Institute for Strategy and Policy- Myanmar
4.79K subscribers
1.97K photos
36 videos
5 files
832 links
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Download Telegram
Bridge Education Program │ Next Generation အတွက် လျှောက်ထားနိုင်ပါပြီ

______

➤ သင်တန်းလျှောက်ထားရန်
[https://forms.gle/Hm2ayiQ1J9nx6Crr5]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာမှာ ISP-Myanmar က Bridge Education Program (BEP) ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စတင်ခဲ့တုန်းက လူငယ်တွေရဲ့ ပညာရေး လစ်ဟင်းမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ကြားကာလပညာရေးပံ့ပိုးပေးနိုင်ဖို့နဲ့ ဝေဖန်ပိုင်းခြားပညာရေး အားကောင်းလာစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ရှစ်ကြိမ် လုပ်ခဲ့ပြီး လက်ခံသင်ကြားပို့ချပေးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၃၈၀ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲက ၃၁၁ ဦးဟာ အောင်မြင်စွာ သင်တန်း ပြီးမြောက်ခဲ့ကြပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကြားထဲမှာပဲ စစ်မကော်ရှင်က လုပ်ခဲ့တဲ့ (ဝေဖန်ရှုတ်ချမှုတွေအများကြီး ရှိခဲ့တဲ့) ရွေးကောက်ပွဲ ပြီးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့အတူ တိုင်းပြည်ရဲ့ ရှိရင်းစွဲ ပဋိပက္ခထုထည်အပေါ်မှာ ထပ်ဆောင်းမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ အခြေအနေသစ်တွေ ပေါ်လာနိုင်ပါတယ်။ တဖက်မှာလည်း အရေးတကြီး ဖြည့်ဆည်းရမယ့် စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု အရည်အသွေး လိုအပ်ချက်တွေလည်း ဖြစ်ပေါ်စေပါတယ်။ လူငယ်ခေါင်းဆောင်သစ်တွေအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေမှာ လူမှုအသိုက်အဝန်းတွေကို မတည်ငြိမ်မှုတွေထဲကနေ ရေရှည်တည်တံ့တဲ့ အုပ်ချုပ်ရေးစနစ်ဆီ၊ ငြိမ်းချမ်းတဲ့ စီးပွားရေးအရ ပေါကြွယ်ဝတဲ့ လူမှုအသိုက်အဝန်းဆီ ဘယ်လိုဘယ်ပုံ တည်ဆောက် ကူးပြောင်းမယ်ဆိုတာကို သိရှိနားလည်စေဖို့ ISP-Myanmar ရဲ့ BEP အစီအစဉ်ကို ဒီဇိုင်းသစ်နဲ့ မျှဝေပို့ချသွားမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လမှာ BEP NextGen အစီအစဥ်ကို စတင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အပေါ်က Link ကနေဝင်ရောက်ပြီး Google Form မှာ အချက်အလက်တွေကို ဧပြီလ ၂၆ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ဖြည့်စွက်လျှောက်ထားနိုင်ပါတယ်။ အခု zoom ကနေ သင်ကြားမယ့် သင်တန်းအပတ်စဉ်မှာလည်း လူဦးရေ ၅၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးတစုံတရာပေးဖို့မလိုဘဲ အခမဲ့ဖြစ်ပါတယ်။

အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် https://ispmyanmar.com/burmese/bep-next-generation/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ application@ispmyanmar.com ကို အီးမေးလ်ပေးပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

#ISP_BEP
3
သူမတူ သန်စွမ်းကြသူများ

______

■ ပေါလ်

[ပေါလ်သည် လူမှုဗေဒဘာသာရပ်ကို လေ့လာနေသူ ကျောင်းသားတဦးဖြစ်ပြီး ရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ဂျန်ဒါ(Gender)နှင့်ပတ်သက်သည့် ဘာသာရပ်ကို သင်ကြားပေးလျက်ရှိသည်။]

ကျနော်တို့ရဲ့ လူမှုကွန်ရက် ရပ်ဝန်းကြီးမှာ ဆူညံဗလံသံတွေနဲ့ ပြည့်နှက်နေပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တခုချင်းစီအပေါ် သေသေချာချာ အချိန်ပေးပြီး မတွေးနိုင်ကြပါဘူး။ ဒါပေမဲ့ အချိန်မပေးနိုင်ရင်တောင် အတွေးအေးအေး၊ အတွေးမှန်မှန်နဲ့ စဉ်းစားချင့်ချိန်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ပြဿနာတိုင်းလိုလိုဟာ အပေါ်ယံဖြေရှင်းနည်းတွေနဲ့ပဲ ပလုံးပထွေး အဆုံးသတ်သွားလေ့ရှိပါတယ်။ အခုတလောမှာ မသိလို့ဖြစ်ဖြစ်၊ သိလို့ဖြစ်ဖြစ် မသန်စွမ်းတွေအပေါ် ဟာသလုပ် ခွဲခြားပြောဆိုမှုတွေနဲ့ ပြန်လည်ချေပမှုတွေစတဲ့ အပြန်အလှန် ရေးသားပြောဆိုချက်တွေကို တွေ့ရတဲ့အတွက် ဒါဟာ အလေးအနက်ထားသင့်တဲ့ ကိစ္စတခုလို့ မြင်မိပါတယ်။ မသန်စွမ်းဖြစ်ခြင်းကို အပြစ်တခုသဖွယ် နှစ်ကာလရှည်ကြာ စွဲမှတ်နေကြတဲ့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အခုလို ဆိုရှယ်မီဒီယာပေါ်က ဆွေးနွေးချက်တွေဟာ ဘယ်အတိုင်းအတာအထိ ရှိနေမလဲဆိုတာ မသိရပေမဲ့ မသန်စွမ်းတွေအဖို့ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက်တော့ စိတ်မောဖွယ်ရာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ ဒီအပေါ်မှာမှ ပြည်တွင်းစစ်ပွဲတွေကြောင့် အကောင်းပကတိ အနေအထားကနေ ဒုက္ခိတဘဝ ရောက်သွားရတဲ့ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ်။

ဒါဟာ လူသားအရင်းအမြစ် ဆုံးရှုံးခြင်းပြဿနာတခု ဖြစ်ပါတယ်။ ဒါကြောင့် မသန်စွမ်း ဖြစ်သွားတဲ့ ပြည်သူတွေ၊ ရဲဘော်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ နောင်တချိန်မှာ အေးချမ်းသာယာစွာ အသက်ရှင်သန်နိုင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး အထောက်အပံ့တွေ ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နိုင်ရေးတို့ဟာ အခုရော နောင်မှာပါ နိုင်ငံရေးအရ ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ နိုင်ငံရေးအရ မဖြေရှင်းနိုင်သေးပေမဲ့ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ကျနော်တို့ တဦးတယောက်ချင်းစီကနေ လူအုပ်စုကြီးအထိ ဉာဏ်ပညာရှေ့ထားပြီး ဆန်းစစ်လို့ရပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဒါဟာ မဖြစ်မနေ လုပ်သင့်တဲ့ အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေနဲ့ လူရွှင်တော်တွေရဲ့ ဟာသပြက်လုံးတွေဆိုတာ လူသားတွေ ရယ်ရယ်မောမော အပန်းဖြေအနားယူနိုင်ဖို့ အင်မတန်မှ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကြည့်ရှုခဲ့ရတဲ့ ရုပ်ရှင်တွေနဲ့ ဟာသပြက်လုံး တော်တော်များများမှာ လူမျိုးရေး ခွဲခြားမှုတွေ၊ ကျား/မ ဂျန်ဒါခွဲခြားပြီး လိင်အကြမ်းဖက်မှုကို အားပေးတဲ့ စကားလုံးတွေနဲ့ မသန်စွမ်းတွေရဲ့ ဘဝကို လှောင်ပြောင်တဲ့ သရုပ်ဖော်မှုတွေ များပြားလှပါတယ်။ ခွဲခြားဆက်ဆံမှုသဘော သက်ရောက်ပြီး လူ့အဖွဲ့အစည်းအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဟာသပြက်လုံးတွေဟာ “ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်” ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ လူကြီး၊ လူငယ်မရွေး ပါးစပ်ဖျားမှာ စွဲကျန်ရစ်နေတတ်ပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုတွေကို ရယ်စရာဟာသအနေနဲ့သာမကဘဲ တဖက်မှာလည်း ဘာသာရေးအဆုံးအမတွေနဲ့ရောပြီး တရားဝင် ဟောပြောဆုံးမနေကြတာတွေလည်း ရှိနေပြန်ပါတယ်။ ဥပမာအားဖြင့် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းဖို့ ဟောပြောချက်တွေမှာ လူမှုရေးဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို သွယ်ဝိုက်သောနည်းအားဖြင့် ပံ့ပိုးပေးသလို ဖြစ်စေတဲ့ အဆုံးအမမျိုးတွေကို တွေ့ရတတ်ပါတယ်။ သူတပါးအသက်ကို မသတ်ဖို့ ဟောပြောတဲ့အခါမှာ “ဒီဘဝမှာ ကိုယ်လက်အင်္ဂါမစုံဘဲ ဒုက္ခိတတယောက်ဖြစ်နေရတာဟာ အရင်ဘဝက သူတပါးအသက်ကို ညှဉ်းပန်းသတ်ဖြတ်ခဲ့လို့ဖြစ်တယ်” စသည်ဖြင့် ဟောပြောဆုံးမကြတာကို တွေ့ရပါတယ်။ ဒီဟောပြောချက်တွေဟာ သူတပါးအသက် မသတ်ဖို့ ဟောပြောတာဆိုပေမဲ့ တဖက်မှာ ဆိုးကျိုးအနေနဲ့ ဒီလိုအဆုံးအမတွေနဲ့ အသားကျနေတဲ့ လူ့အဖွဲ့အစည်းဟာ မသန်စွမ်းတွေကို မြင်တဲ့အခါ စံချိန်မီလူသားတယောက်အဖြစ် လက်ခံဆက်ဆံဖို့၊ လူ့အခွင့်အရေး အပြည့်အဝရရှိအောင် ထောက်ခံအားပေးဖို့ မစဉ်းစားကြတော့ပါဘူး။ အဲဒီအစား “အရင်ဘဝက မကောင်းမှုတွေ လုပ်ခဲ့သူ”၊ “သနားစရာကောင်းသူ”၊ “လူဖြစ်ရှုံးသူ”၊ “ကိုယ်ပြုတဲ့ကံ ကိုယ်ခံရသူ” စသည်ဖြင့် ပုဂ္ဂိုလ်ရေးပြဿနာတခုအဖြစ်သာ လျှော့ချပစ်လိုက်ကြပါတယ်။

တဖက်မှာလည်း အစိုးရတွေအနေနဲ့ စာသင်ကျောင်း၊ ကစားကွင်း၊ ဆေးရုံ၊ အများပြည်သူသွားလာနိုင်တဲ့ လမ်း၊ ယာဉ် စတဲ့ နေရာတွေမှာ မသန်စွမ်းတွေ အများနည်းတူ အသုံးပြုနိုင်အောင် တာဝန်ယူပေးဖို့ ပျက်ကွက်နေသလို လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း ဒါတွေကို တိုက်တိုက်တွန်းတွန်း မတောင်းဆိုကြပါဘူး။ မသန်စွမ်းအရေးဟာ တကယ်တော့ ပုဂ္ဂိုလ်ရေးပြဿနာ မဟုတ်ဘဲ လူသားအခွင့်အရေး ရရှိအောင် ဖန်တီးပေးနိုင်ရေးနဲ့ လူသားအရင်းအမြစ်ကို တန်ဖိုးထားရေးအတွက် ထည့်သွင်းစဉ်းစားရမယ့် နိုင်ငံရေးပြဿနာသာ ဖြစ်ပါတယ်။
လူသားအခွင့်အရေး အပြည့်အဝရရှိအောင် အစိုးရရော ပြည်သူပါ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ကျနော်တို့ တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။ လူသားချင်း ခွဲခြားဆက်ဆံတဲ့ (ဒါမှမဟုတ်) လိင်အကြမ်းဖက်မှုတွေကို အားပေးတဲ့ ဟာသပြက်လုံးတွေနဲ့ ရုပ်ရှင်တွေကို အားမပေးတာ၊ မိရိုးဖလာ ဟောပြောဆုံးမချက်တွေကိုလည်း ဝေဖန်ဆန်းစစ်တာတွေ ပြုလုပ်ပြီး လူသားအချင်းချင်း လေးစားတန်ဖိုးထားတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ရမှာ ဖြစ်ပါတယ်။ မိမိလူမျိုး၊ မိမိတပည့်၊ သူငယ်ချင်း၊ သားသမီး၊ မိဘဆွေမျိုးထဲက တဦးဦး မသန်စွမ်း ဖြစ်လာခဲ့ရင်၊ မိမိကိုယ်တိုင် မသန်စွမ်း ဖြစ်လာခဲ့ရင်လို့ စဉ်းစားဆင်ခြင်နှလုံးသွင်းကြည့်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို အခြေခံကျကျ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

#ISP_Column
👍1
Rethinking India-Myanmar Relations Through the Borderlands

__

Ophelia Yumlembam

(The views and opinions expressed here do not necessarily reflect the policies or positions of ISP-Myanmar.)

Since the 2021 military coup, New Delhi has maintained a cautious engagement with the Myanmar junta, guided by its security concerns, strategic and economic stakes, and the need to counter China’s growing influence in the country. Yet on the ground, a different relationship is unfolding, one that is shaped by borderland communities and deeply interdependent local economies...

Click the link to read the full Column! https://ispmyanmar.com/rethinking-india-myanmar-relations-through-the-borderlands/

[Ophelia Yumlembam is a Research Associate at Organisation for Research on China and Asia (ORCA) - a New Delhi-based think tank, focusing on Chinese politics and geopolitics.]

#ispcolumn Comment your thoughts on this piece and send us a rebuttal if you have a different opinion or your own views on current affairs to be featured at the ISP Column!
ဟိုးရှေးရှေးတုန်းက မဟုတ်တဲ့ ပုံပြင်သုံးပုဒ်

______

■ သူ့ထက်ကဲ

[သူ့ထက်ကဲသည် ပြည်တွင်းစစ်နှင့် စစ်စီးပွားရေးအကြောင်း လေ့လာနေသူတဦးဖြစ်သည်။]

“လူတွေဟာ နယ်မြေနဲ့ အရင်းအမြစ်တွေကြောင့်ထက် သူတို့စိတ်ကူးထဲက ပုံပြင်တွေကြောင့် တိုက်ခိုက်ကြတာ” လို့ သမိုင်းပညာရှင် ယူဗဲ ဟာရာရီ (Yuval Harari) က ပြောဖူးပါတယ်။ ဒါကို ရာနှုန်းပြည့် လက်မခံပေမဲ့ စုရုံးတိုက်ခိုက်နိုင်ဖို့အတွက် ပုံပြင်ဇာတ်ကြောင်းတွေက အရေးကြီးတယ်လို့တော့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေ လူထုကို ပြောပြနေတဲ့ ‘နိုင်ငံရေးပုံပြင်’ တွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးချင်ပါတယ်။ တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို ခဏဘေးချိတ်ပြီး သူတို့အနေနဲ့ လူထုဆီ ဘယ်လိုသတင်းစကားတွေ ပါးနေလဲ၊ ဘာတွေက ရှေ့နောက်မညီ ဖြစ်နေလဲဆိုတာကို အုပ်စုကြီး သုံးစုခွဲပြီး ကြည့်ကြရအောင်ပါ။

ပထမအုပ်စုကတော့ တော်လှန်ရေးဟာ မြန်မြန်ဆန်ဆန် အောင်ပွဲခံတော့မှာမို့ တောင့်ခံထားကြဖို့ လူထုကို တိုက်တွန်းတဲ့အုပ်စုပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အဖွဲ့မျိုးပေါ့။ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ D-Day ခေါ်တာကနေစပြီး "သိပ်မကြာခင် နိုင်တော့မယ်" ဆိုတဲ့ သတင်းစကားကို ဆောင်ပုဒ်အမျိုးမျိုးနဲ့ နှစ်စဉ်မပြတ် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ လူထုဆီက အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှု (commitment) ကို တောင်းဆိုချင်လို့ပါ။ စစ်တပ်ယန္တရားကို ငြင်းဆန်ဖို့နဲ့ တိုက်ပွဲဒဏ်တွေကို မငြိုမငြင် ခံစားဖို့ ‘အချိန်တို’ ဆိုတဲ့ မက်လုံးကို ပေးတာပါ။ သူတို့အတွက် တော်လှန်ရေးဟာ ရေငုပ်ပြိုင်ပွဲလိုပါပဲ။ ရေအောက်ကြမ်းပြင်အထိ ငုပ်ဆင်းရတာဖြစ်တဲ့အတွက် အသက်ရှူအောင့်ပြီး တောင့်ခံထားနိုင်သူက အနိုင်ရမယ်ဆိုတဲ့ စဉ်းစားမှုမျိုးပါ။ ဒီအုပ်စုရဲ့ ပုံပြင်ကတော့ ‘မြန်မြန်ဆန်ဆန် အမြစ်လှန်ပြောင်းလဲရေး (rapid and radical change)’ ဖြစ်ပေမဲ့ အချိန်တိုအတွင်း အပြတ်အသတ် မနိုင်ခဲ့တဲ့အတွက် ဒီပုံပြင်ကတော့ မှေးမှိန်လာနေပါပြီ။

ဒုတိယအုပ်စုကတော့ တော်လှန်ရေးဟာ ကြာရှည်နိုင်ကြောင်းနဲ့ လူထုကို မျှော်လင့်ချက်အမှားတွေ မပေးသင့်ကြောင်း ပြောတဲ့အုပ်စုပါ။ SRA မှာ ပါဝင်တဲ့ တပ်ဖွဲ့တွေက ဥပမာပါပဲ။ သူတို့က ပထမအုပ်စုရဲ့ ဇာတ်ကြောင်းကို တန်ပြန်ပေမဲ့ လူထုဆီက မြှုပ်နှံမှုတောင်းတာချင်းတော့ အတူတူပါပဲ။ ပထမအုပ်စုလို မနိုင်မချင်း အသက်ရှူအောင့်ထားရမယ်ဆိုတာမျိုး လူထုဆီကနေ မတောင်းဆိုပေမဲ့ တိုက်ပွဲရဲ့ အပျက်အစီး ထိခိုက်မှုတွေကို တစုံတရာနားလည်ဖို့၊ ထောက်ကူဝန်းရံပြီး စစ်တပ်ရဲ့ ယန္တရားတွေနဲ့ ဝေးဝေးနေဖို့ဆိုတဲ့ မြှုပ်နှံမှုတွေကို တောင်းခံပါတယ်။ စစ်တပ်ဟာ အထင်မသေးသင့်တဲ့ ခိုင်မာတဲ့ အင်စတီကျူးရှင်းဖြစ်လို့ ဖြိုချဖို့ အချိန်ယူရမယ်၊ တပ်တည်ဆောက်ရေးဟာ စနစ်ကျရမယ်လို့ သူတို့က ဆိုပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ရပ်ဆိုင်းသွားပြီး နယ်မြေအချို့ ပြန်ဆုံးရှုံးရချိန်မှာ ဒီဇာတ်ကြောင်းက ပိုအားကောင်းလာပါတယ်။ သူတို့ရဲ့ ပုံပြင်ကတော့ ‘တဆင့်ချင်း အမြစ်လှန်ပြောင်းလဲရေး (incremental and radical change)’ ပါပဲ။

တတိယအုပ်စုကတော့ နိုင်ငံရေးနည်းလမ်းနဲ့ စိတ်ရှည်ရှည်ပြောင်းလဲမယ်ဆိုတဲ့ ပြည်တွင်းနိုင်ငံရေးသမားတွေပါ။ ဥပမာ- ပြည်သူ့ပါတီလို၊ ငွေဆောင်အုပ်စုလို အဖွဲ့မျိုးပေါ့။ သူတို့ရဲ့ နိုင်ငံရေးပုံပြင်ကတော့ လက်ရှိအခြေအနေ ဆိုးဝါးတာကို လက်ခံပေမဲ့ သွေးထွက်သံယိုနည်းတဲ့ စိတ်ရှည်ရှည် လုပ်ဆောင်ရမယ့် နိုင်ငံရေးနည်းလမ်းကို ရွေးမယ်ဆိုတာပါပဲ။ လူထုဆီကနေ အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှုမျိုး မတောင်းဘဲ နိုင်ငံရေးခေါင်းဆောင် (political elite) တွေအကြားက အပေးအယူနဲ့ စစ်ဘောင်ကို ချုံ့ဖို့ ကြိုးစားပါတယ်။ ငါးကင်ကနေ အသားတွေ တစတစ ဖဲ့စားသလို လမ်းစဉ်မျိုးပါ။ သူတို့ရဲ့ ပုံပြင်ကတော့ "ဖြည်းဖြည်းအိအိ အသွင်ပြောင်းရေး (progressive and gradual change)" ပါပဲ။

ဒီဇာတ်ကြောင်း သုံးမျိုးလုံးက ပြဿနာကို ဆန်းစစ်တာချင်း၊ အဖြေအတွက် လမ်းစဉ်ကို ချပြပြီး လူတွေလိုက်ပါလာဖို့ သူ့နည်းသူ့ဟန် စည်းရုံးတာချင်း တူပါတယ်။ ပထမနဲ့ ဒုတိယအုပ်စုကတော့ လူထုကို တစုံတရာ မြှုပ်နှံမှုတောင်းတာချင်း တူပါတယ်။ ဒါပေမဲ့ ဒုတိယအုပ်စုက အချိန်အကန့်အသတ်ကို ထည့်မပြောဘဲ စနစ်တကျနဲ့ အမြစ်လှန်ဖို့ပဲ အသားပေးပါတယ်။ တခါ ဒုတိယနဲ့ တတိယအုပ်စုရဲ့ တူညီချက်က အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မပြောတာပါပဲ။ ဒါပေမဲ့ တတိယအုပ်စုကတော့ "လူထုနာမှာစိုးလို့ ဖြည်းဖြည်းချင်းသွားတာပါ" ဆိုတဲ့ မက်လုံးကို ပေးပါတယ်။

ဒီမှာ မေးစရာရှိလာတာက ဒုတိယအုပ်စုရဲ့ ဇာတ်ကြောင်းထဲက ကွက်လပ်ပါပဲ။ "အချိန်ကြာမှာချင်း အတူတူ၊ သွေးထွက်သံယိုနည်းတဲ့ တတိယလမ်းစဉ်ကို မရွေးဘဲ ဘာလို့ ဒုတိယအုပ်စုရဲ့ စစ်ရေးလမ်းစဉ်ကို လူထုက ဆက်လိုက်ရမှာလဲ" ဆိုတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်း မဖြေနိုင်သေးပါဘူး။ လက်တွေ့မှာလည်း ဒုတိယအုပ်စုက အချိန်ယူနေတုန်းမှာ စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ
3
စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။

တဖက်မှာလည်း လူထုရဲ့ တောင့်ခံနိုင်ခြေအနားသတ်မျဉ်း (threshold) ကို ဒီညီမျှခြင်းထဲမှာ ထည့်တွက်ဖို့လိုပါတယ်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာမှာ လူထုဟာ နိုင်ငံရေးမြှုပ်နှံမှုနဲ့ နေ့စဉ်ရှင်သန်ရပ်တည်ရေးအကြား ရွေးချယ်နေရပါတယ်။ ဒါကြောင့် လူထုဆီကနေ အရင်းအနှီးကြီးတဲ့ မြှုပ်နှံမှုကို တောင်းဆိုဖို့ တဖြည်းဖြည်း ပိုခက်ခဲလာပါတယ်။ တော်လှန်ရေးအတွက် လူထုက ထောက်ပံ့လှူဒါန်းနိုင်မှု ကျလာသလို ကတုတ်ကျင်းထဲ ဆင်းတိုက်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အိမ်မှာကျန်ခဲ့တဲ့ မိဘတွေတောင် အခုတော့ မီတာခ ဆောင်နေကြရပါတယ်။ ဒါကြောင့် ဦးတည်နေတဲ့ ဖြစ်နိုင်ခြေကို အချက်အလက်တွေအရ ကြည့်ရရင် ဒုတိယအုပ်စုရဲ့ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ တော်လှန်ရေးဇာတ်ကြောင်းထဲက ကွက်လပ်ကို အမြန်ဖြည့်နိုင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ပထမအုပ်စုရဲ့ မျှော်လင့်ချက်အမှားပေးမှုတွေကို တုံ့ပြန်ချင်ရုံနဲ့ ကြာမယ်၊ အချိန်ယူရမယ်၊ တောင့်ခံပေးပါဦးဆိုတာမျိုးက မလုံလောက်တော့ပါဘူး။ အချိန်အကန့်အသတ်ကို မပြောနိုင်တာချင်း အတူတူ ကိုယ့်လမ်းစဉ်က အခြားလမ်းစဉ်တွေထက် ဘာလို့ ပိုသေချာလဲ၊ ဘာလို့ ပိုရွေးချယ်ဖို့သင့်လဲဆိုတာ လူထုအကြားမှာ ဖြန့်ဖြူးစည်းရုံးဖို့ လိုအပ်လာပါပြီ။ မဟုတ်ရင် လူထုကိုသာမက ကိုယ့်တပ်ထဲက ရဲဘော်တွေကိုပါ စိတ်ဓာတ်အား (morale)အရ တွေဝေစေပါလိမ့်မယ်။ အချိန်ကို မသိရတာချင်းအတူတူ ဘာကြောင့် စစ်ပွဲကို လိုအပ်သလဲ၊ ‘အချိန်’ မေးခွန်းအတွက်ကရော ခုလို ဝါးတားတား ဆက်လုပ်ထားလို့ရလားလို့ မေးလာရင် အဖြေရှိရပါမယ်။ ဘယ်လိုအဖြေမျိုးကို ဘယ်အချိန်မှာ ဘယ်ပလက်ဖောင်းကနေ လူထုဆီ ဖြန့်ဝေမလဲဆိုတာကတော့ ဒုတိယအုပ်စု ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်အဖြေရှာရမယ့် မဟာဗျူဟာပုစ္ဆာ ဖြစ်ပါလိမ့်မယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]

#ISP_Column
4
Bridge Education Program │ Next Generation

______

➤ သင်တန်းလျှောက်ထားရန်
[https://forms.gle/Hm2ayiQ1J9nx6Crr5]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာမှာ ISP-Myanmar က Bridge Education Program (BEP) ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စတင်ခဲ့တုန်းက လူငယ်တွေရဲ့ ပညာရေး လစ်ဟင်းမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ကြားကာလပညာရေးပံ့ပိုးပေးနိုင်ဖို့နဲ့ ဝေဖန်ပိုင်းခြားပညာရေး အားကောင်းလာစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ရှစ်ကြိမ် လုပ်ခဲ့ပြီး လက်ခံသင်ကြားပို့ချပေးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၃၈၀ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲက ၃၁၁ ဦးဟာ အောင်မြင်စွာ သင်တန်း ပြီးမြောက်ခဲ့ကြပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကြားထဲမှာပဲ စစ်မကော်ရှင်က လုပ်ခဲ့တဲ့ (ဝေဖန်ရှုတ်ချမှုတွေအများကြီး ရှိခဲ့တဲ့) ရွေးကောက်ပွဲ ပြီးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့အတူ တိုင်းပြည်ရဲ့ ရှိရင်းစွဲ ပဋိပက္ခထုထည်အပေါ်မှာ ထပ်ဆောင်းမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ အခြေအနေသစ်တွေ ပေါ်လာနိုင်ပါတယ်။ တဖက်မှာလည်း အရေးတကြီး ဖြည့်ဆည်းရမယ့် စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု အရည်အသွေး လိုအပ်ချက်တွေလည်း ဖြစ်ပေါ်စေပါတယ်။ လူငယ်ခေါင်းဆောင်သစ်တွေအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေမှာ လူမှုအသိုက်အဝန်းတွေကို မတည်ငြိမ်မှုတွေထဲကနေ ရေရှည်တည်တံ့တဲ့ အုပ်ချုပ်ရေးစနစ်ဆီ၊ ငြိမ်းချမ်းတဲ့ စီးပွားရေးအရ ပေါကြွယ်ဝတဲ့ လူမှုအသိုက်အဝန်းဆီ ဘယ်လိုဘယ်ပုံ တည်ဆောက် ကူးပြောင်းမယ်ဆိုတာကို သိရှိနားလည်စေဖို့ ISP-Myanmar ရဲ့ BEP အစီအစဉ်ကို ဒီဇိုင်းသစ်နဲ့ မျှဝေပို့ချသွားမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လမှာ BEP NextGen အစီအစဥ်ကို စတင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အပေါ်က Link ကနေဝင်ရောက်ပြီး Google Form မှာ အချက်အလက်တွေကို ဧပြီလ ၂၆ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ဖြည့်စွက်လျှောက်ထားနိုင်ပါတယ်။ အခု zoom ကနေ သင်ကြားမယ့် သင်တန်းအပတ်စဉ်မှာလည်း လူဦးရေ ၅၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးတစုံတရာပေးဖို့မလိုဘဲ အခမဲ့ဖြစ်ပါတယ်။

အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် https://ispmyanmar.com/burmese/bep-next-generation/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ application@ispmyanmar.com ကို အီးမေးလ်ပေးပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

#ISP_BEP
တပ်ပြေးပြဿနာ အဖြေရှာ

______

■ ထွင်

[ထွင်သည် CDM လှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းတဦးဖြစ်ပြီး ဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။​]

ဒီနေရာမှာ ကျနော်သုံးနှုန်းထားတဲ့ 'တပ်' ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဆိုလိုတာပါ။ မြန်မာနိုင်ငံတဝန်းမှာ PDF တချို့ တပ်ကနေ ထွက်ပြေးကြတယ်ဆိုတဲ့ သတင်းတွေကို Facebook ပေါ်မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဒီလို တပ်ပြေးသတင်းတွေကို သတင်းဌာနကြီးတွေက ဖော်ပြတာ သိပ်မတွေ့ရဘဲ သက်ဆိုင်ရာ တပ်ဖွဲ့ပေ့ချ်တွေမှာပဲ တွေ့ရတာ များပါတယ်။ တကယ်တမ်းကျတော့လည်း တချို့တပ်ဖွဲ့တွေက မိမိတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှာ စိုးရိမ်တဲ့အတွက် တပ်ပြေးသတင်းတွေကို ပေ့ချ်ကနေတဆင့် သိပ်မတင်ဖြစ်ကြပါဘူး။ ကျနော်တို့ နယ်ဘက်မှာဆိုရင်လည်း တပ်ပြေးတွေ အများကြီးရှိပေမဲ့ ပေ့ချ်မှာ တင်တာ မတွေ့ရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံတဝန်းမှာ တပ်ပြေးတွေ အများကြီး ရှိနေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တချို့ဒေသတွေမှာ တပ်ပြေးသတင်းတွေ ကြားရပေမဲ့ ကိုယ့်ဒေသ မဟုတ်တဲ့အတွက် စေ့စေ့ငုငု မသိရပါဘူး။ ဒါပေမဲ့ ကျနော်တို့ဒေသတွင်းကနေ ကိုယ်တိုင်ကြားသိရတဲ့ တပ်ပြေးသတင်းတွေကို အခြေခံပြီး ဒီစာစုလေးကို ရေးဖို့ စိတ်ကူးရလာတာပါ။ အဓိကကတော့ တပ်ပြေးတွေ များလာရတဲ့ အကြောင်းရင်းကို ရှာဖွေသင့်လို့ ရေးမိတာပါ။ တပ်ပြေး များပြားလာတာကို အဖြေမရှာဘူးဆိုရင် ဆိုးကျိုးတွေ၊ ရှုံးနိမ့်မှုတွေကို ကြုံတွေ့လာရလိမ့်မယ်လို့ ယူဆမိလို့ပါပဲ။

ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ တပ်ပြေးသတင်းကို ပြောပြရရင် တပ်ဖွဲ့တခုကနေ တပ်သားနှစ်ဦး ထွက်ပြေးပြီး စစ်တပ်ဘက်ကို ခိုလှုံသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့ တပ်ပြေးရသလဲဆိုတာကို အဖြေရှာတာ မတွေ့ရဘဲ “သစ္စာဖောက်၊ လောက်ကောင်၊ ယောကျ်ားတွေမှ မဟုတ်တာ၊ ရပ်တည်ချက် မမှန်ကန်လို့၊ မင်းတို့အတွက် နောင်တရဖို့ အခွင့်အရေး မရှိတော့ဘူး” စသဖြင့် ဝေဖန်ဆဲဆိုတာတွေကိုပဲ တွေ့ခဲ့ရပါတယ်။ ဒီတပ်ပြေးနှစ်ဦးဟာ စစ်ကြောရေးကို ရောက်တဲ့အခါ တပ်စခန်းနေရာကို အတိအကျ ပြောပြလိုက်တဲ့အတွက် စခန်းတည့်တည့်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပါတယ်။ ဗုံးကြဲတဲ့အချိန်မှာ မိတ်ဖက်တပ်ဖွဲ့က ရဲဘော်တွေလည်း ရောက်နေတဲ့အတွက် မိတ်ဖက်တပ်သားနှစ်ဦးနဲ့ သူတို့တပ်က တပ်သားတဦး ကျဆုံးခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ သက်ဆိုင်ရာတပ်ဖွဲ့ရဲ့ စခန်းနေရာကို အတိအကျ ပြောပြရုံသာမက တခြားတပ်ဖွဲ့တွေရဲ့ စခန်းနေရာတွေနဲ့ မြေပြင်လမ်းကြောင်း အခြေအနေတွေကိုပါ စစ်တပ်ကို လမ်းညွှန်ပေးတယ်လို့ ယူဆရပါတယ်။ မကြာခင်မှာပဲ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာမှာ အဲဒီတပ်ပြေးနှစ်ဦးကို လက်ထိတ်ခတ်ပြီး ရှေ့ဆုံးကနေ လမ်းပြခိုင်းတာကို PDF ရဲဘော်တွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတောင်မှ တပ်ပြေးပြဿနာကို အဖြေရှာဖို့ မစဉ်းစားကြဘဲ “သစ္စာဖောက်တွေ သွားရာလမ်းပဲ၊ သစ္စာဖောက်ခြင်းရဲ့ ဆိုးကျိုး၊ တပ်ပြေးချင်တာကိုး၊ ဒီလောက်တော့ နည်းတောင်နည်းသေးတယ်” လို့ပဲ ပြောတာလောက်နဲ့ တင်းတိမ်ကြပါတယ်။

နောက်ထပ် တပ်ပြေးဖြစ်စဉ်တခုကတော့ PDF လူငယ်လေးတယောက်က တပ်ဖွဲ့ကနေ ထွက်ချင်တယ်လို့ ပြောနေတာ ကြာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်သင်တန်း တက်တုန်းက တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်ရမယ်လို့ ကတိသစ္စာဆိုထားရတဲ့အတွက် ထွက်ခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် အဲဒီလူငယ်လေးဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေးရင် အရေးယူခံရမယ်လို့ ဆိုထားတဲ့အတွက် ဝေးလံတဲ့ နယ်မြို့တမြို့မှာ အိမ်ငှားနေတယ်လို့ သိရပါတယ်။ နှစ်ပတ်လောက်ကြာမှ ဒီသတင်းကို သိရတာပါ။ မသိရခင် အချိန်တောအတွင်းမှာ ကောင်လေးရဲ့ မိသားစုဝင်တွေဟာ သောကရောက်ခဲ့ရသလို သူပါဝင်ခဲ့တဲ့ တပ်ဖွဲ့တခုလုံးကလည်း သူ စစ်တပ်ဘက် ခိုလှုံသွားပြီလားဆိုပြီး စိုးရိမ်ပူပန်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း ကမ္မမြို့ကို ရောက်လာတဲ့ စစ်တပ်ဆီကို PDF တယောက် သွားရောက်ပူးပေါင်းရာမှာ သေနတ်ငါးလက် ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သတင်းဌာနကမှ မဖော်ပြခဲ့ပါဘူး။ ဒီလို သတင်းမတက်ခဲ့တဲ့ အဖြစ်အပျက်တွေ နေရာပေါင်းစုံမှာ အများကြီး ရှိနေနိုင်ပါတယ်။

ကျနော် ဒီစာစုကို ရေးရတဲ့ အကြောင်းရင်းက တပ်ပြေးပြဿနာကို အဖြေရှာပေးနိုင်လို့ မဟုတ်ပါဘူး။ တပ်ပြေးကိစ္စကို အဖြေရှာဖို့ ဆွေးနွေးတိုင်ပင်ကြဖို့ အကြံပြုချင်တာနဲ့ တပ်ပြေးရတဲ့ အကြောင်းရင်းအပေါ် ကျနော် ထင်မြင်မိသလောက် တင်ပြချင်လို့သာ ဖြစ်ပါတယ်။ PDF ရဲဘော်တွေ တပ်ပြေးရတဲ့ အကြောင်းရင်းဟာ ခေါင်းဆောင်ပိုင်းတွေရဲ့ စီမံအုပ်ချုပ်ပုံနဲ့ အဓိက သက်ဆိုင်တယ်လို့ ယူဆပါတယ်။

ခေါင်းဆောင်ဆိုတာ တပ်သားအားလုံးရဲ့ စံပြဖြစ်နေရမယ်၊ ခေါင်းဆောင်ပီသရမယ်။ ကိုယ်ကျိုးကို စွန့်ပြီး အများအကျိုးကို ဆောင်ရွက်နိုင်သူ ဖြစ်ရမယ်။ ဘက်လိုက်မှုကင်းပြီး တရားမျှတမှု ရှိရမယ်။ ကိစ္စရပ်တိုင်းကို အချိန်တိုအတွင်း မှန်ကန်အောင် ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်။ ငွေကြေးမမက်မောရဘူး။ တပ်အတွက် ရန်ပုံငွေကို အကျိုးရှိရှိ အသုံးချတတ်ရမယ်။ ခေါင်းဆောင်ဆိုပြီး အထူးအခွင့်အရေးယူ (VIP ဆန်ဆန်) မစားသောက်ရပါဘူး။ တပ်သားတွေအပေါ် အမိန့်အာဏာ မပြရဘူး၊ အာဏာရှင်မဆန်ရဘူး၊ အာဏာမတည်ဆောက်ရပါဘူး။ တခါတရံ ရင့်ရင့်သီးသီး
ဆက်ဆံမိတယ် ဆိုရင်တောင် မတတ်သာလို့ ဆက်ဆံရတယ်ဆိုတဲ့ သဘောမျိုး ပါဝင်နေရပါမယ်။ ကိုယ့်ထက် အင်အားကြီးတဲ့ အဖွဲ့အစည်း၊ လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့တွေအပေါ် မနာလိုစိတ် မရှိရဘူး။ သူလျှိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဝင်လာသူကိုတောင် ခေါင်းဆောင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ စိတ်ပြောင်းသွားအောင် လုပ်နိုင်စွမ်း ရှိရပါမယ်။ မသန်စွမ်းသူတွေအပေါ် စာနာနားလည်ပေးနိုင်သူ ဖြစ်ရမယ်။ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှု မရှိရပါဘူး။ ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပေးနိုင်သူ ဖြစ်ရပါမယ်။

ခေါင်းဆောင်တယောက်ဟာ အထက်ပါ အချက်တွေထဲက တခုခုကို ချို့ယွင်းခဲ့မယ်ဆိုရင် လက်အောက်ငယ်သားတွေရဲ့ ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်လာတတ်ပါတယ်။ မုန်းတီးစိတ်တွေ၊ လက်စားချေလိုစိတ်တွေ ဝင်လာတတ်ပါတယ်။ ခေါင်းဆောင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်တုံ့မပြန်နိုင်တဲ့အခါ အင်အားကြီးတဲ့ စစ်တပ်ဘက်ကို ပြောင်းရွှေ့ခိုလှုံပြီး စစ်တပ်ရဲ့ အင်အားနဲ့အတူ ပြန်လည် လက်တုံ့ပြန်လာတတ်တယ်လို့ ကျနော် ထင်မြင်ယူဆပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ ဆင်ခြင်သင့်တာတွေကို ဆင်ခြင်ပြီး လက်အောက်ငယ်သားတွေကို စိတ်ဒဏ်ရာပေးနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column