RFA Burmese
30.1K subscribers
2.24K photos
2.2K videos
1 file
4.69K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
နိုင်ငံတစ်ဝန်း နေ့အပူချိန် ဆက်လက်မြင့်တက်နေတာကြောင့် ဧပြီလ တစ်လတည်းမှာတင် လူပေါင်းအနည်းဆုံး ၁၄၇၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မန္တလေးမှာ တစ်နေ့ အယောက် ၃ဝ နှုန်းနဲ့ တစ်လအတွင်း အယောက် ၉ဝဝ ခန့်၊ ကမ္ဘာ့အပူပြင်းဆုံးမြို့ စာရင်းဝင် မကွေးတိုင်း ချောက်မြို့မှာ တစ်နေ့ လေးယောက်သေဆုံးပြီး တစ်လအတွင်း အယောက် ၁၂ဝ ခန့် ၊ ရန်ကုန်မှာ တစ်လအတွင်း ၄၄၁ ယောက်ခန့် သေဆုံးတယ်လို့ အချက်အလက်တွေအရသိရပါတယ်။
ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေမှာ မြန်မာပါဝင်
~~~
■ မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

၂၀၂၃ အတွင်း အဖြစ်အပျက်တွေကို မှတ်တမ်းရယူထုတ်ပြန်လိုက်တာပါ။ IRFA နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပြဌာန်းခြင်း ၂၅ နှစ်မြောက် အစီရင်ခံစာလည်း ဖြစ်ပါတယ်။

ဒီ ၂၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တစ်ဦးချင်း၊ ဒါမှမဟုတ် အသိုင်းအဝိုင်းတွေဟာ ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ နှစ်ပတ်လည်အစီရင်ခံစာထဲ မီးမောင်းထိုးပြထားတဲ့ နိုင်ငံတွေမှာ အခြေအနေပိုဆိုးဝါးလာတာကို USCIRF အနေနဲ့ စိတ်နှလုံးထိခိုက်ရတယ်လို့ အစီရင်ခံစာမှာ ရေးသားပါတယ်။

မြန်မာ၊တရုတ်၊ ကျူးဘား၊ မြောက်ကိုရီး၊ ရုရှား စတဲ့ ၁၂ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မနှစ်က ဒီဇင်ဘာက သတ်မှတ်ခဲ့ပြီး အာဖဂန်၊ အိန္ဒိယ၊ဗီယက်နမ်စတဲ့ ငါးနိုင်ငံကို ခုထပ်တိုးလိုက်တာပါ။
RFA Burmese Website တွက်ဝင်ရောက်ဖတ်ရှုရန်..
Media is too big
VIEW IN TELEGRAM
ချင်းမိုင်ရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခတိုးဖို့တောင်းဆို
~~~
■ ကမ္ဘာ့အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဘာတွေတောင်းဆိုခဲ့လည်းဆိုတာ ကိုရဲစည်သူကာက တင်ပြထားပါတယ်။
RFA Burmese Website တွင်ဝင်ရောက်ဖတ်ရှုရန်...
Media is too big
VIEW IN TELEGRAM
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖိနှိပ်ခံနေရ
Media is too big
VIEW IN TELEGRAM
ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖိနှိပ်ခံနေရဆဲ
~~~
■ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားမှာ ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြတဲ့ အကြောင်း ကိုဂျေက တင်ပြပါမယ်။
RFA Burmese Website တွက် ဝင်ရောက်ဖတ်ရှုရန်...
Media is too big
VIEW IN TELEGRAM
နေစရာဤမြေကမ္ဘာ
မြန်မာမှာ ဧပြီလအတွင်း စံချိန်တင် အပူဒဏ်ကြုံရ

~~~
■ ကမ္ဘာမှာ နဂိုကတည်းက ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေများနေပြီး ဒီနှစ်ဟာ အယ်လ်နီညို ကျရောက်တဲ့နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ် ဧပြီဟာ စံချိန်တင်ပူပြင်းတဲ့နှစ်ဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင်
~~~
■ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးထားနိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ မေလ ၁ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်အားပေးစက်ရုံတွေရဲ့ စုစုပေါင်း စက်တပ်ဆင်အားက မဂ္ဂါဝပ် ၇၂၀၀ နီးပါးရှိပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာတာကြောင့် စွမ်းအားပြည့် မလည်ပတ်နိုင်တာလို့ ဆိုပါတယ်။

အခုတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတစ်ဝန်း ဓာတ်အားလိုအပ်ချက်က ၅၅၀၀ မဂ္ဂါဝပ်ခန့် ရှိပါတယ်။

ဒီအတွက် ရန်ကုန်ကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးကို ၁၆ ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ၃၈ ရာခိုင်နှုန်း အချိုးကျ ခွဲဝေထားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေလို့ လူမှုစီးပွားတွေပါ ထိခိုက်လာတယ်လို့ RFA ကို ပြောပါတယ်။

“မီးက ပေးနေတဲ့အချိန် မမှန်တော့ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။ မီးပြတ်သွားရင်လည်း အချိန်အကြာကြီး ပြတ်သွားတယ်။ လျှပ်စစ်မီးနဲ့ အလုပ်လုပ်နေရသူတွေကျတော့ ဒါက လုပ်ငန်းထိခိုက်လာတာမျိုးဖြစ်တယ်”

တစ်ချိန်တည်းမှာပဲ စည်းကမ်းမလိုက်နာတဲ့ မီတာအလုံးရေ လေးသိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့သလို မီတာအလုံး ခြောက်သောင်းကျော်ကိုလည်း ဖြုတ်သိမ်းခဲ့တယ်လို့ဆို စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း ဓာတ်အားပို့လွှတ်နေတဲ့ ၂၃၀ ကေဗီနဲ့ ၁၃၂ ကေဗီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရပြီး တာဝါတိုင် ၈၉ တိုင်နဲ့ ဓာတ်အားခွဲရုံကြီး ငါးရုံက ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ် စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။
______

RFA Burmese Website တွင် ဖတ်ရှုရန်…
မိုင်းအန္တရာယ် သတိပေးချက်တွေ လိုက်နာကြဖို့ ကရင်နီ အုပ်ချုပ်ရေးကောင်စီ သတိပေး
~~~
■ ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ များလာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ် အသိပေးချက်တွေကို တိတိကျကျလိုက်နာကြဖို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မေလ ၁ ရက် မနေ့က သတိပေးစာ ထုတ်ပြန်ပါတယ်။

ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အရပ်သားတွေကို ထိခိုက်စေနိုင်တဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေ ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်မရှိဘဲ နေရပ်မပြန်ကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

နေရပ်ပြန်ခွင့်ရတဲ့ ဒေသခံတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကိုတွေ့ရှိရင် ထိတွေ့ကိုင်တွယ်တာမလုပ်ဘဲ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေကို အသိပေးဖို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ပူးဖားကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး နွားကျောင်းသွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကယားပြည်နယ်မှာ မိုင်းကြောင့်ထိခိုက်ခဲ့ရသူ အနည်းဆုံး ဦးရေ ကိုးဆယ်အထိ ရှိနေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“ဒီ ၂၀၂၄ ခုနှစ်မှာပဲ မိုင်းကြောင့် ထိခိုက်သွားတဲ့သူက ဦးရေ သုံးဆယ်ရှိတယ်။ သေဆုံးသူက နှစ်ဦးကျော်တယ်”

ဒီးမော့ဆိုနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ ၂၀၂၃ နိုဝင်ဘာ မှာစတင်တဲ့ (၁၁၁၁) စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှာတောနဲ့ မောချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့ မြို့ခုနစ်မြို့ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

______

RFA Burmese Website တွင် ဖတ်ရှုရန်…
Updated 3:35 PM May 2,2024

စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် လူတစ်ဦးသေ၊ နေအိမ် သုံးရာထက်မနည်း ပျက်စီး
~~~
■ စစ်ကိုင်းတိုင်း ဒီပဲယင်း၊ မုံရွာ၊ ဆားလင်းကြီးမြို့နယ်တွေမှာ မေလ ၁ ရက် မနေ့ညနေက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘာသာရေး အဆောက်အအုံတွေအပါအဝင် နေအိမ်သုံးရာထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ ထန်းတောရပ်ကွက်က အမျိုးသားတစ်ဦး သေဆုံးပြီး လူသုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ပေးဆပ်သူ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သေဆုံးတာတော့ ထန်းတောရပ်ကွက်ထဲက အသက် ၁၂ နှစ်သားကလေးပေါ့နော်။ အိမ်ထဲနေရင်းနဲ့ သွပ်ပြားလွင့်ရှပြီး သေသွားတာ။ သစ်ပင်ပိလို့ ဒဏ်ရာရတာကတော့ ကျွန်တော်တို့သိရသလောက် သုံးဦးတော့ ရှိတယ်ဗျ”

နေအိမ်တွေပေါ်ကို သစ်ပင်လဲတာတွေအပြင် လျှပ်စစ်မီးကြိုးလိုင်းတွေနဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ရွာငါးရွာက နေအိမ် နှစ်ရာကျော်နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ်တွေပါ ပျက်စီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လေတိုက်တာက ဆယ့်ငါးမိနစ်လောက်ပဲ ဖြစ်လိုက်တယ်။ မိုးသီးကျတယ်၊ မိုးရွာတယ်ပေါ့။ လက်လှမ်းမီသလောက်ကတော့ ရွာပေါင်း ငါးရွာလောက် ပျက်စီးတာပေါ့။ ပြီးတော့ ဘုန်းကြီးကျောင်းတွေ စေတီတွေရောပေါ့။ စစ်ဘေးရှောင်တဲတွေဆိုရင်လည်း အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ဘူးလေ။ ထန်းရွက်တဲလေးတွေပေါ့။ ရှစ်ဆယ်လောက်ရှိတာက ကိုးဆယ်ရာခိုင်နှုန်းလောက် အနည်းနဲ့အများ ထိခိုက်ပျက်စီးတာရှိတယ်”

ဒီပဲယင်းမြို့နယ် သရက်ကန်ရွာက နေအိမ် တစ်ရာကျော်၊ ကိုင်းကန်ရွာက နေအိမ် ၁၃၀ ဝန်းကျင်နဲ့ မအုံး၊ တည်တောနဲ့ မြင်းတန့်ရွာတွေက နေအိမ်တစ်ချို့ အမိုးအကာ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မုံရွာမြို့မှာတော့ သစ်ပင် အများအပြားလဲတာ၊ ဘာသာရေး အဆောက်အအုံနဲ့ နေအိမ်တွေ၊ လျှပ်စစ်မီးဓာတ်တိုင်တွေပါ ပျက်စီးခဲ့တယ်လို့ မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တော်တော်များများ အပင်တွေလဲတယ်၊ အိမ်တွေပေါ် ပိတယ်။ လမ်းတွေပေါ် ကျတယ်ပေါ့။ အဲဒါလေးတွေ လိုက်ပြီးတော့ ကူညီပေးနေရပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ လိုက်လံရှင်းလင်းရတာတော့ အိမ်ခြေ နှစ်ဆယ်လောက်ရှိမယ်။ မုံရွာတစ်မြို့လုံးဆိုရင်တော့ အိမ်ခြေ လေးဆယ်ကျော်ပေါ့”

မုံရွာမြို့ပေါ်မှာ မေလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ရှင်းလင်းဆောင်ရွက်ပေးနေရဆဲလို့ ပြောပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာအုပ်စုမှာလည်း လေပြင်းကြောင့် နေအိမ် လေးဆယ်ခန့်နဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ တဲအိမ် ဆယ်လုံးခန့် ပျက်စီးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ကန်တဲရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၇၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီရွာခံတွေနဲ့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မိုးတိမ်အားကောင်းတဲ့ ဒေသတွေမှာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၉ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့တွင် လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ပေးဆပ်သူ လူမှုကူညီရေးအသင်း၏ ပြောကြားချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)
_____

RFA Burmese Website တွင် ဖတ်ရှုရန်…
ရခိုင်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော
~~~
■ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနစ်ထောင်ခန့် ရှိရာကနေ တစ်လခန့်အတွင်း နောက်ထပ်ဒုက္ခသည် တစ်သောင်းနီးပါး တိုးလာတာပါ။

ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ပူပြင်းတဲ့ရာသီမှာ နေစရာနေရာ အခက်အခဲရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“တချို့ရွာတွေမှာ နေစရာနေရာမရှိလို့ ကားလမ်းဘေးတွေ၊ ရထားလမ်းဘေးတွေ၊ တောင်ကြားတွေမှာ တဲထိုးပြီးနေရတယ်။ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းပါတယ်”

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဧပြီလအတွင်း အသိပေးထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုနဲ့ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ခံနေရတယ်လို့ဆိုပါတယ်။
_________

ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။ (Photo: RFA)

RFA Burmese Website တွင် ဖတ်ရှုရန်…
ထီးချိုင့်မှာ လေကြောင်းရန်အတွက် ဗုံးခိုကျင်းတူးဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
~~~
■ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂၈ ရက်နေ့က တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေတွေအတွင်းက စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူစည်ကားတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိနေပြီး ဗုံးခိုကျင်းတွေ မပျက်မကွက် တူးထားကြဖို့လိုတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကတော့ RFA ကို ပြောပါတယ်။

“ဟိုတစ်နေ့ကတော့ ကမ်းနီရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုရှိတယ် အဲဒါကြောင့် ပြည်သူတွေ သတိထားဖို့ ထုတ်ပြန်တာပါဗျ”

စစ်ကောင်စီက ကင်းထောက်လေယာဥ်တွေသုံးပြီး လူစုလူဝေးတွေ ရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် လူစုလူဝေးမလုပ်ဖို့၊ လေယာဥ်သံကြားရင် မလှုပ်ရှားဘဲ ရောက်နေတဲ့နေရာမှာ ရပ်နားနေဖို့ကိုလည်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဧပြီ ၂၄ ရက်နေ့က ထီးချိုင့်မြို့နယ် ကမ်းနီးရွာစျေးနဲ့ ဆေးပေးခန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ လေးကြိမ် လာပစ်သွားတဲ့အတွက် ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စျေးလည်း မီးလောင်သွားတယ်လို့ ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် အလယ်တောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဆယ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်တို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ထီးချိုင့်မြို့နယ် စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား လေးဆယ်ကျော်အထိ ရှိနေပါတယ်။
_______

RFA Burmese Website တွင် ဖတ်ရှုရန်…
ကလေးမြို့နယ်က အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာရွာ မီးရှို့ခံရ
~~~~
■ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မေလ ၁ ရက် မနေ့ညနေပိုင်းက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ကလေးမြို့ နယ်တော်လှန်ရေး ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၁ ရက် နေ့တွေမှာ ပြည်တော်သာကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားရာကနေ နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးမြို့ မြောက်ပိုင်းက ဒေသခံတွေ ထွက်ပြေးကြတာကြာပါပြီ။ အခု ပြည်တော်သာရွာကို စကစ က စစ်ကြောင်းထိုးတာ ဒရုန်းနဲ့လည်းလာတိုက်တော့ ကျွန်မတို့လည်း ထွက်ပြေးတာ သုံးရက်လောက်ရှိပြီ။ ရွာနားက ယောကျ်ားတွေက စောင့်ကြည့်နေတာက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး"

ပြည်တော်သာကျေးရွာက ဒေသခံတွေအားလုံး ထွက်ပြေးနေရတာကြောင့် လူနေအိမ် ဘယ်လောက် မီးရှို့ခံရ တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ကလေးမြို့ မြောက်ပိုင်းမှာ ဧပြီလ ၅ ရက်နေ့ကစလို့ ရွာခြောက်ရွာက လူနေအိမ် ခြောက်ရာကျော် မီးရှို့ခံထား ရပြီး ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး အကူအညီ ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ရခိုင်မြောက်ပိုင်း မြို့နယ်အချို့မှာ သောက်သုံးရေ အခက်အခဲ ကြုံနေရ
~~~
■ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာအချို့မှာ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ နွေရာသီဆိုရင် အပူချိန်မြင့်မားတဲ့ ဒေသတစ်ခုဖြစ်ပြီး အခုလို အပူချိန်အမြင့်ဆုံးအချိန်မှာ သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့မှာဆိုရင် ရေကန်တွေမှာ ရေခန်းခြောက်လာတာကြောင့် မိသားစုတစ်စုကို တစ်နေ့ ရေနှစ်လုံးလောက်ပဲ ပေးနိုင်တော့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ရွာတွေမှာရှိတဲ့ ရေကန်တွေက သူတို့ ရွာသားတွေအတွက်ပဲ ဖူလုံတာလေ။ အခုက စစ်ဘေးဒုက္ခသည်တွေလည်း များလာတော့ ကန်ရေတွေ အမြန်ခန်းခြောက်ကုန်တာပေါ့။ အခုဆိုရင် မိသားစုတစ်စုကို ရေနှစ်လုံးပဲ ပေးနိုင်တော့တဲ့ ရွာတွေရှိတယ်။ တချို့ရွာတွေဆို ရေမရှိလို့ တခြားရွာတွေ၊ အဝေးကြီးကနေသွားပြီး ရေသွားတင်ရတာရှိတယ်။ ဒီလောက် ရာသီဥတုပူနေတဲ့အချိန် ရေလုံလုံလောက်လောက်မရှိတော့ အတော်ခက်ခဲတာပေါ့”

အခုလိုအချိန်ဆိုရင် နှစ်စဉ်ရေရှားပါးပြီး ဒီနှစ်မှာတော့ စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာကြောင့် ပိုပြီးအခက်အခဲဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။

အလားတူပဲ ကျောက်တော်မြို့နယ်က ကျေးရွာတချို့မှာလည်း စစ်ရှောင်တွေများလာတာကြောင့် သောက်သုံးရေအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ဒေသခံတွေကတော့ ဗုံးကြဲခံရမှာကို စိုးရိမ်တာကြောင့် သူတို့ရဲ့ကျေးရွာအမည်တွေ မဖော်ပြဖို့ ပြောဆိုကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ရခိုင်စစ်ဘေးဒုက္ခသည်တွေမှာ အထောက်အပံ့တွေ လျော့နည်းလာပြီး သောက်သုံးရေကလည်း ရှားပါးလာတာကြောင့် စိုးရိမ်စရာဖြစ်လာတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
_________

ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း ကျေးရွာတစ်ခုမှ ခန်းခြောက်နေသည့် ရေကန်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Ponnagyun Youths Association)

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
အကျဥ်းကျ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ နှစ်ထပ်ကွမ်း ဖိနှိပ်ခံနေရ
~~~
■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချထားပြီးတဲ့တိုင်အောင် မိသားစုနဲ့ပါ တွေ့ခွင့်မပေးဘဲ အဆက်အသွယ်တွေ ဖြတ်ထားတာဟာ အထပ်ထပ်အခါခါ ဖိနှိပ်ခံနေရတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မသဇင်လှိုင်က တင်ပြပါလိမ့်မယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
နိုင်ငံတစ်ဝန်း ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော်ရှိလာ
~~~
■ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ထိ သုံးနှစ်ကျော်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ (၉၃၄) ဦးပိုင်ဆိုင်တဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းပေါင်း တစ်ထောင်ကျော် (၁၁၅၉ ခု) ကို စစ်ကောင်စီက မတရား ချိပ်ပိတ် သိမ်းဆည်းထား တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ သတင်းမီဒီယာတွေမှာတက်လာတဲ့ သတင်းအချက်အလက်တွေ၊ AAPP ကို ဆက်သွယ် ပေးပို့လာတဲ့ အချက်အလက်တွေပေါ် အခြေခံ စစ်ဆေးပြီး ကောက်ယူထားတဲ့ အရေအတွက်ဖြစ်ပြီး လက်တွေ့ မြေပြင်မှာ ကိန်းဂဏန်းတွေဟာ ဒီထက်ပိုများနိုင်သေးတယ်လို့ AAPP ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

“စစ်အုပ်စုကတော့ သူတို့ကို ဆန့်ကျင်သူမှန်သမျှရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့လုပ်လို့ရသလောက် လုပ်မှာပဲ။ ဒါက အာဏာရှင်ဆန့်ကျင်တဲ့သူ တစ်ယောက်တည်းကိုပဲ လုပ်တာ မဟုတ်ဘဲနဲ့ မိသားစုကိုပါ အရေးယူတဲ့ သဘောမျိုးလုပ်တာ ဖြစ်တယ်။ ဒါက တကယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားတွေ အခြေခံပြီး ပိုင်ဆိုင်မှု ပစ္စည်းတွေကို သိမ်းဆည်းလိုက်တာဖြစ်တယ်။ ဒီကိစ္စတွေ အားလုံးသည် တစ်ချိန်မှာ တရားမျှတမှုကို ပြန်ရှာရမှာဖြစ်တယ်။ သိမ်းခံထားရတဲ့ ပစ္စည်းတွေဟာ နွေဦးတော်လှန်ရေး အောင်မြင်သွားတဲ့အချိန်မှာ နဂိုမူရင်းပိုင်ဆိုင်တဲ့သူလက်ထဲကို ပြန်ရောက်အောင် အားလုံး၀ိုင်းပြီး ကြိုးစားရမှာဖြစ်တယ်“

ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံထားရသူတွေအထဲမှာ အများအားဖြင့် စစ်ကောင်စီကို ဆန္ဒပြကြတဲ့ သပိတ်အဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်း၊ မီဒီယာကဏ္ဍနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး ပြည်သူတွေ အကြောက်တရားဖြစ်ပေါ်စေဖို့ ရက်စက်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုနေတာကြောင့် ဒီလိုလုပ်ဆောင်နေမှုတွေကို အရေးယူနိုင်ဖို့ AAPP အနေနဲ့ ဆက်လက် မှတ်တမ်းတင်သွားမယ်လို့ ဖော်ပြထားပါ တယ်။

စစ်ကောင်စီကိုတော်လှန်နေတဲ့ NUG အစိုးရရဲ့ ဘဏ္ဍာရေးဌာနကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့က အိမ်ကို ပြည်သူတွေကြားမှာ အစုရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ ခွဲဝေရောင်းချ ထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
နေ့လယ်ခင်းသတင်း (၂၀၂၄ မေ ၂ ရက်)
~~~
■ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင်
■ မိုင်းအန္တရာယ် ကရင်နီအုပ်ချုပ်ရေးကောင်စီ သတိပေး
■ စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် အိမ်သုံးရာထက်မနည်း ပျက်စီး
■ ကလေးမြို့နယ်က ပြည်တော်သာရွာ မီးရှို့ခံရ
■ ရခိုင်မှာ ဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော
■ ထီးချိုင့်မှာ ဗုံးခိုကျင်းတူးဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
■ စစ်ကောင်စီကိုဆန့်ကျင်လို့ ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော် ရှိလာ
____
RFA Burmese pinned a video