MinHla NLD
5 subscribers
17 photos
5 links
ပဲခူးတိုင်း မင်းလှNLD
Download Telegram
ဇွန်လ၁၉ရက်မှာ ကျရောက်မည့် အမေစုရဲ့ (၇၈)နှစ်ပြည့် မွေးနေ့မှာ ပန်းပန်ပြီး ဆန္ဒထုတ်ဖော်မည်

“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”

၁၉ဇွန်_ပန်းသပိတ်

အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ‌တဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာက‌ရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။

ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူးသဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ။

ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။

လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။

လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့။

Freedom_from_Fear

ကြောက်ခေတ်ကို_မှောက်ပစ်

June19_FlowerCampaign

တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြမည့်_၁၉ဇွန်

အရေးတော်ပုံ အောင်ရမည်။

#minhlanld
သတင်းထုတ်ပြန်ချက်အမှတ် (၈ /၂၀၂၃)
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၁၄) ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nld.cwc@protonmail.com

၁။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၉ ရက်နေ့ တွင် အာဏာလုစစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့သည်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ သိရပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိသည်။

၃။ မတရားဖမ်းဆီးခံရစဉ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊
(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ ဟူသော အချက်များနှင့် ကွဲလွဲနေပါသည်။

၄။ သို့ဖြစ်ပါ၍ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင် သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

#minhlanld
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nld.cwc@protonmail.com

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၉) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၁၀/၂၀၂၃)

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဉ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည်။

၂။ ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် (၃၁.၀၇.၂၀၂၃) နေ့တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။

၃။ ထိုကိစ္စနှင့်စပ်လျဉ်း၍ (၈.၈.၂၀၂၃) နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အဆိုပါ အစည်းအဝေးမှနေ၍ အများသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။
(၀၈.၀၈.၂၀၂၃) နေ့တွင်ကျင်းပသော ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

#minhlanld
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nld.cwc@protonmail.com

ရက်စွဲ ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ (၂၇) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၃)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မူလစတင်တည်ထောင်စဉ်ကပင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များထား၍ ရပ်တည်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ပါသည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင်အထည်ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။

၃။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း ၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိ အမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်သည်။

၄။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်း‌ အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း (၁၅,၈၃၈) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‌အဖွဲ့ဝင်(၁,၇၆၉) ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ (၄,၀၁၁)ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၉၇) ဦး ပါဝင်ခဲ့ပါသည်။

၅။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ (၆၈၈) ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့သည်။ ထို့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ‌ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့သည်။

၆။ စစ်ဖက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆင့်ဆင့်သော ပါတီရုံးခန်း များတွင် ရုံးလုပ်ငန်းများကို မဆောင်ရွက်နိုင်သော်လည်း အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားများကို စုစည်းကာ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် နွေဦးတော်လှန်ရေးကြီး အောင်မြင် စေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိပြီး ပါတီဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။

၇။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အလိုက် ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်းလမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

၈။ မြန်မာ့အကြပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းမေတ္တာ ရပ်ခံအပ်ပါသည်။

၉။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက် ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

#minhlanld
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nld.cwc@protonmail.com

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၁၁) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၃/၂၀၂၃)

၁။‌ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဥ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာဖြိုခွင်းခဲ့ပါသည်။

၂။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေးအကြောင်းပြ၍ အရပ်သားပြည်သူလူထု၏အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှု များကိုသိမ်းဆည်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက် ကျူးလွန်လျက်ရှိပါ သည်။

၃။ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့မှ ရရှိထား သော စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုစာရင်းများအရ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများတွင် (၁၀) ဦး နှင့်အထက်ဖြစ်စဥ်များမှာ-
စဉ် နေ့ရက် ဖြစ်ပွားသည့်
တိုင်းဒေသကြီး/ ပြည်နယ် မြို့နယ် ကျေးရွာ သတ်ဖြတ်
ခံရသည့် ဦးရေ
(က) ၉-၉-၂၀၂၁ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာ ၂၀ ဦး
(ခ) ၇-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာ ၁၁ ဦး
(ဂ) ၂၅-၁၂-၂၀၂၁ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ၃၀ ကျော်
(ဃ) ၂၅-၁၂-၂၀၂၁
၂၆-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ ၁၈ ဦး
(င) ၃၁-၁-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာ ၂၀ ဦး
(စ) ၂၅-၂-၂၀၂၂ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာ ၁၉ ဦး
(ဆ) ၁-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာ ၁၇ ဦး
(ဇ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာ ၁၁ ဦး
(ဈ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သိမ်တော်ရွာ ၁၄ ဦး
(ည) ၆-၆-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာ ၁၁ ဦး
(ဋ) ၂၅-၆-၂၀၂၂ မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ ၁၀ ဦး
(ဌ) ၁၈-၇-၂၀၂၂ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာ ၁၅ ဦး
(ဍ) ၉-၈-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ ၄၀ ဦး
(ဎ) ၁၁-၈-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ ၁၈ ဦး
(ဏ) ၁၆-၉-၂၀၂၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ၁၅ ဦး
(တ) ၂၃-၁၀-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ ၆၂ ဦး
(ထ) ၁၆-၁၁-၂၀၂၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ၁၂ ဦး
(ဒ) ၁၈-၂-၂၀၂၃ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကိုးတောင်ဘို့ရွာ ၁၅ ဦး
(ဓ) ၂-၃-၂၀၂၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ ၁၆ ဦး
(န) ၁၁-၄-၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ၁၆၈ ဦး
(ပ) ၁၀-၅-၂၀၂၃ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ ၂၀ ဦး

၄။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၉) ရက်၊ ည ၁၁း၃၀ နာရီခန့်က ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းသို့လည်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ကို ကြားသိရသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မိသားစုဝင်များနှင့် ထပ်တူ ကြေကွဲဝမ်းနည်းမိပါသည်။

၅။ အထက်ဖော်ပြပါဖြစ်စဥ်များအရ အကြမ်းဖက်စစ်ကောင်စီသည် လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေသဖြင့် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

၆။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်များဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ယခုထက်ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

#minhlanld
2
2
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
nldcwc@protonmail.com

ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်

အထူးဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်

၁။ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သဘာပတိအဖွဲ့၏နာယကကြီး သူရဦးတင်ဦး အသက်(၉၈)နှစ် သည် ၂၀၂၄ ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက် ၈:၄၆ နာရီအချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွား ပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီးမားသောနစ်နာဆုံးရှုံးမှုတရပ်ဖြစ်သည့်အပြင် ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံးကလည်း စိတ်နှလုံးထိခိုက် ဝမ်းနည်းကြေကွဲနေကြမည်ဟု ယုံကြည်ပါသည်။

၂။ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခက်ခဲကြမ်းတမ်းလှသည့် ဒီမိုကရေစီခရီးကြမ်းတလျှောက်တွင် မားမားမတ်မတ်ရပ်တည်၍ ဦးစီးဦးဆောင်ပြုကာ ပါတီတွင်းညီညွတ်ရေး၊ ပါတီပြင်ပ ညီညွတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်‌အောင်ကြိုးပမ်းခဲ့သည့် ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။

၃။​ဘဘဦးတင်ဦးသည် အသက်အရွယ်ကိုပင်မငှဲ့ကွက်ပဲ မြန်မာပြည်တစ်နံတစ်လျား အဖွဲ့ချုပ် အောင်နိုင် ရေးခရီးစဉ်များတွင်လည်း အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အောင်နိုင်ရေးခရီးများ၊ စည်းရုံး ရေးခရီးများသို့ လိုက်ပါဆောင်ရွက်ခဲ့သည့်အပြင် အညာစုအရေးအခင်းနှင့် ဒီပဲယင်းအရေးအခင်းများတွင် လည်း သေကံမရောက်သက်မပျောက်ပဲ ဒီမိုကရေစီရေးအတွက် ဆက်လက်ရှင်သန်လာနိုင်ခဲ့သူဖြစ်သည်။

၄။ ​တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတစ်ဦးပင်ဖြစ်လင့်ကစား ပြည်သူလူထုနှင့် ပါတီ အပေါ် မောက်မာရိုင်းစိုင်းစော်ကားခြင်းအလျဉ်းမရှိပဲ ရိုးသားတည်ကြည်စွာ ရပ်တည်ခဲ့သဖြင့် “ပြည်သူ ချစ်သော ဗိုလ်ချုပ်ကြီး” ဟုပင် အမည်တွင်သည့် နာယကဂုဏ်ပြည့်စုံကုံလုံသူလည်း ဖြစ်သည်။

၅။ ​ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လေးစားအားကျအတုယူဖွယ် ဂုဏ်ပုဒ်များစွာနှင့် ပြည့်စုံ လှသည့် ဘဘဦးတင်ဦး ကွယ်လွန်သွားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နာယကကြီး၏ မျှော်မှန်းချက်များ ရည်ရွယ်ချက်များကို မမှိတ်မသုန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုအပ်ပါသည်။

၆။​ဘဘ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု အဖွဲ့ချုပ်အပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု တို့သည် ကျွန်ုပ်တို့အားလုံးအတုယူစရာ၊ မော်ကွန်းတင်စရာများအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနေမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲပါ ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဘဘဦးတင်ဦး ကောင်းရာသုဂတိရောက်ရှိပါစေ


ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
2