Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
သပိတ်စစ်ကြာင်း ၂ခုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့်အတူ ကယ်တင် ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် တော်လှန်ပြည်သူများက အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်းနှင့် မတရားစစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
BGF တပ် စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်ဖြစ်သူ စောချစ်သူ၏ မိသားစု ပါဝင်ပတ်သက်မှုများအပေါ် စောချစ်သူအပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၂)

ရန်ကုန်၊ ဇွန် ၅

ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဖြစ်သူ စောချစ်သူက BGF ကုမ္ပဏီများတွင် ၄င်း၏မိသားစု ပါဝင်ထိန်းချုပ်ထားမှုများအပေါ် ငြင်းဆိုမှုများရှိသော်လည်း၊ ၄င်းငြင်းဆိုချက်များ မှားယွင်းနေကြောင်း ခေတ်သစ်သတင်းဌာနက ရရှိထားသည့် အချက်အလက်များက သက်သေပြနေသည်။

ခေတ်သစ်သတင်းဌာနက ရရှိထားသည့် Distributed Denial of Secrets (DDoS) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ စောချစ်သူ (စံမြင့်) ၏ သားအကြီးဖြစ်သူ စောထူးအယ်မူးသည် ကရင်နယ်ခြားစောင့်တပ်(BGF) ကုမ္ပဏီများစွာတွင် ရှယ်ယာများ ပိုင်ဆိုင်ထားပြီး၊ အဆိုပါ ကုမ္ပဏီများတွင် ဒါရိုက်တာအဖြစ်အနေနှင့် ပါဝင်နေသည်။

စောချစ်သူနှင့် ၎င်း၏ သားသမီးများသည် အောက်ပါကုမ္ပဏီများတွင် ဒါရိုက်တာများနှင့် ရှယ်ယာရှင်များဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းကုမ္ပဏီများမှာ ၁) Chit Linn Myaing Toyota၊ Chit Linn Myaing Energy၊ ၂) Chit Linn Myaing Mining & Industry၊ ၃) Yulong Bay Resort Tourism & Development၊ ၄) Dawna Thanlwin၊ ၅) Htoo Thitsar Aung၊ ၆) Myanmar Apolo International Investment၊ ၇) Shwe Badaythar Myaing နှင့်၈) Htoo Myittar Htoo တို့ ဖြစ်သည်။

ယင်းနှင့်ပတ်သက်သော အထောက်အထားတစ်ခုအနေဖြင့် လူကုန်ကူး အွန်လိုင်းငွေလိမ်ခြံဝန်းကြီးများ ဖြစ်ကြသည့် Yulong Bay Park ကုမ္ပဏီ၊ Myanmar Apollo Park ကုမ္ပဏီနှင့် အထက်ဖော်ပြပါ BGF ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ထံတွင် မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သော စောချစ်သူနှင့် ၎င်း၏ သားသမီးများ၏ မှတ်ပုံတင်များအပါအဝင်၊ ၄င်းတို့ကို အဆိုပါကုမ္ပဏီများ၏ ဒါရိုက်တာများအဖြစ် ဖော်ပြထားသော အထောက်အထားများကို DICA/ DDoS မှတ်တမ်းများတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ (အဆိုပါ DICA သို့ လျောက်ထားခဲ့စဥ်က အသုံးပြုခဲ့သော စောချစ်သူနှင့် ၄င်း၏ သား၊ သမီးများ၏ မှတ်ပုံတင်များနှင့် ၄င်းတို့ပါဝင်မှုနှင့် ပတ်သက်သော DICA နှင့် DDoS မှတ်တမ်းအချက်အလက်များကို ခေတ်သစ်မီဒီယာ တယ်လီဂရန် ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)။

တဖန် ပြီးခဲ့သည့်လအတွင်း မြန်မာနောင်းသတင်းမီဒီယာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ၄င်း၏ သားနှစ်ဦးဖြစ်သူ စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ နှစ်ဦးသည် နယ်ခြားစောင့်တပ်ဖွဲ့တွင် အရာရှိငယ်များသာဖြစ်ပြီး၊ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးသည်လည်း ချစ်လင်းမြိုင်ကုမ္ပဏီ၏ ရုံးလုပ်ငန်းများကိုသာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်။

သို့သော် ခေတ်သစ်မီယာမှ ရရှိထားသည့် BGF နှင့်ဆက်စပ် ဘောလုံးပြိုင်ပွဲအခမ်းအနား ဓတ်ပုံတစ်ခုတွင် စောချစ်သူ၏ သားအငယ်ဖြစ်သူ စောချစ်ချစ်အား အရာရှိငယ်အနေနှင့် မဟုတ်ဘဲ၊ အရေးပါသော ရာထူးဖြစ်သည့် ဒုဗိုလ်မှုးကြီးရာထူးဖြင့် ဖော်ပြထားသည်ကို တွေ့ရှိခဲ့သည်။ (အဆိုပါဓတ်ပုံကို ယခုပို့စ်၏ အောက်ဆုံးတွင် တွေ့မြင်နိင်သည်)။ DICA နှင့် DDoS မှတ်တမ်းများတွင်လည်း ၄င်းတို့ မောင်နှမသုံးဦးစလုံးကို BGF ကုမ္ပဏီအသီးသီးတွင် ဒါရိုက်တာများအဖြစ် တွေ့ရှိခဲ့သည်။

အခြား သိသာထင်ရှားသည့် မှတ်တမ်းတစ်ခုအဖြစ် BGF တပ်မှုးဟောင်းနှင့် BGF ကုမ္ပဏီများစွာတွင် ဒါရိုက်တာအဖြစ် ထဲထဲဝင်ဝင် ပါဝင်နေသူ စောမင်းမင်းဦး နှင့် Frontier Myanmar သတင်းဌာနတို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော အင်တာဗျုးအတွင်း တွေ့နိုင်သည်။

အဆိုပါ အင်တာဗျုးအတွင်း စောမင်းမင်းဦးက "အခုအချိန်ဟာ ကရင်ပြည်သူတွေနဲ့ ကရင်ပြည်နယ်ရဲ့ အကျိုးစီးပွားတွေ တိုးတက်ကောင်းမွန်ဖို့ စီးပွားရေးလုပ်ဖို့ အချိန်ရောက်ပြီ” ဟု ၄င်းတို့စီးပွားရေးလုပ်ငန်းများကို အမွှန်းတင် ပြောဆိုထားသည်။

အဆိုပါအင်တာဗျူးအတွင်း စောမင်းမင်းဦးက ၄င်းတို့၏ခေါင်းဆောင် စောချစ်သူအနေဖြင့် ကရင်နယ်ခြားစောင့်တပ် (BGF) တွင် အထွေထွေအတွင်းရေးမှူးနှင့် BGF ကုမ္ပဏီများတွင် “အကြံပေး" အဖြစ်ပါဝင်ပတ်သက်နေသော်လည်း၊ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စာရင်းများတွင် မည်သည့် BGF ကုမ္ပဏီ၏ ဒါရိုက်တာများစာရင်းတွင်မှ ပါဝင်နေခြင်း မရှိဟု လူသိရှင်ကြား ပြောဆိုခဲ့သည်။

၄င်းက ဆက်လက်ပြီး“(စောချစ်သူအနေနဲ့) ၂၀၀၅ ခုနှစ် ကုမ္ပဏီကို စတင်တည်ထောင်စဥ်က ချစ်လင်းမြိုင်ကုမ္ပဏီ(များ)တွင် ဥက္ကဋ္ဌဖြစ်ခဲ့ပေမယ့်၊ တစ်နှစ်အကြာမှာတော့ ကုမ္ပဏီရဲ့ ဦးဆောင်စီမံခန့်ခွဲတဲ့ ရာထူးနေရာတွေကနေ ဖယ်ပေးခဲ့ပါတယ်” ဟု ဖြေကြားထားခဲ့သည်။

ယင်းအရ စောချစ်သူသည် ၂၀၀၆ ခုနှစ်မှစ၍ ချစ်လင်းမြိုင် ကုမ္ပဏီများတွင် ဦးဆောင်စီမံခန့်ခွဲသည့် ရာထူးနေရာတွင် မရှိတော့ဟု ရှင်းလင်းစွာပြောဆိုလိုက်ခြင်းဖြစ်သည်။
သိုသော် ခေတ်သစ်သတင်းဌာနက ရရှိထားသည့် ၂၀၁၉/၂၀၂၀ ရက်စွဲများပါ Distributed Denial of Secrets (DDoS) နှင့် DICA မှတ်တမ်းများအရ စောချစ်သူသည် BGF ကုမ္ပဏီများစွာတွင် အုပ်ချုပ်ရေးတွင် အရေးပါဆုံးရာထူးတစ်ခုဖြစ်သည့် ညွှန်ကြားရေးမှုး (ဒါရိုက်တာ) ရာထူးအဖြစ် ဆက်လက်ပါဝင်နေသည်ကို တွေ့ရသည်။

ထို့ကြောင့်၂၀၂၀ ခုနှစ်အထိ (၂၀၂၀ နောက်ပိုင်းတွင်လည်း ဆက်လက်ပါဝင်နေဦးမည်ဟု ယူဆရ) BGF ကုမ္ပဏီများတွင် စောချစ်သူ၏ ဆက်လက်ပါဝင် စီမံထိန်းချုပ်နေမှုများအပေါ် BGF တပ်မှုးဟောင်း စောမင်းမင်းဦးက ဖုံးကွယ်လိမ်လည် ဖြေဆိုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ဖော်ပြပါအချက်များကို ကြည့်ခြင်းအားဖြင့် စေချစ်သူနှင့် သူ၏မိသားစုသည် ကရင်နယ်ခြားစောင့်တပ် (BGF)ကုမ္ပဏီများကို လက်ရှိအချိန်ထိ ဆက်လက်ထိန်းချုပ် ချယ်လှယ်ချုပ်ကိုင်နေသည်မှာ ထင်ရှားသည်။

ထို့အတူ Yulong Bay Park ဒုစရိုက်ခြံဝန်းကြီးနှင့် နံမည်ဆိုးဖြင့် ကျော်ကြားသော အွန်လိုင်းဒုစရိုက် ရထိုက်ကုမ္ပဏီ (Myanmar Yatai International) အပါအဝင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်၏ စီးပွားရေးလုပ်ငန်းပေါင်းများစွာတွင် ပါဝင်နေသော၊ UK နိုင်ငံ၏ အရေးယူပိတ်ဆို့ခြင်း ခံထားရသည့် ယခင် BGF တပ်ရင်းမှူး ဗိုလ်မှူးကြီး စောမင်းမင်းဦးသည် စောချစ်သူ၏ မိသားစုနှင့်အတူ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ဒုစရိုက်စီးပွားရေးကွန်ရက်ကို ပါဝင်ထိန်းချုပ်ထားသည်ကို တွေ့ရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်ခြင်းများအပါအဝင် BGF ၏ စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက် စစ်ကောင်စီက ကိုယ်ကျိုးစီးပွားအခြေပြုသော နှစ်ဖက်အကျိုးတူ စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့လုပ်ဆောင်နေခြင်းများသည် စောမင်းမင်းဦး၏ အင်တာဗျုးအတွင်း ဖြေဆိုခဲ့သော "ကရင်ပြည်သူတွေနဲ့ ကရင်ပြည်နယ်ရဲ့ အကျိုးစီးပွားတွေ တိုးတက်ကောင်းမွန်ဖို့" စီးပွားရေးလုပ်ဆောင်နေခြင်းတော့ ဟုတ်ဟန် မတူပေ။

ယင်းနှင့်ဆန့်ကျင်ဖက်အနေဖြင့်၊ အကြမ်းဖက်စစ်တပ်နှင့် ကိုယ်ကျိုးစီးပွားအခြေခံသော စီးပွားရေးပူးပေါင်း လုပ်ဆောင်မှုများမှတဆင့် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေများသည် ဒေသတွင်း အွန်လိုင်းဒုစရိုက်ဂိုဏ်းများ၏ ဗဟိုချက်နယ်မြေများ ဖြစ်လာနေသည်ကတော့ အသေအချာပင် ဖြစ်သည်။

ပုံစာ- (၁) BGF တပ်ဆက်စပ် ဘောလုံးပြိုင်ပွဲအခမ်းအနားတစ်ခုတွင် စောချစ်သူ၏ သားအငယ်ဖြစ်သူ စောချစ်ချစ်အား ဒုဗိုလ်မှုးကြီးရာထူးဖြင့် ဖော်ပြထားပုံ (၂) စောမင်းမင်းဦး နှင့် Frontier Myanmar သတင်းဌာနတို့ ၂၀၁၉ ခုနှစ်အတွင်းက အင်တာဗျုးသတင်းဓတ်ပုံ (၃) ကုမ္ပဏီမှတ်ပုံတင်အတွက် လျောက်ထားခဲ့စဥ်က အသုံးပြုခဲ့သည့် စောချစ်သူ (စံမြင့်) ၏မှတ်ပုံတင်

(အထက်ဖော်ပြပါ သတင်းနှင့် ပတ်သက်သည့် ကြည်လင်ထင်ရှားသည့် သက်သေအထောက်အထားများကို ခေတ်သစ်မီဒီယာ တယ်လီဂရန်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)။