စစ်ကိုင်းမြို့နယ်အတွင်း အသက် ၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးမည်

စစ်ကိုင်း၊ နိုဝင်ဘာ ၆

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကလေးငယ်များ ဝက်သက်နှင့် ဂျိုက်သိုးရောဂါများမှ ကင်းဝေးစေရန်အတွက် အသက် (၉) လမှ (၅၉) လ (၅ နှစ်အောက်) အတွင်းရှိ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းများကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးထားသည်။

အဆိုပါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို သတ်မှတ်ရက်များအတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာစုရပ်များ၌ နံနက် (၈) နာရီမှ စတင်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ရပ်ကွက်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံဖူးသည်ဖြစ်စေ၊ မထိုးနှံရသေးသည်ဖြစ်စေ ကာကွယ်ဆေးသွားရောက် ထိုးနှံကြရန် တိုက်တွန်းထားသည်။
❤2👍1
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် စီမံကိန်း ၁၄၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၆ သန်းကျော် ရရှိအကောင်အထည်ဖော်နေ၊

ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း ၁၄၀ ခုအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၆ သန်းကျော် ရရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် နိုဝင်ဘာ ၄ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည် ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၆) ဖြင့် အဖွဲ့ဝင် နိုင်ငံများသို ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို ဖြန့်ဝေခဲ့ခြင်းလည်း ဖြစ်သည်။

အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
👍6❤2
၂၀၂၇ အေအက်ဖ်စီ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၇ အသင်း လေ့ကျင့်မှုများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၇ အေအက်ဖ်စီ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စု (A) ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၇ လက်ရွေးစင်အသင်းသည် ယနေ့ ညနေပိုင်းတွင် လေ့ ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာ ယူ-၁၇ အသင်းသည် ခြေစစ်ပွဲတွင် အုပ်စုအတွင်းပါဝင်သည့် အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပွဲစဉ်များအရ မြန်မာအသင်းသည် နိုဝင်ဘာ ၈ ရက်တွင် အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယားနှင့် နိုဝင်ဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့ကို အသီးသီး ရင်ဆိုင်ကစားသွားမည်ဖြစ်သည်။
👍5❤2
ရန်ကုန် ဒီပါဝလီပွဲဖွင့်ပွဲ၌ ဘာသာမရွေး ချစ်ကြည်စွာ နေထိုင်ကြရန် သမ္မတ တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်မြို့၌ နိုဝင်ဘာ ၆ ရက်က ကျင်းပသည့် ဒီပါဝလီပွဲတော်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် သမ္မတက လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှု မတူကွဲပြားသူများ အချင်းချင်း နားလည်လေးစား၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။

ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ဖွင့်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ညနေ ၅ နာရီက ကျင်းပခဲ့သည်။ မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA) နှင့် မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

သမ္မတက မိန့်ခွန်းပြောကြားရာတွင် အပြန်အလှန်ယုံကြည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို အခြေခံ၍ အတူယှဉ်တွဲနေထိုင်ကြရန် ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးလွတ်လပ်ခွင့်နှင့် ဘာသာသာသနာများကို အသိအမှတ်ပြု စောင့်ရှောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ရှင်းလင်းပြောကြားပြီး အချင်းချင်း၏ ယုံကြည်ကိုးကွယ်မှုကို လေးစားကြရန် တိုက်တွန်းခဲ့သည်။

ဒီပါဝလီပွဲတော်သည် အမှောင်ကို အလင်းရောင်က အောင်နိုင်ခြင်းနှင့် မကောင်းမှုကို ကောင်းမှုက အောင်နိုင်ခြင်းတို့ကို ကိုယ်စားပြုကြောင်း သမ္မတက ပြောကြားခဲ့သည်။ ပွဲတော်၏ အနှစ်သာရနှင့်အညီ အချင်းချင်း မေတ္တာထား၍ စာနာကူညီကြရန်နှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုကြရန်လည်း တိုက်တွန်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့် ဇနီး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ဟိန္ဒူဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
❤6👍1