Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.53K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကားနှင့် ပိုက်ဆံ တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မုံရွာဘက်မှ စစ်ကိုင်းဘက်ကို ကြေးနီ သယ်ဆောင်လာသည့် ကား ၁၉ စီးကို လုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၁၇ ဦးပါ သံပြားကာ ကား ၁ စီးကို ရှေ့ထွက်မိုင်း ၅ လုံးဖြင့် အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကား တိမ်းမှောက်သွားပြီး ကားပေါ့် လိုက်ပါလာသည့် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မြင်းမူဆေးရုံ အရောက်တွင် စစ်သား ၁ ဦး ထပ်မံသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးမှ ကင်းယူထားသော စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းမူမြို့​မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာ ကားလမ်းမကြီးဘေးတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး လမ်းသွားလမ်းလာ ပြည်သူများထံ ငွေကြေး တောင်းရမ်းနေစဉ် တော်လှန်ရေး ရဲဘော်များက ၈၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အုန်းတော-မြင်းမူ-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေပြီး ခရီးသွား ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် နှင့် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့် စည်းကမ်းများ အတိုင်း သွားလာကြရန် People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ ၏ ကွပ်ကဲမှုဖြင့် People's knight Defense Force Myinmu (PKDF-MMU) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ရေစကြိုမြို့နယ် တောင်အိုတာတိုင် စစ်ဆေးရေး ဂိတ်မှ အင်အား ၅၀ ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မုံညင်းကျေးရွာ နှင့် သော်ကဲဘကျေးရွာအကြားအရောက် အသင့်ထောင်ထားသော မိုင်းများဖြင့် ရှေ့ပြေးမိုင်းရှင်း စစ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ။ ရှေ့ပြေးမိုင်းရှင်း ၅ ဦးပဲ မိုင်းမိတယ်။။ ကျန်တဲ့ စစ်ကြောင်းကိုလည်း ပေပါမိုင်းတွေနဲ့ ဆွဲခဲ့သေးတယ်၊ ပေပါမိုင်းတွေက မကွဲလို့ ကွဲရင် အနည်းဆုံး ၁၀ ဦး လောက်တော့သေမှာ။ ပြန်ပစ်တာတောင်မလုပ်နိုင်ဘူး၊ မုံညင်းကျေးရွာနေ တစ်ဆင့် ခလရ ၂၅၆ တပ်ရင်းထဲ ဒဏ်ရာရတဲ့သူတွေကို ပွေ့သယ်ပြီး ဝင်သွားတယ်။” ဟု ရေစကြို မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖနှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပခုက္ကူ၊ ပန်းတိုင်းခြုံဂိတ်မှ ကင်းလှည့်ထွက်လာသော ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၇ ဦး စလုံး သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ပခက္ကူမြို့နယ်၊ ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ကင်း လှည့်ထွက် လာသော ရဲ ၇ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦး စလုံး သေဆုံးသွားပြီး သေနတ် ၇ လက် သိမ်း ဆည်းရရှိခဲ့ ကြောင်း တော်လှတ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ပန်းတိုင်းခြုံကျေးရွာဘက်သို့ ကင်းလှည့်ထွက်လာသော ရဲ ၈ ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦးစလုံးသေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင်သော သေ နတ် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဓိကတော့ ခွေး၇ ကောင်လောက်ကို အသေပစ်သတ်နိုင်တယ်။ လက်နက် ၇ လက်ရတယ်။ အဓိက ကတော့ သူတို့က ကင်းပုန်းထွက်လာတာ၊ အဲဒါကို အနီးကပ်ပစ်သတ်သွားတာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့ကနေအင်အား ၁၀၀ လောက်တပ်ကူရောက်တယ်။ သူတို့ လမ်းကြောင်း ထွက်တော့အခြေအ နေက မထွက်တော့ဘဲနဲ့ သူတို့တပ်ကူတွေရောက်တယ်။ ပြီးတော့ ပန်းတိုင်းခြုံ‌ ကျေးရွာထဲက အိမ်တွေက ပစ္စည်းတွေယူတယ်။ ယူပြီးမီးရှို့တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဆင်းလာကာ ပန်း တိုင်းခြုံကျေးရွာအတွင်း ဝင်ရောက်မွှေနှောက် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ပြည်သူ့နေအိမ် များ ကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၃၀ ခန့်ပြာကျသွားပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံတစ်ဝန်း မေလ ၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းဟု အလုပ်သမားဝန်ကြီးဌာနပြော

■ ပြန်လည် ဖွင့်လှစ်မည်ဆိုပါက အမျိုးသားများ ပြည်ပအလုပ်လုပ်ခွင့်အတွက် ထောက်ခံစာများ၊ ခံဝန်ကတိများ ပါဝင်မည်ဟုဆို

ရန်ကုန်၊ မေ ၃

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုလာကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂ ခုက အတည်ပြုပြောဆိုသည်။

"အမျိုးသားတွေ ပြည်ပကို အလုပ်လုပ်ဖို့ ပိတ်လိုက်တာက စစ်ကောင်စီရုံးဘက်က တိုက်ရိုက်ညွှန်ကြားတာလို့ အလုပ်သမားဝန်ကြီးဌာနဘက်က ပြောပါတယ်။ ပြန်ဖွင့်မယ့်အချိန်က ဘယ်တော့မှန်းမသိဘူး။ သို့သော် ပြန်တော့ဖွင့်ပေးမယ်။ ပြန်ဖွင့်မယ်ဆိုရင်လည်း အမျိုးသားတွေ ပြည်ပအလုပ်အတွက် ထွက်ခွာဖို့ က ထောက်ခံစာတွေလိုမယ်၊ နောက်တစ်ခါ ခံဝန်ကတိတွေပါ လိုမယ်လို့ အလွတ် သဘောပြောပါတယ်။ အေဂျင်စီတွေဘက်က ပိုပြီး တာဝန်ယူရမယ်လို့ ပြောတယ်။ အမြဲ တမ်းကြီးတော့မပိတ်ဘူး။ ပြန်ဖွင့်ရင်တောင် အရင်လို မလွယ်နိုင်ဘူးလို့ပြောတယ်။ အဲဒါ ထပ်မေးကြည့်တာ စစ်မှုထမ်းဖို့နဲ့ နိုင်ငံတော်ကို အခွန်ငွေ ပြန်ပို့ရမယ့်ကိစ္စတွေ အတွက်ပါ ထောက်ခံစာတွေ ခံဝန်တွေ ပါမယ်လို့သိရတယ်" ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာများ မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားမှုကို တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်အားဖြင့်သာ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးကြောင်း၊ ဧပြီလ ၃၀ ရက်နေ့အထိ တင်ပြထားသော အလုပ် ခေါ်စာများကိုသာ စစ်ကောင်စီက ခွင့်ပြုချက် ချထားပေးနေကြောင်း သိရှိရသည်။

"အခုထက်ထိ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင်စာနဲ့ အကြောင်းကြားတာ ညွှန်ကြားတာ မလုပ်သေးဘူး။ ကျနော်တို့လည်း သတင်းတွေမှာပါ တွေ့နေတာ။ ဖုန်းဆက်မေးရင်တော့ အမျိုးသားတွေအတွက် Demand အလုပ်ခေါ်စာ ရပ်ထားပါ ဆိုတာတော့ အလုပ်သမားဝန်ကြီးဌာနက ပြန်ပြောတယ်" ဟု ကျောက်တံတားမြို့နယ်ရှိ မလေးရှား ပြည်ပအလုပ်အကိုင်အေဂျင်စီ၏တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ​

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်အများအပြား ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြကြောင်း၊ ၃ လနီးပါးအကြာ မေလ ၁ ရက်နေ့တွင် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုံစာ- စစ်ကောင်စီထံသို့ မီဒီယာများ၏ မေးမြန်းချက်အပေါ် အလုပ်သမား ဝန်ကြီးဌာန၏ ပြန်လည် ဖြေကြားချက်။
စစ်ကိုင်းတိုင်းတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများတင်ဆောင်လာသော စစ်ယာဉ်တန်းကို လမ်းကြောတစ်လျှောက် မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား (ရုပ်/သံ)

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်းတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများတင်ဆောင်လာသော စစ်ယာဉ်တန်းကို လမ်းကြောတစ်လျှောက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force-MMUမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်အချိန် စစ်ကိုင်းမှ မုံရွာမြို့ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီထံသို့ ကြေးနီပြားများ တင် ဆောင်ရန် သွားလာနေသော တွဲကားယာဉ်တန်းနှင့် လုံခြုံရေးယူပေးသည့် စစ်ယာဉ်တန်းတို့ကို မြင်းမူမြို့နယ်၊ အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ လိုက်ပါသော အိမ်စီးကား ၂ စီးလုံး ထိမှန်ခဲ့ပြီး စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။

ထို့အတူ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မုံရွာမြို့မှ ကြေးနီများ တင်ဆောင်လာပြီး စစ်ကိုင်းဘက်သို့ ထွက်ခွာလာသော ကြေးနီတင်တွဲကားများနှင့် လုံခြုံရေးယူထားသော စစ်ကား ၁၉ စီးပါ ယာဉ်တန်းကို မြင်းမူမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားအကြားတွင် ပဒေသာမိုင်း ၃ လုံး ၊ ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အလ္လကပ္ပနှင့်ဘိုးမင်းကြီးကင်းအကြားတွင်လည်း စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး Jammer တပ်ဆင်ထားသော စစ်ကားက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အဆိုပါ Jammer တပ်ဆင်ထားသော စစ်ကားကို တော်လှန်ရေးတပ်များက အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြားတွင် ဒုတိယအကြိမ် ထပ်မံ၍ ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်လုံး ညာဘက်တစ်ခြမ်းလုံး ပျက်စီးသွားကြောင်း၊ ယင်းကားကို ပဒေသမာမိုင်း ၄ လုံးဖြင့် တစ်ကြိမ်၊ တစ်ဖက်ပွင့် ပြောင်းမိုင်း ၂ လုံး၊ ပဒေသမာ မိုင်း ၄ လုံးဖြင့် တတိယအကြိမ်၊ ၄ ကြိမ်မြောက်တွင် တစ်ဖက်ပွင့် ပြောင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Jammer တပ်ဆင်ထားသော စစ်ကားသည် ပျက်စီးမှုများစွာဖြင့် Max ဆီဆိုင်တွင် ရပ်တန့်သွားကြောင်း၊ စစ်ကားပေါ်တွင် စစ်သားများ ဒဏ်ရာများဖြင့် လဲကျနေကြကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ Black Eagle Defense Force-MMUမှ တာဝန်ရှိသူက ရှင်းပြသည်။

အလားတူပင် ကြေးနီတင်လာသော တွဲကား ၂ စီးကို အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြားတွင်ပင် တစ်ဖက်ပွင့်ပြောင်းမိုင်း ၂ လုံးဖြင့် ၂ ကြိမ်၊ ပဒေသာမိုင်း ၂ လုံးတို့ ဖြင့် ၂ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ တွဲကား ၂ စီးလုံး နေရာတွင်ပင်ထိုးရပ်သွားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မေလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် မြောင်လမ်းခွဲရှိ စစ်တပ်နှင့် Max ဆီဆိုင်မှ အလ္လကပ္ပသို့ရောက်နေသော စစ်တပ်စစ်ကြောင်းက မိုင်းရှင်းရန် ထွက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းက အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြားအရောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် တော်လှန်ရေးတပ်များ၏ မိုင်းကွင်းအတွင်းသို့ အုပ်လိုက်ဝင်ရောက်လာစဥ် တစ်ဖက်ပွင့်မိုင်းပြောင်း ၂ လုံး၊ ပ​ဒေသာမိုင်း ၂ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအပြီးတွင် ထပ်မံ၍ တစ်ဖက်ပွင့်မိုင်းပြောင်း ၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ များပြားနိုင်ကြောင်း သိရှိရသည်။

ဖော်ပြပါ စစ်ဆင်ရေးအားလုံးတွင် မိုင်းအကြီး ၂ လုံး ၊ ပဒေသာမိုင်း ၂၄ လုံး နှင့် တစ်ဖက်ပွင့်ပြောင်းမိုင်း ၁၂ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးကို မြင်းမူမြို့နယ် ပကဖ က ဦးဆောင်၍ Black Eagle Defense Force-MMU တပ်ဖွဲ့၊ မြင်းမူမြို့နယ် ပလဖ ၊ လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့ CHU နှင့် Chaung U People's Defense Force-CHU PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်းကို စစ်ကောင်စီက စတင်ကောက်ခံနေကြောင်း နေပြည်တော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနက Non-CDM ဝန်ထမ်းများအနက်မှ မိမိ၏ ကိုယ် ပိုင် ဆန္ဒဖြင့် စစ်မှုထမ်းရန် ဆန္ဒပြုလိုသော ဝန်ထမ်းများစာရင်းပေးပို့ရန် ဝန်ကြီးဌာနအသီးသီးသို့ စာရင်းတောင်းခံလာကြောင်း၊ ထိုသို့ တောင်းခံသည့်အတွက် ဝန်ကြီးဌာနများက ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်း များ စာရင်းကို ပြုစုနေကြောင်း၊ သို့ရာတွင် ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။

"ဧပြီလ ၂၆ ရက်နေ့မှာ နေပြည်တော် ဝန်ထမ်းရေးရာဦးစီးဌာနကနေ စစ်မှုထမ်းမယ့် ပထမဦးဆုံး အသုတ် ဝန်ထမ်းစာရင်း ပေးပို့ဖို့ ဝန်ကြီးဌာနအသီးသီးကို စာပို့ပါတယ်။ စာက လျှို့ဝှက်နဲ့ပို့ပေမယ့် ဝန်ထမ်းတွေအကုန် သိကုန်လို့ ၀ရုန်းသုန်းကားဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေက ထွက်စာတင်ပေမယ့်လည်း အထွက်မခံဘူး။ ရုံးလည်း လာမတက်တော့ ကင်းကွာတွေဖြစ်တယ်။ ဆန္ဒပြုခိုင်းတာဆိုပေမယ့် ဝန်ထမ်းတွေကိုယ်တိုင်မသိဘဲ နာမည်စာရင်းတွေကို ဌာနအကြီးအကဲတွေက သင့်တော်သလို စီမံထည့်ထားလို့ ပြဿနာတွေ ဖြစ်နေကြတယ်" ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် သက်ဆိုင်ရာ ဝန်ထမ်းများကို အသိပေးခြင်းမရှိဘဲ စစ်မှုထမ်းမည့် စာရင်းကို ဌာနဆိုင်ရာ အုပ်ချုပ်သူများက ပေးကြသဖြင့် အချင်းချင်း အပြန်အလှန် တိုင်ကြားမှုများ ဖြစ်ပေါ်နေကြောင်း၊ တချို့ ဝန်ထမ်းများမှာ ရုံးမတက်တော့ဘဲ ခွင့်မဲ့ပျက်ကွက်မှုများလည်းရှိနေကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲဝင်ရောက်ရမည့် Non-CDM ဝန်ထမ်းများကို ဌာနက ပေးအပ်သော တာဝန်ကို ဆက်လက်တာဝန်ထမ်း ဆောင်သည်ဟု သတ်မှတ်ပြီး လစာနှင့်ခံစားခွင့်များ ဆက်လက်ပေးထားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းမှုရှိမည်ဖြစ်သော်လည်း စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစား ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းချိန် စစ်တပ်မှ ရရှိသော လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမည်ဟု မက်လုံးပေးထားကြောင်း သိရှိရသည်။

"လာမယ့် စစ်မှုထမ်းအပတ်စဉ်အသစ်မှာ ဝန်ထမ်းတွေစ တက်ရမယ်ပြောတယ်။ အမျိုးသားတွေချည်းပါပဲ။ စာရင်းမှာတော့ အမျိုးသမီးစာရင်းပေးရတာရှိတယ်။ ဘယ်လိုလာဦးမလဲတော့မသိဘူး။ အားလုံးကတော့ မသွားချင်ကြဘူး"ဟု နေပြည်တော်မွေးမြူရေး၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ချီတက်ကြသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ။
ဆီဆိုင်မြို့နယ်တွင် တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်တပ်နှင့် PNO တပ်များကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

■ မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးအလုံး ၆၀ ကျဲချတိုက်ခိုက်

ရန်ကုန်၊ မေ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် တပ်များကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း Black Fox Southern Shan Local Defense Force မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဆီဆိုင်မြို့နယ်၊ နောင်စကား မှ ​ရွှေတဂူဘုရားအကြားရှိ တဘက်ချောင်းတံတားကို စစ်ကောင်စီနှင့်P.N.Oတပ်ဖွဲများက လာရောက်ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုများက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း Black Fox Southern Shan Local Defense Force မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ပေါင်းစုများဘက်မှ ရှမ်းပြည်လူမျိုးပေါင်းစုံလွှတ်မြှောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) | ရှေ့ရိုးမ E.Y.M PDF တပ်ခွဲ( ၁ ) 1006 PDF | Black fox (Local Defense force) | က.လ.လ.တ တပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ် ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၆၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ ဝက်ပုတ် ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃၅ လုံးနှင့် မီးလောင်ဗုံး ၂၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ပျူစောထီးရွာထဲရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများ မီးလောင်ပျက်စီးမှုရှိကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပကဖ) Drone တပ်ဖွဲ့မှ ဦးစီးပြီး မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ (၁) ၊ ဘာမထီ (ပြောက်ကျားတပ်ဖွဲ့)၊ ဓားတောင် ပကဖ ၊ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ(၄) ၊ Jocker (ပြောက်ကျားတပ်ဖွဲ့)၊ ကိုကမ္ဘာကျော် (ပကဖ) ၊ MRG (ပြောက်ကျားတပ်ဖွဲ့) ၊ RAF Drone Team တပ်ဖွဲ့ ၊ Ghost of Enemies-GOE Revolution Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Black Fox Southern Shan Local Defense Force မှ ရဲဘော်များ။
Khit Thit သတင်းဌာန၏ မေ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ ပြည်ပအလုပ်ခေါ်စာတွေအားလုံးကို စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမယ့်အချိန် မသိသေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

- စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းဘက်ကို ကြေးနီသယ်လာတဲ့စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ People’s knight Defense Force မြင်းမူ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

- မကွေးတိုင်း၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်က စစ်သား ၁ ဦး စားဝတ်နေရေးမပြေလည်လို့ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=mrNRikYjTO0
စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေး ခိုလှုံခွင့်တောင်းခဲ့ကြသည့် ဒုက္ခသည်များကို အိန္ဒိယက မြန်မာပြည် ပြန်ပို့

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ထွက်ပြေးခိုလှုံခွင့်တောင်းခံခဲ့သော မြန်မာဒုက္ခသည်များအနက်မှ ပထမဦးအသုတ်ကို အိန္ဒိယအစိုးရက မြန်မာပြည်ဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရှိရသည်။ .

စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်နှင့်ချီသော အရပ်သားများနှင့် မြန်မာနိုင်ငံမှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် အိန္ဒိယ သို့ နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၈ ဦးကို အိန္ဒိယအစိုးရက ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း၊ မြန်မာဒုက္ခသည် ၇၇ ဦးကို အနက်မှ ၃၈ ဦးကို ပထမအသုတ်အဖြစ် ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးရေး ပထမအဆင့်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က သတင်းထုတ်ပြန်သည်။

အပြန်အလှန်အားဖြင့် မြန်မာစစ်ကောင်စီကလည်း အိန္ဒိယ နိုင်ငံသားတစ်ဦးကိုလည်း မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် ဒုက္ခသည်များကို အကာအကွယ်ပေးသည့် ကိုယ်ပိုင် ဥပဒေများလည်း မရှိပါ။

ယခုနှစ် မတ်လတွင် မြန်မာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ယခုအချိန်မှသာ ပြန်လည်၍ ပို့ဆောင်မှုများ စတင်နိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်။ အမျိုးသားရေးဝါဒီ သဘောထားတင်းမာသော အိန္ဒိယဝန်ကြီးချုပ် မိုဒီဦးဆောင်သော အစိုးရက မဏိပူရပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်ပြီး ဒုက္ခသည်များကို အကြောင်းအရာတစ်ခုအဖြစ် အပြစ်တင်ရှုတ်ချပြီးနောက် ယင်းကဲ့သို့ ပြန်လည်ပို့ဆောင်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - မြန်မာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်နေသည့် ဓာတ်ပုံများကို မဏိပူ ပြည်နယ်ဝန်ကြီးချုပ် N.Biren Singh က ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားစဉ်။