Institute for Strategy and Policy- Myanmar
4.79K subscribers
1.97K photos
36 videos
5 files
832 links
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Download Telegram
ဘွိုင်းကော့လုပ်ခြင်းနှင့် အစားထိုးရွေးချယ်စရာ ရှားပါးမှု
______________________

■ လွမ်းနောင်

[လွမ်းနောင်သည် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာတန်းကို တက်ရောက်နေပြီး လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သုတေသနများ လုပ်ဆောင်နေပါသည်။]

တော်လှန်ရေးကာလ အစောပိုင်းကတည်းကနေ အခုအချိန်အထိ စစ်တပ်ထုတ်ပစ္စည်းတွေနဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ (ဘွိုင်းကော့လုပ်ဖို့) တိုက်တွန်းနေကြတာဟာ တကယ်တော့ အင်မတန် အားရစရာကောင်းပါတယ်။ ဒါပေမဲ့ တခြားတဖက်မှာကြည့်ရင် ပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) တို့တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။

လူငယ်တယောက်အနေနဲ့ အားလပ်ရက်မှာ ဈေးဝယ်စင်တာ (Shopping Mall) သွားမယ်ဆိုရင် ဘယ်ကိုသွားရမလဲ။ Junction ကို သွားမလား၊ စိန်ဂေဟာလား၊ ဒါမှမဟုတ် ဘွိုင်းကော့လုပ်ထားတဲ့ မြန်မာပလာဇာလား။ ကိုယ်တိုင်သာဆိုရင်တော့ သွားလာရလွယ်ကူတဲ့နေရာကိုပဲ သွားဖြစ်မှာပါ။ ဘာလို့လဲဆိုရင်တော့ ဈေးဝယ်စင်တာအားလုံးနီးပါးက စစ်တပ်နဲ့ တနည်းမဟုတ်တနည်း ပတ်သက်ဆက်နွယ်နေတဲ့ ပိုင်ဆိုင်မှုတွေချည်း ဖြစ်နေတာကြောင့် မြန်မာပလာဇာသွားတာနဲ့ Junction သွားတာ ဘာမှသိပ်မထူးခြားလို့ပါ။

ဆက်ပြောရရင် ဖုန်းဆင်းကတ်ကိစ္စမှာလည်း စစ်တပ်ပိုင် Mytel ကိုမသုံးဘဲ တခြား ပြည်တွင်းဆက်သွယ်ရေးလိုင်းတွေကို ပြောင်းသုံးမယ်ဆိုရင်တောင် ‘ပုလင်းတူ ဘူးဆို့’ လို ဖြစ်နေလို့ တော်တော်လေး ဂွကျတဲ့ အခြေအနေပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြည့်ရင်လည်း Wi-Fi မရတဲ့ နေရာတွေဖြစ်လို့ ဖုန်းဘေလ်နဲ့ပဲ အင်တာနက်သုံးနေရတဲ့သူတွေဟာ ငွေ ၁,၀၀၀ ဖိုးဝယ်ရင် 5GB ရတဲ့ Mytel ကိုပဲ ရွေးသုံးနေကြရပါတယ်။ Mytel မသုံးဘဲ တခြားလိုင်းကို သုံးရင် ၁,၀၀၀ ဖိုးကို 1GB လောက်ပဲ ရမှာဖြစ်လို့၊ သူတို့အတွက် ဘွိုင်းကော့ဆိုတာကိုလည်း သိပ်မသိသလို၊ သိခဲ့ရင်တောင် ပြောင်းသုံးနိုင်ဖို့ မလွယ်ပါဘူး။ ပြည်ပရောက်နေသူတွေအနေနဲ့ ဘာကိုတော့ မသုံးကြပါနဲ့လို့ ပြောရတာ လွယ်ပေမဲ့ တကယ်တမ်း မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။ အင်တာနက်ဖြတ်ခံထားရတဲ့ ဒေသမှာနေတဲ့ အသိသူငယ်ချင်းတယောက်ဆိုရင် အဲဒီနယ်မှာ စစ်တပ်ပိုင် Mytel ပဲ လိုင်းရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Mytel ကို ဘွိုင်းကော့လုပ်ပြီး လုံးဝမသုံးဘဲ နေရမလား၊ ဒါမှမဟုတ် တခြားအော်ပရေတာတွေ လိုင်းပြန်ဖွင့်ပေးမယ့်အချိန်ကိုပဲ ထိုင်စောင့်နေရမလားဆိုတာ ဝေခွဲမရဖြစ်လာပါတယ်။ တကယ်တော့ ပြည်တွင်းက ဆက်သွယ်ရေးလုပ်ငန်း အားလုံးနီးပါးဟာ စစ်တပ်နဲ့ နီးစပ်သူတွေချည်းပဲဆိုတာ အားလုံးအသိပါပဲ။

တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ ပြည်တွင်းမှာ ကျန်ရစ်သူတွေ စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံစားနေရတာလည်း တော်တော်လေး ကြာခဲ့ပါပြီ။ အခုဆို ပြည်ပက တင်သွင်းတဲ့ ပစ္စည်းတွေ ရှားပါးလာလို့ ပြည်တွင်းထုတ်ကိုပဲ မဖြစ်မနေ သုံးစွဲနေရပါတယ်။ ပြည်ပကနေ မှောင်ခိုဝင်လာတဲ့ ပစ္စည်းတွေကျပြန်တော့လည်း ဈေးအရမ်းကြီးလို့ မသုံးနိုင်ကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်ဟာကတော့ စစ်တပ်အနွယ်ဝင်ဖြစ်လို့ မသုံးရဘူးဆိုရင် ပြည်သူတွေ ဘယ်လိုရှေ့ဆက်ကြမလဲ။ အဝေးကြီး မကြည့်ပါနဲ့။ အရင်က ပြည်ပကလာတဲ့ ကော်ဖီမှုန့်ကို လွယ်လွယ်ကူကူ ဝယ်သောက်နိုင်ခဲ့ပေမဲ့ အခုတော့ ဝယ်လို့တောင် မရနိုင်တော့ပါဘူး။

ဒီတော့ ဘွိုင်းကော့လုပ်ထားတဲ့ ပစ္စည်းတွေကို မသုံးချင်ရင်တောင် ပြည်တွင်းမှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေကိုပဲ ကြိတ်မှိတ်သုံးစွဲနေရပါတယ်။ တချို့ကတော့ စစ်တပ်ပိုင်မဟုတ်တဲ့ တခြားလုပ်ငန်းတွေရဲ့ ပစ္စည်းတွေ ရှိသေးတယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ ပြည်တွင်းထုတ်ဖြစ်နေရင်တောင် လမ်းခရီးသယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေကြောင့် တချို့ကုန်ပစ္စည်းတွေဆိုရင် သုံးရတဲ့အချိန်ထက် စောင့်ရတဲ့အချိန်က ပိုကြာနေတတ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ချင်ရင်တောင် လမ်းထိပ်စတိုးဆိုင်တိုင်းမှာ လွယ်လွယ်ရတဲ့ ပြည်တွင်းထုတ် ရယ်ဒီမိတ်ကော်ဖီထုပ်တွေကိုပဲ ဝယ်သောက်နေရတာပါ။ ရန်ကုန်မှာ လက်ဖက်ရည်တခွက်ကို အနည်းဆုံး ကျပ် ၂,၀၀၀ လောက် ဖြစ်နေပြီဆိုတာ အားလုံးအသိပါပဲ။ ဒါကြောင့် ဈေးသက်သာတဲ့ Premier ရယ်ဒီမိတ်ကော်ဖီထုပ်တွေကိုပဲ အများစုက သောက်သုံးနေကြရတာပါ။ တကယ်လို့ Premier ကိုပါ ဘွိုင်းကော့လုပ်ရမယ်ဆိုရင် ဘယ်လုပ်ငန်းကရော စစ်တပ်နဲ့ အပြည့်အဝကင်းလွတ်မယ်လို့ ထင်စရာရှိပါသလဲ။
နောက်ဆုံးအနေနဲ့ ပြောရရင် ရွေးကောက်ပွဲကိစ္စမှာလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့တာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘယ်လိုဘယ်ပုံ ဆန့်ကျင်ရမလဲဆိုတဲ့ တိကျရေရာတဲ့ ရှင်းလင်းချက်မျိုးတော့ သိပ်မတွေ့ခဲ့ရပါဘူး။ “မဲမပေးဘဲ နေကြ” ဆိုတဲ့ တိုက်တွန်းချက်လောက်နဲ့တော့ မလုံလောက်လှပါဘူး။ ပြည်တွင်းမှာရှိနေသူတွေအဖို့ မဲမပေးရင် စစ်တပ်လက်အောက်ခံတွေပေးမယ့် ဒုက္ခတွေကို ကြောက်နေရဆဲပါ။ ဒါကြောင့် လာမယ့်ဘေး ပြေးမတွေ့ချင်တော့ဘဲ နီးရာဓားကို ကြောက်နေရတဲ့ အခြေအနေပါ။ ဒီလိုနဲ့ပဲ ပြည်တွင်းက လူတွေဟာ ‘ဂျာအေး သူ့အမေရိုက်’ သလို သံသရာလည်နေတော့မှာပါ။ သူ့အိမ်မှာ နေနေရရင်တော့ သူ့မျက်နှာကြည့်ပြီး သူ့အကြိုက် လုပ်ပေးနေရမယ့် သဘောပါပဲ။ ဒါကြောင့် မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ ပြည်တွင်းက ပြည်သူတွေရဲ့ အခြေအနေကိုလည်း တချက်လောက်တော့ ငဲ့ကြည့်ပေးဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

ဒီဆောင်းပါးအပြင် တခြားသော ISP Column ဆောင်းပါးတွေကိုလည်း ISP-Myanmar ဝက်ဘ်ဆိုက်မှာ တစုတစည်းတည်း ဖတ်နိုင်ပါတယ်။

➤ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန်
https://ispmyanmar.com/isp-column/

#ISP_Column
1👍1
နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း

အုပ်စိုးမှုစနစ် ဣရိယာပုတ်အပြောင်းအလဲနှင့်
စောင့်ကြည့်ရမည့် ဟန်ချက်လေးရပ်

______________________

ISP Naypyitawlogy Outlook အမှတ် (၁)

■ အနှစ်ချုပ်

စစ်အာဏာရှင်ဟောင်းကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့လို စေတလုံးအာဏာရှင်မျိုး နောက်ထပ်ပေါ်မလာအောင် ၂၀၁၀ ရွေးကောက်ပွဲကတဆင့် ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲ အုပ်ချုပ်ရေး’ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ်ပုံစံကို သွတ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကတဆင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေး အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဆွဲဆန့်နေတာ တွေ့ရပါတယ်။ အရပ်ဘက်ပြောင်းဖို့ ကြံရွယ်ပြင်ဆင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သူ့အာဏာစက် ခိုင်မာစေဖို့အတွက် တပ်မတော်၊ အစိုးရ၊ လွှတ်တော်နဲ့ ကြံ့ခိုင်ရေးပါတီဆိုတဲ့ အုပ်စိုးမှုစနစ်ရဲ့ အဓိကထောက်တိုင်လေးခုကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထိန်းချုပ်ထားနိုင်မလားဆိုတာ အရေးတကြီး ဆန်းစစ်ရမယ့် မေးခွန်းပဲဖြစ်ပါတယ်။ ဒီထောက်တိုင်လေးခုမှာ ဘယ်သူတွေက ပလေယာတွေ ဖြစ်လာမလဲ၊ ဘယ်သူ့ကို ဘယ်နေရာမှာ ချထားမလဲဆိုတဲ့ ဇာတ်ကောင်အခင်းအကျင်း (actor mapping) ဟာ အရေးကြီးပါတယ်။ တပ်မတော်မှာ လက်ရှိ ဒုချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ဒါမှမဟုတ်) တလောကမှ ကြည်းချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးသာ တပ်ချုပ်ဖြစ်လာရင် စတုတ္ထမျိုးဆက်အရာရှိကြီးတွေအနေနဲ့ တပ်အနာဂတ်ကို စိတ်တိုင်းကျပုံဖော်ဖို့ ခက်သွားပါမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တပ်ကို စိတ်တိုင်းကျစီစဉ်၊ အရပ်ဘက်ကူးပြောင်းလို့ သမ္မတတာဝန်ကို ယူမယ်ဆိုရင်တောင် ဦးမင်းအောင်လှိုင်အတွက် အခက်အခဲကြုံနိုင်ခြေရှိတာက လွှတ်တော်များနဲ့ ကြံ့ခိုင်ရေးပါတီဆိုတဲ့ ထောက်တိုင်နှစ်ရပ်ကို ဘယ်လို ထိထိရောက်ရောက် ထိန်းချုပ်မလဲဆိုတာပါပဲ။ မသေချာမရေရာမှုတွေ ပြည့်နှက်နေတဲ့ အုပ်စိုးမှုစနစ် အထိုင်အထ အပြောင်းအလဲမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ ခန့်မှန်းရခက်ပေတဲ့ ဝင်ပါလာရင် အကျိုးဆက်ကြီးပြီး ဟန်ချက်ပျက်စေနိုင်တဲ့ အကြောင်းအချက်တခုဖြစ်တယ် ဆိုတာကိုလည်း သတိမူရမှာဖြစ်ပါတယ်။

■ အထောက်အထားနှင့် ပေါ်လွင်လာသည့် ဦးတည်လမ်းကြောင်း

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်ကက်ကရော့တို့ တွေ့ဆုံရာမှာ မြန်မာစစ်တပ်ခေါင်း ဆောင်ပိုင်းမှာ အပြောင်းအလဲရှိမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါကိုလည်း ကာလုံ (အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်တာဝန်ကနားပြီး အစိုးရသစ်ရဲ့ နိုင်ငံတော်သမ္မတအဖြစ် ဆောင်ရွက်မလားဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ များလာပါတယ်။ မတ် ၂ ရက်မှာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူး ပေးလိုက်ပါတယ်။ အစဉ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ တွဲကိုင်လေ့ရှိတဲ့ ကြည်းတပ်ချုပ်နေရာကို ခွဲထုတ်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခန့်အပ်လိုက်တာပါ။ ဒုတပ်ချုပ်ကိုင်တဲ့ ရာထူးဖြစ်လို့ ဒီရာထူးကို တပ်ရဲ့ နံပါတ်နှစ်နေရာလို့ မှတ်ယူဖွယ်ရှိပါတယ်။ ဒီအတောအတွင်း ကာကွယ်ရေးဌာနကောင်စီ (ကကန-ကောင်စီ)က တပ်ချုပ်သက်တမ်းကို ငါးနှစ်ပဲ တာဝန်ထမ်းဖို့ ကန့်သတ်မယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ လက်ရှိ စစ်ဘက်ခေါင်းဆောင်မှုထိပ်ပိုင်းမှာ စစ်တပ်တွင်းအင်္ဂါစဉ်အရ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလွဲလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးထက် စီနီယာကျပြီး တပ်ချုပ်ဖြစ်လာနိုင်သူ မရှိတော့ပါဘူး။ ဒါကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တပ်ချုပ်အဖြစ် နောက်ငါးနှစ် ဆက်ထားရင်ထား၊ မထားရင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးပဲ တပ်ချုပ်အသစ် ဖြစ်လာဖွယ်ရှိပါတယ်။

ISP-Myanmar က ထုတ်ဝေထားတဲ့ မြန်မာ့အခြေပြစစ်တမ်းမှာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ဖို့ ကြိုးစားခဲ့တဲ့ ‘တပ်မတော်-ကြံ့ခိုင်ရေးပါတီ ပူးတွဲအုပ်ချုပ်ရေး’ ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ်ပုံစံကို ဖျက်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို အသက်သွင်းမယ့်လက္ခဏာမျိုး ပိုတွေ့နေရတယ်လို့ တိတိပပ ရေးသားခဲ့ပါတယ်။ လာမယ့် ဧပြီလဆန်းမှာ ပေါ်ထွက်လာမယ့် အစိုးရသစ်ဟာ ဒီပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို ဘယ်လိုထင်ဟပ်မလဲ၊ ဘယ်လိုထူးခြားချက်တွေရှိမလဲဆိုတာ ဆန်းစစ်စရာဖြစ်လာပါတယ်။
■ ဆန်းစစ်မြင်ကွင်းအတွင်းရှိ အဓိကမောင်းနှင်အားများနှင့် အပြန်အလှန် အညမညပြုရလဒ်များ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးမင်းအောင်လှိုင်အဖြစ်နဲ့ အစိုးရသစ် သမ္မတတာဝန်ယူပြီဆိုရင် သူ့အာဏာစက်ကို ခိုင်မာစေဖို့အတွက် အုပ်စိုးမှုစနစ်ရဲ့ အဓိကထောက်တိုင်လေးခုကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထိန်းချုပ်ထားဖို့ လိုပါတယ်။ ဒါတွေကတော့ တပ်မတော်၊ အစိုးရ၊ လွှတ်တော်နဲ့ ကြံ့ခိုင်ရေးပါတီပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ အစိုးရကိုထိန်းချုပ်ဖို့ စီမံရတာလွယ်ကူနိုင်ပေမဲ့ လွှတ်တော်နဲ့ ကြံ့ခိုင်ရေးပါတီကို အလုံးစုံထိန်းချုပ်ဖို့ကတော့ မရေရာမသေချာမှုနဲ့ အားပြိုင်အကဲစမ်းခံရမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ထောက်တိုင်တွေကို အင်စတီကျူးရှင်းရှုထောင့်အရ လေ့လာသလို ဘယ်သူတွေက ပလေယာတွေဖြစ်လာမလဲ၊ ဘယ်သူ့ကို ဘယ်နေရာမှာချထားမလဲဆိုတဲ့ ဇာတ်ကောင်အခင်းအကျင်း (actor mapping) ကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။

ပထမဆုံး တပ်မတော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ဆန်းစစ်ပါမယ်။ ISP-Myanmar က ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်မှာထုတ်ဝေထားတဲ့ “စတုတ္ထမျိုးဆက်‘တပ်မတော်’ ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက်ပိုဆိုးမလား” ကနဦးသုံးသပ်ချက် (ISP OnPoint) အမှတ်-၂၇ မှာ ဒီစတုတ္ထမျိုးဆက်ကို ဘယ်သူတွေဦးဆောင်မလဲဆိုရင် လတ်တလော အာဏာဆက်ခံနိုင်ဖွယ် အရှိဆုံးလို့ ရေပန်းစားနေတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း (စစ်တက္ကသိုလ်အပတ်စဉ် DSA-35) ကို မြင်မိကြမှာ သေချာပေတဲ့ လူခန့်မှန်းတာသိပ်များရင် မဖြစ်တတ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိတယ်လို့ ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ တတိယမျိုးဆက်ခေါင်းကိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အကာအကွယ်ပေးဖို့နဲ့ ပေါင်းကူးတပ်ချုပ်အဖြစ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူး ပေးလိုက်တဲ့အတွက် ဒီခန့်မှန်းချက်ကို ပြန်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ ISP-Myanmar ရဲ့ ထပ်မံလေ့လာမှုတွေအရ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ငယ်သေးတယ်လို့ မြင်သူတွေ၊ ဒါ့အပြင် ဗိုလ်ချုပ်ကြီးရာထူးတိုးခံရပြီး စစ်တပ်ရဲ့ နံပါတ်သုံးနေရာလောက်အထိ ပစားပေးခံရပြီးတဲ့နောက် ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ စီနီယာဗိုလ်ချုပ်ကြီးတွေအပေါ် တင်စီးမောက်မာလာတာတွေ၊ ရာထူးအဆောင်အယောင် ပရိုတိုကောနဲ့ ဘဝင်မြင့် ခြေရာတိုင်းလာတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် စီနီယာဗိုလ်ချုပ်ကြီးတွေအကြားမှာ မကျေမချမ်းဖြစ်ပြီး အပြစ်ဒေါသသင့်လို့ “မင်းနားတထောင်၊ ကြားနှံ့ဆောင်” ဆိုသလို တပ်ချုပ်မင်းအောင်လှိုင်မှာ ဖိအားဖြစ်၊ ပြန်စဉ်းစားလာရတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် စစ်ကော်မရှင်မှာ အတွင်းရေးမှူးဖြစ်ပေမဲ့ တပ်မတော်စစ်အင်္ဂါစဉ်အရ အဆင့်ရှစ်လောက်အထိဖြစ်နေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကြည်းချုပ်ရာထူးအထိ ဆွဲတင်လိုက်တာဟာ စတုတ္ထမျိုးဆက်သစ်တွေအတွက် နောက်ငါးနှစ်အတွင်း တပ်ချုပ်အရိုက်အရာကို ဆက်ခံဖို့ စောသေးတယ်ဆိုတဲ့ သတင်းစကား မက်ဆေ့ချ်အဖြစ် သုံးသပ်လို့ရနိုင်ပါတယ် [ISP ဒေတာအချက်အလက် ၂၅/၂၀၂၆ (ISP-DM2026-025) ကိုရှုပါ]။

ဒီလို ပါးစပ်ထဲရောက်ခါနီး ထမင်းလုတ် ပုတ်ချခံရတဲ့ ကံကြမ္မာမျိုးဟာ မြန်မာ့တပ်မတော်မှာ ဖြစ်လေ့ဖြစ်ထရှိခဲ့ပါတယ်။ ဥပမာ-၂၀၁၀ ပြည့်နှစ် စစ်တပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုစနစ်ကနေ စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့စနစ်ကို ပြောင်းတဲ့ကာလမှာ တပ်မတော်က နံပါတ်သုံးခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတ ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တခုခုဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ နှစ်ခုလုံးနဲ့လွဲပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသာ ဖြစ်ခဲ့ပါတယ်။ အလားတူပဲ စစ်တက္ကသိုလ်အပတ်စဉ် DSA-18 က ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးအတွက် လျာထားခဲ့ပေမဲ့ တရားဝင်အမိန့်စာ မထွက်ခင် နွားရှေ့ထွန်ကျူး ပွဲခံပြီး မလျော်မကန်လုပ်လာလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူရမြင့်အောင်ကို ကာကွယ်ရေးဝန်ကြီး အဖြစ်သာ ပြောင်းလဲတာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်တက္ကသိုလ်အပတ်စဉ် DSA-19 က ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအထက်မှာ ရှိနေတာမို့ စစ်တက္ကသိုလ် စီနီယာဖြစ်တဲ့၊ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ပြင်းထန်တဲ့ သူရမြင့်အောင်က ဂျူနီယာတပ်ချုပ်အောက်မှာ မလုပ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ တပ်ချုပ်ရာထူးနဲ့လွဲချော်လို့ ကလန်ကဆန်လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနားပေးခံရပြီး နေအိမ်အကျယ်ချုပ်ချခံခဲ့ရပါတယ်။
တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒီထက်ပိုပြီး မျက်စိစပါးမွေးစူးလာရင် အစိုးရတာဝန်ဘက်ပြောင်းပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး စတဲ့ လုံခြုံရေးဝန်ကြီးဌာနသုံးခုထဲက တခုခုမှာ ဝန်ကြီးအဖြစ်ခန့်အပ် နိဂုံးချုပ်လိုက်ဖို့တောင် ဖြစ်နိုင်ပါတယ်။ ဒါဆို စတုတ္ထမျိုးဆက်တပ်မတော်ရဲ့ DSA-38 ဆင်းတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်၊ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက် စတဲ့ စစ်ဗိုလ်ချုပ်တွေကို နောက်ငါးနှစ်အလွန် တပ်ချုပ်လောင်းတွေအဖြစ် လျာထားနိုင်ပြီး အခု တိုင်းမှူးတွေဖြစ်နေကြတဲ့ DSA-40/41 တွေရဲ့ အခန်းကဏ္ဍက လာမယ့်ငါးနှစ်အတွင်း ခေါင်းဆောင်မှုကဏ္ဍအတွက် ခြေစစ်ပွဲနွှဲရမယ့်သူတွေ ဖြစ်လာနိုင်ပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ကနေ ကြည်းချုပ်၊ အဲဒီကတဆင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသာ တပ်ချုပ်ဖြစ်လာရင် စတုတ္ထမျိုးဆက် အရာရှိကြီးတွေအနေနဲ့ တပ်အနာဂတ်ကို စိတ်တိုင်းကျပုံဖော်ဖို့ ခက်သွားပါမယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သစ္စာခံမို့ စစ်ခေါင်းဆောင်ရဲ့အကျိုးစီးပွားကို ရှေးရှုပြီး လာမယ့်အစိုးရသစ်သက်တမ်းအတွင်း တပ်ကို ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ရဲ့ လက်ကိုင်တုတ်အဖြစ် ဆက်ပြီး ကြပ်မတ်သွားဖွယ် ရှိနိုင်ပါတယ် [ISP ဒေတာအချက်အလက် ၂၇/၂၀၂၆ (ISP-DM2026-027) နောက်ဆက်တွဲ-၂ ကိုရှုပါ]။

ဒါပေမဲ့ လက်ရှိတပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပေး၊ မပေးကလည်း ယတိပြတ် ပြောမရသေးပါဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ခေါင်း​ဆောင် တပ်မမှူးဘဝမှာ စဆုံခဲ့ပြီးကတည်းက တဖြည်းဖြည်း မိသားစုချင်းပါ ရင်းနှီးလာသူဖြစ်လို့ အိမ်တော်ရဲ့အတွင်းလူလည်း ဖြစ်ပါတယ်။ အာဏာသိမ်းကတည်းက စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားထိပ်ပိုင်းမှာ စစ်ဘက်ရာထူးလက်ကိုင်နဲ့ ဗိုလ် ချုပ်ကြီးအဆင့်မှာ နေရာမြဲခဲ့သူပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ဘက်နဲ့ နယ်ဘက် လွှမ်းခြုံတဲ့ ခေါင်းဆောင်မှုအတွေ့အကြုံ အားနည်းသေးတာ တွေ့ရပါတယ်။ သူတာဝန်ယူခဲ့တဲ့ တပ်မ ၁၀၁ တပ်မမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာ၀တီတိုင်းမှူးတာဝန် စတဲ့နေရာတွေဟာ သူတာဝန်ယူစဉ်ကာလက စစ်တိုက်ရတဲ့၊ အဆင့်မြင့်တာဝန်ကနေ စစ်ပွဲကိုကွပ်ကဲရတဲ့ နယ်မြေတွေ မဟုတ်ပါဘူး။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်က စပြင်ဆင်ခဲ့တဲ့ ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေး စဉ်းစားပုံ၊ သံချပ်ကာကနေ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (ကကထုတ်) နဲ့ ဝယ်ယူရေးအထိ သိမြင်နားလည်တဲ့ ရှေ့မီနောက်မီ မျိုးဆက်ချိတ်ဆက်ပေးနိုင်တဲ့ အတွေ့အကြုံမျိုး အားနည်းပါတယ်။ ဒါကြောင့် နိုင်ငံတဝန်းလုံးကိုဖြန့်ကြက်ထားတဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ ခြေလျင်-ခြေမြန် တပ်ရင်းတပ်မတွေ အကုန်လုံးကို ကွပ်ကဲနိုင်တဲ့ အာဏာဖြစ်တဲ့ ကြည်းချုပ်ကို ပေးထားပေမဲ့ တပ်ချုပ်အထိ ထပ်တင်ဖို့ဆိုတာ စစ်တပ်ရဲ့အစဉ်အလာ စဉ်းစားပုံအရဆိုရင်တော့ အကန့်အသတ်ရှိနိုင်ပါသေးတယ်။ စစ်ထောက်လှမ်းရေးကို တပ်ချုပ်ပေးတာမျိုးကလည်း စံသွေဖည်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ တခါ OTS ကျောင်းဆင်းဖြစ်တာကလည်း တပ်တွင်းမှာ အကင်းသေနေပြီဖြစ်တဲ့ DSA နဲ့ OTS အားပြိုင်မှုကို ပြန်ဖြစ်စေနိုင်သလားဆိုပြီး စဉ်းစားကြသူတွေရှိပါတယ်။

တကယ်လို့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အနေအထိုင်မတတ်ဘဲ စီနီယာတွေအပေါ် ခြေရာတိုင်းအချိုးမပြေတာကြောင့်ရော၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ငါ့လူယုံမို့ ငါခန့်ချင်လို့ခန့်တယ်ဆိုပြီး တပ်ချုပ်မင်းအောင်လှိုင်က ဆုံးဖြတ်ရင်တော့ လက်ရှိအကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ရေးမှာ အရည်အချင်းမပြည့်မီမှုရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ တပ်ရဲ့ရိုးရာကို ချိုးဖောက်သလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေနောက်တခုကတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကြည်းချုပ်နေရာမှာပဲထားပြီး နောက်ငါးနှစ်မှာ တပ်ကိုဦးစီးဖို့ လက်ရှိဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို လွှဲပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒုချုပ်ဟာ စစ်ခေါင်းဆောင်အပေါ် သစ္စာစောင့်သိသူဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ရှေ့မီနောက်မီဖြစ်သလို နိုင်ငံရေးရည်မှန်းချက်မရှိဘဲ စစ်ဘက်ရေးရာမှာ သဘောထား တင်းမာပြတ်သားသူလည်းဖြစ်ပါတယ် [ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကိုယ်ရေးအကျဥ်းကို ISP ဒေတာအချက်အလက် ၂၆/၂၀၂၆ (ISP-DM2026-026) နောက်ဆက်တွဲ-၁ တွင်ရှုပါ]။
1
စစ်ခေါင်းဆောင်ဟာ သူ့ကို ကျားကန်ပေးမယ့် တပ်မတော်ထောက်တိုင်ရပြီးတဲ့အခါ အစိုးရထောက်တိုင်ကို ပိုင်နိုင်ထိန်းချုပ်ဖို့ ပြင်ဆင်မှာဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်အဖြစ်နဲ့ အစိုးရသစ် သမ္မတတာဝန်ကို ရယူပြီဆိုရင်တော့ ဒီထိန်းချုပ်ရေးလုပ်ငန်းစဉ်ဟာ လွယ်ကူမယ်လို့ သုံးသပ်နိုင်ပါတယ်။ ထိန်းချုပ်ရာမှာ ပြည်ထောင်စုအစိုးရကိုသာမက တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့တွေကိုပါ တိုက်ရိုက်ခန့်အပ်စီမံလို့ ရသွားပါတယ်။ တကယ်လို့ သမ္မတရာထူးကို တိုက်ရိုက်မယူဘဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဋ္ဌ တာဝန်မျိုးကနေ အစိုးရကို ထိန်းချုပ်မယ်ဆိုရင်တော့ အကျိုးစီးပွားပဋိပက္ခတွေ ရှိလာခဲ့ရင် ပရိုတိုကောအရရော ကျန်အားပြိုင်မှုတွေအရပါ မထင်မှတ် မမျှော်လင့်ထားတာတွေ ခြေချော်လက်ချော် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သမ္မတရာထူးပဲ ယူနိုင်ခြေပိုရှိမယ်လို့ မှန်းဆရပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကတော့ ဒုတိယသမ္မတနေရာတွေလည်း ပေးလို့မရ၊ ဝန်ကြီးနေရာလည်း ပေးဖို့မသင့်တဲ့သူတွေ၊ အရင်လူကြီးဟောင်းတွေ (ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်တွေ) ထဲက အကြံဉာဏ်ပေးနိုင်သူတွေအတွက် ပြည်ထောင်စုအဆင့်ရာထူးမျိုး ဖန်တီးတာလည်း ဖြစ်နိုင်တယ်လို့ ဘီဘီစီမြန်မာပိုင်းက သုံးသပ်ဖော်ပြပါတယ်။ လွှတ်တော်မခေါ်ခင်မှာ ​​ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး ကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေအရ အတိုင်ပင်ခံကောင်စီဟာ လွှတ်တော်ရဲ့ အာဏာနဲ့ လုပ်နိုင်စွမ်းကို အထိန်းအထေလုပ်ဖို့ အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ကောင်စီကို စိတ်ကြိုက်ဖွဲ့စည်းနိုင်ဖို့ လွှတ်တော်က သမ္မတကို အာဏာအပ်နှင်းထားရပါတယ်။ ကောင်စီဟာ ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ အကြံပေးရုံမက ညှိနှိုင်းဆောင်ရွက်ခွင့်ပါ ရှိနေပါတယ်။ သမ္မတနဲ့ လွှတ်တော်အကြား ပွတ်တိုက်မှုမရှိအောင် စစ်ခေါင်းဆောင်က ကြိုတင်ပြင်ထားပုံရပါတယ်။ ဒီနေရာမှာ အရပ်ဘက်ပြောင်းလာမယ့် သူ့အတွက် အခက်အခဲကြုံနိုင်ခြေရှိတာက လွှတ်တော်တွေနဲ့ ကြံ့ခိုင်ရေးပါတီပါပဲ။ ဦးမင်းအောင်လှိုင်အတွက်တော့ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ရော၊ ပါတီခေါင်းဆောင်တာဝန်ပါယူပြီး သမ္မတဦးသိန်းစိန်အပေါ် ခြိမ်းခြောက်စိန်ခေါ်နိုင်ခဲ့တာတွေဟာ လတ်ဆတ်နေဆဲ စိတ်အနာနဲ့ သင်ခန်းစာတွေ ဖြစ်နေပါသေးတယ်။ လွှတ်တော်ဥက္ကဋ္ဌဟာ သမ္မတကို စွပ်စွဲပြစ်တင်လုပ်နိုင်ရုံသာမက ပါတီယန္တရားကိုပါထိန်းချုပ်နိုင်တဲ့ ပါတီခေါင်းဆောင်အဖြစ် ဆက်နေနိုင်တာမို့ ဒီရာထူးရမယ့်သူဟာ ဦးမင်းအောင်လှိုင်ရဲ့ အာဏာစက်ခိုင်မာရေးမှာ ခလုတ်တံသင်း မဖြစ်ဖို့၊ အဖြည့်အနင်းခံ တံတားသာဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်။

ဦးမင်းအောင်လှိုင်က သမ္မတနေရာ ရယူလိုတာမို့ လက်ရှိကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကို အခြားဝန်ကြီးနေရာ ဒါမှမဟုတ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ တာဝန်ပေး ခွေထားဖို့ဆိုတာကလည်း အနိုင်ရပါတီဥက္ကဋ္ဌမို့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာပါ။ ဒါကြောင့် မတ် ၁၆ ရက် လွှတ်တော်အဖွင့်မှာ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ခွဲပေးရတာဟာ ဦးမင်းအောင်လှိုင်အတွက် မီးခဲဖင်ခုထိုင်ရသလို ဖြစ်နေနိုင်ပါတယ်။ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီဟာ စစ်တက္ကသိုလ်အပတ်စဥ် DSA-17 ဆင်းဖြစ်လို့ စစ်တက္ကသိုလ်အပတ်စဉ်အရ စစ်ခေါင်းဆောင်ထက် စီနီယာကျရုံသာမက နိုင်ငံရေးသမ္ဘာရင့်တဲ့ ရှေ့မီနောက်မီ သက်တော်ရှည်ဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး တော်လှန်ရေးယူဂျီတွေ၊ PDF တွေ သတ်ဖြတ်လို့ ပါတီဝင် ၁,၅၀၀ ဝန်းကျင်သေ ဆုံးခဲ့ရတယ်၊ စစ်တပ်က ပစ်ပယ်ထားခဲ့တယ်၊ စစ်အုပ်ချုပ်ရေးက ထွက်ပေါက်ရချင်ရင် အစိမ်းရောင်ပါတီကို မဲပေးထွက်ပေါက်ရှာရမယ်လို့ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ပြောဆိုစည်းရုံးခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီအောက်ခြေထု တော်တော်များများကလည်း ဦးခင်ရီရဲ့ခေါင်းဆောင်မှုကို လက်ခံကြပုံရပါတယ်။ ဒါပေမဲ့ ဦးခင်ရီဟာ ကြံ့ခိုင်ရေးပါတီတခုတည်းရဲ့ မဲအင်အားနဲ့တင် သမ္မတဖြစ်နိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ ဒီအခွင့်အရေးကိုလက်လွှတ်ပြီး လွှတ်တော်ဥက္ကဋ္ဌတာဝန်နဲ့ နှပ်ချခံခဲ့ရတာပါ။ ဒါကြောင့် ပါတီဝင်တွေနဲ့ အမာခံတွေအတွက်တော့ သူတို့မဲပေးခဲ့တဲ့ ပါတီခေါင်းဆောင်က သမ္မတအဖြစ် အုပ်ချုပ်ခွင့်မရတဲ့အဖြစ်မို့ မကျေနပ်ချက်ဟာ မီးခဲပြာဖုံးဖြစ်နေကြမှာ သေချာပါတယ်။ ဒါကြောင့် ဦးခင်ရီလို ကြံ့ခိုင်ရေးအမာခံမျိုးဟာ ဦးမင်းအောင်လှိုင်အတွက် ဗြဟ္မာဦးခေါင်း ဖြစ်နေနိုင်ပါတယ်။ ဦးခင်ရီဟာ လွှတ်တော်ဥက္ကဋ္ဌနေရာကနေ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ မူဝါဒလမ်းစဉ်တွေ ဖော်ဆောင်ပေးဖို့ လွှတ်တော်ဘောင်ထဲကနေ တွန်းတာ၊ ထိန်းကျောင်းတာတွေလုပ်နိုင်ရုံမက ပါတီကိုပါ လာမယ့်ငါးနှစ်တာအလွန် ကာလအတွက် ပြင်ဆင်တည်ဆောက် လွှမ်းမိုးသွားနိုင်ဖွယ်ရှိပါတယ်။
1
■ မဟာဗျူဟာမူဝါဒဆိုင်ရာ အကျိုးသက်ရောက်နိုင်ခြေနှင့် ငန်းနက်ဖြစ်တန်ခြေ

အာဏာရှင်ဟောင်းကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့လို ရုံးတလုံး ဓားတစင်း အာဏာရှင်မျိုး နောက်ထပ် ပေါ်မလာအောင် ၂၀၁၀ ရွေးကောက်ပွဲကတဆင့် ‘တပ်မတော်-ကြံ့ခိုင်ရေး ပါတီ ပူးတွဲအုပ်ချုပ်ရေး’ ဆိုတဲ့ စပ်ကြားအင်စတီကျူးရှင်းစနစ်ပုံစံကို သွတ်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကတော့ ၂၀၂၅ ရွေးကောက်ပွဲကတဆင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဆွဲဆန့်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေက ပလေယာတွေ ဖြစ်လာမလဲ၊ ဘယ်သူ့ကို ဘယ်နေရာမှာချထားမလဲဆိုတဲ့ ဇာတ်ကောင်အခင်း အကျင်း (actor mapping) ဟာ အရေးကြီးတယ်ဆိုပေတဲ့ ဒါဟာ ဟောကိန်းထုတ်တာမဟုတ်ဘဲ ရှုပ်ထွေးတဲ့ ဖြစ်တန်ခြေတွေကို ဖြေထုတ်ပြတာသာ ဖြစ်ပါတယ်၊ နောက်ခံအခြေအနေ၊ ဆက်စပ်အခြေအနေတွေကို ရှင်းပြပြီး အကျိုးစီးပွားနဲ့ အာဏာအားပြိုင်မှု၊ အားသာမှုတွေကို ချိန်ထိုးပြတာသာ ပဓာနရည်ရွယ်ချက်ဖြစ်ပါတယ်။ ပိုအရေးကြီးတာက အရပ်ဘက်ပြောင်းတဲ့အခါ ဦးမင်းအောင်လှိုင်အနေနဲ့ သူ့အာဏာစက်ခိုင်မာစေဖို့ တပ်မတော်၊ အစိုးရ၊ လွှတ်တော်နဲ့ ကြံ့ခိုင်ရေးပါတီဆိုတဲ့ အုပ်စိုးမှုစနစ်ရဲ့ အဓိကထောက်တိုင်လေးခုကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးထိန်းချုပ်ထားနိုင်မလား ဆိုတာပါပဲ။

တကယ်လို့ သူက ထောက်တိုင်လေးခုစလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကို အုပ်ချုပ်နေတာဟာ စစ်အုပ်စိုးမှုဆိုတာထက် ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ဆိုတဲ့ စနစ်ပုံစံ (a personalist regime or sultanistic regime type) မျိုးအဖြစ် ပိုသတ်မှတ်နိုင်ဖွယ်ရှိပါတယ်။ အုပ်စိုးမှုစနစ် ဣရိယာပုတ် အပြောင်းအလဲ (regime alteration) မှာ အထိုင်အထ ဟန်ချက်မပျက်ဘဲ ဆက်ထိန်းသွားနိုင်ဖွယ်ရှိပါတယ်။ ထောက်တိုင်လေးခုလုံးက အုပ်စိုးသူလူတန်းစားထဲမှာ အကြောက်တရားနဲ့ စားဖားစိတ်တွေပဲ တမိုးလုံးဖျောက်ဆိပ် လွှမ်းမိုးသွားနိုင်ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ စစ်ခေါင်းဆောင်က ‘ပထမစာမျက်နှာကတော့ ကျော်ဖြတ်ခဲ့ပြီးပြီ။ ... ဒုတိယစာမျက်နှာအစမှာ တကယ်ကိုကောင်းမွန်တဲ့ လက်ရေးလှလှကလေးနဲ့ ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့...’ ဆိုပြီး အာဏာသိမ်းကာလငါးနှစ်နဲ့ ရွေးကောက်ပွဲအလွန်ပေါ်လာမယ့် အစိုးရသက်တမ်းငါးနှစ်ကို စာမျက်နှာနှစ်ရွက်သဖွယ် နှိုင်းယှဉ်ပြောခဲ့တာရှိပါတယ်။ သူပြောခဲ့တဲ့အတိုင်း အရင် အာဏာသိမ်းကာလ ငါးနှစ်နဲ့မတူဘဲ သဘောထားပြောင်းပြီး အပြောင်းအလဲတွေကို သူကိုယ်တိုင် ဦးဆောင်ပြောင်းလဲချင်ပြောင်းလဲ၊ ဒါမှမဟုတ်လို့ကတော့ အပြောင်းအလဲအတွက် တွန်းမယ့် အင်စတီကျူးရှင်း၊ ချန်ပီယံလုပ်မယ့်လူပုဂ္ဂိုလ်တွေ ချွန်ထွက်ဖို့ မလွယ်လောက်ပါဘူး။ တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ တည်ငြိမ်ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆန့်ရေး ဆိုတာတွေမှာလည်း နောက်လာမယ့် ငါးနှစ်ကာလရဲ့ ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ငါးနှစ်ကာလက တပ်ချုပ်မင်းအောင်လှိုင်နဲ့မတူအောင် ဘာများစွမ်းဆောင်နိုင်မလဲဆိုတာ လေ့လာစောင့်ကြည့်သူတွေက သံသယပွားကြမှာ သေချာပါတယ်။

ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်တွေရဲ့ စိန်ခေါ်မှုကြီးတခုဖြစ်တဲ့ အရိုက်အရာဆက်ခံမယ့်သူ ဘယ်သူ့ကို ထားမလဲ၊ ထားမိတဲ့သူကလည်း အာဏာရှင်အတွက် ရတက်မအေးစရာဖြစ်စေမယ် (ဥပမာ- အဂတိမှုနဲ့ တသက်တကျွန်း ပြစ်ဒဏ်ချခံခဲ့ရတဲ့ တပ်ချုပ်ရဲ့လက်ရုံး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ အခုနောက်ဆုံး ငယ်ငယ်ရွယ်ရွယ်နဲ့ စီနီယာတွေကို ခြေရာတိုင်းလို့ တက်လမ်းပိတ်မလိုဖြစ်နေရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့လို) ဆိုရင် ပဒေသရာဇ်ခေတ်တွေတုန်းကလိုပဲ မင်းပြောင်းမင်းလွဲဟာ မရေမရာမှုတွေများလို့၊ အားပြိုင်လုပ်ကြံမှုတွေများလို့၊ အာဏာလေဟာနယ်တွေကျယ်လို့ အန္တရာယ်ဖြစ်တတ်ပါတယ်။ နောက်ထပ် အန္တရာယ်ရေသောက်မြစ်ကြီးတခုကတော့ ငန်းနက်ပေါ်လာမှာလို့တောင် တင်စားနိုင်မယ့် ခန့်မှန်းရခက်ပေမဲ့ ဖြစ်လိုက်ရင် သေရေးရှင်ရေးတမျှ အခြေအနေပြောင်းသွားစေမယ့် တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်အနေနဲ့ ထောက်တိုင်လေးရပ်ကို ချုပ်ကိုင်ပြီး အုပ်စိုးသူတွေအကြား ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို ထူထောင်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ပြင်းထန်သက်ရောက်မှု၊ ပြီးခဲ့တဲ့ငါးနှစ်အတွင်း သူချမှတ်ခဲ့တဲ့ မူဝါဒအမှားအယွင်းတွေကို မပြင်ဆင်တာကြောင့် လူမှုစီးပွားအခြေအနေ ပိုမိုဆိုးရွားလာမှု၊ ပြည်သူလူထုရဲ့ တကျော့ပြန်အုံကြွလာနိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေပြီဆိုရင်တော့ တရုတ်နိုင်ငံက (အရင်ကာလ သာဓကတွေရှိခဲ့သလို) ဝင်ရောက်စွက်ဖက်လာနိုင်ပါတယ်။ ဒီစွက်ဖက်မှုက မြန်မာ့အုပ်စိုးမှုစနစ်ပုံစံကို အကြီးအကျယ် ပြောင်းလဲစေနိုင်ပါတယ်။

➥ အပြည့်အစုံကို ဒီလင့် https://ispmyanmar.com/burmese/publications/# ကနေ dwnload ရယူနိုင်ပါတယ်။
■ ISP Outlook မိတ်ဆက်

ISP Outlook (ISP ဆန်းစစ်မြင်ကွင်း) ကဏ္ဍသစ်ကနေ ကြိုဆိုပါတယ်။ ISP-Myanmar က လေ့လာနေတဲ့ သုတေသနနယ်ပယ်တွေနဲ့ ဆက်စပ်ပြီး နောင်လာမယ့် သုံးလကနေ ခြောက်လအတွင်း ဘယ်အကြောင်းအချက်တွေကို မှန်းချင့်မြော်မြင်ပြီး အဓိကအာရုံထားသင့်တယ်ဆိုတဲ့ ဆန်းစစ်သုံးသပ်ချက်ကို ဒီကဏ္ဍမှာဖော်ပြဖို့ ရည်ရွယ်ပါတယ်။ ISP-Myanmar က အထူးပြုလေ့လာနေတဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာလေ့လာမှု၊ တရုတ်-မြန်မာဆက်ဆံရေးလေ့လာမှု၊ ပဋိပက္ခစီးပွားရေးလေ့လာမှု၊ နေပြည်တော်လိုဂျီခေါ် အုပ်စိုးသူများနဲ့ အုပ်စိုးမှုစနစ်အကြောင်းလေ့လာမှု၊ ဖက်ဒရယ်စနစ်ကစလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လေ့ လာမှုနဲ့ လူမှုစီးပွားဘ၀လေ့လာမှုဆိုတဲ့ သုတေသနနယ်ပယ်အကြောင်းအရာတွေနဲ့ ဆက် စပ်ပြီး တင်ပြမှာဖြစ်ပါတယ်။

ISP ဆန်းစစ်မြင်ကွင်းကဏ္ဍဟာ အနာဂတ်အတွက် ဟောကိန်းထုတ်ဖို့ မဟုတ်ပါဘူး။ အထောက်အထားသစ်တွေနဲ့ လတ်တလောပုံပေါ်လာတဲ့ ဦးတည်လမ်းကြောင်းတွေကို ဖော် ပြပါမယ်။ အချက်အလက်အသစ်တွေနဲ့ လမ်းကြောင်းတွေရဲ့ အဓိကမောင်းနှင်အားတွေက ဘာလဲ၊ ရှိရင်းစွဲပေးထားချက် နောက်ခံ အခြေအနေတွေအောက်မှာ မောင်းနှင်အားတွေ၊ မဏ္ဍိုင်တွေအချင်းချင်း ဘယ်လို အပြန်အလှန် အညမညပြုပြီး အခြေအနေသစ်တွေ ဖန်တီး နိုင်မလဲဆိုတာ ပိုင်းခြားစိစစ်ပြမှာဖြစ်ပါတယ်။ ငန်းနက်ပေါ်တယ်လို့ တင်စားကြရတဲ့ မျှော် လင့်မထားနိုင်တဲ့ ဖြစ်တန်ခြေတွေကစလို့ ရှုပ်ထွေးတဲ့ဖြစ်တန်ခြေတွေကို ​ဖြေထုတ်ပြပြီး မဟာဗျူဟာမူဝါဒဆိုင်ရာ အကျိုးသက်ရောက်နိုင်ခြေတွေကို ဆန်းစစ်ပြပါမယ်။ ဆီလျော်ရင်လျော်သလို အာရုံစိုက်သင့်တဲ့ လမ်းကြောင်းလားရာတွေ၊ အန္တရာယ်နဲ့ အခွင့်အလမ်းတွေ၊ မူဝါဒဆိုင်ရာ ပြင်ဆင်သင့်တာတွေကို အကြံပြုဆွေးနွေးဖို့ ရည်ရွယ်ပါတယ်။ ISP-Myanmar ရဲ့ ပွဲဦးထွက် ဆန်းစစ်မြင်ကွင်း (ISP Outlook) အမှတ်-၁ မှာ နေပြည်တော်လိုဂျီ သုတေသနနယ်ပယ်က အကြောင်းအရာကို တင်ဆက်ထားပါတယ်။ ISP Naypyitawlogy Outlook - နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း ဖြစ်ပါတယ်။ ဖတ်ရှုသုံးသပ်ပြီး ဝေဖန်အကြံပြုကြဖို့ ဖိတ်ခေါ်ပါရစေ။

ISP-Myanmar က အထူးပြုလေ့လာနေတဲ့ သုတေသနနယ်ပယ်တွေနဲ့ ဆက်စပ်တာတွေကို အခြေပြုပြီး (၁) Trackers (၂) Situation Brief (၃) Policy Brief (၄) Flash Update (၅) ISP OnPoint (၆) The State of Myanmar (၇) ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးမှု အစီအစဉ် စတာတွေကိုလည်း စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနေပါတယ်။ ဒါတွေကို ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

#ISP_Naypyitawlogy_Outlook #Naypyitaw