MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
::: သာသနာနဲ့ အညာ :::

ပရိယတ္တိပညာရေး သို့မဟုတ် စာသင်/စာချ လုပ်နေတဲ့သူအများစုက အညာသားတွေ…
စစ်ကိုင်း/ မကွေး/ မန္တလေး ဒီနယ်သားတွေက အများစု။  မဟန အဖွဲ့အစည်းထဲကြည့်မလား စစ်ကိုင်း မကွေး မန္တလေး သားတွေက အများဆုံး၊ မြန်မာပြည်ရဲ့ အမြင့်မြတ်ဆုံး အခက်အခဲဆုံးလို့သတ်မှတ်ထားတဲ့ တိပိဋကဘွဲ့  ရသူတွေထဲ ဒီနယ်သားတွေအများကြီး။

ဒီဘုန်းကြီးတွေ ရဟန်းတွေ စာသင်သားဘဝကတည်းက အညာသူ အညာသားတွေ ဘယ်လိုပံ့ပိုးသလဲ နည်းနည်းပြောပြမယ်။
စာသင်တိုက်ကနေစာမေးပွဲဖြေပြီးလို့ရွာပြန်လာလို့ဖြစ်စေ…သီတင်းကျွတ်အလည်ပြန်လာလို့ဖြစ်စေ… ရွာဘုရားပွဲရှိလို့ ပဌာန်းပွဲ ရှိလို့ ခဏကြွလာသည်ဖြစ်စေ… ဘယ်လိုအကြောင်းကြောင့်လာလာ အမြဲဂရုစိုက်ကြတယ်။ ညနေခင်း ညခင်း အိမ်အလည်ပင့်ကြတယ်။ အချိုရည်၊ အသုပ်၊ ထမင်း၊ ကွမ်း၊ ဆေးလိပ် လေးလေးစားစား အထွဋ်အမြတ်ထားပြီး လုပ်ပေးတယ်။ ဘောလုံးကန် ခြင်းခတ် အညောင်းအညာပြေအနေနဲ့ အပြစ်ကိုမမြင်ဘူး။ စာသင်သားလေးတွေ သာသနာ့ဘောင်ပျော်နေရင်ပြီးတာပဲ၊ ရွာလာတုန်းခဏ စိတ်လွတ်ကိုယ်လွတ်နေကြရတာ နေပါစေဆိုပြီး။

အညာက ထန်းရည်သောက်ချင်ရင်လည်း အမြည်းပါလုပ်ပေးတယ်။ သင်္ကြန်ဆိုလည်း ရေကစားမလား ကျောင်းလာတဲ့ ကောင်မလေးတွေ စိတ်ကြိုက်လောင်း၊ အဲ့တာမှ အားမရရင် ရွာထဲထိ လာလောင်း ဘယ်အညာသူ/ သား က မှ အပြစ်မပြောဘူး၊ သူတို့လည်း ပျော်ချင်မှာပဲ လူငယ်ပဲ ကြီးရင်ပြင်သွားလိမ့်မယ်ဆိုပြီး ခွင့်လွှတ်ပေးခဲ့ကြတယ်။

ရွာမှာ သာရေး နာရေး ရှိလည်း မြို့ကနေ စာသင်ပြန်လာတဲ့သူပဲ ဆိုပြီး ဦးစားပေးတယ်။ သာရေး နာရေး၊ ရှိသမျှ ဘာသာရေး ပွဲ အကုန်ပင့်တယ်။ မြို့ကို စာသင်ပြန်ကြွတော့မယ်ဆိုလည်း ပိုက်ဆံတတ်နိုင်တဲ့သူက ပိုက်ဆံ၊ မြေပဲဆံ၊ ထန်းလျက်၊ မြေပဲယို၊ စတဲ့ အညာဒေသထွက်စားစရာတွေ တတ်နိုင်သရွေ့ထောက်ပံ့ခဲ့ကြတယ်။ စာသင်တိုက်ကြီးတွေကနေ ဆန်၊ ဆီ၊ ကြက်သွန် စသည် အလှူခံလာကြတော့လည်း တတ်နိုင်သရွေ့ ထောက်ပံ့ပေးခဲ့ကြတာပဲ။ ကျောင်းဆောက်ဖို့လာအလှူခံကြလည်း နိုင်သမျှရှာဖွေလှူဒါန်းခဲ့ကြတာပဲ။

အညာဒေသရဲ့ ဆွမ်းတစ်လုတ် မစားဘူးပါဘူးဆိုတဲ့ ဘုန်းကြီးရှိရင်ပြစမ်းပါ လို့ မေးကြည့်ချင်တယ်။  အခု ဘွဲ့တံဆိပ်တော်ရဆရာတော်တွေ၊ မဟန ဆရာတော်တွေ၊ စာသင်တိုက်တွေက စာချဆရာတော်တွေ၊ တိပိဋက ဆရာတော်တွေ၊ ကျောင်းထိုင်ဆရာတော်တွေ ငယ်စဥ်စာသင်သားဘဝတုန်းက ရယူခဲ့တဲ့ အညာသူ အညာသားတွေရဲ့ ကျေးဇူးတရားကို ၁မိနစ်လောက် ပြန်အောက်မေ့ ကြည့်ကြပါဦး။

အခုချိန်ကာလမှာ အညာက ရွာတွေ၊ အိမ်တွေ၊ ကလေးငယ်တွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ၊ လူငယ်တွေ မီးလောင်တိုက်သွင်းခံနေရ၊ သတ်ဖြတ်ခံ နှိပ်စက်ခံနေရ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။

ကျူးလွန်နေသူတွေကို ဘယ် မဟန ကမှ ဒါတွေမလုပ်ဖို့ မတားဘူး၊ မပြောဘူး။ ဘယ်တိပိဋက ဘွဲ့တံဆိပ်ရကမှလည်း အသံထွက်တာမတွေ့ရ မကြားရဘူး။ ဘယ်စာသင်တိုက်ကမှလည်း မေတ္တာမရပ်ခံကြသလို ဘယ်ဓမ္မကထိက အကျော်အမော်တွေကမှလည်း ဒါတွေမလုပ်ကြဖို့ တရားမဟောဘူး။

အရှင်ဘုရားတို့ နေနိုင်ရက်တယ်နော်။ 
အညာကျေးဇူးတွေ သာသနာမှာ (သို့) အရှင်ဘုရားတို့ရဟန်းတော်တွေ ဘုန်းတော်ကြီးတွေပေါ်မှာ ပြောမကုန်အောင်ရှိတယ် ဘုရား။

ဒီအညာသူ/သားတွေ နေ့စဥ် အနိုင်ကျင့် သတ်ဖြတ်ခံနေရချိန်၊ အညာရွာတွေ မီးလောင်တိုက်သွင်းခံနေရချိန်၊ အညာက ကလေးတွေကို ရဟတ်ယာဥ်တွေနဲ့ ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်ခံနေရချိန် အရှင်ဘုရားတို့က စာသင်မပျက်ဘူး၊ စာချမပျက်ဘူး၊ တိပိဋက စာမေးပွဲ၊ ဓမ္မာစရိယစာမေးပွဲ၊ လင်္ကာရစာမေးပွဲ၊ ဘိဝံသစာမေးပွဲ၊ စာမေးပွဲပေါင်းများစွာနဲ့ (သာသနာပြု) မပျက်ဘူး။  ၄၇ ပါးစုံညီစည်းဝေးပြီး သြဝါဒပေးမပျက်ကြဘူး။
အညာမှာ၊ မြန်မာနိုင်ငံမှာ ဘာမှမဖြစ်နေသယောင် နေတတ် ခေါင်းရှောင်တတ်လိုက်ကြတာ။

အညာမှာ ရွာမီးတင်ရှို့ ခံရလို့ စစ်ပြေးလာတဲ့  အညာသူ/သားတွေကို စာသင်တိုက်မို့၊ ရိပ်သာမို့  တည်းခိုခွင့်မပြုနိုင်ဘူးတဲ့လား၊ အညာသားတွေ/သူ တွေမို့၊ စစ်ရှောင်တွေကြောင့် အရှင်ဘုရားတို့ဆီပြဿနာတက်မှာကြောက်လို့ တည်းခိုခွင့် မပြုနိုင်ဘူးတဲ့လား။

မြန်မာနိုင်ငံက ဘုန်းကြီးရဟန်းတွေကို မေးချင်ပါတယ်။
၁။ ဘွဲ့တံဆိပ်တွေပျောက်မှာ ကြောက်တာလား၊
၂။ ကျောင်းပျောက်မှာကြောက်တာလား၊
၃။ ရာထူးနေရာပျောက်မှာကြောက်တာလား၊

မေးခွန်းတစ်ခုလျှင် ၂၀ မှတ်ပါဘုရား။

၅/ ဘထွေးလေး
စက်တင်ဘာ ၂၆. ၂၀၂၂

#အာလူး
#အည
#သာသနာ