေစီဆု ချီးမြှင့်ခဲ့ပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ....
Media is too big
VIEW IN TELEGRAM
မန္တလေးမြို့က မိုးခေါ် လွန်ဆွဲပွဲ
Media is too big
VIEW IN TELEGRAM
ကော့ကရိတ်မြို့ခံတွေကို လူသားဒိုင်းလုပ်ဖို့ နေရပ်ပြန်ခိုင်းနေကြောင်း ပူးပေါင်းတပ်တွေစွပ်စွဲ
~~~
■ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း အိမ်တွေ မီးလောင်ပြီး တချို့အိမ်တွေလည်း ဖောက်ထွင်းခံထားရတဲ့အကြောင်း ကိုရဲစည်သူကာက တင်ပြထားပါတယ်။


RFA Burmese Website တွင် ဖတ်ရှုရန် ...
Media is too big
VIEW IN TELEGRAM
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းလောကစိန်ခေါ်မှုများ
~~~
■ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ သတင်းမီဒီယာလွတ်လပ်ခွင့်က အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေတဲ့ကြားမှာ ပြည်သူတွေ သတင်းမှန်သိဖို့ မီဒီယာသမားတွေ ကြိုးစားကြတဲ့အကြောင်း မစန်းမော်အ‌ောင် တင်ပြထားပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ....
Media is too big
VIEW IN TELEGRAM
“ဒီတစ်ပတ်မှာပြောချင်စရာ”
“မဲဆောက်ရောက် မြန်မာတွေကို ကူညီနေတဲ့အဖွဲ့”

~~~
■ RFA ရဲ့ “ဒီတစ်ပတ်မှာပြောချင်စရာ” Podcast အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကိုရောက်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာနိုင်ငံသားတွေကို နေစရာ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ ဘာသာစကားတွေ သင်ကြားပေးနေတဲ့ New Myanmar Foundation ရဲ့ တာဝန်ခံ ဒေါက်တာစန်းအောင်ပြောပြတဲ့ အကူညီပေးရေးအစီအစဉ်တွေ အကြောင်းကို ကြားရပါမယ်။
Media is too big
VIEW IN TELEGRAM
မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ
~~~
■ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ နယ်စပ်ဒေသ အတော်များများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ မဟာမိတ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးက မြို့နယ် ၅၄ ခုကို စစ်ကောင်စီက လက်လွှတ်ခဲ့ရပါတယ်။ သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့ပြိုကွဲမှုအပြီး ဖယ်ဒရယ်ပြည်ထောင်စု ကို ဆက်သွားနိုင်ဖို့ကတော့ စိန်ခေါ်မှုတွေရှိနေဆဲပဲလို့ နိုင်ငံရေးသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။ ဒီအကြောင်း မခက်မာ တင်ပြထားပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...
Media is too big
VIEW IN TELEGRAM
RFA ပေးစာ ပြန်စာ
~~~
■ ဒီတစ်ပတ် RFA ပေးစာ ပြန်စာ အစီအစဉ်မှာ .... ရန်ကုန်မှာ အလုပ်သမား အေးဂျင့်က ဖိနှိပ်အနိုင်ကျင့်နေတဲ့အကြောင်း ​ပြောပြလာတဲ့စာ၊ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ငွေညှစ်နေတဲ့အကြောင်း ပေးပို့လာတဲ့စာအပါအဝင် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က ပေးပို့လာတဲ့စာတွေကို မဂျူလိုင်မျိုး ကောက်နုတ်တင်ပြထားပါတယ်။
ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တစ်လအတွင်း အရပ်သား ၁၈ ဦး သေဆုံး
~~~
■ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း အရပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရလို့ သေဆုံးရသူ ၁၇ ဦးရှိပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရသူက တစ်ဦး ရှိခဲ့ပါတယ်။

၂၀၂၄ နိုဝင်ဘာလ မှာ စတင်တဲ့ တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးအပြီးမှာ ကယားပြည်နယ်အတွင်း စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ပိုပြီးပစ်မှတ်ထားလာနေလို့ သေဆုံးမှု ပိုမြင့်တက်လာနေတာလို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက အချက်သုံးချက် တွေ့ရပေါ့နော်။ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိမှန်တာတွေကြောင့် သေဆုံးတာတွေ ပိုများလာတဲ့အခြေ အနေကိုပိုတွေ့လာရပါတယ်”

မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေလည်း ပိုများလာပြီး ဧပြီတစ်လအတွင်းမှာပဲ မိုင်းကြောင့်သေဆုံးရသူ နှစ်ဦးရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၄ ဧပြီလ ၂၀ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့တိုးခဲ့တဲ့ ဖယ်ခုံမြို့ ဟိန်းဓမနဲ့ ညောင်ကုန်းရပ်ကွက်က စစ်ဘေးဒုက္ခသည် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ငါးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖယ်ခုံကနေ မိုးဗြဲကိုစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ စကခ (၇) လက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ဘက်က ပြောဆိုထားပါတယ်။

ဧပြီတစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အယောက်သုံးဆယ်ကျော် သေဆုံးခဲ့သလို စစ်ကောင်စီဘက်က တစ်ထောင့်ငါးရာကျော် သေဆုံးခဲ့တယ်လို့ PKPFရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

PKPF ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ဧပြီလ ၁ ရက်နေ့အထိ အရပ်သား ၆၅၀ အထိ သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အယောက် ငါးရာကျော် သေဆုံးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
_________

စစ်ကောင်စီ စစ်ကြောင်းမှ သတ်ဖြတ်ခံခဲ့ရသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီလူ့အခွင့်အရေးအဖွဲ့)

RFA Burmese Website တွင် ဖတ်ရှုရန်…
သတင်းလွတ်လပ်ခွင့်အပေါ် တားဆီးတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်ကြောင်း NUG ထုတ်ပြန်
~~~
■ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ် ပိတ်ပင်တားဆီးတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၃ ရက် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကြေညာပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေးကို အားပေးထောက်ခံတယ်လို့လည်း NUG က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာတစ်လွှားက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးအတွက် ဆက်ပြီးပံ့ပိုးကူညီပေးမယ်လို့ ဩစတြေးလျ အစိုးရက ထပ်လောင်းအတည်ပြုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံရုံးကလည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေတယ်လို့ သတင်းမီဒီယာသမားတွေက ထောက်ပြပြောဆိုထားပါတယ်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ သတင်းသမား ၃၂၀ အကျဉ်းကျခံခဲ့ရပြီး အဆိုးရွားဆုံး ထိပ်တန်း ၅ နေရာမှာ တရုတ်နိုင်ငံက ၄၄ ဦး၊ မြန်မာနိုင်ငံက ၄၃ ဦး ၊ ဘယ်လာရုစ်က ၂၈ ဦး၊ ရုရှားက ၂၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံက ၁၉ ဦးရှိတယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ပါတယ်။
_________

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့အား ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Photo: RFA)

RFA Burmese Website တွင် ဖတ်ရှုရန်…
ကျိုက်ထိုက စစ်ကောင်စီ အကျဉ်းဦးစီးဌာန အရာရှိ အသတ်ခံရ
~~~
■ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေး (ရွှေဖြူ) အကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ ဧပြီလ ၂၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) က မေလ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ ဦးစင်းအောင်(ခ) ဦးဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မရွာက သူနေထိုင်ရာအိမ်မှာပဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်း ကတော့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေကိုစုံစမ်းပြီး သတင်းပေးတာတွေလုပ်ခဲ့လို့ ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“သူက သတင်းပေးတာရှိတယ်။ ထောက်ပို့တချို့ရဲ့ သတင်းတွေကိုယူပြီး ဖမ်းခိုင်းတာရှိတယ်။ ဒေသခံတွေ အပေါ်လည်း အနိုင်ကျင့်တာရှိတယ်။ သူတာဝန်ယူရာ အကျဉ်းဦးစီးဌာနမှာလည်း အကျဉ်းသားတွေကို ဖိနှိပ်တာရှိတယ်”

ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ဗိုလ်ကြီးအဆင့်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာသူဖြစ်တယ်လို့ သူက ပြောပါတယ်။

သူ့ကို ပစ်ခတ်ခဲ့ပြီးနောက် ပစ်စတို သေနတ်တစ်လက်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကတ်ပြားနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းကတ်ပြားတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကိုလည်း ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
_________

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေး (ရွှေဖြူ) အကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်၏ ဝန်ထမ်းကတ်ပြားအား တွေ့ရစဉ်။ (ဓာတ်ပုံ - ကျိုက်ထို တော်လှန်ရေးအင်အားစု)

RFA Burmese Website တွင် ဖတ်ရှုရန်…
မော်လမြိုင် အေးသန္တာ အထူးကုဆေးရုံကို စစ်ကောင်စီ သုံးလပိတ်
~~~
■ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်ထဲက အေးသန္တာ အထူးကုဆေးရုံကို အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဆရာဝန်တွေကို အလုပ်ခန့်ထားတာကြောင့်ဆိုပြီး စစ်ကောင်စီက သုံးလ ပိတ်ခိုင်းလိုက်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေနဲ့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ဆေးရုံကို သုံးလပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေအပါဝင် စစ်ကောင်စီတပ်သားတွေက ဧပြီလထဲမှာကတည်းက အကြောင်းကြားစာ ပို့လာတာလို့ ပိတ်သိမ်းခံထားရတဲ့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

"အေးသန္တာအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ဟုတ်ပါတယ်။ သုံးလပိတ်ခံလိုက်ရတာပါ။ ရန်ကုန်တို့၊ မန္တလေး တို့က ဆေးရုံတွေလို နှစ်လတောင်မဟုတ်ပါဘူး။ CDM ဝန်ထမ်းတွေအလုပ်ခန့်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ယာယီပိတ်သွားတာလို့ ပြောပါတယ်"

မော်လမြိုင်မှာ ပုဂ္ဂလိကအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ သယံဇာတ ရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့ လုပ်ငန်းလိုင်စင် စည်းကမ်း တွေကို လိုက်နာဖို့ပျက်ကွက်တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မေလ (၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းရဲ့ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့ ပါတယ်။

နိုင်ငံတစ်ဝန်းမှာ လုပ်ငန်းလိုင်စင်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံ (၂၉၅) ရုံ ရှိတယ်လို့လည်း အဲဒီ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ပင်လုံ ပုဂ္ဂလိကဆေးရုံလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ နှစ်လ ယာယီ ပိတ်သိမ်းခံခဲ့ရသလို သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံလည်း အခု မေလကနေစပြီး နှစ်လ ယာယီပိတ်သိမ်းခံထားရပါတယ်။

မန္တလေးမြို့မှာတော့ မင်္ဂလာ၊ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီက ပိတ်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ပခုက္ကူ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲခုနစ်ဦး သေဆုံး
~~~
■ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေလ ၂ ရက် မနေ့ညနေ ၄ နာရီခန့်က တိုက်ခိုက်ခဲ့ရာမှာ ရဲခုနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်စခန်းဟာ ပခုက္ကူမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ ပခုက္ကူ - ရေစကြို ကားလမ်းပေါ်မှာရှိပြီး ကင်းလှည့်ဖို့ ထွက်တဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပန်းတိုင်းခြုံမှာ သူတို့ တပ်စွဲထားတဲ့ ဂိတ်ရှိတယ်လေ။ တပ်စွဲထားတဲ့ဂိတ်ကနေ သူတို့ ရွာထဲကို ကင်းပတ်တဲ့ အချိန်မှာ စောင့်ပစ်ခံရတယ်လို့ သိရတယ်ဗျ။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်တာဗျ၊။ ခုနစ်ယောက် သေတယ်။ ခုနစ်လက်ရတယ်"

အဲဒီစစ်ဆေးရေးဂိတ်ဟာ မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မနေ့ညက ပန်းတိုင်းခြုံရွာကို ဝင်ရောက်စီးနင်းတာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________

ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်စခန်း ရဲတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရရှိခဲ့သည် လက်နက်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: People Media)

RFA Burmese Website တွင် ဖတ်ရှုရန်…
မာန်အောင်မှာ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေ
~~~
■ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေတာကြောင့် လူငယ်တွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

မာန်အောင်မြို့နယ်မှာ ရွာအုပ်စု ၃၆ စု၊ ရွာပေါင်း ၁၄၀ ကျော်ရှိပါတယ်။ အဲဒီအထဲက ကျေးရွာအုပ်စုတစ်ခုကို လူသုံးဆယ်ကနေ တစ်ရာလောက်အထိ ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူ့စစ်သင်တန်းတက်ဖို့ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီတပ်က အတင်းအဓမ္မ လုပ်လာတာပါ။ ပထမဆုံးတော့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး သင်တန်းသား စုခိုင်းတာပေါ့။ အဲဒီလို စုလို့မရတော့ သူတို့ကိုယ်တိုင် လာပြီးပြောတာပေါ့။ ကျေးရွာအုပ်စုတစ်ခုက အနည်းဆုံး လူသုံးဆယ်တောင်းတာရှိတယ်။ တစ်ရာလောက်အထိ တောင်းတာလည်းရှိတယ်။ မပေးလို့ မရဘူးတဲ့။ လူငယ်တွေကတော့ စစ်သင်တန်း တက်ရမှာကြောက်လို့ ဟိုပြေးဒီပြေး ထွက်ပြေးနေကြတယ်”

မာန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စစ်သင်တန်းတက်ဖို့ ကန့်ကွက်ခဲ့တဲ့ သစ်ပုံရွာက အိမ်ခြေ နှစ်ရာလောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကင်းမှုံတောင် စစ်ကောင်စီတပ်စခန်းက ဗိုလ်မှူး ပြည့်ဖြိုးမောင် ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အခုလို မာန်အောင်မြို့နယ်က ဒေသခံတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သင်တန်းတက်ဖို့ ခေါ်ယူနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းမှာလည်း ဧပြီလ ၂၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ တစ်ထောင့်သုံးရာလောက်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောဆိုထားပါတယ်။
_________

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုမှ ရခိုင်အမျိုးသားပါတီရုံးအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Arakan National Party - Man Aung)

RFA Burmese Website တွင် ဖတ်ရှုရန်…
မူဆယ်မှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်ခြောက်သိန်းကျော် စျေးပေါက်နေ
~~~
■ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စမတ်ကတ် UID (Unique Identity Number) နံပါတ် ရဖို့အတွက် ပြင်ပမှာ မြန်မာကျပ်ငွေ ခြောက်သိန်းကျော်အထိ ဈေးပေါက် နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

မေလ ၁ ရက်နေ့ကစပြီး တရုတ်နိုင်ငံအတွင်း ဝင်ရောက်လိုသူတွေအနေနဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ် ဆောင်တာမှာ UID နံပါတ်ပါမှသာ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ မူဆယ် နယ်စပ်အာဏာပိုင်တွေက ထုတ်ပြန် ထားတာပါ။

ဒါကြောင့် UID နံပါတ်ရဖို့ ပွဲစားတွေကနေတစ်ဆင့် အခုလို လုပ်ဆောင်လာကြတာလို့ မူဆယ်ဒေသခံ တစ်ဦးက ပြောပါတယ်။

“စမတ်ကတ် မပါရင် ရွှေလီ-ကျယ်ဂေါင်ကို ဝင်လို့မရတော့။ နောက်ပြီး အခုလုပ်ပေးတာကလည်း မူဆယ်ခရိုင် အတွင်းထဲက လူတွေပဲ အဓိကလုပ်ပေးနေတော့ တခြားပြည်နယ်က လာတဲ့သူတွေက လိုတယ်လေ။ အဲမှာ ပွဲစားတွေကနေ လုပ်ရင်း ဒီလိုဖြစ်လာတာပဲ”

စမတ်ကတ် လုပ်မယ့်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အလှည့်ကျ တုံကင်စနစ်နဲ့ ဆောင်ရွက်ပေး နေပြီး စမတ်ကတ်ရလိုသူ များတာကြောင့် လနဲ့ချီပြီး စောင့်ရတယ်လို့ ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျွန်တော် သွားတန်းစီတာက ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်မှာတန်စီတာ။ ရမယ့်အလှည့်က ဇွန်လမှ ရမှာ။ အဲဒါ ပွဲစားကို ချိတ်တော့ ခြောက်သိန်းပြောတယ်။ ပွဲစားနဲ့ချိတ်ထားတော့ ရက်ပိုင်းအတွင်းပဲ လ.ဝ.က မှာသွားပြီး စမတ်ကတ်လုပ်ရုံပဲ။ ကျွန်တော်ကတော့ ငွေမတတ်နိုင်သေးလို့ မလုပ်နိုင်ဘူးလေ။ စောင့်ရမှာပဲ”

ပေါက်ဈေး ခြောက်သိန်းမှာ နယ်စပ်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေကို လေးသိန်းကျော်ပေးရပြီး ကျန်တဲ့ နှစ်သိန်းကတော့ ပွဲစားခဖြစ်တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေသူ ခြောက်ရာကနေ တစ်ထောင်အထိ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံဘက်ကလည်း အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး မူဆယ်နယ်စပ်ကို ပြန်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ KBC တောင်းဆို
~~~
■ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာပြီးနောက် ပြန်လည်ထိန်းသိမ်းခံထားရတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ KBC ရဲ့ အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကျန်းမာရေး အားနည်းလာတဲ့အတွက် ဆေးဝါကုသဖို့ လိုအပ်နေတာကြောင့် အမြန်ဆုံး လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ KBC က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုအခြေအနေက ဘာမှ ထူးတာမရှိသေးဘူး။ ထောင်ရိပ်သာမှာပဲ ခေါ်ထားတာပေါ့။ သူက သွေးတိုးလည်းဖြစ်တယ်၊ အဆုတ်လည်း အားနည်းနေတယ်။ တော်တော်ပိန်သွားတယ်။ အဲ့ဒါကြောင့် ဆေးကုသမှု ခံယူဖို့လိုအပ်တယ်”

KBC အနေနဲ့လည်း ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး ကချင် ငြိမ်းချမ်းရေးအဖွဲ့(PCG) ကလည်း စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းပြောဆိုတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လည် ထိန်းသိမ်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက နေပြည်တော်ကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ညမှာပဲ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
_______
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
နေ့လယ်ခင်းသတင်း (၂၀၂၄ မေ ၃ ရက်)
~~~
■ သတင်းလွတ်လပ်ခွင့်တားဆီးတဲ့လုပ်ရပ်ကို NUG ဆန့်ကျင်
■ ပခုက္ကူ ပန်းတိုင်းခြုံဂိတ်တိုက်ခိုက်မှု ရဲခုနစ်ဦး သေဆုံး
■ ကျိုက်ထိုမှာ ထောင်အရာရှိ အသတ်ခံရ
■ မာန်အောင်မှာ ပြည်သူ့စစ်သင်တန်း အဓမ္မ တက်ခိုင်းနေ
■ ကယားပြည်နယ်မှာ တစ်လအတွင်း အရပ်သား ၁၈ ဦးသေဆုံး
■ မော်လမြိုင် အေးသန္တာ အထူးကုဆေးရုံ သုံးလပိတ်ခံရ
■ မူဆယ်မှာ UID နံပါတ်အတွက် သိန်းချီစျေးပေါက်နေ
____
RFA Burmese pinned a video