Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
သံတွဲဒေသ တိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားပြီး အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကိုလည်း AA က သိမ်းပိုက်ထား

■ မောင်တော ဒေသရှိ နခခ ၂ ၊ နယ်ခြားစောင့်တပ်စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီး စစ်သား အလောင်း ၃၅၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ သံတွဲဒေသ တိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိပြီး ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားကြောင်း ရခိုင်တပ်တော်က ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

သံတွဲ အခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် AA က သိမ်းပိုက်လိုက်ပြီး သံတွဲမြို့အနီး ပတ်ဝန်းကျင်ရှိ အခြားသော အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ ခမရ (၅၆၆) ကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟိုတယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များ ဆင်နွှဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ဖြင့် ခုခံနေသော သုံးထပ်တိုက်နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားရှိ နေရာများကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လည်းကောင်း၊ ငပလီ (မဇင်) လေဆိပ်အနီး လေဆိပ် အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀၀ ခန့်ဖြင် ခုခံစစ် ဆင်နွှဲနေသော နေရာများကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ငပလီ (မဇင်) လေဆိပ်ကိုလည်း ရခိုင်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး ယင်း တပ်ရင်းများ အားလုံးနီးပါးကို အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံတွဲဒေသတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် စစ်သား အလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သံတွဲ အခြေစိုက်တပ်ရင်းဖြစ်ပြီး တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် ခလရ (၅၅) တပ်ရင်းကို AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ်သေားများကို လိုက်လံ ချေမှုန်းလျက်ရှိကြောင်း၊ ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မ လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိပြီး ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများသည် ယခုအချိန်ထိ ပြင်းထန်လျက်ရှိကြောင်း AA က ပြောဆိုသည်။

သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ (ရီစင်)နှင့် ဂွေ့ချောင်းကျေးရွာ အကြားတွင် ခလရ(၅၅) နှင့် အာရက္ခတပ်တော်တို့ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် စတင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သံတွဲမြို့သိမ်း တိုက်ပွဲစတင်ခဲ့ကြောင်း၊ အစောပိုင်းတွင် ထိတွေ့မှု အနည်းငယ်သားဖြစ်ပွားခဲ့ပြီး မေ၊ ဇွန်လများတွင် နေ့စဉ် နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်း နီးပါး ပြင်းထန်နေခဲ့ကြောင်း၊ ဇွန်လအတွင်း နှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်ခဲ့ကြောင်း သိရသည်။

သံတွဲ ဒေသအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့နှင့် Myanmar Navy SEALs တပ်ဖွဲဝင်များပါဝင်ကာ ဖမ်းဆီးရမိသော စစ်သု့်ပန်း အချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့ စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။

သံတွဲမြို့သိမ်း တိုက်ပွဲများ အတွင်း ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော ၅ စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေကြောင်း၊ ရခိုင်တပ်တော် အနေဖြင့် ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံး နှင့်
အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့ကြောင်း ရခိုင်တပ်တော်က ပြောဆိုသည်။

ရခိုင်တပ်တော် သည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၆ မိနစ်ခန့်တွင် အမ်းမြို့နယ်ရှိ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော "တောဟိန်းတောင်ဗျူဟာ" ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်း ဗျူဟာကုန်းကို ဧပြီလ ၁၅ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းကြီး တစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အာရက္ခတပ်တော်၏ စစ်သည်တော်များမှ ထိုက်သင့်သော ပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်နိုင်မှုအောက်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဆိုပါ ဗျူဟာကုန်းမှ ရန်သူ့အလောင်း အမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရခိုင်တပ်တော်က အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ ချေမှုန်း တိုက်ခိုက်လျက်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မောင်တောဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများ ဖြစ်သော နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့သူကြီးစခန်းနှင့် အခြားသော စခန်းများကိုလည်း မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိပြီး နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် AA က သိမ်းပိုက်လိုက်ပြီး ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရရှိပြီး နခခ (၂) တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံ တပ်ရင်းများ စုပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာရက္ခဒေသ တစ်ခုလုံးအတွင်း၌ ဖက်ဆစ် စစ်ကောင်စီ၏ တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည် ဟူသော နဂို စစ်ရေးရည်မှန်းချက်အတိုင်း AA အနေဖြင့် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်းများ၊ နပခ ဌာနချုပ်များ အားလုံးကို အာရက္ခတပ်တော်က တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြိုနှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြိုများ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့ကို AAက ဖြတ်တောက် ပိတ်ဆို့ထားပြီး အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ စခန်း တချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်ကြောင်း AA က ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက် ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန် ခုခံနေသကဲ့သို့ AA ကလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အာရက္ခဒေသ တိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည်တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း AA က ပြောဆိုထားသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာအား ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၇

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။