MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from The Irrawaddy - Burmese
စစ်ကောင်စီက ကရင်နီသို့ ရာဘအလုံးရေသန်းချီသွင်း ဟု KNDF ဒုစစ်ဦးစီးချုပ်ပြော

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၄

အာဏာသိမ်းစစ်ကောင်စီသည် ကရင်နီပြည်အတွင်းသို့ မူးယစ်ဆေးဝါး (ရာဘ)များ အလုံးရေ သန်းနှင့်ချီ တင်သွင်းလာကြောင်း ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ယနေ့ ပြု လုပ်သော စစ်ဗျူဟာ အမှတ် ၄ အခြေခံ စစ်သင်တန်းဆင်းပွဲတွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ပျက်ပြားအောင် တိုက်ခိုက်ရည်စွမ်းရည်တွေ လျော့သွားအောင်၊ တော်လှန်ရေးကို လုပ်ချင်ကိုင်ချင်စိတ်နည်းသွားအောင် လုပ်နေတဲ့ အရာတွေရှိတယ်။ စစ်ကောင်စီဟာ ဒီနောက်ပိုင်းမှာ ကရင်နီကို စစ်ရေး အရှိန်လျော့အောင် မူးယစ်ဆေး (ရာဘ) တွေ သန်းနဲ့ချီသွင်းပြီးတော့ တော်လှန်ရေးကို အရှိန်ကျအောင်လုပ်နေတဲ့ဟာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမူးယစ်ဆေးဝါးတင်သွင်းမှုတွင် ကရင်နီမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တော်လှန်စီးပွားလုပ်နေသူများ ပါဝင် ပတ်သက်နေကြပြီး မည်သူ့မျက်နှာမှမထောက်ဘဲ ဖော်ထုတ်အရေးယူကြရန် KNDF တပ်ဖွဲ့ဝင်များကို တိုက်တွန်းထားသည်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ကာရာအိုကေ၊ အနှိပ်ခန်းနှင့် လောင်းကစားလုပ်၍ ရသည့်နေရာ ၁၀ ခုအထက်ရှိနေပြီး ကာရာအိုကေခန်းမှာ ၁ နာရီလျှင် ၃ သောင်း မှ ၆ သောင်းထိ စျေးနှုန်းအမျိုးမျိုး ရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့်လကလည်း ဒီးမော့ဆိုမြို့နယ်အတွင်း မူးယစ်ဆေး (ရာဘ) အလုံးရေ ၃ သိန်းခန့် ဖမ်းမိခဲ့ပြီး ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် ဥပဒေပုဒ်မဖြင့် တရားခံ ၂ ဦးကို အမှုဖွင့် အရေးယူထားသည်။

သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpRbit
Forwarded from The Irrawaddy - Burmese
လွိုင်ကော်ကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အသဲအသန် ကြိုးစားနေတယ် (ရုပ်/သံ)

ဇော်မြတ်ခန့်၊ ဇွန် ၁၀၊ ၂၀၂၄

ကရင်နီပြည်ရဲ့ မြို့တော်လွိုင်ကော်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးချီတက်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူ က ဧရာဝတီကို အတည်ပြုပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်တွေနဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်း တပ်တွေဟာ အင်အား ၅၀၀ လောက်နဲ့ မတ်လ ပထမအပတ်ထဲက ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ဘက်ကနေ ချီတက်လာကြတယ်လို့ ဆိုပါတယ်။

ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဝင်လာပြီး လွိုင်လင်လေးမြို့ ထီးစဲခါး ကျေးရွာအရောက်မှာတော့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်တွေကို စစ်ကောင်စီက ချန်ထားခဲ့ပြီး အင်အား ၂၄၀ လောက်နဲ့ ဆက်လက်ချီတက်လာတယ်လို့ KNDF စစ်ရေးချုပ် က ပြောပါတယ်။

“တစ်လေးလုံး စစ်ဆင်ရေး”အတွင်း လွိုင်ကော်မြို့ပေါ်မှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးအပါအဝင် ယန္တယားအားလုံး ရပ်တန့်သွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ၇ လ နီးပါးလောက် ရပ်တန့်နေခဲ့တဲ့ ယန္တယားတွေကို ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ KNDF စစ်ရေးချုပ် ခူးရီဒူကလည်း သုံးသပ်ပါတယ်။

https://bit.ly/3KHd2z2
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from RFA Burmese
ရန်ကုန် လုံခြုံရေးအတွက် အမြဲသတိရှိဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
~~~
■ ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်နေတာရှိတဲ့အတွက် လုံခြုံရေး သတိအမြဲ မပြတ်ရှိဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးကတော့ ရန်ကုန်က စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“သူတို့လည်း သူတို့ လုပ်နိုင်မယ်ထင်တာ လုပ်မှာပဲ။ ကိုယ်တွေလည်း ကိုယ်တွေ လုပ်နိုင်မယ်ထင်တာ အစွမ်းကုန် လုပ်နေဦးမှာပါ”

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တွံတေးနဲ့ ကွန်းခြံကုန်းမြို့နယ်တွေက စစ်တပ်အထိုင်ချထားတဲ့ နေရာတွေနဲ့ လုံခြုံရေးဂိတ်တွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံလူဦးရေ တစ်ဝက်ခန့်ဟာ လုံခြုံရေးနဲ့ပတ်သက်လို့ အားနည်းချက်တွေရှိနေဆဲဖြစ်ပြီး ရာဇဝတ်မှုတွေဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဇွန်လ ၁၀ရက်မှာ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာရုံးဌာနတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လုံခြုံရေးပိုမိုတင်းကျပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
_________

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
တန့်ဆည်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးရ
~~~
■ စစ်ကိုင်းတိုင်း တန့်ဆည်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ နောက်ဆုံးအပတ်ကစလို့ အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကြောင်း သုံးခုက တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေတာလို့ ဆိုပါတယ်။

ဒီအပြင် စစ်ကြောင်းတွေဟာ အရပ်သား သုံးဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်ရွာက အသက် ၅၀ အရွယ် ကိုမြင့်နိုင်နဲ့ အသက် ၃၂ နှစ်အရွယ် ကိုအောင်မြင့်ထွန်းတို့ဟာ မေလ ၃၀ ရက်မှာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဇွန်လ ၈ ရက်နေ့မှာ အိုသယ်ကုန်းရွာက အသက် ၃၈ နှစ်အရွယ် ကိုကျော်နိုင် သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီ စစ်ကြောင်းတွေဟာ လက်ရှိမှာ တန့်ဆည်မြို့နယ် အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်ခြမ်းတွေကို ဆက်လက်စစ်ကြောင်းထိုးနေလို့ ကျေးရွာ နှစ်ဆယ်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာလရှည် ထွက်ပြေးနေရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့လည်း ပြေးနေရတာပဲ။ ရက်က တော်တော်လေးကြာပြီဗျ။ အခု စစ်ကြောင်းက ရက်ရှည်ထိုးတာဆိုတော့ ပြန်ဖို့ကျတော့ အခက်အခဲရှိတာပေါ့။ ဘေးလွတ်ရာမှာပဲ ဖြစ်သလို နေကြတာပဲ၊ ရွာတချို့မှာလည်း တပ်စွဲမဲ့ သဘောရှိတယ်”

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းကျော်ရှိနေပါတယ်။
_________

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာနိုင်ငံတွင်ပြည်နယ်များကိုဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိူးများ၏ ဝိဒေသလက္ခဏာ၊ ဘာသာစကားအုပ်စုနှင့် ပထဝီအပေါ်အခြေခံ၍ဖွဲ့စည်းသင့်သည်။ သို့မှသာ တရားစီရင်ရေး၊အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် နိုင်ငံအတွင်းရှိ လူမျိူးတိုင်းရင်းသားအားလုံးတို့သည် အချိုးတူညီစွာပါဝင်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ရိုးရားယဥ်ကျေးမှု ကိုမြှင့်တင်ခြင်း၊ ပြည်နယ်အလိုက် ရုံးသုံး ဘာသာစကားများရွေးချယ်‌‌‌စေနိုင်ခြင်နှင့်မိမိလူမျိူးတို့၏ကိုယ်ပိုင်လက္ခဏာကို ကာကွယ်နိုင်မည်ဖြစ်သည်။

Website တွင် ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-18570-2/
Forwarded from RFA Burmese
တနိုင်းနဲ့ ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်း
~~~
■ ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန် ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

တနိုင်းမြို့နယ်က ပယင်းမှော်နဲ့ ရွှေမှော်တွေကို အဓိကထိန်းချုပ်ထားတဲ့ ရေကန်တောင် တပ်စခန်းကို ဇွန်လ ၁၀ ရက်မှာ သိမ်းယူခဲ့တာပါ။

ဝိုင်းမော်မြို့နယ်က ဘွမ်တောင်တပ်စခန်းကိုတော့ ဇွန်လ ၁၁ ရက်မနက်မှာ သိမ်းယူခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

“မနေ့ကတော့ တနိုင်းဘက်က ပယင်းမှော်ရွှေမှော်ဘက်က စခန်းတစ်ခုသိမ်းတယ်။ ရေကန်တောင်ဆိုတဲ့ စခန်းတစ်ခုကိုသိမ်းတယ်။ ဒီနေ့မနက်လည်း ဆဒုံံမြို့ဘက် တက်သွားတဲ့ ဘွမ်တောင်ရွာက တပ်စခန်းကိုသိမ်းတာ ”

ဘွမ်တောင်တပ်စခန်းက ပြည်သူ့စစ်တွေထိုင်တဲ့ တပ်စခန်းဖြစ်ပါတယ်။ တရုတ်- မြန်မာနယ်စပ် ကန်ပိုက်တီမြို့ ဘက်ကိုသွားတဲ့ လမ်းကို အဓိကလုံခြုံရေးယူတဲ့စခန်းဖြစ်ပါတယ်။

ရေကန်တောင်စခန်းကတော့ ၂၀၁၇ ခုနှစ်ကစလို့ စစ်ကောင်စီတပ် ခလရ (၂၉၇)နဲ့ ခလရ(၂၆၀) တပ်တွေ တပ်စွဲခဲ့ပြီး အင်အား ခြောက်ဆယ်ကျော် ရှိပါတယ်။

ဇွန် ၈ ရက်မှာတော့ ရေကန်တောင်စစ်ကောင်စီတပ်စခန်းက ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး ပယင်းမှော်မှာ ရှိနေတဲ့ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

KIA ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကစလို့ ဒီကနေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို သိမ်းယူထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…