Institute for Strategy and Policy- Myanmar
4.77K subscribers
1.98K photos
36 videos
5 files
835 links
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Download Telegram
ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ကြော်ငြာစာတွေမှာလည်း “ကုန်ကျစရိတ်ကို အရစ်ကျ ပေးသွင်းနိုင်တယ်”၊ “ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း လျှော့ပေးတယ်”၊ “တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အဝ ပညာသင်ဆု ရရှိဖို့ ဝိုင်းဝန်းကူညီပေးတယ်” စတဲ့ စကားလုံးတွေနဲ့ ညှို့ယူ ဖမ်းစားလာကြတယ်။ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အချင်းချင်းကြားမှာ ကိုယ့်ကျောင်းက ထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းထက် ပြည်ပကို ထွက်ခွာသွားနိုင်တဲ့ အရေအတွက်တွေကို ပြိုင်ဆိုင်လာကြပါတယ်။ တဖက်မှာ ပြည်တွင်းစစ်မက်ပဋိပက္ခနဲ့ စစ်မှုထမ်းဥပဒေကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်ကွင်းလိုကြတဲ့ လူငယ်တွေကို ထိရောက်တဲ့ ညှို့ချက် စကားလုံးတွေနဲ့ မြှူဆွယ်လာတယ်။ စွဲမက်စရာကောင်းတဲ့ ယုတ္တိအမှား (logical fallacies) တွေကို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အယုံသွင်းလာကြပါတယ်။

နိုင်ငံလူဦးရေတိုးနှုန်း တည်ငြိမ်နေတဲ့ အခြေအနေ၊ မွေးဖွားမှုနှုန်း တည်ငြိမ်နေတဲ့ အခြေအနေမှာ ရှိရင်းစွဲ မွန်လူငယ်အင်အားတွေက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဌာနေကို စွန့်ခွာကြဖို့ အတွက်သာ အပတ်တကုတ် အားထုတ်နေကြတာက အနာဂတ်အတွက် ရင်လေးစရာ အခင်းအကျင်း ဖြစ်နေပါတယ်။ အကျိုးအမြတ်ကို အခြေခံတဲ့ စျေးကွက်ဆန်မှု အပေါ်ကိုသာ အာရုံစိုက်လာကြတဲ့အတွက် ဝန်ဆောင်မှုပေးရာ နေရာတွေဟာလည်း မိရိုးဖလာ ကျင့်သုံးလာကြတဲ့ “အတတ်ပညာ တတ်မြောက်ပြီးနောက် မိမိတို့ လူမှုအဝန်းအဝိုင်းကို ပြန်လည် အကျိုးပြုစေရေး” ဆိုတဲ့ လူမှုစံတန်ဖိုးတွေ ပါးလျားလာပါတယ်။ ဒီအရွေ့နဲ့ လားရာဟာ မွန်လူမှုအဝန်းအဝိုင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုတ်လက္ခဏာဆောင်လာတယ်လို့ ကောက်ချက်ပြု နိဂုံးချုပ်သုံးသပ်လိုပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

#ISP_Column
လွှတ်တော်ကော်မတီအများစု၌ စစ်ခေါင်းဆောင်၏ လူယုံများ နေရာယူထား

______

ISP Stakeholder Tracker 2026
ST2026-03 | April 23, 2026

လွှတ်တော်ကော်မတီများသည် အုပ်စိုးသူများ၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းရာ၌ အရေးပါသည်။ ထိုကော်မတီများရှိ ဥက္ကဋ္ဌနေရာတွင် လူယုံများကို နေရာပေးထားခြင်းဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းကို စစ်ခေါင်းဆောင်က သွယ်ဝိုက်ကန့်သတ်ထားမည့်သဘော ဆောင်ပါသည်။

❐ ကာလ (Period)
၂၀၂၆ ခုနှစ် မတ် ၁၆ ရက်ကနေ ဧပြီ ၂၃ ရက်အထိ။

❐ သက်ဆိုင်သူများ (Stakeholders)
လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ။

❐ ဖြစ်စဉ်အကျဉ်း (Issues/Activity)
စစ်ကော်မရှင်ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် ရေးရာကော်မတီ ၁၁ ခုကို ဖွဲ့စည်းခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ရေးရာကော်မတီ လေးခုစီနှင့် ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီ သုံးခု ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌ ၁၁ နေရာအနက် ခုနစ်နေရာကို စစ်ခေါင်းဆောင်ဟောင်း သမ္မတဦးမင်းအောင်လှိုင်၏ လူယုံများက နေရာယူထားသည်။

❐ အခြေအနေဦးတည်ချက် (Status/trends)
ဦးမင်းအောင်လှိုင်သည် ၎င်း၏အာဏာစက်ခိုင်မာစေရန် အုပ်စိုးမှုစနစ်၏ အဓိကထောက်တိုင်လေးခုဖြစ်သော တပ်မတော်၊ အစိုးရ၊ လွှတ်တော်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)တို့ကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ပြင်ဆင်နေသည် [ISP Outlook အမှတ်-၁ ၊ ‘နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း၊ အုပ်စိုးမှုစနစ် ဣရိယာပုတ်အပြောင်းအလဲနှင့် စောင့်ကြည့်ရမည့် ဟန်ချက်လေးရပ်’ ကိုရှုပါ]။ လွှတ်တော်ရေးရာကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌနေရာ အများစုတွင် ဦးမင်းအောင်လှိုင်၏ လူယုံများ နေရာရလာခြင်းက လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ရန် ပြင်ဆင်နေကြောင်း ပေါ်လွင်စေသည့် အထောက်အထားတရပ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြည်သူ့ငွေစာရင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီကဲ့သို့အရေးပါသည့်ကော်မတီများကို ဦးမင်းအောင်လှိုင်၏ လူယုံများကသာ ဦးဆောင်ကြမည်ဖြစ်သည်။

❐ သက်ရောက်နိုင်ခြေ (Implications)
လွှတ်တော်ကော်မတီများသည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းမည့် လွှတ်တော်လုပ်ငန်းစဉ်များထဲတွင် အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။ အဆိုပါ လွှတ်တော်ကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌနေရာများတွင် ၎င်း၏လူယုံများကို ထားခြင်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းကို ကြိုတင်ကန့်သတ်လိုက်မည့်သဘော ဆောင်ပါသည်။ ISP-Myanmar က အကဲဖြတ်ထားသည့်အတိုင်း ဦးမင်းအောင်လှိုင်သည် အုပ်စိုးမှုစနစ်၏ ထောက်တိုင်လေးခုစလုံးကို ထိန်းချုပ်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ပုံစံ (a personalist regime or sultanistic regime type) အုပ်ချုပ်မည့်သွင်ပြင်မှာ ပို၍ပေါ်လွင်လာနိုင်သည်။

➥ PDF download ကို ဒီလင့် https://ispmyanmar.com/community/wp-content/uploads/2026/04/ST2026_03_Burmese.pdf မှာ ရယူနိုင်ပါတယ်။
စစ်သည်အိပ်မက်

______

■ ဆုရတနာမြင့်

[ဆုရတနာမြင့်သည် နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်ပြီး ၂၀၁၄-၁၅ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ယခုအခါ သုတေသနနှင့် လူငယ်ခေါင်းဆောင်မှုမြှင့်တင်ရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတခုကို ဦးဆောင်နေပါသည်။]

“သူ ဘာလုပ်နိုင်ခဲ့သလဲ။
ရော့ခ်စတားတယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ့မှာ ဂစ်တာတလက် ဝယ်ဖို့ ပိုက်ဆံ မရှိခဲ့ပါဘူး။

သူ ဘာလုပ်နိုင်ခဲ့လဲ။
နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ ပညာကောင်းကောင်း မသင်ခဲ့ရပါဘူး။

သူ ဘာလုပ်နိုင်ခဲ့လဲ။
ဖခင်တယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ အသက် ၂၀ တောင် ကောင်းကောင်းမပြည့်ခဲ့ပါဘူး။

တကယ်ကို အလကားဖြစ်သွားခဲ့တာပဲ၊
စစ်သည်အိပ်မက်တွေ
အို… စစ်သည်အိပ်မက်တွေ အလကားဖြစ်သွားတာပဲ”

(Kate Bush ရဲ့ Army Dreamers သီချင်းက စာသားတချို့)

အခုရက်ပိုင်း ဒီသီချင်းက ရှိသမျှ social media တွေပေါ်မှာ ပြန်ခေတ်စားလာနေလို့ ကိုယ်လည်း မိုးလင်းမိုးချုပ် ခေါင်းထဲ ဒီသီချင်းပဲ ညည်းနေမိတယ်။ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့ပြီး အင်္ဂလိပ်အဆိုတော် Kate Bush သီဆိုခဲ့တဲ့ Army Dreamers ဆိုတဲ့ သီချင်းပါ။ ၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲ ဖြစ်တော့ အခြားစစ်ဆန့်ကျင်ရေးသီချင်း အပုဒ် ၆၀ ကျော်နဲ့အတူ UK မှာ banned ခံရတဲ့ သီချင်းပေါ့။ ဒီသီချင်းက စစ်ပွဲတခုအတွင်း ဆုံးရှုံးသွားတဲ့ လူငယ်ဘဝတခုရဲ့ “ဖြစ်နိုင်ခဲ့တဲ့ အနာဂတ်” ကို မေးခွန်းထုတ်ထားတဲ့ သီချင်းတပုဒ်ပါ။ မဖြစ်သေးတဲ့ အိပ်မက်တွေ၊ ရော့ခ်စတားဖြစ်နိုင်ခဲ့တဲ့ အိပ်မက်၊ ပညာရေးနဲ့ ဘဝတက်လမ်းတခုကို လျှောက်နိုင်ခဲ့တဲ့ အနာဂတ်၊ မိသားစုတခု တည်ဆောက်နိုင်ခဲ့တဲ့ ဘဝတွေကို စစ်ပွဲက လုယူသွားတဲ့အကြောင်းကို နူးညံ့နက်ရှိုင်းစွာ ဖော်ပြထားပါတယ်။

စစ်ပွဲတပွဲအကြောင်း ပြောတဲ့အခါ အောင်မြင်မှုတွေ၊ မဟာဗျူဟာတွေ၊ အနိုင်အရှုံးဆိုတာတွေထက် ပိုပြီး အရောင်မှိန်လေ့ရှိတဲ့ ခေါင်းစဉ်တခုကတော့ လူငယ်ဘဝတွေ ဆုံးရှုံးသွားခြင်းပါပဲ။ “သူ ဘာလုပ်နိုင်ခဲ့လဲ။ ရော့ခ်စတားတယောက် ဖြစ်ခဲ့ရမှာ” လို့ဆိုတဲ့ စာသားက သီချင်းတပုဒ်ရဲ့ လှပတဲ့ စာသားတကြောင်းထက် ပိုတယ်။ အဲဒါက မဖြစ်သေးတဲ့ အနာဂတ်တခုကို သတိရစေတဲ့ မေးခွန်းတခုပါ။

ယနေ့ကမ္ဘာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ထိခိုက်နေရပါတယ်။ Save the Children ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း ကလေးသူငယ် သန်း ၄၀၀ ကျော်ဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ တိုက်ရိုက်ဆိုးကျိုးတွေကို ခံစားနေရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်းကစလို့ ဖြစ်နေတဲ့ စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ မပါသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မြန်မာလူငယ်တွေအကြောင်း အစီရင်ခံစာ ၄ ခု ထုတ်ခဲ့ပါတယ်။ Myanmar Youth Survey 2024 ကို အခြေခံပြီး ထုတ်ထားတဲ့ ဒီအစီရင်ခံစာတွေထဲမှာ မြန်မာလူငယ် ၄ သန်းဟာ အလုပ်လက်မဲ့ဖြစ်နေကြပြီး အသက် ၁၈ ကနေ ၂၄ ကြား လူငယ် ၇၅ ရာခိုင်နှုန်းကတော့ ပညာရေး (ဒါမှမဟုတ်) တခုခုကို လေ့လာသင်ယူနေတဲ့ လမ်းကြောင်းပေါ်မှာ မရှိနေဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိနေတဲ့ အထွေထွေအကျပ်အတည်းနဲ့ စစ်သားစုဆောင်းခံရမှုအပါအဝ င် စိတ်မလုံခြုံမှုပေးနေတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်ထဲက ထွက်သွားချင်နေတဲ့ လူငယ် ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတယ်လို့ ရေးသားထားပါတယ်။ စစ်ပွဲတပွဲ ဖြစ်လာတဲ့အခါ မြင်သာတဲ့ သတင်းစာခေါင်းစီးက အရပ်သားသေဆုံးမှု ကိန်းဂဏန်းနံပါတ်တွေအပြင် သိပ်မမြင်သာတဲ့ တမြေ့မြေ့ဆုံးရှုံးပျက်စီးနေတဲ့ လူငယ်တွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်တခုရဲ့ အသက်ဝိညာဉ်လည်း ရှိနေပါတယ်။

ဒီအခြေအနေတွေကြားမှာ “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးကို သတိထားပြီး နားလည်ဖို့ လိုအပ်ပါတယ်။ တခါတလေမှာ အာဏာရှိသူတွေက ငြိမ်းချမ်းရေးကို အာဏာတည်မြဲရေးအတွက် အသုံးချတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း လူငယ်တွေကို “လက်နက်ချပါ” လို့ ခေါ်ဆိုနေချိန် လက်တွေ့မှာ ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားပစ်မှတ်ထားမှုတွေ၊ ဖမ်းဆီးညှဉ်းပန်းမှုတွေက အဲဒီခေါ်ဆိုမှုရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်စေပါတယ်။ အကြမ်းဖက်မှုတွေ မရပ်သေးသရွေ့၊ တာဝန်ယူမှု မရှိသေးသရွေ့၊ ပြည်သူ့အခွင့်အရေးတွေကို မလေးစားသေးသရွေ့ “လက်နက်ချပါ” ဆိုတဲ့ စကားလုံးဟာ လူငယ်တွေအတွက် လုံခြုံရေးအာမခံချက် မဟုတ်ဘဲ အန္တရာယ်တခုလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို နားလည်ရမှာက “စစ်ပွဲတွေ ရပ်သွားပြီလား” ဆိုတာတခုတည်း မဟုတ်ဘဲ “ဒီငြိမ်းချမ်းရေးက ဘယ်သူ့အတွက်လဲ၊ ဘယ်သူတွေ လုံခြုံလာသလဲ၊ ဘယ်သူတွေ မတရားမှုတွေထဲ ဆက်ရှိနေသေးတာလဲ၊ လူငယ်တွေ အနာဂတ်ကို မျှော်လင့်နိုင်လာပြီလား” ဆိုတာတွေကိုပါ မေးရပါမယ်။ လူငယ်တွေကို စစ်ပွဲထဲ ဆွဲထည့်တဲ့ စနစ်တခုလုံးကို မေးခွန်းထုတ်ဖို့ လိုပါတယ်။ အဲဒီမေးခွန်းတွေကို ဖြေရှင်းနိုင်မှသာ လူငယ်တွေ အိပ်မက်တွေနောက် ပြန်လိုက်နိုင်မယ့် အနာဂတ်တခု ရလာနိုင်မှာပါ။
1
တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးကို အာဏာရှင်တွေ အသုံးချနိုင်တယ်ဆိုတာကြောင့် အဲဒီစကားလုံးရဲ့ တန်ဖိုးကို လျှော့ချပစ်လို့ မရပါဘူး။ ငြိမ်းချမ်းရေးဟာ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တခုဖြစ်ပြီး လူတယောက်ကို လုံခြုံစွာ နေထိုင်နိုင်စေခြင်း၊ ပညာသင်ယူနိုင်စေခြင်း၊ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ပုံဖော်နိုင်စေခြင်းတို့ရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးကို မေးခွန်းထုတ်ရမှာက “လိုအပ်လား၊ မလိုအပ်ဘူးလား” ဆိုတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။ “အလကားပါပဲ… စစ်သည်အိပ်မက်” ဆိုတဲ့ စာသားဟာ သီချင်းထဲမှာပဲ ရှိနေသင့်ပြီး အမှန်တကယ်ဘဝတွေထဲမှာ မဖြစ်လာအောင် ကာကွယ်ဖို့က လူမှုအသိုင်းအဝိုင်းတခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

#ISP_Column
3
မလူးသာ မလွန့်သာ မြစ်ဧရာ

______

■ လစ်ဇီ

[လစ်ဇီသည် နိုင်ငံတကာဥပဒေဘာသာရပ်ဖြင့် ဘွဲ့ရထားပြီး လူမှုရေးဥပဒေသုတေသနများကို ဆောင်ရွက်နေသူဖြစ်သည်။]

လက်ရှိမှာ စစ်တပ်က အကောင်အထည်ပြန်ဖော်ဖို့ ဇာတ်လမ်း စလာတဲ့ မြစ်ဆုံရေကာတာစီမံကိန်းဟာဆိုရင် ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ စတင်ခဲ့ပေမဲ့ လူထုရဲ့ တခဲနက် ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ရတဲ့ စီမံကိန်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီမြစ်ဆုံအရေးဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရော လူထုကပါ အာဏာရှင်လက်က လွတ်မြောက်ရေးဆိုတဲ့ အချက်ကိုသာ အလေးပေးလာကြပြီး မြစ်ဆုံအရေးကို လျစ်လျူရှုရင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ်ကနေ တိတ်ဆိတ်နေရသူတွေ ဖြစ်လာသလို တချို့တွေကတော့ ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေ ဖြစ်လာကြပါတယ်။

တဆက်တည်းမှာပဲ “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်” ဆိုသလို မြစ်ကြောတလျှောက် စက်ကြီးစက်ငယ်အသွယ်သွယ်နဲ့ ရွှေတူးဖော်မှုတွေ ပြုလုပ်လာကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဟာ ဒီဧရာဝတီမြစ်အထက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကို စစ်ရှောင်ဘဝ ရောက်စေခဲ့ပါတယ်။ ဒီအခြေအနေမှာ အမြတ်ထွက်သွားသူတွေကတော့ ကပ်ဆိုက်တုန်းမှာ စီးပွားရှာရ ပိုကောင်းတယ်ဆိုတဲ့ စီးပွားရေးသမားတွေပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ အကျိုးအမြတ် ခွဲယူနေတဲ့သူတွေကတော့ စစ်တပ်နဲ့ တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတာတွေထဲက တခုကို ညွှန်ပြရမယ်ဆိုရင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအောက်မှာ ပေါ်ပေါ်ထင်ထင် ရွှေတူးနေကြတာပဲ ဖြစ်ပါတယ်။

မြစ်ဆုံအရေးကို ကန့်ကွက်သူတွေ အာရုံမစိုက်ကြတဲ့အချိန်မှာ စစ်တပ်ကတော့ လူထုစည်းရုံးရေးတွေနဲ့ တခြားသော မဟာဗျူဟာမြောက်စီမံကိန်းတွေကို အစဉ်တစိုက် ပြုလုပ်နေပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လာရင် လျှပ်စစ်မီး မလုံလောက်မှုကို စစ်တပ်က အကြောင်းပြတတ်ပါတယ်။ ဒီအချက်ကို အထောက်အပံ့ဖြစ်စေဖို့နဲ့ မြစ်ဆုံစီမံကိန်း ပြန်စရေး မြို့ပြနေလူထုရဲ့ ထောက်ခံမှု ရရှိဖို့အတွက် လျှပ်စစ်မီးကိုလည်း ပိုပြီးလျှော့ပေးတာတွေ လုပ်ပါတယ်။ ၄ နာရီခြားစီ မီးပေးနေရာကနေ ၈ နာရီခြား၊ ၁၂ နာရီခြားနဲ့ တချို့နေရာတွေမှာ ၂၄ နာရီခြား ပေးတာမျိုးတွေ လုပ်တာအပြင် တချို့ရပ်ကွက်နဲ့ လမ်းတွေမှာ မီးကြေးပေးပြီး ၂၄ နာရီ မီးပေးတဲ့ လာဘ်စားမှုတွေလည်း ရှိနေပါတယ်။ မြို့ပြမှာ နေထိုင်သူတဦးဖြစ်တဲ့ စက်ချုပ်သူတဦးက “ဒီလောက် မီးတွေ ပြတ်နေတာ ဘယ်လိုလုပ်ပြီး အပ်ထည်တွေ ပြီးအောင်ချုပ်လို့ရမှာလဲ၊ အပ်ထည်တွေပြီးဖို့ မီးစက်နှိုးတော့ ဓာတ်ဆီစျေးက ကြီးတော့ ရတဲ့လက်ခနဲ့ မကာမိတော့ဘူး” ဆိုပြီး ငြီးငြူပါတယ်။ စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံ အခိုင်အမာရဖို့အတွက် ပြောင်းလဲပြင်ဆင်ထားတယ်ဆိုတဲ့ စစ်တပ်နဲ့ တရုတ်အကြားက အကျိုးအမြတ်ခွဲဝေမှုတွေကိုပါ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဝေဝေဝါးဝါး ပြောပြပြီး ဒေသတွင်း စီးပွားရေးသမား၊ ပြည်သူ့စစ်တွေသာမက တက္ကသိုလ်ကျောင်းသားလူငယ်တွေကိုပါ စည်းရုံးရေးနဲ့ အစည်းအဝေးတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။

ယခင်က ဒေသတွင်းတက်ကြွလှုပ်ရှားခဲ့သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေဟာလည်း ဒီကာလမှာ အသံမထွက်နိုင်ကြသလို တချိန်က ကန့်ကွက်ခဲ့သူတချို့ကပါ စစ်တပ်ရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်လာကြပါတယ်။ နှစ်ဖက်မကတဲ့ အဘက်ဘက်ကို ကြောက်နေကြရလို့လည်း ပါသလို တခါက ကန့်ကွက်ခဲ့ဖူးတဲ့ ဦးခက်ထိန်နန်တို့ ဒေါ်ဒွဲဘူတို့ဆိုရင် စစ်တပ်အတွက် အကျိုးပြုပေးသူတွေ ဖြစ်လာပါတယ်။ လက်ရှိ ကိုယ်တတ်နိုင်သလောက် လုပ်ဆောင်နေသူတဦးကတော့ “အခုလက်ရှိမှာ ဒီအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့သူတွေက အဝေးမှာ ရှိနေကြတယ်။ လုံခြုံရေးအဆင်ပြေတဲ့သူတွေမှပဲ ဆန္ဒထုတ်ဖော်နိုင်ကြတာလေ။ ကျနော်တို့လည်း ဘာမှမလုပ်နိုင်ဘူး။ လူထုကိုလည်း အသိပညာပေးလုပ်ငန်းတွေ မလုပ်နိုင်ဘူး။ မလုပ်နိုင်အောင်လည်း စောင့်ကြည့်နေကြတာလေ။ ဒါ့အပြင် ပြည်သူတွေကလည်း လက်ရှိမှာ လျှပ်စစ်မီးမလုံလောက်မှုဒဏ်ကို အလူးအလဲ ခံနေရတာဆိုတော့ ဘယ်ချိန်ထိတောင့်ခံထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ” လို့ သက်ပြင်းရှည်ကြီးချပြီး ပြောရှာပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်သူတွေ တောင့်ခံခြင်း၊ မခံနိုင်ခြင်းကို အသာထား။ စစ်တပ်က စီမံကိန်းကို အကောင်ထည်ဖော်မှာက သေချာနေပေမဲ့ အများစုကတော့ ကိုယ်စီရဲ့ ရပ်တည်ချက်တွေကို မြိုသိပ်လို့သာ နေကြရပါတယ်။ တော်လှန်အင်အားစုဘက်ကလည်း ဘာသံမှ ထင်ထင်ရှားရှား မထွက်သလို KIA ပြောရေးဆိုခွင့်ရှိသူတွေကလည်း လူထုသဘောထားနဲ့ ထပ်တူကျကြောင်းသာ ဝေဝေဝါးဝါး မှိန်မှိန်ဖျော့ဖျော့ ပြောလေ့ ရှိကြပါတယ်။ ဒါဟာ သမိုင်းတရားခံ ဖြစ်မယ့်အနေအထားကနေ လွတ်ရုံသက်သက်သာ ဖြစ်ပြီး တဖက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ကြီးကြီးမားမား မထိခိုက်စေဖို့ကိုလည်း သတိထားနေရပုံ ပေါ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း KIO/KIA နဲ့ မသက်ဆိုင်တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) ကသာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း
1
စာလေးတစောင် ထုတ်ပြန်ထားတာ တွေ့မြင်ရပါတယ်။ တဖက်မှာလည်း စစ်တပ်ဟာ ပြည်နယ်အတွင်းအဓိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဖြစ်တဲ့ ဘူးဂါးလျှပ်စစ်ဌာနနဲ့ပါ ပူးပေါင်းပြီး လျှပ်စစ်မီးဖူလုံစွာရရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုစည်းရုံးမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။

လက်ရှိမှာဆိုရင် မေခ၊ မလိခ မြစ်နှစ်စင်း ပေါင်းစည်းရာဖြစ်တဲ့ မြစ်ဆုံနဲ့ မြစ်ဧရာဟာ လောဘသားကောင်တွေဆီမှာ ကြိုးစင်တင်ခံရမယ့်နေ့ကို အသက်ဖွဖွရှူရင်း ခေါင်းရှောင်နေသူတွေနဲ့ မူဝါဒဦးစားပေးစာရင်းက ထုတ်ပယ်ထားတဲ့သူတွေကို ညှိုးငယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေသလို ကယ်တင်ချင်လျက်နဲ့ အခွင့်အာဏာ မရှိတဲ့သူတွေကိုကျပြန်တော့ သူ အဆင်ပြေပါသေးတယ်၊ အားတင်းထားတယ်ဆိုတဲ့ မျက်လုံးတွေနဲ့ ဝေ့ကြည့်နေလေရဲ့။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

#ISP_Column
👍1
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် MNDAA က အဓိကဇာတ်ကောင်ဖြစ်လာ

______

ISP Political & Conflict Economy Tracker 2026
PCET2026-03 | April 28, 2026

❐ ကာလ (Period)
၂၀၂၆ ခုနှစ်၊ ဧပြီလ။

❐ ဒေသ (Regions)
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်လမ်းမတလျှောက်ရှိ ဒေသများ။

❐ ဖြစ်စဉ်အကျဉ်း (Issues)
၂၀၂၆ ခုနှစ် မတ်လက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ခဲ့သော လေးရက်ကြာတိုက်ပွဲအပြီးတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို MNDAA က ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။ မူဆယ်-လားရှိုး ကုန်သွယ်ရေးလမ်းပေါ်ရှိ ကွတ်ခိုင်မြို့နှင့် ဆက်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို သိမ်းခဲ့သည်။ ထို့အပြင် နမ့်ဖတ်ကာတွင်ရှိနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အခွန်ဂိတ်များကိုလည်း ဖယ်ရှားခဲ့သည်။

❐ ပါဝင်ဖက်အုပ်စုများ (Groups Involved)
MNDAA၊ TNLA၊ မြန်မာစစ်တပ်နှင့် တရုတ်နိုင်ငံ။

❐ အခြေအနေ/တိုးတက်မှု (Status/ Development)
MNDAA သည် ချင်းရွှေဟော်-သိန္နီ-လားရှိုးလမ်းကိုသာ ထိန်းချုပ်ထားရာမှ မတ်လ လေးရက်တိုက်ပွဲအပြီးတွင် TNLA နှင့် KIA ထိန်းချုပ်ထားသော မူဆယ်-ကွတ်ခိုင်-သိန္နီ လမ်းကိုပါ သိမ်းယူထိန်းချုပ်ခဲ့သည် [ISP ညွှန်းပြမြေပုံ ၀၁၆/၂၀၂၆ (ISP-M2026- 016) ကို ရှုပါ]။ ထို့ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခနှင့်ဆက်နွှယ်သော စီးပွားရေးအခင်းအကျင်း၌ပါ MNDAA သည် အရေးပါသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်။ ကာလအတန်ကြာ ရပ်ဆိုင်းနေသော နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် ဘက်အသီးသီး၏ ကြိုးပမ်းမှုများတွင်လည်း MNDAA သည် အဓိကဇာတ်ကောင်တဦး ဖြစ်လာသည်။

❐ သက်ရောက်မှုများ (Implications)
ရှမ်းပြည်နယ်မြောက်ပိုင်း၏ အခြေအနေသည် မြန်မာတနိုင်ငံလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပဋိပက္ခအခင်းအကျင်းအပေါ် သက်ရောက်မှုကြီးပါသည်။ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရန် တရုတ်နိုင်ငံက ကမကထပြုပြီး ဦးမင်းအောင်လှိုင်အစိုးရနှင့် MNDAA ကြား ဆွေးနွေးကြမည့် သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ဖြစ်လာနိုင်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်သည်နှင့် တပြိုင်နက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စီးပွားရေး စင်္ကြံစီမံကိန်းများအပါအဝင် ကျန်ဒေသများရှိ ဆက်စပ်စီမံကိန်းများ ဖော်ဆောင်ရေးကိုပါ တရုတ်နိုင်ငံက ပိုမိုတွန်းအားပေးလာနိုင်ခြေရှိနေသည်။ သို့သော် ပါဝင်ဖက်အသီးသီးအကြားတွင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ခွဲဝေမှုအပေါ် အငြင်းပွားမှုများနှင့် တိုက်ပွဲဖော်ဆောင်မှုများ ဆက်ရှိနေနိုင်သည်။

➥ PDF download ကို ဒီလင့် https://ispmyanmar.com/community/wp-content/uploads/2026/04/PET2026_23042026.pdf မှာ ရယူနိုင်ပါတယ်။
ရှမ်းပြည်နယ်အတွင်း အာဏာအပြိုင်တည်ဆောက်နေသော အုပ်ချုပ်ရေးအဖွဲ့များ

______________________
ISP Governance Tracker 2026
GT2026-02 | April 29, 2026


ရှမ်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ရှိနေသည်။ ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာသည်။ ထိုနည်းတူ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာ ကြုံတွေ့ရနိုင်သည်။


❐ ကာလ (Period)
၂၀၂၆ ခုနှစ် ဧပြီ

❐ ဒေသ (Region)
ရှမ်းပြည်နယ်။

❐ ပါဝင်ဖက်အဖွဲ့အစည်းများ (Actors Involved)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့။

❐ ဖြစ်စဉ်အကျဉ်း (Issue)
ရွေးကောက်ပွဲအလွန် ရှမ်းပြည်နယ်တွင် ပြည်နယ်အစိုးရသစ်နှင့်အတူ အစိုးရအာဏာ မသက်ရောက်နိုင်သောဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားများအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ဖြစ်လာသည်။


❐ ဖြစ်ပေါ်ပြောင်းလဲမှုများ (Development)
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတခုနှင့် ဒေသငါးခုရှိပါသည်။ ယင်းတို့အနက် ငါးခုဖြစ်သော ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ‘၀’ တို့မှာ ရှမ်းပြည်နယ်အတွင်းရှိပါသည်။ သို့သော် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကဲ့သို့သော တပ်များကလည်း သတ်မှတ်ဧရိယာများထက် ကျော်လွန်သော အုပ်ချုပ်ရေးယန္တရားများ ထူထောင်ထားကြသည်။ ထို့အတူ ရှမ်းပြည်တပ်မတော် [မြောက်ပိုင်း] (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် သျှမ်းပြည်တပ်မတော်[တောင်ပိုင်း](RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကဲ့သို့သော အဖွဲ့များကလည်း ၎င်းတို့စိုးမိုးရာနယ်မြေများတွင် သီးခြားအုပ်ချုပ်ရေးဌာနများဖွင့်လှစ်ကာ စီမံခန့်ခွဲနေကြသည် [ISP ဒေတာအချက်အလက် ၃၇/၂၀၂၆ (ISP-DM2026-037) ကို ရှုပါ]။ ရှမ်းပြည်နယ်တွင် ပြည် နယ်အစိုးရသစ် ရှိလာသော်လည်း ပအိုဝ်းနှင့် ဓနုဒေသနှစ်ခု၌သာ ကိုယ်ပိုင်အုပ်ချုပ် ရေးအဖွဲ့များ ခန့်အပ်နိုင်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များက ချဲ့ထွင်သိမ်းယူထားသော နယ်မြေများနှင့်ပတ်သက်၍ ဦးမင်းအောင်လှိုင်အစိုးရနှင့် အဆိုပါတပ်ဖွဲ့များအကြား အပြီးသတ်ညှိနှိုင်းမှု တစုံတရာမရှိသေးပေ။


❐ သက်ရောက်နိုင်ခြေ (Implications)
အုပ်ချုပ်ရေးယန္တရား အပြိုင်တည်ဆောက်မှုများမှတဆင့် စစ်ရေးအခြေအနေ ရုတ် တရက်ပြောင်းလဲနိုင်ခြေရှိသကဲ့သို့ အနာဂတ် နိုင်ငံရေး၊ လုံခြုံရေး ဆွေးနွေးပွဲများတွင်လည်း နယ်မြေခွဲခြားသတ်မှတ်ရေးက အကဲဆတ်သော အကြောင်းအရာ ဖြစ်လာနိုင် သည်။ ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြားတွင်လည်း နယ်မြေစိုးမိုးမှုရောယှက်နေခြင်းကို အဖြေမရှာနိုင်သေးသဖြင့် တပ်ဖွဲ့အချင်းချင်းကြားတွင်လည်း ပဋိပက္ခများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေသည်။ ပြည်နယ်အတွင်း အုပ် ချုပ်ရေးယန္တရားများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာကာ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာနှင့် ဖိစီးမှုများ ကြုံတွေ့ရနိုင်သည်။

➥ PDF ကို ဒေါင်းလုတ်ရယူနိုင်ပါတယ်
https://ispmyanmar.com/community/wp-content/uploads/2026/04/GT2026_02_Burmese.pdf