Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
KNU တပ်မဟာ ၅ နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဝန်းကျင် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိပြီး စစ်တပ် စခန်း ၅ ခုကို သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇွန် ၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဝန်းကျင် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး စစ်တပ် စခန်း ၅ ခုကို သိမ်းပိုက်ရရှိကောင်း KNU မူတြော်က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တို့အကြား မေလအတွင်း တိုက်ပွဲ ၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ ၆၀ ဝန်းကျင်ရှိကြောင်း၊ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့်ပူးပေါင်းတပ်ဘက်က ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။

မေလအတွင်း အကြမ်းဖက်စစ်တပ်၏ လေယာဉ်နှင့် ဗုံးကျဲမှုများကြောင့် ပြည်သူ ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြီး ၁၂ လုံးကျဲချခဲ့ပြီး အဆင့်မြင့် ဒရုန်းဖြင့် ဗုံးကြီးဗုံးငယ်စုစုပေါင်းအလုံး ၁၀၀၀ လုံး ဝန်းကျင်ကျဲချခဲ့သည့်အတွက် လူနေအိမ် ၁၆လုံး၊ စပါးကျည် ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်း၊ စိုက်ပျိုးရေးခြံမှ သီးနှံပင်များ ပျက်စီးခဲ့သည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်းထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း ၅ ခုဖြစ်သည့် ကျောက်ညှပ်-ဝါလူ (ခမရ-၄၃၄) ၊ တာဘူကျိုး( ခမရ-၄၃၄) ၊ ပန်ဟိုက်-ကဟီးကျိုး (ခမရ- ၄၃၄)၊ လယ်တိုး(ခလရ-၁၉) နှင့် နတ်တောင်-မောဖိုးကျိုး (ခမရ-၃၄၁) အခြေချစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေလအတွင်း အပြီးအပိုင်စွန့်ခွာသွားခဲ့ကြောင်း၊ ထိုပြန်လည်ရုပ်သိမ်းခဲ့သောစခန်းများမှ တပ်အင်အားများသည် ခေါပုတ် စခန်းတွင် ပြည်လည်ပူးပေါင်းအားဖြည့်တင်းနေကြောင်း သိရှိရသည်။
လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ရွှေ၊ ကျောက်သံပတ္တမြားများကို စစ်ဆေးသည့် စစ်ထောက်လှမ်းရေးအဖွဲ့က အတုများဖြင့် လဲလှယ်ခဲ့မှု စစ်အရာရှိနှင့်စစ်သည်များ အဖမ်းခံရ

ရန်ကုန်၊ ဇွန် ၅

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရရှိထားသော ရွှေ၊ ကျောက်သံပတ္တမြားများကို စစ်ဆေးသည့် စစ်ထောက်လှမ်းရေးအဖွဲ့က အတုများဖြင့် လဲလှယ်ထားမှု ပေါ်ပေါက်၍ အရာရှိနှင့်စစ်သည်များ အဖမ်းခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့တွင် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက်ကြောင်းပြန် အဂတိ မြေသိမ်းမှုများဖြင့် စစ်ကောင်စီတပ်များက အမှုဖွင့်ဖမ်းဆီးခဲ့ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်လိုက်ကြောင်း၊ ယင်းနောက် ဦးမြင့်လှိုင်၏နေအိမ်တွင်း ရှာဖွေရာ လက်နက်တချို့၊ ရွှေတုံးနှင့်ကျောက်သံပတ္တမြားများကိုပါ သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ သိမ်းဆည်းမှုများကို စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ)က လုပ်ဆောင်ခဲ့ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသည်များကို ဗဟိုဘဏ်သို့ အပ်နှံခဲ့ကြောင်း၊ ထိုသို့ အပ်နံခဲ့ရာတွင် သိမ်းဆည်းရရှိသော ရွေအစစ်များကို အတုများနှင့် လဲလှယ်ခဲ့ကြောင်း၊ ထိုသို့ လဲလှယ်မှုကို ပြန်လည်စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့သဖြင့် အမှုကိုင်တွယ်ခဲ့သော စရဖမှ အရာရှိနှင့် စစ်သည်များ အဖမ်းခံရခြင်းနှင့် အရေးယူခံရခြင်းဖြစ်ပေါ်ကြောင်း သိရှိရသည်။

"ဦးမြင့်လှိုင်ကိုဖမ်းတဲ့ စရဖ အဖွဲ့က သိမ်းဆည်းရရှိတဲ့ ရွှေတုံးတွေကို အတုနဲ့လဲထားတာ ဗဟိုဘဏ်အပ်တော့မှ စစ်ဆေးကြည့်ရာမှ ပေါ်လာလို့ တသီတတန်းကြီး အရေးယူခံရတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေ ၁၇၃၂ ဧကကို သားမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ကြောင်း၊ ထို့ကြောင့် ဦးမြင့်လှိုင်ကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် အရေးယူရန် အမှုဖွင့်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက သတိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းအတွင်းတွင် ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး အဆိုပါ ညွှန်ကြားမှုကို လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက ယနေ့ သတိပေးကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် တစ်နေ့လျှင် ၃ ကြိမ် ရွှေစျေးနှုန်း သတင်းထုတ်ပြန်ပေးနေကြောင်း၊ ရွှေရောင်းချသည့်အခါ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေးရန်၊ ရွှေဆိုင်များကိုလည်း နေ့စဉ် ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန်၊ ရွှေနှင့်ငွေကြေးစျေးကွက်ကို စစ်ကောင်စီ၏ စောင့်ကြည့် ၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများက ကြပ်မတ် ထိန်းသိမ်းနေကြောင်း ရန်ကုန်ရွှေအသင်းက သတိပေးသည်။

ရွှေစျေးနှုန်းတည်ငြိမ်ရန် နေ့စဉ် ဆိုင်ဖွင့်၍ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းရန် ၊ စစ်ကောင်စီက စစ်ဆေးသည့်အခါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ရန်ကုန်ရွှေအသင်းက သတိပေးချက်ထုတ်ပြန်သည်။

"အခုက ဆိုင်တွေမှာရော၊ ပြင်ပစျေးကွက်မှာ မီးလင်းရွှေကွက်က လုံး၀ရပ်နေတယ်။ ရွှေဆိုင်တွေလည်း အခေါက်ရွှေနဲ့ ဖြတ်စ မရောင်းဘူးဆိုပြီး ဆိုင်တိုင်းလိုလိုမှာ စာကပ်ထားတယ်။ မီးလင်းရွှေစျေးကွက်ကတော့ ပြတ်သွားပြီ။ အထည်ကတော့ အလျော့တွက် လက်ခကို စျေးအတော်ကို တင်ပြီး ရွှေသတ်မှတ်စျေးနဲ့ ကိုက်သလို ရောင်းနေကြတယ်။ စျေးကွက်ပျက်သွားပါပြီ" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီက ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးအရေးယူမှုများနှင့် ၀ရမ်းထုတ်ထားမှုများ လုပ်ဆောင်ထားပြီး ရွှေစျေးကွက်ကို ဖြိုချဖျက်ဆီးလိုက်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောဆိုကြသည်။
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇရပ်ကွက်တွင် စစ်ကောင်စီအတွက်တပ် သားသစ် စုဆောင်းသူ အုပ်ချုပ်ရေးမှူး ရဲလွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၅

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇရပ်ကွက်တွင် လူငယ်များကို စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် အတင်းအကျပ် အဓမ္မစုဆောင်းပေးနေသူ အုပ်ချုပ်ရေးမှူး ရဲလွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲလွင်သည် ပြည်ကြီးတံခွန်မြို့နယ်၊ မြင့်ကျော်သူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် သေနတ်သမား ၂ ဦးက ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

"ပြည်ကြီးတံခွန်ထဲမှာ ဇရပ်ကွက်အုပ်ချုပ်ရေးမှူး အပစ်ခံရလို့ အစစ်အဆေးတွေ အရမ်းများနေတယ်။ CCTV တွေလည်း လိုက်တောင်းနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲလွင်သည် လူ ငယ်များကို စစ်ထဲသွင်းရန် အတင်း အကျပ် လိုက်လံ ဖမ်းဆီးခြင်း၊ စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်ခြင်း၊ ၎င်းနှင့်အဆင်မပြေသော မိသားစုများထံမှ လူ ငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် စာရင်းသွင်းခြင်း ၊ ပြည်သူများအပေါ် နိုင်ထက်စီးနင်းမှုများ ပြုလုပ်ကြောင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားသဖြင့် တော်လှန်ရေးတပ်များ၏ သတိပေးခံရမှု ခံနေရသူဖြစ်ကြောင်း သိရှိရသည်။
KIO က ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီး

ရန်ကုန်၊ ဇွန် ၅

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရို းညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

KIOက ပညာရေး ကျောင်းများကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး KIO ၏ ပညာရေး ဌာနကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၊ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ်အခတ်ရပ်ဆိုင်းရေး ကာလ အတွင်း ၁၀ တန်းစာမေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကာလ နိဂုံးချုပ်ပြီးနောက် မြစ်ကြီးနားမြို့တွင် ၁၀ တန်းစာမေးပွဲဖြေဆိုခွင့်သည်လည်း ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

KIO ပညာရေးဌာန အနေဖြင့် အခြေခံပညာရေး သာမက အဆင့်မြင့် ပညာရေးကိုပါ တိုးချဲ့ဖွင့်လှစ်နိုင် ရန် လိုအပ်လာပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအားလုံး ၂၁၅ ကျောင်းအထိ ရှိခဲ့ ကြောင်း၊ ယခု ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၂၃၃ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းပေါင်း ၄၄၈ ကျောင်းအထိ ရှိလာတော့မည်ဖြစ်ကြောင်း အဆိုပါကျောင်းများတွင် တာဝန်ယူသင်မည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၆၇၉ ဦးကို ၊ ပညာ ရေး ဝန်ထမ်း ၄၁၅ ဦးရှိကြောင်း သိရှိရသည်။

အဆင့်မြင့်ပညာရေးကျောင်းများ အနေဖြင့် ဆရာ အတတ်သင် ကောလိပ် (မိုင်ဂျာယန်) ၊ မိုင်ဂျာယန် ကောလိပ် ၊ အုပ်ချုပ်ရေး အရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း ၊ ဗိုလ်သင်တန်းကျောင်း၊ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (KSCU)၊ Federal Law Academy ၊ Institute of Liberal Arts and Sciences (Mai Ja Young) တို့ပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

“ KIO အုပ်ချုပ်မှု ဒေသတွင်းမှာ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တရား ဝင်ရုံးအမိန့် ထုတ် ပြန်ထားပါတယ်။” ဟု KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ထုတ်ပြန်ထားသည်။

Basic Education Common Curriculum Framework ရေးဆွဲပြီးစီးထားပြီဖြစ်ပြီး KG မှစ၍ Grade 12 အထိ ၆ - ၃- ၃ စနစ်ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း၊ မိခင်ဘာသာ စကား၊ စာပေဖြင့် အစပြု သင်ကြားမည့် စနစ်ထည့် သွင်းပြဌာန်းထားသည့်အပြင် ကချင်မဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - KIO လက်အောက်တွင် ဖွင့်လှစ်ထားသော ပညာရေးကျောင်း၏ ယခု မေလအတွင်း ဘွဲ့နှင်းသဘင်။
Khit Thit သတင်းဌာန၏ ဇွန် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးအရေးယူခံ ထားရတဲ့ ဒေါ်လာဝယ်ရောင်းနဲ့ ဟွန်ဒီငွေလဲ လုပ်တဲ့သူတွေရဲ့ဘဏ်အကောင့်နဲ့ ငွေစာရင်းတွေကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဲ့ဒီ့ ငွေစာရင်းတွေမှာရှိတဲ့ ငွေတွေအားလုံးကို စစ်တပ်က သိမ်းယူ လိုက်ပြီလို့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

- စစ်ကိုင်းတိုင်းက မြင်းမူမြို့ပေါ်မှာ တော်လှန်ရေး ရဲဘော်တွေကို လိုက်လံ စုံစမ်းထောက်လှမ်းနေတဲ့ ဒုတပ်ကြပ် ညီလွင်အောင် ဆိုသူ ပစ်ခတ်ခံရပြီး သေသွားပြီလို့ စွန်ရဲ Revolution Force အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာတွေအတွက် ပိတ်ဆို့ဒဏ်ခတ်အရေးယူရုံ၊ စွပ်စွဲပြစ်တင် ရှုံ့ချရုံနဲ့ မလုံလောက်ဘူးလို့ နိုင်ငံတကာကို NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=6KgruvZrEIY
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့ပေါ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ပြီး မတရားစစ်မှုထမ်း ဥပဒေကို ပြည်သူများ ဆန့်ကျင်ကြရန် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၄

ရန်ကုန်မြို့ပေါ်တွင် ယနေ့ ဇွန်လ ၄ ရက်နေ့၌ ကျောင်းသား လူငယ်များ ဦးဆောင်ပြီး မတရားစစ်မှုထမ်း ဥပဒေကို ပြည်သူများ ဆန့်ကျင်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသများအဖွဲချုပ်) နှင့် တာမွေသပိတ်ကော်မတီ (Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ် (Youth For New Society) နှင့် Mayangone Democratic Front (MDF)၊ Kyimyindaing Networks (KMD18)၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နှင့် Owl Community တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန်အစိုးရက ထိန်းသိမ်းထားသည့် မြန်မာ့နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ပြန်လည်ရရှိရေး ပါမောက္ခ ဒေါက်တာ ရှောင်တာနယ် ဦးဆောင်ကြိုးပမ်းနေဟု NUG ဝန်ကြီးပြောဆို

ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်အစိုးရက ထိန်းသိမ်းထားသည့် မြန်မာ့နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပြန်လည်ရရှိရေး ပါမောက္ခ ရှောင်တာနယ် ဦးဆောင်ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အမေရိကန်အစိုးရက ထိန်းသိမ်းထားခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံသည် လက်ရှိအချိန်တွင် အတိုးဖြင့် ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံရှိနိုင်ကြောင်း ၊ အဆိုပါ ငွေကြေးများ ပြန်လည်ရရှိရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာရှောင်တာနယ် ဦးဆောင်၍ လုပ်ဆောင်နေကြောင်း၊ အဆိုပါ ငွေကြေးများကို ရရှိနိုင်ရန် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ စုပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို NUG နှင့် တော်လှန်ရေးမဟာမိတ်များထံသို့ ပေးရန်၊ မပေးရန် အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ အဓိကမူတည်ကြောင်း၊ မျှော်လင့်ချက်ရှိပြီး လွယ်ကူပါသလားဟု မေးပါက အလွန်ကြိုးစားနေရဆဲကိစ္စဖြစ်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ပေးရန် ဆုံးဖြတ်သည်ဆိုပါက ချက် ချင်း ရနိုင်သော သာဓကများလည်း ရှေ့တွင် ရှိထားပါကြောင်း၊ ဥပမာအားဖြင့် ရုရှားနိုင်ငံ၏ ပြည်ပ ပိုင်ဆိုင်မှုများ ကို ဖမ်းထိန်းထားပြီး ယင်းအနက်မှ အတိုးကို ယူကရိန်းကို ပေးမည်ဟု အမေရိကန်နှင့် အီးယူ တိုင်ပင်တာမျိုး ရှိကြောင်း၊ ယင်းကိုလည်း နမူနာယူ ကြိုးစားနေကြောင်း ၎င်းက ရှင်းပြသည်။

တော်လှန်ရေးသည် ခုခံတော်လှန်စစ်ဖြစ်၍ စစ်ရေးကဲပါကြောင်း၊ သို့သော် အထက်ပါငွေကြေးများကို ရရှိမည်ဆိုပါက ပြည်သူများအတွက် ကုစားပေးရေး ကိစ္စများတွင် အဓိကသုံးမည့် မူဝါဒရှိပါကြောင်း၊ အခြေအနေမှာ အမေရိကန်အစိုးရပေါ်မူတည်၍ မည်သည့် အချိန်ရမည်ကို ပြောရန်ခက်ခဲကြောင်း၊ သို့သော် ပျက်ကွက်ရခြင်းမျိုး မရှိရလေစေရန် ရှိသမျှ အရင်းအမြစ်အားလုံးအသုံးပြု၍ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသဖြင့် ကြိုးစာနေခြင်းဖြစ်ကြောင်း NUG ဝန်ကြီးက ရှင်းပြသည်။

"ဒီကိစ္စက အမေရိကန်သမ္မတ လက်ရှိကတော့ သမ္မတဂျိုးဘိုင်ဒန်ပေါ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ အဓိကမူတည်ပါတယ်။ ဒါသည်မျှော်လင့်ချက်မရှိဘူးလားဆိုတော့ မျှော်လင့်ချက်ရှိပါတယ်။ ရဖို့လွယ်သလားမေးရင် တော့ ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေးကြိုးစားနေရဆဲဖြစ်တယ်။ ဒီအရွေ့ကတော့ ဆုံးဖြတ် ချက် သည် အမေရိကန်အစိုးရအပေါ်မှာ မူတည်နေတဲ့အတွက် ဘယ်တော့လောက်ရမယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ သို့သော်ကျွန်တော်တို့လုပ်စရာရှိတာကိုတော့ ကျန်ခဲ့တာမရှိရအောင် ပျက်ကွက်မှုမရှိရအောင် ရှိသမျှအရင်းအမြစ်အားလုံးနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်လျက်ရှိတယ်" ဟု အမျိုးသားညီညွတ် ရေးအစိုးရ-NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မကွေးတိုင်း၊ မြို့နယ်များတွင် စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းရန် လူငယ် ၂၀ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်းအတွင်းရှိ မင်းတုန်းမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် လူငယ် ၂၀ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် မင်းတုန်းမြို့နယ်အတွင်းရှိ မဲဇလီရွာ၊ ကြပ်ဝရွာနှင့် အနီးအနားရှိ ကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် နေအိမ်များထိ လိုက်လံဖမ်းဆီးခဲ့ခြင်းကြောင်း လူငယ် ၁၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

"စစ်တပ်က တပ်သားသစ် စုဆောင်းဖို့ ဝင်ဖမ်းတာ လူငယ်တွေ တော်တော်များများကို ဖမ်းခေါ်သွားတယ်။ မဲဇလီရွာ က ၂ ဦး နဲ့ ကြပ်ဝရွာ က ၁ ဦး ကျန်တဲ့ရွာတွေကရောဆိုရင် အားလုံးပေါင်း ၁၀ ဦး ကျော်တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၃ ရက်နေ့ ညပိုင်းကလည်း နတ်မောက်မြို့ပေါ်ရှိ မြို့မကွက်သစ်ရပ်ကွက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်သားသစ် စုဆောင်းရန် လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ရေနံချောင်းမြို့တွင်လည်း အကြမ်းဖက် စစ်တပ် ဦးဆောင်၍ လဝက၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်သားသစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမည့် သတင်းကြောင့် မြို့ပေါ်နေ လူငယ်များ အလုပ်လုပ်ကိုင်ရန် နေအိမ်ပြင်ပ မထွက်ရဲတော့ဘဲ တိမ်းရှောင်နေရခြင်းကြောင့် မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

"ရေနံချောင်းမြို့မှာ လဝက ဌာနက လူတွေနဲ့ ရဲတွေ စစ်သားတွေ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး စစ်မှုထမ်းဖို့ အတင်းဓမ္မ လိုက်လံ ဖမ်းဆီးမယ်လို့ သတင်းတွေ ထွက်နေလို့ မြို့ခံလူတွေ အနီးအနားကျေးရွာက လူငယ်တွေ ကြောက်လန့်နေကြပြီး အိမ်ပြင်မထွက်ဖို့ ရှောင်တိမ်းနေကြဖို့ အချင်းချင်း သတိပေးနေရပါတယ်။ ရေနံချောင်းမြို့မှာ စစ်မှုထမ်း ဖမ်းဆီးခြင်းတွေ မကြာခဏဖြစ်ပွားနေလို့ မြို့ခံတွေ အလွန်အမင်း စိတ်ဆင်းရဲနေပါတယ်။ စားဝတ်နေရေး လုပ်ကိုင်ဖို့အတွက်တောင် အခက်တွေ့နေရပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - စစ်ကောင်စီက တပ်သားသစ်များအဖြစ် စုဆောင်းထားသော လူငယ် အမျိုးသားများ။
သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်းသေဆုံး

ရန်ကုန်| ဇွန် ၅

ရခိုင်ပြည် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာပြင်းထန်သူ ၁၀ ဦးနှင့်အထက် ရရှိသွားကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကစပြီး ညနေ ၄ နာရီအထိ တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲခဲ့သည့်အပြင် မောင်ရွှေလေး ရေတပ်ကလည်း လက်နက်ကြီး အလုံး ၆၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးအခြေအနေသိသူ ဒေသခံတစ်ဦးက ပြောသည်။

" စစ်ကောင်စီက ရွာထဲကို တည့်တည့် ဗုံးကျဲတိုက်ခိုက်တာ။ အဲဒီအနားမှာ တိုက်ပွဲရှိတာလည်း မဟုတ်ဘူး။ ရွာသားတွေ သေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်တကာ ပစ်ခတ်တိုက်တာ။ မဟေမာန်ဦးတဲ့ အမျိုးသမီးနဲ့ ကျောင်းဆရာမ နှစ်ဦး သေသွားတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေ သိပ်မရတော့ ကျောင်းဆရာမနှစ်ဦးက အတည်ပြုဖို့ နည်းနည်းခက်သေးတယ်။ ဒဏ်ရာရတဲ့သူကလည်း ၁၀ ဦးထက်မက ရှိနေတယ်။ အပျက်စီးကတော့ မပြောနဲ့တော့ ရွာထဲဗုံးကြဲခံရတာဆိုတော့ တော်တော်လေးကို ပျက်စီးသွားတာ။ " ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဗုံးကျဲတိုက်ခိုက်ခံရချိန် ဆင်ခေါင်းရွာသားများမှာ အဝတ်မရ၊ ဖိနပ်မရ ရရာစက်လှေနှင့် ရရာကား၊ ဆိုင်ကယ်တို့ကို ဆွဲပြီး အနီးအနားကျေးရွာများနှင့် ဘေးကင်းလုံခြုံရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

" ဗုံကျဲခံရတဲ့ ဖြစ်စဉ်ကို မေးဖို့ ဆင်ခေါင်းရွာသားတွေက လုံခြုံရာကို မရောက်သေးတဲ့အတွက် အဆက်အသွယ် မရသေးဘူး။ ဖုန်းလိုင်းကလည်း ပြတ်နေတော့ အဆက်အသွယ်က လုံးဝ မရသေးတာ။ ရွာထဲမှာ ဘာတွေ ဖြစ်ပျက်ပြီး ကျန်ခဲ့လဲ၊ ထိခိုက်၊ သေဆုံးသူတွေရဲ့ အခြေအနေကို မသိရဖြစ်နေတယ်။ ကနဦး သတင်းရတာကတော့ စစ်ကောင်စီက အရပ်သားတွေကို တမင်တကာ ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ပြောကြတယ်။ " ဟု သံတွဲဒေသပြည်သူက ပြောသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲ နှစ်နေရာဖြစ်ပွားနေပြီး ငပလီမြို့နှင့် ၃ မိုင်ခန့်အကွာ ဂေါ့တောင်နှင့် သံတွဲမြို့ ၅ ခန့်အကွာ ရွှေလှော်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြသည်။

ဧပြီလ ၂၂ ရက်နေ့က ဒေါ်မြရွာအနီးတွင် စတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ မေလ ကုန်ပိုင်းတွင် ရက်အနည်းငယ် ရပ်တန့်ခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကစ၍ အဆိုပါ နှစ်နေရာတွင် တိုက်ပွဲများပြန်လည်စတင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဂေါ့တောင်တိုက်ပွဲကြောင့် ငပလီမြို့ထဲက သံတွဲလေဆိပ်ကို ယာယီပိတ်ပင်ထားပြီး ဟိုတယ်များမှာလည်း ပိတ်ထားကာ ဟိုတယ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ သံတွဲမြို့နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

ဆင်ခေါင်းမှ ထိခိုက်၊ သေဆုံးသူ စာရင်းအပါအဝင် သံတွဲတိုက်ပွဲတွင် အရပ်သား ၂၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ ဦးထက်မနည်း ရှိနေကြောင်း ၊ သေဆုံးသူများထဲတွင် ကမန်လူမျိုး ၁၁ ဦးနှင့် ရခိုင် ၁၇ ဦးပါဝင်ပြီး ဒဏ်ရာရရှိထားသူ ၂၅ ဦးမှာလည်း ကမန်လူမျိုးနှင့် ရခိုင်တိုင်းရင်းသားများ ပါဝင်နေကြောင်း၊ သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ဝေးသော သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ အသစ်တိုးချဲ့ထားသော စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ သံတွဲမြို့နယ်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတို့က တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ စစ်ကောင်စီ အမြှောက်တပ်ရင်းမှာ သံတွဲမြို့နှင့် ၅ မိုင်ကျော်အကွာ ရွှေလှော်ကျေးရွာအနီး ဒေါပွေ့ခုံရွာသို့ ဆုတ်ခွာလာကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ခလရ ၅၅ ၊ ခမရ ၅၆၆ တပ်ရင်းနှင့် မောင်ရွှေလေးရေတပ်စခန်းတို့ရှိပြီး တပ်ရင်းများ၏ လက်အောက် တပ်စခန်းအများအပြားရှိနေသည်။

လက်ရှိတွင် AA သည် တပ်စခန်းငယ်များကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နေကာ အဆိုပါ တပ်ရင်းနှစ်ခုကို ဦးတည်တိုက်ခိုက်နေပြီး တပ်ရင်းနှစ်ခုလုံးကို သိမ်းပိုက်ရရှိပါက သံတွဲမြို့နှင့် ငပလီမြို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီဘက်က အာရက္ခတပ်တော် AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံနေသော်လည်း အရှုံးများနှင့်ရင်ဆိုင်နေရကြောင်း စစ်ရေးအခြေအနေသိသူများက ပြောဆိုကြသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ သံတွဲမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့အတွင်းက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်ခိုလှုံကြရန် AA က တိုက်တွန်းထားသည်။

ဓာတ်ပုံ- မောင်တောတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျေးလက်ဆေးခန်းတစ်ခု ပျက်စီးသွားစဉ်။

Photo- APM။