Khit Thit Media
570K subscribers
157K photos
1.21K videos
12 files
3.31K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ တစ်နိုင်ငံလုံး မီးပြတ်နေရဟု စစ်ကောင်စီက အကြောင်းပြပြန်

■ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ် ခန့်သာထုတ်နိုင်၍ မီးမပေးနိုင်

ရန်ကုန်၊ မေ ၂

မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများ ပြတ်နေရခြင်း၏ အကြောင်းတရားများတွင် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ ဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည့်အနေဖြင့် သတင်းထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းကြီးများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား ၇၁ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း ၈၉ တိုင် ပြိုလဲပျက်စီးခဲ့ကာ ဓာတ်အားခွဲရုံကြီးငါးရုံ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တာဝါတိုင်ပေါင်း ၄၉ တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် ၄၀ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ပြောဆိုသည်။

လက်ရှိကာလ ရွှေကျင်မှ ၇၅ မဂ္ဂါဝပ်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃) တို့မှ ၂၄၈ မဂ္ဂါဝပ် နှင့် သဖန်းဆိပ် ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများက ထွက်ရှိသော ဓာတ်အား ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရကြောင်း စစ်ကောင်စီက ဆိုသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ်ခန့်သာထုတ်နိုင်၍ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး အပြည့်အ၀ ပုံမှန် မပေးနိုင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

လက်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း စစ်ကောင်စီက ဆိုသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၏ တပ်ဆင်စက်အင်အား ၃၆၃၈ ဒသမ ၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံနှစ်ရုံ၏ တပ်ဆင်စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ခြောက်ရုံ၏ တပ်ဆင်စက်အင်အား ၁၈၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ စက်တပ်ဆင်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်အထိ ရှိကြောင်း သိရှိရသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုသည် လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင်လျော့နည်းကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုအောက်တွင် ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ ရရှိမှုတို့အား ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ ကြုံနေရသည်ဟု စစ်ကောင်စီက ဆိုသည်။

လတ်တလော ဓာတ်အားမလုံလောက်မှုကြောင့် အရေးပေါ်ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ခြင်းများကို ပြုလုပ်ရခြင်းကြောင့် ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်သည် ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ဓာတ်ပုံ- မီးပြတ်နေသော ရန်ကုန်မြို့တော်။ (ပုံအဟောင်းဖြစ်သည်)

Photo- NY Time
မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံ

■ စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တိုက်ခိုက်သွားမည်ဟု မှော်ဘီ PDF ကြေညာ

ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၁၀၀၀၀ နှုန်း အတင်း အဓမ္မ လိုက်လံကောက်ခံနေကြောင်း သိရသည်။

အဆိုပါ မြောင်းတကာရွာသည် အိမ်ခြေ ထောင်ကျော်ရှိသော စံပြကျေးရွာဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များ ရှိသည့် နေအိမ်များကို အဓိက ထားကောက်ခံနေပြီး ကျန်နေအိမ်များကို စစ်မှုထမ်း ရွေးချယ်ခံရသည့် နေအိမ်များကို ထောက်ပံ့ရန် ဟုဆိုကာ ပြောဆိုကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

"အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှုထမ်းမယ့် သူကို ရှာထားတယ်လို့ ပြောတယ်။ သူတို့ပဲ ပေါင်းစားတာလားမသိပါဘူး။ စစ်မှုထမ်းရမယ့် အရွယ်ရှိပြီး ပိုက်ဆံမထည့်ရင် ကင်းလွတ်ခွင့်မရှိဘူး။ ထည့်တဲ့သူတော့ လောလောဆယ် ကင်းလွတ်ခွင့်ရှိတယ်လို့ ပြောတယ်။ စစ်မှုထမ်းရမယ့် အရွယ်ရှိတဲ့ အိမ်တိုင်းကို ပိုက်ဆံလိုက်ကောက်နေတာ တစ်ယောက်ရှိ တစ်သောင်း၊ နှစ်ယောက်ရှိ နှစ်သောင်း ထည့်ရတယ်။ တစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ ကောက်နေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုအချိန်တွင် မှော်ဘီမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ အမည်စာရင်းများကို မှော်ဘီ PDF က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

မှော်ဘီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများကို သတိပေးမှုမဟုတ်ဘဲ လက်တွေ့ တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်စာရင်းတွင် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေများနှင့် ပြည်သူများ နီးကပ်စွာ နေထိုင်ခြင်းများ မပြုလုပ်ရန် နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါက ပြည်သူများ ဝိုင်းဝန်းကူညီကြရန် မှော်ဘီ PDF က မေတ္တာရပ်ခံထားသည်။
သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးဒဏ်ရာရပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် တပ်က ကိုးပင်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုသို့ထွက်ပြေးနေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက် ကြီးကျည်စထိမှန်ကာ ပြည်သူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကိုးပင် ရွာထဲကို လက်နက်ကြီးကျည်တွေကျလာလို့ ထွက်ပြေးကြရတာ။ ပြည်သူတစ်ဦးကတော့ ပြေးရင်း လွှားရင်း လက်နက်ကြီး ကျည်ထိမှန်လို့ ဒဏ်ရာရတယ်။ အခုတော့ မစိုးရိမ် ရတော့ပါဘူး။ ကိုးပင်ရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်။ စစ် ကြောင်းက လည်းနီးနေတော့ တိုက်ပွဲဖြစ်လာမှာစိုးရိမ်ပြီးပြေးကြတာ၊ စပစ်တာကတော့ ဧပြီလ ၂၅ ရက် နေ့ကတည်းက ပစ်နေတာ။ တိုက်ပွဲလည်း မရှိသေးဘူး” ဟု သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေး ရွာများမှာ ကိုးပင်ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဆယ်ဇင်းကုန်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ပုတီး ဖြူ ကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

“စစ်တပ်က လက်နက်ကြီးပစ်ခတ်နေတာက ၂၅ ရက်ကနေ ၂၈ ရက်နေ့လောက်အထိ တစ်ရက်ကို ၂ ကြိမ်ထက်မနည်းပစ် ခတ်နေတာ၊ အခုတော့ ငြိမ်နေတယ်။ စစ်ဘေးရှောင်တွေက အရင်ကတည်းက ရှောင်နေရတဲ့ ပြည်သူ တွေ လည်းရှိတော့ စားနပ်ရိက္ခာ၊ ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
Khit Thit သတင်းဌာန၏ မေ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူထောက်ပံ့ကူညီပေးနေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌရဲ့သမီးဖြစ်သူကို ပြင်သစ်မှာ နေထိုင်ခွင့်ပေးထားခြင်းအပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက တောင်းဆိုခဲ့ကြပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ ဆိုပါတယ်။

- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲတွေနဲ့ နေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောပါတယ်။

- ဒီမိုကရေစီမရှိဘဲ ဘာအခွင့်အရေးမျှ မရရှိနိုင်တာကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူ တရပ်လုံး တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=YCzprYR8fk8
မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်မြို့ဖြစ်သည့် မိုင်းတုံမြို့နယ်တွင် တရုတ်ကျားဖြန့်လုပ်ငန်းများ အခြေချလာနေပြီး ယင်းလုပ် ငန်းများကို မိုင်းတုံအခြေစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့များက အကာအကွယ်ပေးထားကြောင်း မိုင်းတုံတပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ နှိမ်နင်းခံရသော အွန်လိုင်းငွေလိမ်လည်သည့် တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် လုပ်ကိုင်သူများ သည် မိုင်းတုံမြို့နယ်အတွင်းသို့ ပုံစံမျိုးဖြင့် ဝင်ရောက်လာကြောင်း၊ ယင်းသို့ဝင်ရောက်လာသော ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူများသည် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တိုက်ရိုက်ချိတ်ဆက်ကာ လိုင်းကြေးပေးခြင်း၊ လာဘ်ငွေပေးခြင်းများဖြင့် လုပ်ငန်းများ တရားဝင် စတင်ထူထောင်နေကြကြောင်း သိရှိရသည်။

"ရှမ်းမြောက်က ကျားဖြန့် တရုတ်တွေရော ဗမာတွေရော ထိုင်းနဲ့ ဗီယက်နမ်တွေလည်းပါတယ်။ မိုင်းတုံဘက်ကိုဝင်လာကြတာ။ ကျားဖြန့်တွေက အဓိက မိုင်းတုံမြို့က စီးပွားရေးသမားတွေနဲ့ ချိတ်ဆက်ပြီးမှ ဝင်တယ်။ မိုင်းတုံမြို့ခံ စီးပွားရေးသမားတွေက ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ဆီ ဝင်တယ်။ ကျော်ထင်ကနေ သူရဲ့ တပည့် ဗိုလ်ကြီး သက်မြတ်စိုးကနေတစ်ဆင့် လိုအပ်တာတွေ လုပ်ပေးခိုင်းတယ်။ ဆရာတပည့် အတွဲညီညီ စီးပွားဖြစ်နေကြတာ" ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် မိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းများ၊ လောင်းကစားများ၊ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များလည်းရှိနေပြီး ယင်းပြည်သူ့စစ်အဖွဲ့များကလည်း မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန်အတွက် လစဉ် ဆက်ကြေးပေးပို့ရကြောင်း သိရှိရသည်။

" မိုင်းတုံမှာလည်း တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအများကြီးပဲ။ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါးရောင်းတယ်၊ ဖြန့်တယ်။ လောင်းကစားရုံတွေလုပ်တယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်တယ်။ အဲဒါတွေကို တပ်က ခွင့်ပြုထားတယ်။ ပြည်သူ့စစ်တွေကလည်း ဗျူဟာမှူးအတွက် လစဉ် ဂါ၀ရကြေးဆိုပြီး တပ်ထိပ်ပိုင်းတွေဆီကို ဆက်ကြေးပေးနေတယ်"ဟု တပ်တွင်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၏ တပည့်ဖြစ်သူ ဗိုလ်ကြီးသက်မြတ်စိုးက တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ခွင့်ပေးခြင်း၊ စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း၊ မြို့အဝင်မြို့အထွက်ဂိတ်များတွင် ကုန်ကားများကို တပ်ရန်ပုံတွေအတွက် ငွေကြေးတောင်းခံခြင်း သံလွင်မြစ်တွင် တရားမဝင် ရွှေတူးဖော်သည့် ဖောင်များကို ငွေကြေးရယူ၍ ခွင့်ပြုပေးခြင်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ကျိုက်ထို၊ မရမ်းချောင် အကျဉ်းဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင် မယားငယ်၏နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင်ကို ၎င်း၏မယားငယ်နေအိမ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွား ပြီး ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်း ဦးစီး ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာကျေးရွာရှိ ၎င်း၏ မယားငယ်နေအိမ်ရှေ့တွင် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ စင်းအောင်(ခ) ဝင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင် စုံစမ်း၍ စစ်တပ်နှင့် ရဲကို သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF က အသိပေးထားသည်။

ထိုသို့ ပစ်ခတ်ရှင်းပြီးနောက် ၎င်းထံမှ သက်သေခံ ပစ္စတို သေနတ်တစ်လက် နှင့် ဝန်ထမ်းကတ် များ ကို သိမ်း ဆည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှဉ်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။
မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ်

■ ရွှေက္ကိုလ်အပါအဝင် တစ်ကမ္ဘာလုံးရှိ ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်ရှိ

ရန်ကုန်၊ မေ ၂

ကရင်ပြည်နယ်၊ မြ၀တီမြို့သိမ်းတိုက်ပွဲတွင် အမှန်တကယ် အနိုင်ရ အကျိုး အမြတ်ဖြစ်ထွန်းခဲ့သူမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားနှင့် လူ့အခွင့်အရေးများကို ကင်ဆာရောဂါကဲ့သို့ BGF က ဖျက်ဆီးလိမ့်မည်ဟု နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော မြ၀တီမြို့သိမ်းတိုက်ပွဲအခြေအနေများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ စစ်တပ်နှင့် KNU နှစ်ဖက်စလုံးကို ၎င်း၏ အကျိုးအမြတ်အတွက် ဦးတည်ကစားခဲ့ကြောင်း၊ အမှန်တကယ် အကျိုးအမြတ်ထွက်ခဲ့သူမှာ BGF ခေါင်းဆောင် စောချစ်သူဖြစ်ကြောင်း အမေရိကန်အခြေစိုက် USIP (United States Institute of Peace) မှ ဒါရိုက်တာ Jason Tower က ပြောဆိုသည်။

"အခုဆိုရင် သိသာထင်ရှားလာတာက BGF က နှစ်ဖက်စလုံးကို ကစားသွားပြီးတော့ နောက်ဆုံးမှာ စစ်တပ်ကို ၂၇၅ တပ်မှာ အလံတင်နိုင်အောင် နဲ့ စစ်အာဏာရှင်ကို ကူညီခဲ့တာဖြစ်တယ်။ တကယ်တမ်း အနိုင်ရသွားတဲ့သူက BGF ပါပဲ။ ဒီလို အနိုင်ရသွားတဲ့အတွက်ကြောင့်လည်း တရားမဝင် ရာဇဝတ်ဂိုဏ်းတွေအတွက် BGF ရဲ့ ထိန်းချုပ်နယ်မြေတွေက ပိုပြီးတော့ ကျယ်ပြန့်လာမှာဖြစ်ပါတယ်" ဟု USIPမှ ဒါရိုက်တာ Jason Tower က ဆိုသည်။

လက်ရှိတွင် တရုတ်အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများ အပါအဝင် ရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးမှုမှ BGF အနေဖြင့် အကျိုးအမြတ်ရရရှိမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျားဖြန့်လုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ အကျိုးအမြတ်များ ရှိကြောင်း USIP ကဆိုသည်။

မြန်မာ့အရေးလေ့လာသူ Kim Jollifeကမူ လက်ရှိတွင် မြ၀တီသည် BGF လက်ထဲတွင်သာရှိနေပြီး မြန်မာစစ်တပ်အနေဖြင့် မြ၀တီကို လုံး၀ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ အမှန်တကယ် လက်တွေ့ ဘာတွေဖြစ်ခဲသလဲဆိုသည်ကို အတိအကျ မသိရှိရကြောင်း၊ စောချစ်သူက နှစ်ဖက်စလုံးကို ကစားခြင်းမှ အကျိုးအမြတ် ထုတ်သွားခြင်း ဖြစ်နိုင်သကဲ့သို့ BGF အတွင်းတွင်လည်း စစ်တပ် ထောက်ခံသူနှင့် KNU ထံသို့ ပူးပေါင်းလိုသူ ကွဲပြားနေမှုများလည်း ရှိနိုင်ကြောင်း၊ စောချစ်သူ မည်သည့် ဘက်ကို လိုက်မလဲဆိုသည်မှာလည်း မကွဲပြားသေးကြောင်း သုံးသပ်သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertsonကမူ စောချစ်သူသည် ကရင်ပြည်နယ်ကို ကင်ဆာရောဂါကဲ့သို့ ဖျက်ဆီးမှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ကိုယ်တွယ်ရလိမ့်မည်ဟု သုံးသပ်သည်။

"တရုတ်ရာဇဝတ်ကောင်တွေရဲ့ ဆန္ဒကို အကောင်အထည်ဖော် လည်ပတ်နေတဲ့ ရွှေက္ကိုလ်ဟာ ကျားဖြန့် လိမ်လည်မှု၊ လူကုန်ကူးမှု၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ ဒုစရိုက်မြို့တော်အဖြစ် စောချစ်သူရဲ့ နယ်ခြားစောင့်တပ်တွေက အဓိက ကာကွယ်မှာပဲ။ စောချစ်သူက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးစေမယ့် ကင်ဆာရောဂါဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်နည်းမဟုတ်တစ်နည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်" ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဘန်ကောက်အခြေစိုက် အာရှရေးရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောဆိုသည်။
စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို

ရန်ကုန်၊ မေ ၂

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိကြောင်း Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကား၍ သတင်းထုတ်ပြန်သည်။

သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူအုပ်စုကို တည် ထောင်သည့် မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှု ချမှတ်ထားကြောင်း၊ ပြင်ငသစ်နိုင်ငံ HEC Paris တွင် ကျောင်းတက်ရောက်လျက်ရှိရာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ၎င်း၏မိသားစုစီးပွားရေးမှ ငွေးကြေးထောက်ပံ့မှု ရရှိနေကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ၏ အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်၍ သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ကြောင်း၊ Le Monde သတင်းဌာန၏ ရေးသားချက်အရ သိမ့်ဝင်းထက်၏ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း၊ သို့ရာတွင် သူမ၏ ကျောင်းပညာသင်ကာလသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတစ်ရပ် ဖြစ်လာမှာပါ” ဟု Le Monde သတင်းစာသို့ ပြောဆိုထားသည်။

တစ်ချိန်တည်းတွင် HEC Paris က ၎င်းတို့အနေဖြင့် ရှေ့နေတစ်ဦးဖြင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင် လျက်ရှိပြီး် “ကျောင်း၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သမျှကို အလွန်အလေးအနက်ထား ဆောင်ရွက်ပါကြောင်း” Le Monde က သတင်းဖော်ပြထားသည်။

ပြင်သစ်အာဏာပိုင်များအနေဖြင့် သိမ့်ဝင်းထက်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့်ပြီး၊ သူမ၏ ဗီဇာ ကိုလည်း ပြန်လည်ရုပ်သိမ်းသင့်ကြောင်း၊ ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် အရေးပါထင်ရှားသည့်ဆက်နွှယ်မှုရှိသော အဓိကခရိုနီလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ထင်ရှားသည့်ဆက်နွှယ်မှုများတွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) နှင့် ရေနံတင်ပို့ရန် မိတ်ဖက်ဆောင်ရွက်မှုတစ်ခုလည်း ပါဝင်ကြောင်း၊ ရွှေဗျိုင်းဖြူ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် ကာလကြာရှည် အကျိုးအမြတ်ရှာ ဆက်ဆံရေး တစ်ရပ် ရှိထားသူဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အားပေးကူညီခြင်းအားဖြင့် သိန်းဝင်းဇော်သည် သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနှင့် အခြားမသမာစီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ကြီးသော လုပ်ပိုင်ခွင့်စာချုပ်များ ရရှိခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို ဝယ်ယူစဉ် အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူအဖြစ် အလုပ်သင် ဆင်းခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှားမိတ်ဖက် ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စား လှယ်များ ရှာဖွေရန်” အတွက် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် ပါဝင်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေများဖြစ်သော William Bourdon နှင့် Lily Ravon တို့က မကြာ သေးမီက သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ပြီး၊ ပြင်သစ်အချုပ်အခြာနယ်မြေ အတွင်းရှိ သူမ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် ပြင်သစ်နိုင်ငံအတွင်းမှ နှင်ထုတ်ရေး စဉ်းစားရန် တောင်းဆိုထားသည်။