Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ဘူးသီးတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့၊ မောင်တောမှ နယ်ခြားစောင့်ရဲမိသားစုဝင်များ လည်း လစာမရ

ရန်ကုန်၊ ဇွန် ၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်း သွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သော မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အပါအဝင် ဘူးသီးတောင်တွင် တာဝန်ကျခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်းပြီး မေလမှ စတင်၍ လစာမပေးတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပျောက်ဆုံးစာရင်းဖြစ်နေလို့ လစာကတော့ တစ်ဝက်တောင်မဟုတ်ဘူး။ မပေးတော့ဘူး။ ၆ လစောင့်ရမယ်ပြောတယ်။ အဆက်အသွယ်မရတော့ရင်တော့ လိုင်းခန်းကလည်း ဖယ်ပေးရမယ်" ဟု ဘူးသီးတောင်တွင် တာဝန်ကျပြီး ပျောက်ဆုံးနေသည့် နယ်ခြားစောင့်ရဲတစ်ဦး၏ ကျန်ရစ်သော မိသားစု တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈ ၊ ခမရ ၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့လည်းကောင်း၊ မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ တို့ကိုလည်းကောင်း၊ မေလ ၁၃ ရက်နေ့တွင် နခခ ၃ အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နခခ ၈ စခန်း( အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ဖွဲခွဲစခန်းဌာနချုပ်) ကိုလည်းကောင်း အသီးသီးသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည် မောင်တောမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့များ အထူး သဖြင့် နယ်ခြားစောင့်တပ် နခခ တပ်သားများမှာ ပျောက်ဆုံးစာရင်းသွင်းခံရခြင်းကြောင့် ကျန်ရစ်သူ မိသားစုဝင်များ လစာမရခြင်း၊ ရှေ့တန်းထွက် အသက်စွန့်တိုက် ခိုက်နေသော ရဲတပ်ဖွဲ့ဝင်များလည်း လစာမရကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောဆိုခဲ့ကြသည်။

မောင်တောဒေသသို့ လက်နက်ခဲယမ်းများ ပို့ဆောင်နိုင်ပြီး လစာငွေကျမပေးကြဘဲ အထက်အရာရှိများက အကြောင်းအမျိုးမျိုး ပြနေသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင်တစ်ဦးက ပြောဆိုခဲ့သည်။
ဘူးသီးတောင်မှ ပျောက်ဆုံးစာရင်းသွင်းခံရသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးစာရင်း။
အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီမည်ဖြစ်ပြီး NUG ၏ သံတမန်ရေးကို ကမ္ဘာအနှံ့ဖြန့်ကျက် ပိုမိုအားကောင်းစေရေး ဆောင်ရွက်ပေးရန် တီမောသမ္မတ Jose Ramos Horta ကတိပြု

ရန်ကုန်၊ ဇွန် ၂၁

တီမောနိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီမည်ဖြစ်ပြီး NUG ၏ သံတမန်ရေးကို ကမ္ဘာအနှံ့ဖြန့်ကျက် ပိုမိုအားကောင်းစေရေး ဆောင်ရွက်ပေးရန် တီမောသမ္မတ Jose Ramos Horta ကတိပြုလိုက်သည်။

ဇွန်လ ၁၈ ရက်န့က တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်း တော်၌ အမျိုးသား ညီ ညွတ်ရေးအစိုးရ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ကို လက် ခံတွေ့ဆုံစဉ် တီမောလက်စ်တီ သမ္မတ Jose Ramos Horta က အထက်ပါအတိုင်းကတိပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

တီမောလက်စ်တီ သမ္မတ Jose Ramos Horta "မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG ၏ သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့် ကျက် နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကတိပြု ပြောကြားခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၂ နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေး ဖလှယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် NUG ဝန်ကြီး ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက "တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အ တွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန် ရေး အင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန် ရေး ကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များ အတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း" ပြောကြားသည်။

ထို့ပြင် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန် ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ် တပ် ၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေး အတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက် လက် တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေး လျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း" ပြောကြားသည်။
တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AAတို့အကြား တိုက်ပွဲအပြင်း အထန်ဖြစ်နေ

ရန်ကုန်| ဇွန် ၂၁

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။

ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တောင်ကုတ်စစ်ရေးသိသူတစ်ဦးက ပြောသည်။

" နေပူတောင်အနီးမှာ နေပူတောင်စခန်းငယ်တစ်ခုရှိတယ်။ ပြည်ဘက်ကနေ ရိုးမတောင်ဖြတ်ပြီး နေပူတောင်စခန်းလာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲက ရှိနေတုန်းပဲလို့ဆိုတယ်။ AA ကတော့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေကို ဝိုင်းရံပိတ်ဆို့ထားတာလေ။ " ဟု ပြောသည်။

တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများသို့ စစ်ကူလာနိုင်သော လမ်းကြောင်းများအားလုံးကို AA က ပိတ်ဆို့ထားပြီး အင်အားဖြည့် စစ်ကြောင်းများကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများကို AA က ဆောင်ရွက်နေသည်။

အဆိုပါ နေပူတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အများအပြား အကျအဆုံးရှိနေကြောင်း စစ်ရေးသိသူက ဆက်လက်ပြောသည်။

" ပြည်ကလာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ၊ တပ်ဖွဲ့ဝင်အများအပြား သေဆုံးတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က တော်တော်လေး အထိနာနေတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုရှိနေတယ်လို့ သတင်းရထားပါတယ်။ " ဟု စစ်ရေးသိရှိသူက ပြောသည်။

တောင်ကုတ်မြို့အနီးက စစ်ကောင်စီတပ်ရင်းများမှာ တောင်ကုတ်တက္ကသိုလ်ထဲက ပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်နှင်ထုတ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲအထိုင်ချထားကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။

တောင်ကုတ်တက္ကသိုလ်အပါအဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြို့ကိုစွန့်ခွာကာ ဘေးကင်းရာနေရာများသို့ တိမ်းရှောင်နေကြပြီး ပိတ်မိနေသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

တောင်ကုတ်မြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂိတ်များက မြို့ကထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားကြောင်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို စစ်ကောင်စီက ပျောက်ဆုံးစာရင်း သွင်းပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေကို လစာမပေးတော့တဲ့အပြင် လိုင်းခန်းကနေပါ ဖယ်ခိုင်းနေပြီလို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ပြင်သစ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံးက သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်း ဆိုသူဟာ စစ်အာဏာသိမ်းမှု နဲ့ ပြည်သူတွေကို စစ်တပ်က မတရား သတ်ဖြတ်မှုတွေကို လက်မခံနိုင်တဲ့အတွက် CDM ဝင်လိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ကနေတဆင့် ကြေညာလိုက်ပါတယ်။

- မြန်မာနိုင်ငံမှာ Facebook နဲ့ VPN ပိတ်ဆို့ရေး ကို လုပ်နေတဲ့ စစ်ကောင်စီရဲ့ စီမံချက်မှာ Mascots Group ကုမ္ပဏီ အုပ်စုက ဝင်းကျော်၊ ခင်ကေခိုင် ဆိုသူတို့က အဓိက ပါဝင်ပတ်သက်နေပြီး၊ Mascots Group က Facebook ကို အစားထိုးဖို့ Myspace Application ကိုပါ ရေးဆွဲခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=IxNugKGvXp0
ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် ဗုံးကျဲမှု ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူခဲ့ကြောင်း PNLA က ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ်သည် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုင်မှုအတွင်း ဒေသ ပြည်သူ ၅ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အချို့ပြည်သူများသည် လက်ရှိချိန်ထိ ဆေးဝါးကုသမှု မရရှိသေးကြောင်း၊ ထို့ပြင် ယင်းနေ့တွင် နမ့်ဖါမူကျေးရွာနေ ဦးဒေါင်းသည် လယ်ကွင်းသို့ သွားနေစဉ် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ပြီး မူလတန်းကျောင်းသား ဖိုးသောကြာနှင့် မူလတန်းကျောင်းသူ မအေးကို ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ မိုးဦးကျေးရွာအတွင်း တပ်စွဲနေထိုင်ခြင်းကြောင်း ပြည်သူများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကန်သုံးဆင့်ဆရာ တော်ကြီးက မိန့်ကြားပြီးနောက် ဖြစ်စဉ် အမှန်ကို စုံစမ်းမည်ဟု စစ်ကောင်စီက အရှက်ပြေ ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၁

နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ကန်သုံးဆင့်ဆရာ တော်ကြီးက မိန့်ကြားပြီးနောက် စစ်ကောင်စီက ဖြစ်စဉ် အမှန်ကို စုံစမ်းမည်ဟု အရှက်ပြေ ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြိုသာမြိုနှင့်ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တိုစီးနင်းလိုက်ပါလာသည့်မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်း တိုတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ မိန့်ကြားမှုသည် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ် လျက်ရှိနေသဖြင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၊ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်ကောင်စီက ဝင်းနိမ္မိတာရုံဆရာတော်ကို PDF က ပစ်ခတ်သတ်ဖြတ်သည်ဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပျံလွန်တော်မူသည်အထိ ဖော ကားပေါ်မှ စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း ကားပေါ် တွင် အတူလိုက်ပါခဲ့သော မျက်မြင်သက်သေလည်းဖြစ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူလည်းဖြစ်သူ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ယမန်နေ့ တရားဝင်ရှင်းလင်း မိန့်ကြားခဲ့သည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုဖြစ်စဉ်နှင့် စစ်ဆေးခံရမှု ဖြစ်စဉ် အကြောင်း ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ မိန့်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"ဖောကားနဲ့တွေ့တယ်။ ဖောကားပေါ်မှာ ဘယ်သူပါလဲ မသိပါဘူး။ ကားဆရာကလည်း ဖောကားကို ဘေးချပြီးတော့ အတင်းမောင်းတာပဲ။ အဲဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ၀ိုင်းပစ်ပါတယ်။ ကားမှာ ၇ ချက် ၊ ၈ ချက် လောက်မှန်ပါတယ်။ အဲဒီသလို ပစ်တဲ့အခါမှာ ဘုရား တပည့်တော်လည်း မှန်မှန်းမသိ၊ သူ့လည်း မှန်မှန်းမသိ။ ဘုရားတပည့်တော်က တံခါးဖွင့်ပြီး အပြင်ဘက်ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးတွေ အလိမ်းလိမ်းအကပ်ကပ်ဖြစ်နေပါတယ်။ အဲဒီလို အလိမ်းလိမ်းအကပ်ကပ်ဖြစ်တဲ့အခါ ကားထဲ ကြည့်လိုက်တဲ့အခါ ဝင်းနေမ္မိတရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။

၀ိုင်းပြီးတော့ ဖောကားပေါ်ကနေ ၇ ချက်၊ ၈ ချက်လောက်ရှိပါတယ်။ဝင်းနိမ္မတာရုံ ဆရာတော်က တော့ တစ်ဘ၀ တစ်ခန္ဓာရုပ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့ မှန်စထိပါတယ်။ ဘုရား တပည့် တော် အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ၊ ဘုန်း ကြီး တွေကို ဒီလောက် ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့။ ရက်စက်လှချည်လား ဆိုတော့ အရှင်းဘုရားတို့ကို ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်ပါတယ်ဘုရားတဲ့။

သူတို့ကိုယ်တိုင် ဝန်ခံပါတယ်။ အဲဒီသလို ဝင်းနိမ္မတာရုံ ဆရာတော်က ကားထဲမှာ။ ဘုရားတပည့်တော်က ကားအပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားမကပ်ပါနဲ့၊ ဆရာတော် ဝေးဝေးနေပါတဲ့ ။ ကားဆရာက လက်ထိပါတယ်။ လက် ၃ ချောင်းပြတ်သွားပါတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲ ထိပါတယ်။ အရှင် ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဖုန်းတွေ ပေးပါ။ ဘယ်မှလည်း ဖုန်းမဆက်ပါနဲ့တဲ့။

အဲဒီနေရာမှာ ၂ နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်း မဘုန်းပေးရပါဘူး။ အဲဒီသလို ၂ နာရီလောက်ကြာပြီးတော့မှ ဒကာတို့ ဒီအတိုင်းနေလို့ မဖြစ်ဘူး။ ပျံတော်မူတဲ့ ပုဂ္ဂိုလ်ကတော့ ပျံတော်မူသွားပြီ။ ဘုန်း ကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးရဲ့ ခေါင်းမှာ ကုရဦးမှာ။ ရွာကို ပြန်ခွင့်ပြုပါ။ တော်တော်နဲ့ ခွင့်မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းလေးတော့ ထားခဲ့ပါ ဘုရားတဲ့။ အဲဒီလိုပါ။

၄ နာရီ၊ ၅ နာရီလောက် ပစ်ထားတာ မနက် ၁၀ နာရီခွဲ ကျော်ကျော်ကတည်းက ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီလောက်ကျမှ သူတို့ ဒီဆရာတော်တွေက သာမည ဆရာတော်တွေ မဟုတ်ဘူး၊ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာ တော်တွေဖြစ်တယ်ဆိုတာ သိမှ သူတို့က ပျာပျာသလဲနဲ့ ဘုန်းကြီးတို့ ကားနားကပ်တာပါ။ အဲဒီကျမှ သူတို့ လုပ်စရာရှိတာလုပ်တယ်။
တံတားဦးအထိတောင် တပည့်တော်တို့ကားနဲ့ လိုက်ပို့ပါ့မယ်ဘုရား။ ကိစ္စမရှိဘူး ဒကာတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေး ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံးကူညီပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲဒီသလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက်ရပါတယ်။

ဘုန်းကြီးကတော့ ဒုက္ခကို ဒုက္ခ မှန်းမသိဘူး။ ဘုန်းကြီးရဲ့ ကလျာဏမိတ္တ အလွန်အင်မတန်မှ စာတော်တဲ့ သာသနာတော်မှာ အလွန်တရာမှ အားကိုးရတဲ့ ဝင်းနိမ္မတာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့အတွက် ဘုန်းကြီးက ယူကျုံးမရ ဖြစ်ရပါတယ်။ ယူကျူံးမရ ဖြစ်ရပါတယ်။ ယူကျုံးမရ ဖြစ်ရပါတယ်။

၅ နာရီလောက်မှာ ဘုန်းကြီးတို့ ရွာက ဘုန်းကြီး ဒကာ ကားနဲ့ တံတားဦးအထိ လာ ပါတယ်။ ခုနက ကုသိုလ်တော်ကားကလည်း ရောက်လာပါတယ်။ ဆရာ တော် ဝင်းနေမ္မိတရုံ ကို တင်ပြီးတော့ တံတားဦးဆေးရုံကို မောင်းပါတယ်။ ဒီက ညွှန်ကြားတာက ဆေးလည်း မထိုးပါနဲ့၊ ဘာမှ မလုပ်ပါနဲ့ ဘုရား။ တပည့်တော်တို့ လာယူပါမယ်ဆိုလို့ ဘုန်းကြီးတို့က ဆေးလည်း မထိုးဘူး။ ဘာမှ လည်း မလုပ်ဘူး။

မဟာဝိသုဓါရုံတိုက်ဗဟိုဌာနက ရွှေကျင်ဆရာတော်က ဆရာတော်ကို ဆေးမထိုးလို့တော့မဖြစ်ဘူး။ ကြာကြာခံမှာမဟုတ်ဘူး။ ဆေးထိုးရမယ်၊ မန္တလေးခေါ်ခဲ့မယ် ဘုရားဆိုပြီးတော့ မန္တလေးက တံတားဦးဆေးရုံကိုသွားပါတယ်။ တံတားဦးဆေးရုံဆိုတာ အရင်တုန်းကတော့ မြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့။ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့ အဲဒီမှာ တော်တော်ကြာပါတယ်။ အဲဒီကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ သူတို့ဘက်က ။ ဘယ်ဘက် ရယ်လို့ ဘုန်းကြီးမပြောလိုဘူး။ PDF ဘက်လို့ မဆိုလိုဘူး။ အစိုးရလို့လည်း မဆိုလိုဘူး။ ကိုယ့်ဟာကိုယ်သာ မှန်းကြည့်ပါ။

ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီး တို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေ ဖြစ်သွားပြီ။ အဲဒီလိုပဲ ပြောပါတယ်။ ဘုန်းကြီးကို ခဏခဏ လာစစ်တယ်။ သူတို့ လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခဏခဏ လာစစ်တယ်။ ဘုန်းကြီးကလည်း အဖြစ်မှန်တိုင်းပဲ ပြောတယ်။ ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ ချက်၊ ၈ ချက် ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့ မဆိုလိုဘူး။ တောဘက်ကလည်း ဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့ မပြောလိုဘူး။

သူတို့လိုချင်တဲ့စကားလုံးမရဘူး။ ဘုန်းကြီးကို တံတားဦးဆေးရုံမှာ ၃ ၊ ၄ ခါလောက် လာစစ်တယ်။ အဲဒီကနေ တံတားဦးဆေးရုံကနေ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်း ကြွပေးပါဦးဘုရားဆိုပြီး ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်း ပြန်ပြီးတော့ ဆေးကုပေးပါ့မယ်ဘုရား။ တိုင်းမှူးက မေးစရာရှိတာလည်း မေးပါဦးမယ်ဘုရားတဲ့။ ဘုန်းကြီးတို့ နန်းတွင်း သွားပါတယ်။ ဘုန်းကြီးတို့ ဝိသုဓါရုံရွှေကျင်ကျောင်းကကားနဲ့သွားပါတယ်။

သူတို့မေးချင်ရာမေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို သူတို့မှန်စလေးကို ထုတ် ပေးပါတယ်။ ၃ ချက်ချုပ်ပါတယ်။ ပတ်တီးစည်းပေးလိုက်ပါတယ်။ ည ၉ နာရီအထိ နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါ။ ဘုန်းကြီးကို နန်းတွင်းထဲကျတော့ ၅ ခါလောက် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ ရှေ့က ပြောပြီးသား စကားကို နောက်စကားနဲ့တူညီအောင် ထွက်ဆိုပါတယ်။

၁၀ နာရီခွဲကျမှ ရွှေကျင်ကျောင်း မဟာဝိသုဓါရုံကျောင်းကို ရောက်ပါတယ်။ မနက် ၄ နာရီခွဲ အရုဏ်တက်တော့ ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုန်းပေးပါတယ်။ ညက ဝင်းနေမ္မတရုံဆရာတော်ရဲ့ ရုပ်ကလပ်ကို သယ်သွားကြပါတယ်။ မနက် ၄ နာရီလောက်ရောက်တယ်လို့ ဖုန်းဆက်ပါတယ်။

အရုဏ်ဆွမ်း ဘုန်းပေးပြီးတော့ ကြွလာပါတယ်။ ၁၁၅ မိုင်မှာ နေ့ဆွမ်းဘုန်းပေးပါတယ်။ ဒီမှာ အစည်း အဝေး ရှိတယ်ဆိုလို့ ဘုန်းကြီးတို့က အမြန်ပဲ မောင်းလာပါတယ်။ မီတာ ၁၂၀ လောက် မောင်းပါတယ်။
ဘုန်းကြီးနဲ့ ဝင်းနိမ္မတာရုံ တို့ရဲ့ အဖြစ်အပျက်ကတော့ ခရီးသွားလို့မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး သွားတက်တာဖြစ်ပါတယ်။

ဘုန်းကြီးတို့က ရန်သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုတော့ ကြီးမားသွားပါတယ်လို့ ဘုန်းကြီးက ဒကာ၊ ဒကာမတွေကော သံဃာ တော်တွေ ဆရာတော်တွေရော သိစေချင်တဲ့အတွက် ပြောကြားရင်း ဘုရား တပည့်တော်ရဲ့ စကား နိဂုံးချုပ်ပါတယ် ဘုရား။"
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးက) အခြေခံပညာစစ်သင်တန်းဓာတ်ပုံများ ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၂/က) သင်တန်းဆင်းပွဲပုံရိပ်များကို ယနေ့ ထုတ်ပြန်သည်။