MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from The Irrawaddy - Burmese
Black List စာရင်းဝင်သူများ ပြည်ပထွက်ခွာခွင့် မပြုရေး သေချာ စိစစ်ရန် လဝက ဝန်ကြီး ညွှန်ကြား

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၄

အပြည်‌ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပထွက်ခွာသူများတွင် Black List (အမည်မည်းစာရင်း) ပါသူများ ထွက်ခွာခွင့် မပြုရေး အလေးထားဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြသည်။

နိုဝင်ဘာ ၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်၍ လေဆိပ်ရှိ CIP Lounge အစည်းအဝေးခန်းမ၌ လဝက ဝန်ထမ်းများကို တွေ့ဆုံခဲ့စဉ် အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့် မပြုမိစေရန် စနစ်တကျ စိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင် ရွက်နိုင်ရေး၊ နည်းပညာတတ်ကျွမ်းနားလည်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံ ရေးအသိ၊ လုံခြုံရေး သတိအမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။

မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံ တင်ပြ အကြောင်းကြား ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ မန္တလေးမြို့မှ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် လုပ်ဆောင်ခဲ့သဖြင့် လေဆိပ်တွင် ပတ်စ်ပို့သိမ်း၍ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် MAI လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် လေဆိပ်သို့ ရောက်ရှိစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ်အား သိမ်းဆည်း၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။

"ဦးအောင်နဲ့ ပတ်သက်ပြီးတော့ ပတ်စပို့သိမ်းပြီး အိမ်ပြန်ခိုင်းတယ်ဆိုတာမျိုးတော့ သတင်းကြားရတာမျိုးပဲ ရှိတယ်၊ အခုက ကြိုတင် ခွင့်ပြုချက် မတောင်းလို့ ပတ်စ်ပို့အသိမ်းခံရတာလို့တော့ ပြောနေကြတာပဲ၊ ဦးအောင်က အရင်ကတည်းက ထိုင်းကို အခုလိုမျိုး မကြာခဏ သွားနေတာပဲလေ၊ အခုမှ ဘာကြောင့်ခွင့်မပြုတာလဲဆိုတာတော့ မသိရဘူး”ဟု နီးစပ်သူတဦးက ပြောသည်။

ဦးအောင်ဆန်းဝင်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်များ၊ နိုင်ငံခြားငွေလဲလှယ်သူ ၁၁ ဦးကို ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်စေရန် ဆောင်ရွက်မှု၊ ရွှေစျေးကစားမှုများဖြင့် စစ်ကောင်စီက ဖမ်း၀ရမ်း ထုတ်၍ ပြည်ပထွက်ခွာခွင့် ပိတ်ကာ အမည်မည်းစာရင်း(Black List) သွင်းထားကြောင်း သိရသည်။

၎င်းတို့အား ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ဖမ်း၀ရမ်းထုတ်ခဲ့သလို ရွှေကုန်သည်နှင့် ဝယ်ရောင်း ၂၁ ဦးကိုပါ ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ထိုသို့ ဖမ်းဝရမ်းထုတ်ခံထားရသူများ ပြင်ပတွင် လွတ်လပ်စွာ သွားလာနေမှုနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် “နိုင်ငံတော်က ဝရမ်းထုတ်ထားသော်လည်း ဥပဒေအထက်မှာ နေ၍ အပြင်မှာ အေးဆေး နေခွင့်ရကြသူများ၊ ရွှေရောင်းတဲ့ မျက်နှာတွေမို့ အတော်ကြီးပုံရတယ်”ဟု မကြာခဏ ရေးသားဖြန့်ဝေ နေကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ယနေ့ ကူမင်းမြို့ Hualuxe hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် လျှပ်စစ် ဓာတ်အား ဖွံ့ဖြိုးရေးအပါအဝင် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကိစ္စရပ်များကို ပြောဆိုသည်။

Website တွင် ဖတ်ရန် https://bit.ly/3YzATHF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
နယ်စပ်တည်ငြိမ်ရေး စစ်ခေါင်းဆောင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဖွဲ့ဝင်တို့ ဆွေးနွေး

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E.Mr Wang Ning တို့ နိုဝင်ဘာ ၅ ရက်တွင် ကူမင်းမြို့၌ တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံရောက်နေသည့် စစ်ခေါင်းဆောင်က ကူမင်းမြို့တွင် H.E.Mr Wang Ning နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား စီးပွားရေးအရ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံသဘောတူပြီးဖြစ်သည့်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရေးတို့ကို ဆေးနွေးခဲ့ကြောင်းလည်း ယနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။

စစ်ခေါင်းဆောင်က မြန်မာနှင့်ယူနန်ပြည်နယ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် နယ်စပ်ဒေသတည်ငြိမ်မှသာလျှင် ကုန်သွယ်မှု ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် တရုတ်အစိုးရမှ မြန်မာဘက်သို့ တင်ပို့နေသော လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ စသည့် ကုန်ပစ္စည်းများကို တင်ပို့မှု ပိတ်ပင်ထားသည်မှာ ရက်သတ္တပတ် သုံးပတ်ကျော် ကြာမြင့်နေသဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသရှိ သုံးစွဲသူများ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည်။

ဓာတ်ပုံ - The Military

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
အေလာလေဆိပ် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ထား

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

နေပြည်တော်ကောင်စီနယ်မြေရှိ အေလာလေဆိပ်အား နိုဝင်ဘာ ၅ ရက် နံနက်တွင် ဒရုန်း ၃ စင်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း စစ်ကောင်စီက ယမန်နေ့ညက ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) သို့ တက်ရောက်ရန် ယမန်နေ့ နံနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် အေလာလေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက် နံနက် ၈ နာရီ ဝန်းကျင်တွင် ဒရုန်း ၃ စင်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

Fixed Wing ဒရုန်း ၃ စင်းဖြင့် လာရောက် တိုက်ခိုက်သည်ကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင် ထောက် လှမ်းသိရှိခဲ့ရပြီး ပစ်ချခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြောင်ရေရွာအနီး ၁ စင်း၊ ကြံခင်းစုရွာအနီး ၁ စင်းနှင့် နနွင်းအိုင်ကျေးရွာအနီး ၁ စင်းတို့အား ဗုံးသီးများနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကာ နည်းပညာအကူအညီနှင့် စတင် ပစ်လွှတ်သည့်နေရာ များဖော်ထုတ်နိုင်ခဲ့သလို အဆိုပါ နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။

အေလာလေဆိပ်ကို ပြီးခဲ့သည့် ဧပြီနှင့် ဇူလိုင်လအတွင်းကလည်း PDF အထူးတပ်ဖွဲ့များက မောင်းသူမဲ့ ဒရုန်း အစင်း ၃၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့သလို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ထားပြီး ယခု တိုက်ခိုက်မှုအား မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုမူ ယနေ့ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဓာတ်ပုံ- CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကျဆင်းနေသည့် စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကို စစ်ကောင်စီဖိတ်ခေါ်

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းမှုကြောင့် ကျဆင်းနေသည့် စိုက်ပျိုးရေးကဏ္ဍအား တရုတ်ရင်းနှီးမြှုပ်နှံမှုများ လာရောက်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel၌ ပြုလုပ်သော တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရာသီဥတုကောင်းမွန်မှုနှင့် မြေအကျယ်အဝန်းရှိပြီး အရှေ့တောင် အာရှ ဒေသတွင် ဟက်တာ ၆၅ သန်းကျော်ရှိသော လယ်ယာမြေ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကာ စိုက်ပျိုးမြေ ၂၀ ရာခိုင်နှုန်းကျော်သာ စိုက်ပျိုးနိုင်သေးသောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် အခွင့်လမ်းကောင်းများ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးရေး နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေသဖြင့် ရင်းနှီးမြှုပ်နှံမှုမှတဆင့် နည်းပညာလွှဲပြောင်း ရယူရေး၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး ထုတ်ကုန်နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ဂေဟစနစ်ရေရှည်ထိန်းသိမ်းထားနိုင်သော ထုတ်ကုန်များ ထုတ်လုပ်ရေးတို့ကို ပူးပေါင်း ဆောင်ရွက်လိုသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

စိုက်ပျိုးရေးကဏ္ဍ၌ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေး လိုအပ်ချက်များရှိနေသဖြင့် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန် မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေသလို စိုက်ပျိုးနိုင်သည့် လယ်သမားမှာလည်း စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများကြောင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု များနေသဖြင့် လုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

ပုံစာ-နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်/ MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
စစ်ခေါင်းဆောင်က ကမ္ဘောဒီးယား၊ လာအိုဝန်ကြီးချုပ်တို့နှင့် တွေ့ပြီး မြန်မာ့အရေး ရှင်းပြ

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၄

တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသော ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေများ ရှင်းပြခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့် အဖွဲ့ဝင်များကို Green Lake ဟိုတယ်၌လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဥ် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရေး ဆောင်ရွက်သည့်အခြေအနေများနှင့် အာဆီယံအတွင်းဆောင်ရွက်နေမှု၊ အာဆီယံ အစည်းဝေးများတွင် မြန်မာပါဝင်မှု စသည်တို့ကို ရှင်းလင်းပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လိုအပ်သည့် အခြေအနေများ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ်များက ကူညီဆောင်ရွက်မည့် အခြေအနေများ၊ သံတမန်ဆက်ဆံရေးဆိုင်ရာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ခေါင်းဆောင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရေး ပြောဆိုနေသော်လည်း နိုင်ငံတဝန်း တိုက်ပွဲများကြောင့် မြို့နယ်အများစု၌ တည်ငြိမ်မှုမရှိသလို အဓိက အတိုက်အခံပါတီကြီးများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ဦးဆောင်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ထားသည်။

ဓာတ်ပုံ - CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
MSI - MYANMAR SOCIETY INFORMATIONS
Photo
မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကိုပဏာမစာရင်းတွင် ပါဝင်

ဧရာဝတီ၊ နိုဝင်ဘာ ၇၊ ၂၀၂၄

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် - Intangible Cultural Heritage (ICH) ပဏာမစာရင်းတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ပါဝင်လာကြောင်း သိရသည်။

အဆိုပါ ပဏာမစာရင်းဝင်များကို ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင် ဆုံးဖြတ်မည်ဖြစ်သည်။

ယခုလို ယူနက်စကို၏ ICH ပဏာမစာရင်းတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ပါဝင်လာခြင်းသည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ရန် သေချာသလောက်ရှိနေကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက သုံးသပ်ထားသည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် စစ်ကောင်စီက ၂၀၂၃ ခုနှစ် မတ်လ၌ ယူနက်စကိုသို့ တင်ပြထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင်လည်း နှစ်စဥ်ဧပြီလတိုင်း ကျင်းပလေ့ရှိသည့် ဆုန်ခရန် (သင်္ကြန်ပွဲ) ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ၂၀၂၃ ဒီဇင်ဘာ ၆ ရက်၌ ယူနက်စကိုက သတ်မှတ်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
The Irrawady
Forwarded from The Irrawaddy - Burmese
တိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရ၍ တွေ့ဆုံဆွေးနွေးအဖြေရှာရန် စစ်ခေါင်းဆောင်ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၇၊ ၂၀၂၄

နိုင်ငံအတွင်း ကြုံနေရသည့် သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင်ပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများဖြင့် ဖြေရှင်းနေကြခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရခြင်းဖြစ်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အဖြေရှာခြင်းနည်းလမ်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများအား တိုက်တွန်းလိုသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

ယနေ့ ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ၌ ထိုသို့ ထည့်သွင်းပြောဆိုသည်။

နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့် မည်သည့်အခက်အခဲ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသား ပြည်သူများနှင့်အတူ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် နိုင်ငံတော်အစိုးရဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှု၊ ဖျက်ဆီးမှုအန္တရာယ်များကို တွန်းလှန်ချေမှုန်းလျက်ရှိရာ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လည်း စစ်ခေါင်းဆောင်က ဆိုသည်။

၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၇ ရက်ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပြီး ယခင် ခရိုင် ၄ ခုနှင့်မြို့နယ် ၇ ဖြင့် ဖွဲ့စည်းထားသော ကရင်ပြည်နယ်ကို ၎င်းတို့တာဝန်ယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကြာအင်းဆိပ်ကြီး နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင်အဆင့်တိုးမြှင့်ဖွဲ့စည်းထားပြီး ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

၁၉၅၂ ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေအမှတ် ၁၄ အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသများဖြစ်သည့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံနှင့် သံတောင်ကြီးမြို့နယ်တို့ကို ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခဲ့ပြီး ၆ မြို့နယ်ဖြင့်လည်းကောင်း၊ ၁၉၆၀ မတ်လ ၁ ရက်တွင် မြဝတီမြို့အား မြို့နယ်သတ်မှတ်ခဲ့၍ စုစုပေါင်း ၇ မြို့နယ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟု စစ်ခါင်းဆောင်က ပြောသည်။

စစ်အာဏာရှင်များက သတ်မှတ်ပေးခဲ့သည့် ကရင်ပြည်နယ်နေ့ကို ကရင်လူထုက အသိအမှတ်မပြုလက်မခံကြသလို ကရင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တန်းတူအခွင့်အရေးရရှိရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် တော်လှန် တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်း ၇၀ ကျော်တိုင်နေပြီဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေ၌ စစ်ကောင်စီကိုရန်သူအဖြစ်သတ်မှတ်၍ ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းသွားမည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပုံစာ -NCA လက်မှတ်ထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၃ ခုနှစ်က တွေ့ဆုံခဲ့စဉ်/ MOI
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
စစ်ကောင်စီသံအမတ်ခန့်အပ်လွှာ ရုရှားသမ္မတ လက်ခံ

ဧရာဝတီ၊ နိုဝင်ဘာ ၇၊ ၂၀၂၄

စစ်ကောင်စီ ခန့်အပ်ထားသည့် ရုရှားနိုင်ငံဆိုင်ရာ သံအမတ် ဦးသစ်လင်းအုန်း၏ ခန့်အပ်လွှာအား ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

သံအမတ် ဦးသစ်လင်းအုန်းကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်မှ ရုရှားနိုင်ငံသံအမတ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဦးသစ်လင်းအုန်းသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၂၅ ဆင်းဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်မှ အငြိမ်းစားယူခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကူးပြောင်းခဲ့ကာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ တွင် တရုတ်နိုင်ငံဆိုင်ရာသံအမတ်အဖြစ် ခန့်အပ်ခံရသည်။

ထို့နောက် ၂၀၁၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်အဖြစ် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသည်။

ဓာတ်ပုံ - MOFA

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ရွှေရောင်းဝယ်လုပ်ငန်းလိုင်စင်လျှောက်ရန် စစ်ကောင်စီ သတိပေး

ဧရာဝတီ၊ နိုဝင်ဘာ ၇၊ ၂၀၂၄

ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီ ကြေညာပြီးနောက်ပိုင်း ယခုလ ၁၈ ရက်မှစတင်၍ တိုင်းသို့မဟုတ် ပြည်နယ် ကနဦး စိစစ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးများတွင် လိုင်စင်လျှောက်ထားရန် ယနေ့ အသိပေးထားသည်။

ထို့ပြင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် လိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာလျှင် အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

ရွှေလုပ်ငန်းရှင်တဦးက “လိုင်စင်တွေက များနေပြီး တခုပြီးတခု လုပ်နေရတာ။ ဒါပေမယ့် သူတို့ (စကစ) တင်ခိုင်းရင် တော့ တင်ရမှာပေါ့။ မတင်ထားရင်လည်း သူတို့ အရေးယူချင် ယူလို့ရတာလေ။ ရွှေဈေးကတော့ အခု YGEA ကပဲထုတ်နေတာ။ စစ်ကောင်စီကတော့ မလာသေးဘူး။ ဘယ်ကနေ ကြေညာမလဲဆိုတာလည်း မသိရသေးဘူး။ စစ်ကောင်စီ ပြဋ္ဌာန်းတဲ့အတိုင်း တိတိကျကျသာ လုပ်ရင်တော့ ရွှေဈေးကွက်မှာ အရောင်းအဝယ် အဆင်ပြေတော့မှာ မဟုတ်ဘူး။ ကမ္ဘာ့ရွှေဈေးက အချိန်နဲ့အမျှ ပြောင်းနေတာ” ဟု ဧရာဝတီသို့ ပြောသည်။


ပြီးခဲ့သည့် နှစ်အတွင်းကလည်း အဖိုးတန်သတ္တု လိုင်စင်မရှိဟုဆိုကာ ရွှေဆိုင် ၅ ဆိုင်အား ၆လခန့် ရောင်းဝယ်ခွင့် ပိတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။


ထို့ပြင် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၊ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်တို့ တွေ့ဆုံပြီး ရွှေဈေးကွက်အတွင်း လုပ်ကိုင်ရခက်ခဲသည့် ကိစ္စရပ်များအား စစ်ကောင်စီထံ တင်ပြရန် စီစဉ်နေကြောင်း သိရသည်။


လက်ရှိ ရွှေဈေးကွက်မှာ အရောင်းအဝယ်ပါးနေပြီး အကယ်ဒမီအခေါက် ရွှေ တကျပ်သားလျှင် ကျပ် ၆၂ သိန်းကျော်၊ ၆၃ သိန်းကျပ်ဝန်းကျင်၌ရှိနေကာ YGEA သတ်မှတ်ဈေးမှာ တကျပ်သား ကျပ် ၅၅ သိန်းကျော်တွင် ရှိနေသည်။

ဓာတ်ပုံ- ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR