Institute for Strategy and Policy- Myanmar
3.9K subscribers
1.32K photos
33 videos
5 files
458 links
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Download Telegram
၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးကာလ အခုလို NLD အပြင်းထန်ဆုံး ဖိနှိပ်ခံရချိန်မျိုးမှာ မဟာမိတ်ဖြစ်တဲ့ NLD အပေါ်မှာသာမက ကျန်မဟာမိတ်တွေဖြစ်တဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ UNA နဲ့ ချိတ်ဆက်ထားတဲ့ မဟာမိတ်တွေ (UNA ++) အပေါ်မှာလည်း SNLD ဟာ သစ္စာ စောင့်သိတဲ့အတွက် စစ်ကောင်စီ လိုရာ ဦးတည် လှော်ခတ်တဲ့ နိုင်ငံရေး လှေကြုံ လိုက်မစီးတာ၊ မှတ်ပုံ ဆက်မတင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ပြည်ထောင်စု ပေါ်ထွန်းရေးအပေါ်နဲ့ မဟာမိတ် ဆက်ဆံရေးအပေါ်ထားတဲ့ သစ္စာတရားမှာကိုယ်လွတ်မရုန်းတာ၊ စိတ်အချဉ် မပေါက်တာနဲ့ နိုင်ငံရေးအရ ရင့်ကျက်ယဉ်ကျေးတာတွေကို နမူနာကောင်းအဖြစ် သတိပြုမိနိုင်ပါတယ်။ ဒါကို အချုပ်သဘော အဖြစ် SNLD အထွေထွေအတွင်းရေး မှူးစိုင်းလိတ်က VOA အင်တာဗျူးမှာ အခုလို ပြောထားပါတယ်။ “မဟာမိတ်အဖြစ်လက်တွဲခဲ့ဖူးတဲ့၊ လက်တွဲ လာလတ္တံ့သော ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ဆီ ချီတက်နိုင်ဖို့အတွက် ဆက်လက်ပြီး ရုန်းကန် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေကြပါတယ်”


■ ဖြစ်တန်ခြေ အကဲဖြတ်ချက်


SNLD အနေနဲ့ “လောလောဆယ်အားဖြင့် ဆက်လက် မှတ်ပုံတင်စရာမရှိဘူးလို့ ဆုံးဖြတ်ခြင်း” သာဖြစ်တာမို့ နိုင်ငံရေး အခင်းအကျင်း အခြေအနေ ပွင့်လင်း ပြောင်းလဲမှု တစုံတရာရှိလာရင် မှတ်ပုံ ပြန်တင်တာ၊ အသစ်တင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက စစ်အစိုးရလက်အောက်မှာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက် မှတ်ပုံမတင်ဘဲ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် အပြောင်း အလဲတချို့ သိသိသာသာ ပုံပေါ်လာတဲ့အချိန်၊ မဟာမိတ် NLD နဲ့ ညှိနှိုင်းပြီးတဲ့ အချိန်မှာမှ ပါတီမှတ်ပုံပြန်တင်မျိုး နမူနာရှိခဲ့ပါတယ်။


စစ်ကောင်စီဘက်ကတော့ SNLD ကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ် အရေးယူတာမျိုးတွေလည်း ရှိလာ နိုင်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဒါကို စောင့်ကြည့်နေဖို့၊ ဒီလို အရေးယူတာမျိုး မလုပ်ဖို့ စစ်ကောင်စီကို သတိ ရှိစေသင့်ပါတယ်။ မြန်မာ့အပြောင်းအလဲအတွက် ပုံစံမျိုးစုံသော ဖိအားနဲ့ သံခင်း တမန်ခင်းတွေ လိုအပ်ပေမယ့် တကယ့်အဖြေဟာ ပြည်တွင်း နိုင်ငံရေးနဲ့ အရပ်ဘက် ပြည်သူ အင်အားစု တွေပေါ်မှာပဲ အဓိက မူတည်တယ်၊ အဲ့ဒီ အင်အားစုတွေမှာ တီထွင် ဖန်တီးပြီး အသွင်အမျိုးမျိုးနဲ့ ရပ်တည်နိုင်စွမ်း၊ ရုန်းကန် ကြီးထွားနိုင်စွမ်း ရှိတယ်ဆိုတာကို အသိအမှတ် ပြုကြရမှာပါ။ SNLD ဟာ တည်ဆဲစနစ် အတွင်းမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ SNLD ရဲ့ သဘောထား အမြင်တွေကို နိုင်ငံတကာက တန်ဖိုးထား နားထောင်ရမယ်၊ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ပြီး အဖြေရှာနိုင်ဖို့ SNLD ဟာ မပါမဖြစ် ပါဝင်ရမယ့် အင်အားစုတရပ်အဖြစ် ဆက်ရှိနေဦးဖွယ်ရှိပါတယ်။



PDF Version ကို “ISP ကပြင်ရပ်ဝန်း” ၌ ရယူနိုင်ပါသည်။ ထိုသို့ ရယူရန်အတွက် “ISP ကပြင် ရပ်ဝန်း” အဖွဲ့ဝင်ဖြစ်ရန် လိုပါသည်။


https://ispmyanmar.com/community/isp-publications/


➤ “ISP ကပြင်ရပ်ဝန်း” အဖွဲ့ဝင်ဖြစ်ရန် အောက်ပါ link သို့ ဝင်ရောက်ပြီး အခမဲ့ ချိတ်ဆက်နိုင်ပါသည်။


https://ispmyanmar.com/community/register/


#ISP_OnPoint
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အပြီး နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦးအား ပြန်လွှတ်

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၄)

__________________________


အာဏာသိမ်းမှုအလွန် နှစ်နှစ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့သော အခါကြီးရက်ကြီးများတွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပြီး ကဆုန်လပြည့်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ယခု လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း နေပြည်တော်သို့ ပထမဆုံး သွားရောက်၍ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမှုအပြီး နောက်တရက်တွင် ထွက်ပေါ်လာသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပိုမိုဆက်စပ်မှုရှိနိုင်ကြောင်း သုံးသပ်ရပါသည်။
အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ
တရုတ် လမ်းထွင်သည့် နိုင်ငံရေးထွက်ပေါက်ကို စစ်ကောင်စီ အလိုက်သင့် လက်ခံမည်လော

__________________________


ကနဦးသုံးသပ်ချက် အမှတ် (၁၄)


■ ဖြစ်ရပ်အချက်အလက်


တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာချင်ကန်းဟာ ၂၀၂၃ ခုနှစ် မေ ၂ ရက်မှာ နေပြည်တော်ကို သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ထိပ်တန်းပုဂ္ဂိုလ်တဦး နေပြည်တော်ကို ပထမဆုံး ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ခရီးစဉ်မတိုင်မီ နာရီပိုင်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ဘက်စုံအကျိုးစီးပွား များစွာရှိနေတဲ့ ယူနန်ပြည်နယ်ကို သွားခဲ့ပါသေးတယ်။ ဒီမတိုင်ခင် လပိုင်းကလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဖန်ရှုဘင်အပြင် ယူနန်ပြည်နယ်က အဆင့်မြင့်အရာရှိတွေ မြန်မာနိုင်ငံကို ခပ်စိပ်စိပ် လာခဲ့ပါတယ်။


➤ PDF Download ရယူရန်


https://ispmyanmar.com/.../uploads/2023/05/OnPoint-14.pdf


■ ကနဦးသုံးသပ်ချက်


တရုတ်နိုင်ငံ ထိပ်ပိုင်းအရာရှိတွေ မြန်မာနိုင်ငံကို အခုလို ခပ်စိပ်စိပ်ရောက်လာခြင်းက မြန်မာ့အရေး (နိုင်ငံချင်းဆက်ဆံရေးအဆင့်) မှာ တရုတ်နိုင်ငံရဲ့ မူဝါဒအထိုင်သစ်ပြန်ချတာ ဖြစ်ဖွယ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး အခြေခံဥပဒေဘောင်အတွင်းက ဆွေးနွေးညှိနှိုင်းရေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဖျက်ရေးစတဲ့ နိုင်ငံရေးချဉ်းကပ်မှုလမ်းဟောင်းကို အချိန်အကန့်အသတ်မရှိ မျှော်လင့်မယ့်ပုံ မရှိတော့ပါဘူး။ အဲဒီအစား ဖြစ်နိုင်ခြေရှိတယ်လို့ သူတို့ယူဆထားတဲ့ (ရွေးကောက်ပွဲ ကျင်းပရေးလို) နိုင်ငံရေး ထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးအခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပေမဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ကြီးကြီးမားမား ထိခိုက်နိုင်လောက်တဲ့ အနေအထားမဖြစ်အောင် ထိန်းထားနိုင်ပြီလို့လည်း တရုတ်နိုင်ငံက ယူဆနေပုံရပါတယ်။


ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းလုံခြုံရေးမှာ လက်တံခြေတံ ဆန့်ထုတ်ပြီး (တရုတ်နိုင်ငံနဲ့ ဆက်စပ်မှုရှိတယ်လို့ ရည်ညွှန်းခံရလေ့ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေကတဆင့်) လက်လီစိတ် အားထုတ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးအရ မဟာဗျူဟာမြောက် စီမံကိန်းတွေကိုလည်း အသေ အချာ တွက်ချက်ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံခြားရေးမှာလည်း မြန်မာ့အကျပ်အတည်းမှာ နိုင်ငံတကာ (အနောက်နိုင်ငံတွေ) က အမြဲ အာရုံစိုက် ဝင်ပါ (Internationalization of the Myanmar’s Conflict) နေရာကနေ အာဆီယံဗဟိုပြု (ASEAN-Centrality) ဖြေရှင်းသင့်တဲ့ ဒေသတွင်းအရေး (Regionalization) ဖြစ်အောင် ထိန်းညှိ၊ အဲဒီကတဆင့် အိမ်နီးချင်းနိုင်ငံ အချင်းချင်း ဝိုင်းကူရမယ့်ကိစ္စ၊ အိမ်နီးချင်း သံတမန်ရေးအားထုတ်မှု (Neighborhood Diplomacy) ဖြစ်အောင် တံတိုင်းခတ်ပေးတာမျိုးကို ဦးတည်လာတာ တွေ့နိုင်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာ့အရေးကိုသုံးပြီး တရုတ်ကို (အနိမ့်ဆုံး တရုတ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်) တွဲထောင်းမယ့်ကိစ္စ၊ ရုရှားနိုင်ငံက မြန်မာနိုင်ငံအတွင်း ပိုမိုခြေရှုပ်လာတဲ့အပေါ် စိတ်မရှည်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဟာ ကိုယ်မွှေးတဲ့မီး ကိုယ်မငြှိမ်းနိုင်၊ ကိုယ့်ထွက်ပေါက် ကိုယ်မရှာနိုင် ဖြစ်နေလို့ (ဒါမှမဟုတ်) ရှာဖို့ငြင်းဆန်နေတဲ့သဘောဖြစ်ပုံရလို့ တရုတ်နိုင်ငံဟာ ဦးသန်းရွှေလို စစ်ခေါင်းဆောင်ဟောင်းတွေအပါအဝင် အင်အားစုပေါင်းစုံကို တွေ့ဆုံဟန်ချက်ညှိပြီး သူတွန်းချင်တဲ့လမ်းကြောင်းကို ထွင်နေပုံရတယ်လို့ ကနဦးသုံးသပ်နိုင်ပါတယ်။


အာဏာသိမ်းစကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုပြုချဉ်းကပ်မှုကို ကိုင်စွဲပြီး NLD အစိုးရလက်ထက် သဘောတူခဲ့တဲ့ စီမံကိန်းတွေ ဆက်လုပ်ဖို့ တရုတ်နိုင်ငံက အဓိကထားပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ခွင့်မပေးခဲ့တဲ့အပြင် နှစ်ရှည်ထောင်ဒဏ်ချခဲ့ပါတယ်။ NLD ပါတီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သဘောထားတင်းမာမှုကို ရင်ဆိုင်ရတဲ့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သှူရဲ့ အခင်းအကျင်းအားလုံး အဆင်သင့်ဖြစ်အောင် အောက်ခြေမှာ ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံရေးမြားဦး သူ့ဘက်မလှည့်နိုင်အောင် NLD အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ခန့်ထားရေး ကိစ္စကနေ လုံခြုံရေးကောင်စီနဲ့ အာဆီယံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေမှာ အလုံးစုံ ကန့်ကွက်ငြင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ သှူအကျိုးစီးပွားကို အခြေခံကျကျ မထိခိုက်သရွေ့ လက်ခံခဲ့ပြီး တိုက်ရိုက်စွက်ဖက်လို့မရတဲ့ အနေအထားလောက်မှာ ခွေထား ကန့်ထား (Seize and Freeze the Myanmar Agenda) ခဲ့တာကို သတိပြုမိနိုင်ပါတယ်။
တဖက်မှာလည်း တရုတ်နဲ့နီးစပ်တယ်လို့ ရည်ညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် မဟာဗျူဟာကျတဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေး၊ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးဖြန့်ကျက်နိုင်ရေးနဲ့ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ ပဋိပက္ခမီးတွေ နယ်စပ်တကြော ကူးမလာနိုင်အောင် ကန့်ထားနိုင်ခဲ့ပါတယ် (အလေးထားရမည့် ညွှန်းပြမြေပုံ အမှတ် - ၈ ကို ရှုပါ)။ ဒါတင်မကဘဲ နယ်စပ်ဒေသတွေမှာ နယ်စပ်ဖြတ်ကျော်မှုခင်း ထိန်းချုပ်ရေးကို အားစိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အကျိုးစီးပွားများစွာရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက EAOs တွေ ထောက်ပံ့ပေးထားတဲ့ ပြည်သှူကာကွယ်ရေးတပ် (PDFs) တွေ ပိုကြီးထွားမလာအောင်၊ နယ်စပ်ဒေသမှာ တိုက်ပွဲတွေမဖြစ်အောင်၊ အထူးသဖြင့် PDF တွေရဲ့ လှုပ်ရှားမှုက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းချုပ်ကန့်သတ်ရေးမူ (Containment Policy) ချထားနိုင်ပါတယ်။


တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီကျွန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လို မြောက်ပိုင်းမဟာမိတ် EAOs ခုနစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် (ISP-Explainer အမှတ် - ၁ ကို ရှုပါ) သတိပြုမိစရာတွေရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက EAOs တွေနဲ့ စစ်ကောင်စီအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေရနိုင်တဲ့ အလားအလာရှိသလို၊ အဲဒီ EAOs တွေနဲ့ အသစ်ပေါ် လာတဲ့ PDF တွေကို ခွဲထုတ်ပြီး အင်အားချည့်နဲ့စေဖို့ ဦးတည်သွားနိုင်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ လက်နက်ကိုင်တွေရဲ့ အင်အား၊ စုဖွဲ့မှု၊ ကျောထောက်နောက်ခံ၊ စွမ်းဆောင်ရည်နဲ့ ဦးတည်ချက် စတာတွေကို အာရုံစိုက်ပြီးဖြစ်တာကြောင့် သူ့အကျိုးစီးပွားအပေါ် ထိခိုက်နိုင်ခြေရှိတဲ့ အင်အားစုတွေကို ပကတိဘာဝအခြေအနေ (Structurally) အရ ရုန်းထွက်လို့မရအောင် လုပ်ဆောင်ပြီးသားလို ဖြစ်နေပါတယ်။


စစ်အာဏာသိမ်းမှုအလွန်မှာ တရုတ်နိုင်ငံဟာ မြေပြင်မှာရှိနေတဲ့ သူ့အကျိုးစီးပွားတွေကို ပဋိပက္ခနဲ့ခွာခြင်း (Decouple) လုပ်ဆောင်ချက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အပြင် မဟာဗျူဟာအစီအမံတွေ (ကုန်းလမ်း၊ ရေလမ်း၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကစလို့ စက်မှုဇုန်တွေ တည်ဆောက်ရေးအထိ)နဲ့ မြန်မာနိုင်ငံကို အဘက်ဘက်က ထိန်းချုပ်ကန့်သတ် ဘောင်ခတ်ထားနိုင်ဖို့ ပြင်ဆင်တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာမြောက် အခင်းအကျင်းတွေ (Strategic Interests) အားလုံး အဆင်သင့်ဖြစ်ချိန်မှာ မြန်မာနိုင်ငံခရီးစဉ်တွေ ဆက်တိုက်ဖြစ်လာပါတယ်။


ဒါပေမဲ့ မြန်မာနိုင်ငံကို စစ်တပ်ကပဲ အချိန်အကြာကြီး ဆက်အုပ်ချုပ်ပြီး ပဋိပက္ခတွေ ပိုဆိုးရွားလာတာ၊ နိုင်ငံတကာ ဝင်စွက်ဖက်ခွင့်ရအောင် အညှီရှိလို့ ယင်တလောင်းလောင်း ဖြစ်နေတာမျိုးကို တရုတ်နိုင်ငံက ရှောင်ရှားချင်ပုံရပါတယ်။ အပြုတ်တိုက်ချဉ်းကပ်မှုနဲ့ နိုင်ငံရေးထွက်ပေါက်မရှိ ဖြစ်သွားမှာကိုလည်း လိုလားပုံမရပါဘူး။


အထူးသဖြင့် စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းတိုးပြီး ရွေးကောက်ပွဲလုပ်မယ့်အချိန်ကိုလည်း အတိအကျမပြော၊ နိုင်ငံရေးအခင်းအကျင်းကနေ ထွက်ပေါက် (Exit Strategy) မရှာတော့ဘဲ မထူးဇာတ်ခင်း စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို တရုတ်နိုင်ငံက စိုးရိမ်ပုံရပါတယ်။ တရုတ်နိုင်ငံအတွက်တော့ ရွေးကောက်ပွဲလုပ်၊ အားကြီးတဲ့ပါတီ အနိုင်ယူ၊ တည်ငြိမ်မှုကိုထိန်း၊ အနောက်နိုင်ငံတွေကို လိုတာထက်ပိုမခေါ်နဲ့၊ သူနဲ့တွဲပြီး ‘ဖွံ့ဖြိုးတိုးတက်ရေး’ ကို ဦးစားပေး စတာမျိုးကို လိုလားပါတယ်။ ဒါကြောင့် ၂၀၁၀ ပြည့်နှစ်က နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ (ဟန်ပြပဲဖြစ်စေကာမူ) ရွေးကောက်ပွဲတွေက တဆင့် အနိုင်ရ အင်အားကြီးပါတီက ဆက်တိုက်အုပ်ချုပ် ကြီးစိုးနိုင်တဲ့ (Hegemonic Party Regime) စနစ်ကို ကျင့်သုံးလိုတဲ့ အရင်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကိုလည်း တွေ့ဆုံခဲ့တာပါ။ ဦးသန်းရွှေရဲ့ အင်အားကြီးပါတီကြီးစိုးတဲ့ ပါတီအခြေပြု ရွေးကောက်ပွဲစနစ်မူဝါဒကို တရုတ်နိုင်ငံက လိုလားပုံရတာကြောင့် နိုင်ငံခြားရေးဝန်ကြီးနဲ့ မတွေ့ခင်မှာ ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားရေးမှုးချုပ် မစ္စတာဖန်ရူဘင်နဲ့ အရင် တွေ့ဆုံစေတာလည်း ဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် တရုတ်နိုင်ငံဟာ စစ်ကောင်စီကို စိတ်ရှည်မှု နည်းနေပြီလားလို့တောင် သုံးသပ်နိုင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အောက်ခြေမှာ လက်လီနိုင်ငံရေး အသင့်ဖြစ်နေပြီး ပထဝီနိုင်ငံရေးအရ၊ စီးပွားရေးအရ ဖြန့်ကျက်တာတွေ လုပ်တော့မယ့်အချိန်မှာ စစ်တပ် ဆက်အုပ်ချုပ်နေတာက သူ့အတွက်တော့ အဟန့်အတားလိုဖြစ်နေပါတယ်။ ဒါကြောင့် တချိန်က အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ရွေးကောက်ပွဲစနစ်လိုမျိုးကို ပြန်ဖန်တီးချင်တဲ့ သဘောထားရှိပုံရပြီး၊ ဦးသန်းရွှေအပါအဝင် အင်အားစုပေါင်းစုံကို တွေ့ဆုံဟန်ချက်ညှိပြီး သူတွန်းချင်တဲ့လမ်းကြောင်းကို ထွင်နေပုံရပါတယ်။
ဒါတင်မကဘဲ မြန်မာ့အရေး ထွက်ပေါက်အတွက် အရင်က အာဆီယံကိုရှေ့တန်းတင်ခဲ့ပေမဲ့ အခုဆိုရင် Neighborhood Diplomacy ကို ရှေ့တန်းတင်လာပါတယ်။ ဒါကို အခြေပြုရာမှာလည်း နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနိူင်းမှု (Bilateral Approach) နည်းအပြင်၊ အိမ်နီးချင်း သက်ဆိုင်ရာနိုင်ငံစုံပါဝင်တဲ့ ချဉ်းကပ်မှု (Multilateral Approach) နည်းကိုပါ အသုံးချတွန်းလုပ်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းလာပါတယ်။ အဲဒါကတော့ အလွတ်သဘော Track 1.5 အစည်းအဝေးတွေကနေ အဖြေရှာဖို့ အထူးသဖြင့် မြန်မာ့အကျပ်အတည်းရဲ့ သက်ရောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံနဲ့ တွဲလုပ်တာတွေ ပိုလုပ်လာတာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာဖြင့် တရုတ်ရဲ့ Neighborhood Diplomacy ဟာ အလုပ်မဖြစ်တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အလိုလိုလျော့ပါးသွားစေပြီး မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ပါဝင်မှု အခန်းကဏ္ဍကိုလည်း အလိုလို တားဆီးရာရောက်ပြီးသား ဖြစ်စေပါတယ်။


■ ဖြစ်တန်ခြေ အကဲဖြတ်ချက်


ထွက်ပေါက်မဲ့နေတဲ့ မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက အဖြေရှာဖို့ကြိုးပမ်းရာမှာ အရင်က အနောက်နိုင်ငံတွေက လုပ်ဆောင်နေတဲ့အလွှာ၊ အာဆီယံက လုပ်ဆောင်နေတဲ့အလွှာ စသဖြင့် နှစ်ခုရှိနေရာက အခု တရုတ်နိုင်ငံက ဦးဆောင်ပြီးလုပ်ဆောင်စပြုလာတဲ့ အိမ်နီးချင်းသံတမန်ရေးအားထုတ်မှု (Neighborhood Diplomacy) အလွှာဆိုပြီး ထပ်တိုးလာနိုင်ခြေရှိပါတယ်။ ဒါဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ စစ်ကောင်စီ ထွက်ပေါက်လှအောင် တရုတ်နိုင်ငံက ဒုတိယအခွင့်အရေးပေးတဲ့ပုံစံ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံဟာ Track 1.5 အစည်းအဝေးတွေရဲ့ နောက်ကွယ်ကဖြစ်ဖြစ် ပေါ်ပေါ်ထင်ထင်ဖြစ်ဖြစ် ပါဝင်နေတာကို ပိုတွေ့လာနိုင်ခြေရှိပါတယ်။ ဒီအချက်က အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေ (NDAA) မှာ Burma Act ရဲ့ သက်ရောက်မှုကို တုံ့ပြန်တယ်ဆိုတာက အနည်းအကျဉ်း အစိတ်အပိုင်းတခုသာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ရှရှားနဲ့ တန်ပြန်မျှခြေယူဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အကြောင်းရင်းတရပ်အဖြစ် ရှိနေပါတယ်။ ဒီအစည်းအဝေးတွေကတဆင့် ရွေးကောက်ပွဲကို လက်ခံလာဖို့ ကြိုးပမ်းမယ့်အပြင် တဖက်က အနောက်နိုင်ငံတွေ ခေါင်းခဲနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကိုလည်း Track 1.5 ပလက်ဖောင်းကိုသုံးပြီး တရုတ်နိုင်ငံက လုပ်လာနိုင်ခြေရှိပါတယ်။ သေချာတာက တရုတ်နိုင်ငံနဲ့ သူအားပေးနေတဲ့ အိမ်နီးချင်း သံတမန်ရေး အားထုတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ်တွေ မြန်မြန်ကျင်းပရေး၊ လုံခြုံရေးအခြေအနေ ထပ်ဆိုးမလာအောင် (အပစ်အခတ်ရပ်စဲရေး အပါအဝင် နည်းလမ်းပေါင်းစုံသုံးပြီး) ခွေထားရေးနဲ့ ကိုဗစ်ထိန်းချုပ်မှုအလွန် တရုတ်ရဲ့ ဒေသတွင်း မဟာဗျူဟာ စီးပွားရေးအဖွင့်မှာ မြန်မာနိုင်ငံကို အရေးပါတဲ့နေရာတခုအဖြစ် အသုံးပြုနိုင်ရေးတွေက အဓိကဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်တပ်နဲ့ အရပ်ဘက် အုပ်စိုးသူအဆက်ဆက်ဟာ ပြည်ပနိုင်ငံ (ဒါမှမဟုတ်) ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံစုံအဖွဲ့တွေက တွန်းအားပေးတိုင်း လိုက်လုပ်တာ၊ ပြည်ပက တီးတဲ့ တီးလုံးအတိုင်း လိုက်ကတာမျိုး ကတော့ ဖြစ်ခဲလှပါတယ်။ မြစ်ဆုံဆည်အရေးကနေ ရိုဟင်ဂျာအရေးအထိ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံတင်မက အနောက်နိုင်ငံတွေရဲ့ ပြင်ပက ဩဇာလွှမ်းမိုးဖိအားပေးမှုဟာ အပြောင်းအလဲအတွက် တစုံတရာ အထောက်အကူ ဖြစ်ကောင်းဖြစ်စေနိုင်ပေမယ့် ယတိပြတ် အလုံးစုံအပြောင်းအလဲကို မဖြစ်စေခဲ့ပါဘူး။ ပြင်ပက စစ်ရေးလို ပါဝါအမာ အင်အားသုံး ဖိအားပေးလို့ ပြောင်းလဲတန်ခြေမျိုးမှအပ ပြင်ပဩဇာလွှမ်းမိုးမှုကို လိုတာထက် ပိုမတွက်ဖို့လည်း သတိပြုရပါမယ်။





ISP-Myanmar က ထုတ်ဝေထားတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" မှာ အခမဲ့ download ရယူနိုင်ပါတယ်။


➤ PDF Download ရယူရန်


https://ispmyanmar.com/community/isp-publications/


➤ “ISP ကပြင်ရပ်ဝန်း” အဖွဲ့ဝင်ဖြစ်ရန် အောက်ပါ link သို့ ဝင်ရောက်ပြီး အခမဲ့ ချိတ်ဆက်နိုင်ပါသည်။


https://ispmyanmar.com/community/register/

#ISP_OnPoint
အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ


တရုတ် လမ်းထွင်သည့် နိုင်ငံရေးထွက်ပေါက်ကို စစ်ကောင်စီ အလိုက်သင့် လက်ခံမည်လော