Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ဖမ်းဆီးခံထားရသော အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် မင်းအောင်လှိုင်၏ လက်ရုံး တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုး

ရန်ကုန်၊ ဇူလိုင်၂

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလယ်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် ဖမ်းဆီးစစ်ဆေးခံနေရစဉ်တွင် တပ်တွင်း အပြောင်းအရွှေ့ထပ်မံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလယ်ပိုင်းတိုင်းမှူးအဖြစ် အစားထိုးခန့်အပ်လိုက်သော ဗိုလ်ချုပ်အောင်ခိုင်ဝင်း သည် မင်းအောင်လှိုင်၏ အားကိုးယုံကြည်ရသည့် လက်ရုံးလည်း ဖြစ်ကြောင်း သိရှိရသည်။

" ဗိုလ်ချုပ်အောင်ခိုင်ဝင်းနဲ့ တိုက်ရိုက် လဲလှယ်တာ ။ တချို့တပ်တွင်း သတင်းအရင်းအမြစ်တွေအရ အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်း ဒဲ့ချိန်းတယ်ပြောပေမယ့် ကျွန်တော့် တပ်တွင်းအရင်းအမြစ်ကတော့ ဗိုလ်ချုပ်ကြည်ခိုင်သည် လုံးဝ ပြုတ်တယ်ဆိုတဲ့ အနေအထား၊ ဒါမှမဟုတ်ရင် စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးခံနေရတယ်။ ပြစ်မှု ထင်ရှားရင် စစ်တရားရုံးနဲ့ ပြစ်ဒဏ် ချမှတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်"ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာတွင် မတ္တရာ လေကြောင်းရန်ကာကွယ်ရေး တပ်အပါအဝင် စီးနင်းတိုက်ခိုက်ခံရခြင်း ၊ ပြင်ဦးလွင် နားအထိ မဟာအးမိတ်တပ်ဖွဲ့များက ချဉ်းကပ်လာသည့် သဘောရှိ၍ မင်းအောင်လှိုင်သည် သူ ယုံကြည်ရသည့်သူကို တြိဂံတိုင်း မှ အလယ်ပိုင်းသို့ ပြောင်း၍ တာဝန်ပေးခြင်း ဖြစ်ကြောင်း ၊ နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တြိဂံတိုင်းအတွက် တိုင်းမှူး အသစ် မည်သူ့ကို ခန့်အပ်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။

အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တွင် မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ၍ စစ်ဆေးမှုများ အကြိမ် ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ဆရာတော်ကြီးက မိန့်ဆိုခဲ့သည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်း။
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို စစ်ကောင်စီက ခွင့်လုံး၀ မပေး

ရန်ကုန်၊ ဇူလိုင် ၂

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် ခေါ်ယူထားသော စစ်သင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို လုံး၀ ခွင့်မပေးကြောင်း တပ်သားသစ်တချို့၏ မိဘ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ အမရပူရမြို့ပေါ်မှ စစ်မှုထမ်းခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ဇွန်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းသွားပြီး ပြင်ဦးလွင်မြို့ တွင်ဝန်ချထားခံရကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် အဘိုးဖြစ်သူ သေဆုံး၍ နာရေးအတွက် မြေးဖြစ်သော စစ်သင်တန်းခေါ်ဆောင်ခံရသည့် တပ်သားသစ် လူငယ် ပြန်လာရန် မိဘဆွေမျိုးများက အကြောင်းကြားကြောင်း၊ တပ်သားသစ် လူငယ်ကလည်း အဘိုးဖြစ်သူ နာရေးဖြစ်၍ ခွင့်ပေးရန် တင်ပြသောအခါ မည်သည့်အကြောင်းနှင့်မျှ ခွင့်မပေးနိုင်ဟု စစ်တပ်ဘက်က အကြောင်းပြန်လာကြောင်း သိရှိရသည်။

"သေတဲ့သူကလည်း သေနေပြီ။ သွားလို့လည်း ပြန်ရှင်မှာမဟုတ်ဘူး။ ခွင့်က ပေးလို့မရဘူးဆိုပြီး ခွင့်မရဘူး။ နာရေးကိုတောင် ခွင့်မပေးတာ။ ပြင်ဦးလွင်ကို အပို့ခံရတာကလည်း တပ်က အသိပေးတာမဟုတ်ဘူး။ ကလေးက မရ ရတဲ့နေရာကနေ အိမ်ကို ပြန်အသိပေးလို့ သိရတာ။ အခုတော့ ပြင်ဦးလွင်မြို့ပေါ်မယ် လုံခြုံရေး စစ်ကားနဲ့ ညတိုင်းပတ်ခိုင်းတယ်လို့ ပြောတယ်" ဟု တပ် သားသစ်လူငယ်၏ မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ ခေါ်ယူခဲ့စဉ်က သင်တန်းဆင်းပါက မိမိတို့၏ ရပ်ရွာများတွင်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ဟု ပြောဆိုခဲ့သော်လည်း ပြည်သူ့ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁ ဆင်း တပ်သားသစ်များအားလုံးကို ဇွန်လ ၂၉ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်းရှိ ရှေ့တန်းစစ်မျက်နှာ ပြင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထား

■ စစ်ကောင်စီထံမှ လက်နက် ၁၂၅ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိထား

ရန်ကုန်၊ ဇူလိုင် ၂

မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်း ပိုက်ရရှိပြီး စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်( မန္တလေး)က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြိုနယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်ဘက်မှ ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ထို့ပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲသည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ် ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
"ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်"

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပသုံးလုံးအဖွဲ့ဝင်များက ဗကသ ကျောင်းသား၊ ကျောင်းသူများအပေါ် ဆိုင်ကယ်ဖြင့် တိုက်၊ ထိုးကြိတ်ရိုက်နှက်မှုဖြစ်စဉ်အပေါ် ဗကသများအဖွဲ့ချုပ် ဗဟိုပြောရေးဆိုခွင့်ရှိသူ မခင်နီနှင့်ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ပုလဲမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပသုံးတွေက ကျောင်းသားကို ထိုးကြိတ်မှု ဘယ်တုန်းက ဖြစ်ခဲ့ တာလဲ။ နေ့ရက်၊ နေရာ အတိအကျ သိပါရစေ။

ဖြေ။ ။ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာမှာ ကျေးရွာ ပကဖ အဖွဲ့တွေက ဗကသရဲဘော်တွေကို ကိုယ် ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေက ၂ ခုရှိပါတယ်။ ပထမဖြစ်စဉ်က ဇွန်လ ၂၅ ရက်နေ့မှာ ဗကသ ဗဟိုစည်းရုံးရေးကော်မတီဝင် မစောခက်နွယ်ကို ကျေးရွာပကဖအဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် နဲ့ ဝင်တိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာရအောင်လုပ်ခဲ့တာရှိပါတယ်။

ဒီ ပကဖအဖွဲ့ဝင် ဟာ မူးမူးနဲ့ အရှိန်တင်ပြီးတော့ မောင်းလာတယ်။ မစောခက်နွယ်ဆိုင်ကယ်နဲ့လာတဲ့လမ်းကို လမ်း ပြောင်းပြန်ဝင်လာပြီးတော့ အတင်းဝင်တိုက်သွားတာပါ။ မစောခက်နွယ်လည်း ခြေထောက်မှာ ထိ ခိုက်ဒဏ်ရာခဲ့ပါတယ်။ ဒီအချိန်မှာ ဘေးက ရွာသားတွေလည်း ထွက်လာပြီးတော့ မောင်းတဲ့သူကို ပြောကြတာတောင်မှ သူက တစ်ခါတည်းမောင်းပြီးတော့ ထွက်သွားတာပါ။ အဲဒီအချိန်တုန်းကရော၊ အခုချိန်အထိရော သူ့ဘက်က တောင်းပန် ခြင်းမျိုး လုံးဝမရှိခဲ့ပါဘူး။

နောက်တစ်ခုကတော့ ဝိုင်းပြီးတော့ ထိုးကြိတ်တဲ့ကိစ္စပါ။ ပုလဲမြို့နယ် သမဂ္ဂအတွင်းရေးမှူး ကိုတဆစ် က အရင်က ဆိုရင်လည်း ဒေသတွင်း အခြေအနေတွေ၊ ဆန္ဒပြပွဲတွေကို ဓာတ်ပုံမှတ်တမ်း ရိုက်တာ မျိုးတွေရှိပါတယ်။ မှတ်တမ်း မယူရဘူးဆိုပြီးတော့ ကြိုတင်တားမြစ်ထားတာမျိုးလည်းမရှိဘူး။

အရင် ကလည်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇွန်လ ၂၇ ရက်နေ့ ညနေ ဆန္ဒပြပွဲမှာတော့ ဒီဆန္ဒပြပွဲကို ဓာတ်ပုံ ရိုက် လို့ဆိုပြီးတော့ ပကဖ အဖွဲ့ဝင် ၅ ယောက်လောက်က ကိုတဆစ်ကို ဝိုင်းပြီးတော့ ထိုးကြိတ်လိုက်ကြ ပါတယ်။ သူ့ဖုန်းကိုလည်း လွှင့်ပစ်လိုက်ပါတယ်။ ကိုတဆစ်က သာမန် ပြည်သူ တစ်ယောက်ပဲဖြစ် တယ်။

သူ့အနေနဲ့ ဒီလိုထိုးကြိတ်ခံရတဲ့အခါမှာ ရှောင်ရုံ ၊ ပြန်ကာရုံပဲ လုပ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တော့ သူ့အနေနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့တာရှိပါတယ်။

မေး။ ။ ဒီဖြစ်စဉ်ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုလုပ်ဆောင်ထားတာမျိုးရှိလဲ။

ဖြေ။ ။ ကျမတို့ ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြောင်းကြားထား တာတွေရှိသလို ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

မေး။ ။ ပ သုံးလုံးတွေက ပြည်သူတွေအပေါ်လည်း နှိပ်စက်မှုတွေရှိတယ်၊ အခုဆိုကျောင်းသားတွေ အပေါ်မှာပါ နှိပ်စက်မှုတွေလုပ်လာတယ်၊ အဲလိုလုပ်နေတဲ့အပေါ် ဗကသ အဖွဲ့ချုပ် အနေနဲ့ ဘာ ပြောချင်ပါလဲ။

ဖြေ။ ။ ဒီလိုမျိုး ကျောင်းသားတွေအပေါ်မှာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်ထိ လက်ရောက်ကျူးလွန်တာတွေ၊ နောက်ပြီးတော့ စစ်ကောင်စီလိုမျိုး ဖိနှိပ်ရေးစည်းကမ်းချမှတ်တာ တွေက မဖြစ်သင့်ပါဘူး။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းချက် လိုချင်ပါတယ်။

မေး။ ။ ဗကသအဖွဲ့ချုပ်အနေနဲ့ NUG အစိုးရလက်အောက်မှာရှိတဲ့ ဒီ ပသုံးလုံးတွေအပေါ် ဘယ်လို ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ လက်ရှိမှာဆိုရင် ကျမတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားတာမျိုးတွေ၊ ချိတ်ဆက်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဘာတွေဆက်လက်လုပ်ဆောင်သွားမလည်း ဆိုတာတော့ ပြောပြလို့မရသေးပါဘူး။

မေး။ ။ ပြီးတော့ NUG အစိုးရ၊ လက်အောက်က ကျောင်းတွေကလည်း စစ်ကောင်စီလိုပဲ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိ နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ပါတယ်။ ဘယ်လိုဖိနှိပ်မှုတွေ၊ ကန့်သတ်မှု တွေရှိလည်း ပြောပြလို့ ရသလောက်ပြော ပေးပါအုံး။

ဖြေ။ ။ ကျောင်းသားတွေကို ဖိနှိပ်တယ်ဆိုတာ ဒီလိုပါ၊ အခု NUG ၊ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအာဏာပိုင်တွေနဲ့ ပ သုံးလုံးတွေနဲ့ ပူးပေါင်း ပြီး တော့ စစ်ကောင်စီ စာသင်ကျောင်းတွေမှာလိုမျိုး ဖိနှိပ်ရေး စည်းကမ်းတွေ ထုတ်ပြန်ထားတာရှိတယ်။

ဒီစည်းကမ်းတွေထဲမှာဆိုရင်‌ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ နောက်ပြီးတော့ လွတ်လပ်စွာကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်၊ အသင်းဖွဲ့ စည်းမှုတွေကို ဖိနှိပ်နေတာတွေ့ရတယ်။ ဒါတွေက NUG ရဲ့ ဖက်ဒရယ်ပညာရေးနဲ့လည်းကိုက်ညီမှုမ မရှိဘူး။ နောက်ပြီးတော့ ပညာရေးဝန်ကြီးဌာနကလည်း ဒီစည်းမျဉ်းစည်းကမ်းတွေချမှတ်ထားတာ မရှိဘူးလို့ ကျမတို့ သိရတယ်။

မေး။ ။ ဒီလို NUG အစိုးရကျောင်းတွေမှာ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ပတ် သက်လို့ ဗကသ အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။