Khit Thit Media
579K subscribers
164K photos
1.25K videos
12 files
3.49K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ လဝက် တိုက်ပွဲများအတွင်း စစ်သား ၃၇ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုတွေင် ဇူလိုင်လ လဝက် တိုက်ပွဲပေါင်း ၆၆ ကြိမ်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိပ်စစ်သည်တော်များ၊ မဟာမိတ်စစ်သည်တော်များအကြား တိုက်ပွဲ ပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြမ်းဖက်စစ်သား ၃၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူများတွင် ဗိုလ်တစ်ဦးပါဝင်ကြောင်း သိရသည်။

ထို့အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား များအတွက် ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်းလားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU အမှတ် ၅ တပ်မဟာဌာနချုပ်က ထုတ် ပြန်ထားသည်။
ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ စစ်ကောင်စီက ထားရှိသည့်နေရာတွင် နေထိုင်နေရပြီး ပြင်ပသို့ ဆက်သွယ်မှု ကန့်သတ်ထားဟု Yoma Strategic Holdings က ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၉

တစ်လကျော်ကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေသည် နေပြည်တော်တွင် စစ်ကောင်စီက ထားရှိသည့်နေရာတွင် ဆက်လက်နေထိုင်နေရပြီး ပြင်ပသို့ ဆက်သွယ်မှု ကန့်သတ်ထားသည်ဟု Yoma Strategic Holdings က ပြောဆိုကြောင်း စင်ကာပူမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေသည် ဆက်သွယ်ရေး ကိရိယာများကို အကန့်အသတ်မရှိ အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ နေပြည်တော်တွင် စစ်ကောင်စီက ထားရှိသော နေရာတွင်ပင် ဆက်လက် နေထိုင်နေရကြောင်း၊ ယင်းနေရာတွင်ပင် စစ်ကောင်စီ၏ မေးမြန်းစုံစမ်းမှု မပြီးမချင်း ဆက်လက်နေထိုင်ရန် မျှော်လင့်ထားကြောင်း ၊ သို့ရာတွင် ဦးသိမ်းဝေကို စစ်ကောင်စီဘက်က တရားစွဲဆိုထားခြင်း မရှိကြောင်း Yoma Strategic Holdings က ဆိုသည်။

ရိုးမဘဏ် အပါအဝင် စီးပွားရေးလုပ်ငန်းများကို CEO Melvyn Pun နှင့် အခြားသော အဓိက စီမံခန့်ခွဲရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ လုပ်ငန်းဌာန အကြီးအကဲများက စီမံအုပ်ချုပ်နေသဖြင့် Yoma ၏ ဘဏ္ဍာရေး၊ လည်ပတ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှု မရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေသည်ဟု ကုမ္ပဏီဘက်က ဆိုသည်။

ထို့ပြင် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် သားဖြစ်သူတို့ အပြန်အလှန် ဆက်သွယ်မှု လုပ်နိုင်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန် ပြောဆိုထားသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၁၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဆိပ်ဖြူမြို့နယ်တွင် လေယာဉ်ဆီတင်ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် အနီးအနား ကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူ

ရန်ကုန်၊ ဇူလိုင် ၁၉

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆော- ဆိတ်ဖြူလမ်းပိုင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်အနီး စစ်တပ်၏ လေယာဉ်ဆီတင်ကားကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့ သွားရောက်သည့​ေစစ်သား ၅ စီးလိုက်ပါလာသော လေယာဉ်ဆီတင်ကားတစ်စီးကို ဆော-ဆိပ်ဖြူလမ်းပိုင်း၊လေကြောင်း ရန်ကာကွယ်ရေးတပ်အနီး အရောက် မိုင်းဆွဲခြင်း၊ ပစ်ခတ်ခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူကနေ ကပစ ၂၁ ကို သွားတဲ့ လေယာဉ်ဆီတင်ကားပါ၊ ကားမီးလောင်တဲ့အထိ တိုက်ခိုက် နိုင်ခဲ့ပါတယ်၊ ကားကအရှိန်လွန်ပြီး လေကြောင်းရန်တပ်နားအထိ ရောက်သွားတော့ တပ်ကူတွေ ရောက်လာတာနဲ့ ပြန်ဆုတ်ခဲ့ရတာပါ။ တိုက် တုန်းကတော့ လက်နက်ရဖို့အထိတိုက်ခဲ့တာ။ မိုင်းဆွဲ တာက ကားမီးလောင်တယ်၊ ၂ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်။” ဟု Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကို မကျေနပ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၅ နာရီ အချိန် အင်အား ၆၀ ခန့်ဖြင့် အနီးအနားရှိ ကျစ်ပြင်ကျေးရွာအတွင်းသို့ ဝင် ရောက်ခဲ့ကြောင်း၊ ယင်းနောက် ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ဆိုင်ကယ်များ၊ ငွေသား သိန်း ၁၀၀ ကျော်တို့ကို ယူဆောင်သွားကြောင်း၊ ထိုသို့ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခိုးယူလာသော အကြမ်းဖက်စစ်သားများကို ရွာပြင်အထွက်မှ စောင့် ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၄ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို NUG အစိုးရ ၊ ကာကွယ်ရေး၀န်ကြီးဌာန Caf-Spupdf ပခုက္ကူခရိုင် အ မှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ခွဲ ၁ မှ တပ်စုမှူး တစ်ဦး လက်နက်ကြီးစထိမှန်(မစိုးရိမ်ရ)ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အညာက အလှူရှင်နည်းတော့ တော်လှန်ရေး ကြာနေတာပါ၊ တိုင်း ရင်းသားဒေသတွေလို မလှူတော့ တိုက်ပွဲတိုက်ရ၊ လက် နက်ခဲယမ်းပြန်စုရနဲ့ အတော်လေးခက်ခဲပါ တယ်။ ကျနော်တို့ လှုပ်ရှားနေရတာဆိုရင် တပ်နားပတ်ချာလည်တွေလှုပ်ရှားနေရတာ၊ လေကြောင်း ရန်နဲ့ ဝင်ယူတပ် တောင်ဘက်မြောက်ဘက်ပဲ။ အဲဒါကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု Caf-Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဗဟိုဘဏ် ညွှန်ချုပ် စစ်အရာရှိဟောင်း မင်းဟန်စိုးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား လုပ်ငန်းခွင် ပြဿနာဖြစ်ပွားနေမှု စစ်ထောက်လှမ်းရေးက လာရောက်စစ်ဆေးနေ

ရန်ကုန်၊ ဇူလိုင် ၂၀

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ဗဟိုဘဏ် ညွှန် ကြားရေးမှူးချုပ် စစ်အရာရှိဟောင်း မင်းဟန်စိုးတို့အကြား အာဏာ အားပြိုင်သည့် လုပ်ငန်းခွင် ပြဿနာများဖြစ်ပွားနေပြီး ပုဂ္ဂလိကဘဏ်များက တိုင်ကြားသည့်အတွက် စစ်ထောက်လှမ်းရေးက ဗဟိုဘဏ်တွင် အထိုင်ချ၍ လာရောက်စစ်ဆေးနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် မင်းဟန်စိုးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်း စစ်အရာရှိဟောင်းဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား ပြဿနာများဖြစ်ပွားခဲ့ကြောင်း၊ မင်းဟန်စိုး၏ ဇနီးဖြစ်သူမှာလည်း ဗဟိုဘဏ်လက်အောက်ခံ ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး လွန်ခဲ့သော ၅ လခန့်က ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ပြဿနာ တက်ရာမှ အလုပ်ထွက်လိုက်ရကြောင်း၊ ယင်းနောက် ညွှန်ချုပ် မင်းဟန်စိုးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများစွာဖြစ်ပွားလာကြောင်း၊ ဥက္ကဋ္ဌ သန်းသန်းဆွေက ဗဟိုဘဏ်၏ လုပ်ငန်းများမှာ နှောင့်နှေးမှုများမှာ မင်းဟန်စိုးကြောင့် ဖြစ်သည်ဟု အပြစ်ဖို့ကြောင်း၊ နောက်ဆုံးတွင် ပုဂ္ဂလိကဘဏ်များ၏ တိုင်ကြားမှုကြောင့် စစ်ထောက်လှမ်းရေးက ညွှန်ချုပ် မင်းဟန်းစိုးနှင့် ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား ပြဿနာကို လာရောက် စစ်ဆေးရသည်အထိ နှစ်ဖက် ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း သိရှိရသည်။

"ညွှန်ချုပ် ဦးမင်းဟန်စိုးရဲ့ မိန်းမကလည်း ဗဟိုဘဏ်မှာ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ပဲ ။ လွန်ခဲ့တဲ့ ၅ လလောက်က ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ပြဿနာတက်ပြီး အလုပ်ထွက်လိုက်ရတယ်။ အဲဒီတော့ စစ်အရာရှိဟောင်း ညွှန်ချုပ် ဦးမင်းဟန်စိုးနဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ အကြား ပြဿနာတွေ တက်ကြတယ်။ ပုဂ္ဂလိဘက ဘဏ်သူ​ဌေး​တွေက ဗဟိုဘဏ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီကို ပြန်တိုင်တယ်။ အဲဒီမှာ စစ်ထောက်လှမ်းရေးက ဗဟိုဘဏ်ညွှန်ချုပ် ဦးမင်းဟန်စိုးနဲ့ ဥက္ကဌ ဒေါ်သန်းသန်း​ဆွေတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို လာစစ်တယ်" ဟု နေပြည်တော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် မင်းဟန်စိုးသည် ယခင် ဘဏ္ဍာရေးဝန်ကြီး လှထွန်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော စစ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗဟိုဘဏ်ညွှန်ချုပ် မင်းဟန်းစိုး (နောက်တန်းဝဲဘက်)နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ။
ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာထားရာမှ ထပ်မံ တိုးမြှင့် အရေးယူမည်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလွန်စိုးရိမ်နေ

ရန်ကုန်၊ ဇူလိုင် ၁၉

ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာထားရာမှ ထပ်မံ တိုးမြှင့် အရေးယူမည်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အလွန်စိုးရိမ်နေကြောင်း နေပြည်တော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး ခေါ် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ် အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ် ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် FATF ဥက္ကဋ္ဌ T. Raja Kuma က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဘဏ်များက စစ်တပ်အတွက် စစ်လက်နက်များ ဝယ်ယူရေး နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှား ရှောင်လွဲနေသည့်အပေါ် ကုလသမဂ္ဂ၏ အစီရင်ခံစာများ ထွက်ရှိနေခြင်း၊ စစ်လက်နက်များ ဝယ်ယူရန် ငွေကြေးခဝါချမှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် FATF က အမည်ပျက်စာရင်းကြေညာထားရာမှ အဆုံးစွန် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ ထပ်မံ တိုးမြှင့် လုပ်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အလွန်အမင်း စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

" FATF က မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးအရ အရေးယူမှုတွေ လုပ်လာမှာကို တပ်ချုပ်ရော ဗဟိုဘဏ်ဘက်ကရော အရမ်းစိုးရိမ်နေတယ်။ ဒီလို အရေးယူခံရရင် လက်ရှိ ထိုးကျနေတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး အခြေအနေထက် အရမ်းကို ဆိုးဝါးသွားမယ်။ လက်ရှိမှာ FATF ရဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဗဟိုဘဏ်ဘက်က အားသွန်ခွန်စိုက် အရမ်းကို ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကုလသမဂ္ဂကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာ၊ ရှောင်တာနယ်ရဲ့ သုံးသပ်ချက်တွေ ထွက်လာတော့ ဒီဘက်က အရမ်းကို စိုးရိမ်နေကြတယ်။ FATF ရဲ့ အမည်ပျက်စာရင်းကနေပယ်ဖျက်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီပေးဖို့ အကူအညီတောင်းထားတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ရှင်းပြသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး ဆုံးဖြတ်ရန် ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာ ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုရှိလာခဲ့ကြောင်း၊ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့မှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက် ခွာခြင်းနှင့် ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန် မဖြစ်နိုင်တော့သည့်အခြေ အနေများ ပေါ်ထွန်းနေကြောင်း သိရှိရသည်။
မန္တလေးတွင် လူငယ်တချို့ကို ညအချိန် စစ်တပ်က ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲခံရမှုများရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးမြို့တွင် လူငယ်တချို့ကို ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ဆိုင်ကယ်များ စစ် ဆေး၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများရှိနေကြောင်း မန္တလေး ကင်းထောက်လူငယ်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်း မန္တလေးတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ဧည့်စာရင်းတိုင်ထားသည့်တိုင် လူငယ်တချို့ကို မသင်္ကာဟုဆိုကာ ဖမ်းဆီးသွားခြင်းများ ရှိနေကြောင်း ​ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်မှ ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ မိဘဆွေမျိုးများက ပြောဆိုသည်။

"ညနေ ၆ နာရီခွဲလောက်ပဲ ရှိသေးတယ်။ အိမ်ထဲကို အရပ်ဝတ်တွေဝင်လာပြီး ဧည့်စာရင်းစစ်မယ်ဆိုပြီး သန်းခေါင်စာရင်းထုတ်ခိုင်းတယ်။ သူတို့ပြခိုင်းတဲ့ စာရွက်စာတမ်း အစုံပါတာကို ဒီလူငယ်ကို မသင်္ကာဘူးဆိုပြီး အိမ်မှာရှိနေတဲ့ သားကို ဖမ်းသွားတယ်။ သားက အသက် ၁၉ နှစ်။ ၁၀ တန်း ၂ နှစ်ကျထားလို့ ပြန်ဖြေဖို့ စီစဉ်ထားတာ။ ဖမ်းဆီးပြီးတော့ လိုက်တော့ စစ်မှုထမ်းဖို့ သင်တန်းပို့လိုက်ပြီပြောတယ်။ စိတ်မပူနဲ့ ဆိုပြီး ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်" ဟု ဖမ်းဆီးခံရသူ လူငယ် ၁ ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် မဟာအောင်မြေမြို့နယ်အတွင်းတွင်လည်း ပြည်သူများကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ဖမ်းဆီးမှုတချို့ရှိနေကြောင်း၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ခဝါခြံ၊ ဆီစက်၊ ဒေးဝင်းအနောက်ရပ်ကွက်၊ နတ်ဝင်း၊ ပွတ်တန်း၊ ပုဏ္ဏားကုန်းဝင်း
ပဲဝင်း၊ မျက်ဝင်း၊ ရှမ်းဝိုင်း၊ လန်ဒန်ဝင်း၊ လယ်ကြီးချောင်း၊ သပြေညွန့်၊ သာသနာပိုင်၊ ဥပုသ်တော် ရပ်ကွက်များတွင် လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိနေကြောင်း မန္တလေး ကင်းထောက်အဖွဲ့ဖြစ်သော VoMDY က ဆိုသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှ ပြည်သူတစ်ဦးက " ရာအိမ်မှူးက ပြောတာကတော့ တစ်လကို လူငယ် အရင်က ၂ ဦး စစ်မှုထမ်းရမှာကနေ အခုကတော့ တစ်လကို လူငယ် ၅ ဦးအထိ စစ်မှုထမ်းဖို့ တိုးခေါ်မယ်ပြောတယ်။ ပြည်သူ့စစ်သင်တန်းတက်ရင်တက်၊ မတက်ရင် ပြည်သူ့စစ်မှုထမ်း နဲ့ စစ်အခြေခံကျောင်းမှာ စစ်သားသစ်လုပ်ရမယ်ပြောတယ်။ လူငယ်တွေကတော့ ရှောင်ကုန်ကြပြီ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော မန္တလေးတွင် တော်လှန်ရေးတပ်များက ရောက်ရှိ တိုက်ခိုက်နိုင်သည်ဆိုသော ပြောဆိုမှုများ လူထုအကြား ပြန့်နှံ့နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်ထဲသွပ်သွင်းခံရသည့် လူငယ်များ။
တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီး စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄ ရက် ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံဿို့ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာဘက်ကို အကြမ်းဖက် စစ် တပ်က အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ ကြောင်း၊ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်သားများ စခန်းချနေသည့် နေရာကို တောင်သာမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ရှောင်တခင် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး G3 အမျိုးအစားသေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်သာပလဖ၊ မိတ္တီလာ ပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ ၁၆ ရက် နေ့နှင့် ၁၇ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်သားများက ဇရပ်ကြီးရွာကို မီးရှို့ နေစဉ် တောင်သာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း (MDDS ) ၊ မြင်းခြံခရိုင်ရင်း၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၈ နှင့် မလိုင်ပကဖတို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ မြေပြင်မှ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး မျက်သေဆုံးကြောင်း၊ မူး ယစ်ဆေးဝါးများသုံးစွဲထားသဖြင့် အကြောက်အလန့်မရှိသော စစ်သားများက ဇွတ်အတင်း တိုးဝင် လာသဖြင့် အသင့်ထောင်ထားသော မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် ဇရပ်ကြီးရွာမှ သေ ဆုံး၊ ဒဏ်ရာရ အလောင်းများကို ထမ်းစင်များဖြင့် ထမ်းသယ်ပြီး ဆုတ်ခွာသွားကြောင်း၊ ထိုသို့ စစ် ကြောင်း ဆုတ်ခွာသွားစဉ် မြင်းခြံခရိုင် တပ်ရင်း ၄ ၊ ခရိုင်ဒရုန်းTeam တို့မှ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇရပ်ကြီးရွာအတွင်း၌ ၄ ရက် ဆက်တိုက် အနီးကပ် တိုက်ပွဲ ၃ ကြိမ်၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ကြိမ်ကို တောင်သာမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ တောင်သာ ပလဖ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၈ ၊ တရင်း ၉ ၊ မလှိုင် ပကဖ အဖွဲ့ နှင့် နွားထိုးကြီး ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး လက်တွဲညီညီ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ G3 အမျိုးအစားသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးရဲဘော်တစ်ဦး တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- တစ်လကျော်ကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေဟာ နေပြည်တော်မှာ စစ်ကောင်စီက ထားရှိတဲ့နေရာမှာပဲ ဆက်လက်နေထိုင်နေရပြီး ပြင်ပကို ဆက်သွယ်မှု ကန့်သတ်ထား တယ်လို့ Yoma Strategic Holdings က ပြောဆိုကြောင်း စင်ကာပူကလာတဲ့သတင်းတွေအရ သိရပါတယ်။

- ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ဇူလိုင်လ လဝက် တိုက်ပွဲပေါင်း ၆၆ ကြိမ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်ဆီက သိရပါတယ်။

- ရှမ်းပြည်နယ်၊ သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။





https://www.youtube.com/watch?v=WFNb7mSosp8
ဘင်္ဂလားဒေ့ရှ် အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်ထားသည့် စနစ် ဖျက်သိမ်းရေး ကျောင်းသားဦးဆောင်သော ဆန္ဒပြ ပွဲကို အစိုးရက အကြမ်းဖက် နှိမ်နင်းမှု သေဆုံးသူ ပြည်သူ ၆၇ ဦးရှိလာ၊ တစ် နိုင်ငံလုံး ကာဖျူးအမိန့်ထုတ်

ရန်ကုန်၊ ဇူလိုင် ၂၀

ဘင်္ဂလားဒေ့ရှ် အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်ထားသည့် စနစ် ဖျက်သိမ်းရေး ကျောင်းသားဦးဆောင်သော ဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက် နှိမ်နင်းရာ သေဆုံးသူ ပြည်သူ ၆၇ ဦးရှိလာကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး မငြိမ်မသက်မှုများနှင့် အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကို တန်ပြန်သော ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်သည်။

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်သည့် သွေးချောင်းစီး ဆန္ဒပြပွဲများ အတော မသတ်နိုင်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံအတွင်း လုံခြုံရေးသတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကိုတာ စနစ်နှင့် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ပေးသည့် မူဝါဒကို မကြိုက်၍ ကျောင်းသားများနှင့် လူငယ်များက ဆန္ဒပြပွဲ ဖော်ဆောင်နေရာ အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် နှစ်ဖက် မငြိမ်မသက် ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပေါ်လာလျက်ရှိသည်။

ယခင်က ဆိုင်းငံ့ထားသည့် အစိုးရအလုပ်အကိုင်အခွင့်ထူး သတ်မှတ်ချက် စည်းမျဉ်းကို ပြန်လည်ကျင့်သုံးရန် ပြင်ဆင်ရာကနေ ဆန္ဒပြပွဲကို အစပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူများ၏ သားသမီးများမှာ အစိုးရဝန်ထမ်းနေရာအတွက် တရားဝင်မဟုတ်သည့် မျက်နှာသာပေးခြင်းကို ရရှိထားကြသည်။

ထိုစနစ်ကို ဆန့်ကျင်ကြသည့် ကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် ပဋိပက္ခမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

ဆန္ဒပြကျောင်းသားများနှင့် လူငယ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက အခြားနည်းလမ်းဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခြင်းကို ကျောင်းသားထုက ပယ်ချခဲ့ကြောင်း၊ အစိုးရရာထူးအတွက် ယခင်စည်းမျဉ်းများအား ကျင့်သုံးခြင်းကို ပယ်ဖျက်ရမည်ဟု တောင်းဆိုနေကြသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုင်းငံ့ထားသည့် မူဝါကို ပြန်လည်အသက်သွင်းနေဆဲဖြစ်ပြီး ကျောင်းသားထုနှင့် လူငယ်များက ဆန္ဒပြပွဲတွင် တုတ်များကိုင်ဆောင်သည်အထိ ဖြစ်လာပြီးနောက် နိုင်ငံပိုင်ရုပ်သံအဆောက်အဦးကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။

ဝန်ကြီးချုပ် ဟာဆီနာက ဆန္ဒပြမှုပွဲအတွင်း သေဆုံးဖြစ်စဉ်များကို ရှုတ်ချထားပြီး လူသတ်မှုမြောက်သည်ဟု ပြောနေသော်လည်း ဆန္ဒပြသူများက အစိုးရကပဲ သတ်နေခြင်းဖြစ်သည်ဟု တုန့်ပြန်ထားသည်။

ဆန္ဒပြပွဲအတွင်း သေဆုံးသူများထဲတွင် ကျောင်းသားလူငယ်များအပါအဝင် သတင်းထောက်တစ်ဦးကလည်း ပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင်တစ်နိုင်ငံလုံး အလုပ်မဆင်းဘဲ အထွေထွေသပိတ်ဆင်နွှဲရန် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အကြမ်းဖက် ကိုင်တွယ် သတ်ဖြတ်မှုများကြောင့် အခြေအနေမှာ ပိုမို ဆိုးဝါးလာဖွယ်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများက ဆိုသည်။

ဆန္ဒပြပွဲများ၏ အခြေခံအကြောင်းတရားဖြစ်သော နှစ်စဉ် အစိုးရ အလုပ် အကိုင် ၃၀၀၀ ကို ဘွဲ့ရ လူငယ် ၄ သိန်းဝန်းကျင်က ဝင်ရောက်ယှဉ်ပြိုင်ရပြီး လွတ်လပ်ရေးစစ်ပြန် မိသားစုဝင်များမှာမူ အစိုးရအလုပ်အကိုင်ကို ဦးစားပေးစနစ်ဖြင့် ရရှိနေသဖြင့် ခွဲခြားဆက်ဆံမှုဟုဆိုကာ ကျောင်းသားများက ဆန္ဒပြကြခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်ကို တည်ငြိမ်မှုရှိပြီး လစာကောင်းသော အလုပ်အကိုင်အဖြစ် လူကြိုက်များကြခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်သည်။