Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.52K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို

ရန်ကုန်၊ ဇွန် ၈

အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုများ ဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ဝယ် လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆိုလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာစစ်ကောင်စီက ဖြိုခွင်းအရေး ယူနေခြင်းနေခြင်းကြောင့် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်အတွင်း ကွန်ဒိုလွှဲပြောင်းမှု သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းက ဆိုသည်။

စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ဧပြီလနှင့် မေလအတွင်း မြန်မာနိုင်ငံသားများ ဝယ်ယူထားသော ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ဝယ်ယူသူများထံ လွှဲပြောင်းရန် ပိတ်ဆို့ အတားအဆီးများ ရှိနေကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Prasert Taedulayasatit က ပြောသည်။

“ဒီဖြိုခွဲမှုဟာ နိုင်ငံခြားဝယ်လက်တွေကြား ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာဖောက်သည်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာကြောင့် Developer တွေရဲ့ ကွန်ဒိုအရောင်းအဝယ်တွေကို ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ထိခိုက်မှာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းကွန်ဒိုများကို ဝယ်ယူနေသည့် တရုတ်များ၏ ဝယ်လိုအား နှေးကွေးလာချိန်တွင် မြန်မာဝယ်လက်များကို လစ်လျူမရှုနိုင်ကြောင်း၊ မြန်မာဝယ်လက်များ၏ ဝယ်လိုအား၊ ကွန်ဒို အရေအတွက်နှင့် တန်ဖိုးများသည် တောက်လျှောက် တိုးလာနေကြောင်း Mr Prasert က ပြောသည်။

မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းကွန်ဒိုဝယ်ယူသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်လာကြောင်း ၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားများက ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုဝယ်ယူသော အဆင့် ၆ နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဘတ် ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၅၆၄ ခန်း ဝယ်ယူပြီး ထိုင်းကွန်ဒိုများ ဝယ်ယူသော ထိပ် တန်းနိုင်ငံများစာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ပထမ ၄ လပတ်တွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ထိုင်းကွန်ဒိုအခန်း ၃၉၂ ခန်းဝယ်ယူကာ အဆင့် ၂ နေရာသို့​ ရောက်ရှိလာပြီး ရုရှားနိုင်ငံသားများထက်ပင် ပို၍ ထိုင်းကွန်ဒိုများ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ အိမ်ခြံသတင်းအချက်အလက်စင်တာ(REIC) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က "မြန်မာ့ဝယ်လက်တွေရဲ့ ထိုင်းကွန်ဒိုဝယ်ယူဈေးကွက်က ၂၀၂၁ ခုနှစ် နိုင်ငံရေးမငြိမ်မသက်မှု ဖြစ်ကတည်းက မြင့် တက်လာခဲ့ပါတယ်။ မကြာသေးမီက အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ တစ်ဝက်ကို ဝယ်ယူတာက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သတင်းပို့ကြပါတယ်" ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအနေဖြင့် အရောင်းပြပွဲများဖြင့် ပြည်တွင်းဝယ်လက်ကို ဦးတည်သင့်ကြောင်း ပြောဆိုသည်။

“မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားတဲ့ ကွန်ဒို Developer တွေအနေနဲ့ ထိုင်းနိုင်ငံမှာ အရောင်းပြပွဲတွေ ကျင်းပဖို့ ပြောင်းသင့်တယ်" ဟု ၎င်းက ပြောဆိုသည်။

ထိုင်းကွန်ဒို ဝယ်ယူမည့် မြန်မာဝယ်လက်များအတွက် အခြားနည်းလမ်းဖြင့် ငွေလွှဲပြောင်းရန် နည်းလမ်းများကို ရှာဖွေရန် လိုအပ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်ယူသူ ၃ ဦးတို့ကို ဖမ်းဆီးအရေးယူ၊ ၀ရမ်းထုတ်မှုများ လုပ်ဆောင်ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
နွားထိုးကြီး၊ မာန်လည်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြား

ရန်ကုန်၊ ဇွန် ၈

မန္တ‌လေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို စစ် ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့ ဒရုန်းဖြင့် ဝေဟင်မှ ဗုံး ၁၀ လုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားသည်ကို အတွင်းသတင်းများအရ သိရှိရကြောင်း မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့ထံမှ သိရှိရသည်။

"သေဆုံးတာ ရှိ၊ မရှိကိုတော့ မသိရဘူး။ အထိအခိုက်တော့များတယ် သိရတယ်။လက်နက်ကြီးငယ်နဲ့ ပြန်ပစ်တာတော့ရှိပါတယ်ဗျ။ ကျွန်တော်တို့နဲ့ ဝေးရာကျလို့ ထိခိုက်မှုတော့ မရှိပါဘူးဗျ"ဟု မြင်းခြံ ရင်း ၁ ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင်အမှတ် ၂တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့ ၊ MDY တပ်ရင်း ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ ရာ စစ်ကြောင်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အကြိမ် ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးဖြစ်သူ အပါအ ဝင် အရာရှိ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဇွန် ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ဖြစ်တာ၊ အခုတော့ စလင်းမြို့ကို ပြန်ဆုတ်သွားပြီ၊ ဒဏ် ရာ ရတဲ့သူတွေက ဆေးရုံမှာလို့ သတင်းရတယ်။ လာတုန်းကတော့ ခြေလျင်ပါ။ ပြန်ဆုတ်တော့ ဒဏ် ရာ သူတွေများလို့ ကားနဲ့လာကြိုသွားပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း (ပကဖ) ၊ ဒေါင်းစစ်အောင် ၊ SLN LPDF ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မကွေးတိုင်းလက်ရုံး ဒရုန်းအဖွဲ့နှင့် မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဇွန် ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ပြည်တွင်း ရွှေစျေး နဲ့ ဒေါ်လာဈေးတွေ မဖြစ်နိုင်တဲ့ စျေးနှုန်းအထိ မြင့်တက်သွားမှုဟာ ဝိသမစီးပွားရေး သမားတွေကြောင့်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်ဖို့ ပြန်ဆိုလိုက်ပြန်ပါတယ်။

- စစ်ကိုင်းတိုင်းက ခန္တီး နဲ့ မော်လိုက် ခရိုင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၂၅ ခုထက်မနည်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ၊တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်များတဲ့အပြင် ၊ သူတို့ဆီကနေ လက်နက် ၃၉ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အမှတ် ၁ စစ်ဒေသကနေ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

- အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာစစ်တပ်ကို အရေးယူဖို့ ဖိလစ်ပိုင်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ တင်ပြတောင်းဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=xKyIAh30M0I
နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ သေနတ် ၁၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၅ ဦးအရှင်မိကာ သေနတ် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် နွားထိုးကြီး-မြင်းခြံ နယ်စပ်တွင် စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးကာ ၅ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၁၃ လက် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"နွားထိုးကြီးနဲ့ မြင်းခြံ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ စစ်ခွေး အလောင်းတွေ ၁၃ လောင်းရတယ်။ လက်နက်တွေ သိမ်းဆည်း ရမိတာလည်းရှိပါတယ်။ လက်နတ်က ၁၃ လက် ရတယ်။ စစ်ခွေး ၅ ကောင် အရှင်ဖမ်းမိတယ်။ တိုက်ပွဲက ၅ ရက်နေ့နဲ့ ၆ ရက်က ဖြစ်ခဲ့တာပါ" ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေပြီး ထိတွေ့ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ဆက်လက် ပြောဆိုသည်။