Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မ မှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့၊ တပ်ကိုလည်းမပြန်ဘဲ တိမ်းရှောင်

ရန်ကုန်၊ ဇူလိုင် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းမှာ သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့ပြီး တပ်ကိုလည်းပြန်လည် သတင်းမပို့ဘဲ တိမ်းရှောင်လျက်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦး ခမရ ၃၇၇ ကို AA က တိုက်ခိုက်သိမ်းပိုက်စဉ် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု AA က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် ယခု ၅ လကျော်ကြာ အချိန်တွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် သေဆုံးခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ နောက်ဆုံးတွင် တရုတ်- မြန်မာနယ်စပ်တွင် ရောက်ရှိနေကြောင်း၊ တပ်သို့လည်း ပြန်လည် သတင်း မပို့တော့ဘဲ ဆက်လက် တိမ်းရှောင်နေသည်ကို စစ်ကောင်စီက ပြန်လည် သတင်းရရှိထားကြောင်း သိရှိရသည်။

"တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ရခိုင်စစ်ဆင်​ရေးမှာ ​ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်း ထွက်ခဲ့တယ်။ တကယ်က မ​သေပါဘူး။ အဲဒါကို နစကဘက်ကလည်း ပြန်ပြီး သတင်းရတယ်။ သေတယ်ဆိုတဲ့ သတင်းကို ဘာမှ မရှင်းတော့ဘဲ သူကိုယ်တိုင်လည်း တပ်ကို မပြန်တော့ဘူး။ တာချီလိတ်ဗျူဟာမှူးဘဝမှာ အရမ်းချမ်းသာပြီး စစ်ဆင်​ရေး အခြေအနေ မကောင်းတော့ ရအောင် ဂွင်ဆင်ပြီး ထွက်ပြေးတာပါ " ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

တပ်မ ၁၁ တပ်မမှူး မဖြစ်ခင် တာချီလိတ် ဗျူဟာမှူး ဘ၀တွင် ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် တရားမဝင် လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ထိုသို့ ပတ်သက်မှုကြောင့် အလွန်ချမ်းသာခဲ့ပြီး တာချီလိတ်တွင် ထိုင်းဘတ်ငွေ သန်းချီတန်သောအိမ်ရာများစွာ ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ တာချီလိတ် စစ်ဗျူဟာအဖွဲ့ အခြေချ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
ဩစေတြးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်း သားအဖွဲ့တချို့၏ ခေါင်းဆောင်များ တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂

ဩစေတြးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် တိုင်းရင်းသားအဖွဲ့တချို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းမြို့၌ လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်၊ ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း ၊ အဆိုပါ အစည်းအဝေးတွင် ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးနှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း တက်ရောက် လာသည့် အဖွဲ့အစည်းများ ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက မေးမြန်း ခဲ့ကြပြီး ၀န်ကြီးက မေးမြန်းချက်များကို ဖြေကြားပေးကာ တော် လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း၊ စုပေါင်းအင် အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ပြောဆိုကြောင်း၊ ခေါင်း ဆောင်များသည် ၎င်းတို့၏မျိုးနွယ်စုများ၊ ‌ဒေသများအတွင်း ရင်ဆိုင်နေကြရသည့် အခက်အခဲများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုများ လုပ်နေ

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီအချိန်မှစတင်ပြီး ပြင်ဦးလွင်မြို့ နမ့်ကပ်ရွာဘက်အခြမ်းတွင် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ စစ်တက္ကသိုလ် DSA အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

"တိုက်ပွဲမဖြစ်ဘဲ လိုက်ပစ်နေတာ။ ပျူတွေပြောတာကတော့ လေ့ကျင့်ပြီး ပစ်နေတာလို့ ပြောတယ်။ ဒီနေ့ ည ၈ နာရီကတည်းက ပစ်နေတာ အခု ည ၁၀ နာရီကျော်အထိပဲ ။ သူတို့ ပစ်နေတာက အရင် ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ ရွာနားတွေကို ပစ်နေတာ။ လက်နက်ငယ်သံ ဆက်တိုက်နှင့် လက်နက်ကြီးသံ ၇ ခါလောက် ကြားရတယ်။ အခုထိတော့ လက်နက်ကြီးသံ ၁၀ မိနစ် ၁ ကြိမ် ကြားရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပြင်ဦးလွင်မြို့ပြင် ဝက်ဝံအနီးတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို ယခုညပိုင်း လုပ်ဆောင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်မြို့တွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးမှ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဆင်းများ ထောင်ချီ ခေါ်ယူထားသည့်အပြင် ပြင်ဦးလွင်မြို့ပေါ်ရှိ ပျူစောထီးများကိုလည်း လက်နက်များ ထုတ်ပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - ကရင်နီပြည်နယ်တွင် ယမန်နှစ် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ယခု ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ဟု သတိပေး

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ကြောင်း ကချင်ပြည်နယ်၊ မိုးလေဝသနှင့်ဇလဗေဒဦးစီး ဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန် သတိပေးသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီမြစ်ရေ တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၀၄ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း၊ ပေအားဖြင့် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂၀၄ စင်တီမီတာ ၆ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေတက်နှုန်းသည် ၁ နာရီလျှင် ၂ စင်တီမီတာ (သို့မဟုတ်) ၁ လက်မ ရေတက်နေကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ ၁၄၀၈ စင်မီတာ အထိ မြစ်ရေ မြင့်တက်ခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါ စံချိန်ကို ထပ်မံချိုး၍ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ် အထက် ၁၄၅၀ စင်တီမီတာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါ ခန့်မှန်းမှုအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ် အထက် ၂၅၀ စင်တီမီတာ (သို့မဟုတ်) ၈ ဒသမ ၂၀၂၁ ပေအထိ မြင့်တက်နိုင်ကြောင်း သတိပေး ခန့်မှန်းထားသည်။

ဓာတ်ပုံ - မြစ်ကြီးနားမြို့ရှိ ဇေယျာမင်း စက်သုံးဆီဆိုင် ရေကြီး နစ်မြုပ်နေစဉ်။
မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည် ကျဆင်းလာ

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် တအိအိ ပြန်လည် ကျဆင်းလာကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေး သမားများထံမှ သိရှိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှစတင်ပြီး ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည်ကျဆင်းလာရာ ယခုအခါ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၄၀၀ စင်တီမီတာအောက်သို့ ကျဆင်းသွားကြောင်း သိရှိရသည်။

"မြစ်ကြီးနားမြို့ မှာ အခု ရေက ပြန်ကျနေပြီ။ မြစ်ရေက ၈ လက်မကျော်လောက်တော့ ကျသွားတယ်။ ပိတ်မိနေတဲ့သူတွေလည်း ကယ်ဆယ်ရေးတွေတော့ ညလုံးပေါက် လုပ်နေတာရှိတယ်" ဟု ကူညီကယ်ဆယ်ရေးပရဟိတ သမားတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီမြစ်ရေ တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၀၄ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း၊ ပေအားဖြင့် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂၀၄ စင်တီမီတာ ၆ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေတက်နှုန်းသည် ၁ နာရီလျှင် ၂ စင်တီမီတာ (သို့မဟုတ်) ၁ လက်မ ရေတက်နေကြောင်း၊ မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ ၁၄၀၈ စင်မီတာ အထိ မြစ်ရေ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာပြည်သူတွေအကြား ရေပန်းစားအသုံးများနေတဲ့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

- မန္တလေးတိုင်း၊ မိုးကုတ်မြို့ တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။

- မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ မတ္တရာမြို့နယ် - ပကဖ - မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။

- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်တယ်လို့ ကချင်ပြည်နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန် သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။





https://www.youtube.com/watch?v=4bw0RDVFE3w