Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မတ္တရာမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အကြမ်းဖက် စစ်သား ၁၀ ဦးသည် Alphard အမျိုးအစား အိမ်စီးကား ၁ စီးဖြင့် ကျောက်တံတားရွာသစ်မြောက်ဘက်ကို ထွက်လာစဉ် တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ တိမ်းမှောက်သွားကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်မှ ဗိုလ် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာ ရရှိသူများလည်း ထပ်မံသေဆုံးနိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ မေ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရေစကြိုမြို့နယ်၊ ရွှေချောင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးကာ အသက် ၅၁ နှစ်အရွယ် ဦးသန်းဇော်လင်း ဒဏ်ရာအပြင်းအထန် ရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရေစကြိုမြို့နယ်၊ ကျောမကြားရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်ဝင်းမြင့် ရင်ဘတ်တွင် ကျည်စ ထိမှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေစကြိုမြို့နယ်၊ ပေါက်တောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်စိုးမာ နောက်ကျောတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါကြောင်း၊ ကျောင်းဆရာမ ဒေါ်ခင်စိုးမာသည် ရေစကြိုမြို့နယ် ကမ္မတောကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ကျပြီး သူမ၏ အမျိုးသားနေထိုင်သည့် ပေါက်တောကျေးရွာတွင် လိုက်ပါနေထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မူးရူးသောက်စားကာ ညစဉ် မြို့ပေါ်လူနေ ရပ်ကွက်များ၊ မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းကားပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်တောကြီးရွာမှ ဆိုက်တွဲ မောင်းသူ ကိုဝေဖြိုးလျှံသည် ခရီးသွား ပြည်သူ ၂ ဦးကို ရေစကြိုမြို့ပေါ်ရှိ ကားဂိတ်သို့ လိုက်ပို့ပြီး အပြန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုံးပေါင်းစုံအတွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ထွက်ပြေးသွားသည်ဟုဆိုက် အမှတ် ၂ ၊ စိတ္တသုခရပ် သမဆီ စက်ဝိုင်းထဲတွင် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သည့် ကိုဝေဖြိုးလျှံ၏ ရုပ်အလောင်းကို လူမှုကူညီရေးကားဖြင့် ချက်ချင်း ယူဆောင်သွားပြီး မီးသင်းဂြိုဟ်ခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကိုဝေဖြိုးလျှံ ၏ မိဘများက ဖမ်းဆီးခံရသည့် သတင်းကြား၍ ရုံးပေါင်းစုံ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများထံ သွားရောက် မေးမြန်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေး၍ ပစ်သတ်လိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ကိုဝေဖြိုးလျှံ၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်က မီးသင်းဂြိုဟ်ပြီးပြီဟု ပြောဆိုလိုက်သည့် အတွက် မိဘများက သားဖြစ်သူ၏ ရုပ်အလောင်းကို မမြင်မတွေ့ရဘဲ ငိုယိုကာ ပြန်သွားခဲ့ကြရကြောင်း၊ သဂြိုလ်သည့် ကိစ္စ ဆောင်ရွက်လုပ်ကိုင်ပေးသူများကိုလည်း သတင်း ပေါက်ကြားရင် သတ်ပစ်မယ်ဟု စစ်ကောင်စီ တပ်သားများက ကြိမ်းမောင်းဆိုခဲ့ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ မေ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ချင်းပြည်နယ်က ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့တွေက ဒီကနေ့မှာပဲ တရားဝင် ကြေညာလိုက်ပြီး ၊ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်များတဲ့အပြင် အရှင်ဖမ်းမိ ထားတဲ့သူတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို ထုတ်ပြန်ထားပါတယ်။

- အကြမ်းဖက် စစ်ကောင်စီက စစ်တပ်ထဲမှာ ဒရုန်းတပ်ဖွဲ့ဆိုပြီး စတင်ဖွဲ့စည်းလိုက်သလို ဖောင်ကြီး အမှတ် ၅ လေကြောင်းရန် ကာကွယ်ရေးတပ်မှာ ရုရှားစစ်သားတွေက ဒရုန်းသင်တန်း ပို့ချပေးနေ တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်က ကျောက်တံတားကျေးရွာကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း ကားပေါ်မှာပါလာတဲ့ စစ်ဗိုလ် ၁ ဦးသေသွားတဲ့အပြင် ၊ ၂ ဦး ဒဏ်ရာရသွားပြီး ကားပါ မှောက်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=tbhEqmBjmXE
မြိတ်မြို့နယ်၊ တုံးဗျောကြီး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် အထိုင်ချထား သော အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မြိတ်မြို့နယ် ၊ တုံးပျောကြီးကျေးရွာ၌ အထိုင်ချထားသော စစ်ဆေးရေးဂိတ်စခန်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ မှ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တုံးပျောကြီးကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန်ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည် သူ့ကာကွယ်ရေး ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၄၀ မမ ဗုံးသီး အလုံး ၂၀ ခန့် ပြန် လည်ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တွင် တနင်္သာရီမြို့နယ်ပကဖ ရိုးမအဖွဲ့၊ တော ဗုံးကြီးအဖွဲ့ ၊တိုင်းပကဖလုံခြုံရေး၊တောင်ပံနီအဖွဲ့ ၊ကျွန်းစုပကဖ ၊မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ ၊ပု လော ပကဖနှင့် ၊ Dragon Squadဒ ရုန်းတပ်ဖွဲ့တို့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။
ဆားလင်းကြီးမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် စစ်ရှောင်တဲများနှင့် နေအိမ် တချို့ ပျက်စီး

ရန်ကုန်၊ မေ ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲများနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို လေပြင်းတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်တဲများနှင့် နေအိမ် တချို့ ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင့် သိရသည်။

"ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းက ကျေးရွာတွေကို လေပြင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ရှောင်တဲတွေနဲ့ ကျေးရွာထဲက နေအိမ် တချို့ ပျက်စီးမှုရှိတယ်။ ပြည်သူတွေ ထိခိုက်မှုကတော့ မကြားမိသေးဘူး" ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော စစ်ရှောင်တဲများနှင့် နေအိမ်များ ပြန်လည် တည်ဆောက်ရေး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။