Hlaing Info
49.3K subscribers
147K photos
6.01K videos
5 files
14.4K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
AA ထိန်းချုပ်ထားသော ဆမီးမြို့ ဘွေလီရွာကို စစ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ မြိုင်တွင်လည်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

စက်တင်ဘာလ ၁၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဆမီးမြို့နှင့် မတူပီမြို့နယ်ကြားရှိ ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကုန်စုံဆိုင်နှင့် ထမင်းဆိုင်တို့အပြင် ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်း ဆမီးမြို့နှင့် မတူပီမြို့နယ်ကြားရှိ ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၃၀၀ ဗုံး အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုန်စုံဆိုင်တစ်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်နှင့် ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုမှာ Starlink ဂြိုလ်တုအင်တာနက် အသုံးပြုနေသည့်နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“Starlink တပ်ထားတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်သွားတာ။ လူတွေတော့ မထိသွားဘူး။ အိမ်မွေးတိရစ္ဆာန်တွေတော့ သေတာရှိတယ်။ ဆိုင် ၂ ဆိုင်လောက်နဲ့ ကားတစ်စီး ပျက်စီးတယ်။ ပြီးခဲ့တဲ့လကလည်း ဗုံးကျဲတာဆိုတော့ ဒေသခံတွေက စိုးရိမ်ကြတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

AA က ဆမီးမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်တပ်က ဆမီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

AA ထုတ်ပြန်သည့် အချက်အလက်များအရ ဆမီးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ဆမီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လေကြောင်းမှ အနည်းဆုံး ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံအရပ်သား အနည်းဆုံး ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်တပ်က AA ထိန်းချုပ်ထားသည့် ဒေသများကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများအနေဖြင့် သတိထားနေထိုင်ကြရန် AA ဘက်က အသိပေးထားသည်။

အခြားတစ်ဖက်တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေအနီးသို့ ယနေ့ စက် တင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် တဲကြီးကျေးရွာ၌ တပ်စွဲထားသည့် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေနံခတ်နေသည့် ပြည်သူတစ်ဦး ကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက တဲကြီးကျေးရွာတွင် တပ်စွဲထားသည်မှာ ၁၉ ရက်ခန့်ရှိပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျောက်ခွက်ရေနံမြေအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့ နံနက် ၁၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကျောက်ခွက်ရေနံမြေအနီးကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အဲဒါ ဆီခတ်နေတဲ့ ပြည်သူ ၁ ဦး ကျည်စထိမှန်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တဲကြီးကျေးရွာတွင် တပ်စွဲထားသည့် အဆိုပါ စစ်တပ်စစ်ကြောင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#KTM
#HlaingInfo
🤬583👏3👎1🔥1
နိုင်ငံတစ်ဝန်း အကျဉ်းထောင် ၁၃ ခုတွင် နိုင်ငံရေးအကျဉ်းသားများထံမှ ထောင်အာဏာပိုင်များက ငွေကြေး ခေါင်းပုံဖြတ်နေ

စက်တင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုလက်အောက်ရှိ အကျဉ်းထောင် ၁၃ ခုတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းကျခံနေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ အကျဉ်းထောင်အာဏာပိုင်များက နည်းလမ်းမျိုးစုံဖြင့် ငွေကြေးခေါင်းပုံဖြတ်ကောက်ခံကာ စီးပွားရေးလုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ မရောင်နီလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။

မေလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ စစ်အုပ်စုလက်အောက်ရှိ အကျဉ်းထောင် ၁၃ ခုကို PPNM က စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများထံသို့ မိသား စုဝင်များက တရားဝင်ပေးပို့သည့် ဈေးဘားသွင်းငွေများနှင့် ထောင်ဝင်စာပါဆယ်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် မတရားငွေကြေးဖြတ်တောက်ကောက်ခံမှုများ ပြုလုပ်နေကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အကျဉ်းသားများအတွက် လိုအပ်သည့် ဆေးဝါးများ ပေးပို့ရာတွင်လည်း ပိတ်ပင်ခြင်း၊ ကန့် သတ်ခြင်းနှင့် ဆေးဝါးအပြည့်အဝ မရောက်ရှိအောင် ဖြတ်တောက်ခြင်းများ ရှိနေကြောင်း PPNM က ပြောသည်။

“ထောင်တွင်းစကားနဲ့ ပြောရမယ်ဆိုရင် အကျဉ်းသားတွေအပေါ်မှာ ခေါင်းပုံဖြတ်ပြီးတော့ စီးပွားရေးလုပ်တယ်။ အခက်အခဲဖြစ်နေတဲ့ အကျဉ်းကျနေတဲ့သူတွေဆီကနေ အမြတ်ထုတ်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး ဈေးဘားငွေ ဖြတ်တောက်နေတာတွေ၊ ခေါင်းပုံဖြတ်နေတာတွေ၊ အမြတ်ထုတ်တာတွေ၊ ပါဆယ်အိတ်ကအစ မတန်တဆပေးပြီးတော့ ဝယ်နေရတာတွေက ထောင်ပိုင်တွေမှာပဲ အဓိကတာဝန်ရှိပါတယ်” ဟု မရောင်နီလင်းက ပြောသည်။

တရားဝင် ဈေးဘားမှတစ်ဆင့် ငွေသွင်းရာတွင်လည်း အကျဉ်းထောင်အာဏာပိုင်များက ငွေပမာဏအပေါ်မူတည်၍ ၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မတရားရာခိုင်နှုန်းများဖြင့် ဖြတ်တောက်ယူနေကြောင်း သိရသည်။

အဆိုပါ ငွေကြေးဖြတ်တောက်မှုနှင့် ခေါင်းပုံဖြတ်မှုများမှာ အိုးဘိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်း ထောင်နှင့် တောင်ငူအကျဉ်းထောင်တို့တွင် အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNM က ဆိုသည်။

ထောင်ဝင်စာပါဆယ် ပေးပို့ရာတွင်လည်း သတ်မှတ်ထားသည့် ပါဆယ်အိတ်များကို မဖြစ်မနေ ဝယ်ယူရပြီး တစ်အိတ်လျှင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။

ထို့အပြင် ငွေရပြေစာဖိုး၊ စာရွက်စာတမ်းကြေး စသည့် အမည်များဖြင့် ကျပ် ၅၀၀ မှ ၁၅,၀၀၀ အထိ ထပ်မံကောက်ခံနေပြီး မိသားစုဝင်မဟုတ်သူများက ပါဆယ်ပေးပို့ပါကလည်း အပိုဆောင်းငွေကြေး တောင်းခံမှုများရှိကြောင်း PPNM က ပြောသည်။

ဆေးဝါးပေးပို့မှုနှင့်ပတ်သက်၍လည်း အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများထံ ဆေးပါဆယ်ရောက်ရှိရန် ကြန့်ကြာမှုများ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း သိရသည်။

ဒိုက်ဦးအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နှင့် မြစ်ကြီးနားအကျဉ်းထောင်တို့တွင်လည်း လိုအပ်သည့် ဆေးဝါးများ ပေးပို့ရာ၌ ပိတ်ပင်တားဆီး၍ ထောင်အတွင်းသို့ သွင်းခွင့်မပြုခြင်းများ ရှိနေသည့်အပြင် ပေးပို့သည့် ဆေးဝါးများကိုလည်း အပြည့်အဝ မပေးပို့ဘဲ ဖြတ်တောက်နေကြောင်း PPNM က ဆိုသည်။

ဥပမာအားဖြင့် ဆေး ၅ ကဒ် ပေးပို့ပါက ၃ ကဒ်သာ ရောက်ရှိခြင်း၊ ၁၀ ကဒ် ပေးပို့ပါက ၇ ကဒ်သာ ရောက်ရှိခြင်း စသည့် ဆေးဝါးပမာဏ လျှော့ချဖြတ်တောက်မှုများ စနစ်တကျ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါအခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များအပေါ် နည်းလမ်းမျိုးစုံဖြင့် မတရားငွေကြေးကောက်ခံခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းများ ပြုလုပ်နေမှုကို PPNM က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်စဉ်များကို ဆက်လက်စောင့်ကြည့်မှတ်တမ်းတင်ကာ ဖော်ထုတ်သွားမည်ဟု အသိပေးထားသည်။

PPNM ၏ မှတ်တမ်းအရ အဆိုပါ ငွေကြေးခေါင်းပုံဖြတ်မှုများကို ဦးဆောင်ကျူးလွန်နေသည်ဟု ဖော်ပြထားသူများမှာ အိုးဘိုအကျဉ်းထောင်ပိုင် သိန်းဇော်မောင်၊ မိတ္ထီလာအကျဉ်းထောင်ပိုင် ဇော်ဝင်း၊ တောင်ငူအကျဉ်းထောင်ပိုင် အောင်မြင့်စိုး၊ ကျိုက်မရောအကျဉ်းထောင်ပိုင် ချမ်းအေးကျော်၊ ဒိုက်ဦးအကျဉ်းထောင်ပိုင် သီဟထွဋ်၊ မြင်းခြံအကျဉ်းထောင်ပိုင် တင်ချို၊ ပြည်အကျဉ်းထောင်ပိုင် သော်လှိုင်ထွန်း၊ ဟင်္သာတအကျဉ်းထောင်ပိုင် သန်းဇော်ဝင်း၊ မြစ်ကြီးနားအကျဉ်းထောင်ပိုင် လှမျိုးအောင်၊ မြိတ်အကျဉ်းထောင်ပိုင် အောင်ကျော်ဦး၊ မကွေးအကျဉ်းထောင်ပိုင် ဝင်းနိုင်၊ ရွှေဘိုအကျဉ်းထောင်ပိုင် ဇော်ထွန်းနှင့် ပေါင်းတည်အကျဉ်းထောင်ပိုင် စိုင်းခမ်းမောင်တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် PPNM အနေဖြင့် မှတ်တမ်းတင်ထားသည့် အကျဉ်းထောင် ၁၃ ခုအပြင် ကျန်ရှိနေသေးသည့် အကျဉ်းထောင်များကိုလည်း ဆက်လက်စောင့်ကြည့်ကာ အချက်အလက်များ စုဆောင်းနေကြောင်း သိရသည်။

#KTM
#HlaingInfo
🤬558😱4👏2👎1🥰1
ဗန်းမော်မြို့မှ ပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက် တိုက်ခိုက်နေ

စက်တင်ဘာလ ၁၃  ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်မှ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ရာ သင်္ဘောတချို့ ထပ်မံ မီးလောင်နစ်မြုပ်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ ဆင်းလာသော စစ်သင်္ဘော အုပ်စုကို စာဝတီးကျေးရွာနှင့် မြလယ်ကျေးရွာကြား၌ KIA ပူးပေါင်း တပ်များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် တက်လာသော သင်္ဘော ၃ စီး တိုက်ခိုက်ခံရမှုအတွင်း ၃ စီးလုံး မီးလောင် ပျက်စီးခဲ့ပြီး ၁ စီးရေထဲနစ်မြုပ်ခဲ့ကြောင်း၊ ဒုတိယအကြိမ် တက်လာသော သင်္ဘော ၃ စီးကို ထပ်မံ တိုက်ခိုက်ရာ ၃ စီးလုံး ရေထဲနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

"ဒီမနက်က ဗန်းမော်ကနေ ဆင်းလာတဲ့ သင်္ဘောတွေ စာဝတီးရွာနဲ့ မြလယ်ရွာကြားမှာ KIA တပ်ပေါင်းစုတွေက စောင့်ကြိုပြီးတော့ တိုက်ခိုက်တာ ပထမအကြိမ်က ၃ စီး မီးလောင်သွားတယ်။ ဒုတိယအကြိမ်က ၃ စီးကတော့ ပျက်စီးပြီး ရေထဲ မြုပ်သွားတယ်။ အခု တိုက်ခိုက်တာက ရေထဲမြုပ်သွားတာ ၄ စီးရှိသွားပြီ မီးလောင်နေတာ ၂ စီးရှိတယ်။ အဲ့ ၂ စီးက အခုထိ ရေထဲမှာပဲ မီးလောင်နေတယ်။ ဒီမနက် ကျနော်တို့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာ အားလုံးပေါင်း ၆ စီးရှိပြီ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကောင်းတုံကျေးရွာနှင့် စာဝတီးကျေးရွာတို့ မီးလောင်ပျက်စီးခဲ့ပြီး စာဝတီးကျေးရွာမှာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲလို့ ကောင်းတုံရွာနဲ့ စာဝတီးရွာက မီးလောင်ပျက်စီးသွားတယ်။ စာဝတီးရွာက တစ်ရွာလုံးနီးပါးကို မီးလောင်ပြာကျသွားတာ Y-12 တွေနဲ့ ဗုံးကျဲနေတာ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်အကြား စစ်ကြောင်းထိုးနေသော်လည်း KIA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုများကြောင့် အကျအဆုံးများစွာဖြင့် စစ်ကြောင်းများ ရွှေကူမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာလျက်ရှိကြောင်း သိရှိရသည်။

လတ်တလော ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ  KIA ဦးဆောင်သော ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် သင်္ဘောစုစုပေါင်း ၁၆ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးကိုလည်း စစ်သုံ့ပန်း ဖမ်းဆီးရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#HlaingInfo
👏54👍129😁3
မင်းအောင်လှိုင်က တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် နိုင်ငံခြားဆက်ဆံရေးကို တိုးမြှင့်နေသော်လည်း အာဆီယံအတွင်း မြန်မာ့အရေး သဘောထားကွဲလွဲနေဆဲ

စက်တင်ဘာလ ၁၃ ရက်

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဧပြီလတွင် သမ္မတရာထူးကို  လုယူပြီးနောက် နိုင်ငံတကာအထီးကျန်မှု လျှော့ချရေးနှင့် နိုင်ငံခြားအစိုးရများ၏ ဆက်ဆံရေး ပုံမှန်ပြန်လည်ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံခြားဆက်ဆံရေးကို တိုးမြှင့်လာသော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေကြောင်း Deutsche Welle (DW) က ဖော်ပြထားသည်။

မင်းအောင်လှိုင်က သမ္မတလုပ်ပြီးနောက် ၅ လအတွင်း အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနှင့် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

Lowy Institute ၏ အရှေ့တောင်အာရှအစီအစဉ် အကြီးအကဲ Hunter Marston က ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထိန်းချုပ်ရွေးကောက်ပွဲများနှင့် မင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူလာပြီးနောက် နေပြည်တော်အနေဖြင့် ဒေသတွင်းမိတ်ဖက်များနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ရန် ပိုမိုအာရုံစိုက်လာကြောင်း ပြောဆိုထားသည်။

Marston ၏အဆိုအရ မြန်မာစစ်အစိုးရသည် မိတ်ဖက်နိုင်ငံများကို ပိုမိုဖြန့်ကျက်ဆက်ဆံပြီး နှစ်နိုင်ငံဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်လာစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံတကာအထီးကျန်မှုကို လျှော့ချရန်နှင့် အစိုးရအဖြစ် နိုင်ငံတကာလက်ခံမှု ရရှိရေး ကြိုးပမ်းမှုနှင့်လည်း ဆက်စပ်နေသည်။

သို့သော် အာဆီယံအတွင်းတွင်မူ မြန်မာ့အရေးအပေါ် သဘောထားကွဲလွဲမှုများ ဆက်ရှိနေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံသည် မင်းအောင်လှိုင်နှင့် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးများကို အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ခွင့် မပြုထားဘဲ ၂၀၂၁ ခုနှစ် ဧပြီလတွင် သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အဓိပ္ပာယ်ရှိသည့် တိုးတက်မှု ရရှိရန် တောင်းဆိုထားသည်။

အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံဘက်မှ အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်အပေါ် သိသာထင်ရှားသည့် တိုးတက်မှု မပြသမချင်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီဝန်ကြီးများကို အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ခွင့်ပေးရန် မလိုလားကြောင်း DW က ဖော်ပြထားသည်။

တစ်ဖက်တွင် မြန်မာစစ်အစိုးရက အာဆီယံအထူးကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုများကို ပယ်ချခဲ့ပြီး ပြီးခဲ့သည့်လတွင် မြန်မာလွှတ်တော်က အာဆီယံဘုံသဘောတူညီချက်ကို ပယ်ချသည့် အဆိုတစ်ရပ်ကို အတည်ပြုခဲ့သည်။ ထို့နောက် မြန်မာစစ်တပ် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် မလိုအပ်တော့ကြောင်း ပြောဆိုခဲ့သည်။

ထိုအခြေအနေကြောင့် မင်းအောင်လှိုင်နှင့်အဖွဲ့က အာဆီယံ၏ အဆင့်မြင့်ခေါင်းဆောင်များအစည်း အဝေးများသို့ မကြာမီကာလအတွင်း ပြန်လည်တက်ရောက်နိုင်ဖွယ် မရှိသေးကြောင်း ထိုင်းနိုင်ငံ Thammasat University မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Pinitbhand Paribatra က သုံးသပ်ထားသည်။

သို့သော် Hunter Marston နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Scot Marciel တို့က ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း ပိုမိုပြန်လည်ပေါင်းစည်းရန် အခွင့်အလမ်း ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။

Lowy Institute ၏ လေ့လာချက်များတွင်လည်း ထိုင်းနိုင်ငံသည် ၂၀၂၈ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်မယူမီ မြန်မာနှင့် အာဆီယံအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ကျော် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံသည် မြန်မာနှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများ ရှိသဖြင့် မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် ကြိုးပမ်းနေပြီး အခြားအာဆီယံနိုင်ငံများကိုလည်း ထိုသို့ ဆောင်ရွက်ရန် တိုက်တွန်းနေကြောင်း DW က ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍3510🔥8😁5👎1
မလေးရှားနိုင်ငံတွင် အော်ပရာစီ စစ်ဆေးရေးများဖြင့် တရားမဝင် မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁၃ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ်၊ ဆီနိုင်း (Senai) မြို့နယ်ရှိ လူနေအိမ်ရာတစ်ခုကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၄၂ ဦးအပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၄၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကူလိုင်း (Kulai) ခရိုင်၊ ဆီနိုင်းမြို့နယ်ရှိ လူနေအိမ်ရာတစ်ခုကို အော်ပရာစီ စစ်ဆင်ရေးဖြင့် ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအတွင်း အသက် ၂၀ မှ ၄၈ နှစ်ကြား မြန်မာနိုင်ငံသား ၄၂ ဦး၊ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီခန့်တွင် ကဒါး (Kedah) ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကွာလာမူဒါ (Kuala Muda) ခရိုင်အတွင်းရှိ ဂူရွန်း (Gurun) နှင့် ဘီဒေါင်း (Bedong) ဒေသများမှ လုပ်ငန်းခွင် ၂ ခုကို အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် မလေးရှားနိုင်ငံသား ၂၁ ဦးနှင့် နိုင်ငံခြားသား ၅၉ ဦး စုစုပေါင်း ၈၀ ဦးကို စစ်ဆေးခဲ့ပြီး အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြား မြန်မာနိုင်ငံသား ၁၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁ ဦး စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်။

အဆိုပါ စစ်ဆင်ရေး ၂ ခုအတွင်း ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံအတွင်း တရားဝင်အထောက်အထား မရှိခြင်း၊ ဗီဇာ သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကျော်လွန် နေထိုင်ခြင်းတို့ကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျိုဟိုးနှင့် ကဒါးပြည်နယ်တို့တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအပါအဝင် နိုင်ငံခြားသား ၈၂ ဦးခန့်ကို ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ဂျိုဟိုးပြည်နယ်ရှိ Setia Tropika လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း နှင့် ကဒါးပြည်နယ်၊ ဆစ် (Sik) မြို့နယ်ရှိ Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း တို့သို့ ပြည်နယ်အလိုက် ပို့ဆောင်ထားကြောင်း သိရသည်။

#KTM
#HlaingInfo
😢39🔥82
ရွှေ့ပြောင်းလုပ်သားနှင့် CDM ဟန်ဆောင်ပြီး မဲဆောက်ရှိ တော်လှန်ရေးရဲဘော်များ၊ ခေါင်းဆောင်များကို ထောက်လှမ်းရန် စစ်တပ်က အထူးစရဖ ၁၅ ဦးစေလွှတ်ထား

စက်တင်ဘာလ ၁၃ ရက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး အဖွဲ့အစည်းများ၊ CRPH၊ NUG၊ CDM ဝန်ထမ်းများနှင့် တော်လှန်ရေး ရဲဘော်များကို ထောက်လှမ်း စောင့်ကြည့်ရန်အတွက် စစ်ကောင်စီက အထူးလျှို့ဝှက် သတင်းတပ်ဖွဲ့ ၁၅ ဖွဲ့ကို စေလွှတ်လိုက်သည်ဟု နေပြည်တော် သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စိမ့်ဝင်စစ်ဆင်ရေးတွင် ပါဝင်သည့် စရဖ(စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အရာရှိများနှင့် တပ်ကြပ်ကြီး ၁၅ ဦး၏ တာဝန်ခွဲဝေမှုများမှာ ဗိုလ်မှူး အောင်ကျော်ဦး (အမည်ဝှက် - လှထွန်း) က နယ်စပ်စိမ့်ဝင်စစ်ဆင်ရေး ကွပ်ကဲရေးမှူးအဖြစ် အဓိက တာဝန်ယူထားခြင်း ဖြစ်သည်။

သတင်းပေးကွန်ရက် ပျိုးထောင်ရေးအရာရှိအဖြစ် ဗိုလ်ကြီး သန်းဌေး (အမည်ဝှက် - မျိုးဆွေ)၊ နည်းပညာနှင့် ဆိုင်ဘာထောက်လှမ်းရေးအရာရှိအဖြစ် ဗိုလ်ကြီး ဇော်ဝင်းနိုင် (အမည်ဝှက် - ဆန်းမင်းထက်)၊ ဘဏ္ဍာရေးနှင့် ရန်ပုံငွေထောက်လှမ်းရေးအရာရှိအဖြစ် ဗိုလ်ကြီး ကျော်ဇေယျ (အမည်ဝှက် - ဝင်းနိုင်)၊ အထူးစိမ့်ဝင်လှုပ်ရှားရေးအရာရှိအဖြစ် ဗိုလ်ကြီး မျိုးမင်းအောင် (အမည်ဝှက် - ထက်ဝေယံ) တို့က တာဝန်ယူထားကြသည်။

မြေပြင်စောင့်ကြည့်ထောက်လှမ်းရေးအရာရှိအဖြစ် ဗိုလ် ရဲရင့်အောင် (အမည်ဝှက် - ကျော်စွာ)၊ ဆက်သွယ်ရေးနှင့် လျှို့ဝှက်သတင်းပေးပို့ရေးအရာရှိအဖြစ် ဗိုလ် တင်လင်းထွန်း (အမည်ဝှက် - အောင်ကောင်းမြတ်)၊ သတင်းအချက်အလက် စိစစ်သုံးသပ်ရေးအရာရှိအဖြစ် ဗိုလ် စိုးသီဟ (အမည်ဝှက် - နေသူရ)၊ ဟန်ဆောင်အထောက်အထား ဖန်တီးရေးအရာရှိအဖြစ် ဗိုလ် မင်းနိုင်ထွန်း (အမည်ဝှက် - မင်းသန့်စင်)၊ နယ်စပ်ဖြတ်ကျော် ထိန်းချုပ်ရေးအရာရှိအဖြစ် ဗိုလ် အောင်မျိုးမြင့် (အမည်ဝှက် - ဘဂျက်) တို့က တာဝန်ယူဆောင်ရွက်နေကြသည်။

ထို့အပြင် အီလက်ထရောနစ် စောင့်ကြည့်ရေးအရာရှိအဖြစ် ဒုဗိုလ် ဖိုးလဝင်း (အမည်ဝှက် - စောလုဦး)၊ ကွင်းဆင်းသတင်းစိစစ်ရေးအရာရှိအဖြစ် ဒုဗိုလ် နွေလင်းအောင် (အမည်ဝှက် - ထွန်းထွန်းဦး)၊ အနီးကပ် စောင့်ကြည့်ထောက်လှမ်းရေးမှူးအဖြစ် တပ်ကြပ်ကြီး ကျော်သူ (အမည်ဝှက် - လှိုင်မင်းသူ)၊ လျှို့ဝှက်ဆက်သားနှင့် ထောက်ပံ့ရေးမှူးအဖြစ် တပ်ကြပ်ကြီး ဇော်သန်းဦး (အမည်ဝှက် - ချမ်းမြေ့) နှင့် အရပ်ဘက် စိမ့်ဝင်သတင်းစုဆောင်းသူအဖြစ် တပ်ကြပ်ကြီး ဝင်းထိန် (အမည်ဝှက် - ဘိုဘို) တို့ကို အသီးသီး တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

အဆိုပါ စရဖ အထူးအဖွဲ့ဝင်များသည် မဲဆောက်မြို့အတွင်းသို့ စိမ့်ဝင်ရာတွင် မူလအထောက်အထားများကို လုံးဝဖျောက်ကွယ်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သည်၊ ကုန်တင်ယာဉ်နောက်လိုက်၊ အလုပ်ရှာဖွေနေသူ ရွှေ့ပြောင်းလုပ်သား၊ စစ်ဘေးရှောင် ဒုက္ခသည်နှင့် CDM အတုအယောင် ဟန်ဆောင်မှုများဖြင့် အသွင်ယူ စိမ့်ဝင်ကြမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။

"စရဖ တပ်ဖွဲ့ဝင်တွေဟာ မဲဆောက်မှာရှိတဲ့ စီးပွားရေး လုပ်ကိုင်သူတွေနဲ့ ပွဲစားတွေထံကနေ သတင်းအချက်အလက်တွေ ရယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေး အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းအချို့က ဝန်ထမ်းတွေကို ငွေကြေး ပေးပြီးတော့ သတင်းပေး ကွန်ရက်အဖြစ် အမြန်ဆုံး ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

အဓိက သတင်းယူရမည့် ပစ်မှတ်များမှာ တော်လှန်ရေးခေါင်းဆောင်များ၏ သွားလာလှုပ်ရှားမှုနှင့် ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်နေအိမ်များ၊ ပြည်ပမှ အကူအညီနှင့် ရန်ပုံငွေ လမ်းကြောင်းများ၊ လက်နက်/ခဲယမ်း စီးဆင်းမှု နယ်စပ်လမ်းကြောင်းများ ဖြစ်ကြပြီး ရရှိလာသည့် သတင်းများကို နေပြည်တော် စရဖ အရာရှိချုပ်ရုံးသို့ တိုက်ရိုက် ပို့ဆောင်ရမည် ဖြစ်သည်ဟု နေပြည်တော် သတင်းရင်းမြစ်ကဆိုသည်။

#MPA
#HlaingInfo
🤬689😁8🤔5👍2👎2
ဝက်ထီးကန်တွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး ငွေညှစ်နေသည့် စစ်တပ်သတင်းပေး မျိုးချစ် ပစ်ခတ်ခံရပြီး သေဆုံး

စက်တင်ဘာလ ၁၃ ရက်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေတွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး ငွေညှစ်နေသည့် စစ်တပ်သတင်းပေး မျိုးချစ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝက်ထီးကန်နယ်မြေ၊ ကံစုကျေးရွာတွင် နေထိုင်ပြီး ပြည်သူများထံမှ စစ်မှုထမ်းကြေး ငွေညှစ်နေသည့် စစ်တပ်သတင်းပေး မျိုးချစ် ဆိုသူကို အမည်မသိ သေနတ်သမားများက ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်သတင်းပေး မျိုးချစ်သည် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ဝက်ထီးကန်နယ်မြေ ရဲစခန်းမှ မွန်းလွဲပိုင်းတွင် လာရောက်ကောက်ယူသွားကြောင်း သိရှိရသည်။

ထိုစစ်တပ်သတင်းပေး မျိုးချစ်သည် ပြည်သူများထံမှ စစ်မှုထမ်းကြေး ကောက်ခံနေသည့်အပြင် လောင်းကစားဒိုင်ကိုင်နေသူများထံမှလည်း ငွေကြေးကောက်ခံကာ ဝက်ထီးကန်နယ်မြေရဲစခန်းသို့ ထောက်ပံ့ပေးနေသူဖြစ်ကြောင်း သိရသည်။

"အဲ့ဒီကောင်က စစ်တပ်သတင်းပေးဆိုလည်း ဟုတ်တယ်။ ရပ်ရွာထဲမှာလည်း စစ်မှုထမ်းကြေးဆိုပြီး လတိုင်းကောက်တယ်။ နောက်ပြီး လောင်းကစားဒိုင်တွေဆီကလည်း နေ့တိုင်း ပိုက်ဆံလိုက်တောင်းပြီး ဝက်ထီးကန်ရဲစခန်းကို သွားသွားပို့နေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

#KTM
#HlaingInfo
👍49👏117😁3🔥1
အရှေ့ဒဂုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အောင်ကျော်စိုးက စစ်မှုထမ်းကြေးပေးသူများပါ ပေါ်တာဆွဲ ဖမ်းဆီး၊

▪️မင်္ဂလာဒုံတွင်လည်း နယ်ထိန်းရဲ တိုးကြီး က မူးယစ်ဆေးဝါးသုံးစွဲသူများ ဖမ်းဆီးငွေညှစ်ပြီး စစ်မှုထမ်း အဖြစ်ရောင်းစား

စက်တင်ဘာ ၁၃ ရက်

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်တွင် ၁၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကျော်စိုးက စစ်မှုထမ်းကြေးပေးသူများကိုပါ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အရှေ့ဒဂုံမြို့နယ်၊ ၁၁၀ ရပ်ကွက်၊ တက္ကသိုလ်အိမ်ယာရိပ်မွန်ဝင်းတွင် တာဝန်ယူထားသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်စိုးသည် ရပ်ကွက်နေ ပြည်သူများထံမှ စစ်မှုထမ်းကြေးများကို ဖိနှိပ်ကောက်ခံလျက်ရှိသည်။

ထို့ကြောင့် ပြည်သူများက စစ်မှုထမ်းကြေးများ ပေးဆောင်ထားရသော်လည်း အဆိုပါ အုပ်ချုပ်ရေးမှူးသည် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးမှုများပါ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

"ရပ်ကွက်မှာက ဒုက္ခသည်တွေ၊ စစ်ဘေးရှောင်တွေ အများစု နေထိုင်ကြတာပါ။ အခုလို ဖိနှိပ် ငွေညှစ် ဖမ်းဆီးနေတာကြောင့် ရပ်ကွက်နေပြည်သူတွေ အလွန် ဒုက္ခရောက်နေရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် နယ်ထိန်းရဲ တိုးကြီးဆိုသူက မူးယစ်ဆေးဝါး ရောင်းချသူများနှင့် ပူးပေါင်း၍ ပြည်သူများထံမှ ငွေကြေးသိန်းပေါင်းရာဂဏန်းအထိ ညှစ်ယူခြင်းနှင့် စစ်တပ်အတွင်းသို့ အတင်းအဓမ္မ ထည့်သွင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို နယ်ထိန်းရဲ တိုးကြီး ဆိုသူသည်လည်း ဒေသတွင်း မူးယစ်ဆေးဝါး (WY စိတ်ကြွဆေးပြား) သီးသန့် ဖြန့်ဖြူးရောင်းချသူများနှင့် ပူးပေါင်းကာ လာရောက်ဝယ်ယူသုံးစွဲသူများကို ဖမ်းဆီး၍ ငွေကြေး ညှစ်ယူမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်လျက်ရှိသည်။

မူးယစ်ဆေးဝါး တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးရောင်းချနေသူများမှာ မြတ်မြတ်ငြိမ်း (ခေါ်) အိချောပို၊ ဝတုတ်မ၊ ဒေါ်ယဉ်ယဉ်အေးနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ ဖြစ်ကြပြီး ရဲနယ်ထိန်း တိုးကြီးက အဆိုပါ ရောင်းချသူများကို သိရှိပါလျက်နှင့် ဖမ်းဆီးခြင်းမရှိဘဲ တစ်ဖွဲ့တည်း အသွင်ဖြင့် ဝယ်ယူသူများကိုသာ ပစ်မှတ်ထား ဖမ်းဆီးငွေညှစ်နေခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းချနေသူများက ၎င်းတို့တွင် နောက်ခံ အဆက်အသွယ်ကောင်းများ ရှိသည်ဟု ကြွေးကြော်ထားကြပြီး ဝယ်ယူသူ ပြည်သူများကို တတ်နိုင်ပါက ကျပ်သိန်း ၂၀၀ ကျော်အထိ အဓမ္မ ငွေညှစ်ယူလေ့ရှိရာ အချို့မှာ ခြံမြေများ ပေါင်နှံ၍ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ငွေကြေး မတတ်နိုင်သည့် လူငယ်များကို စစ်တပ်အတွင်းသို့ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မ ထည့်သွင်းခံထားရသူများလည်း အမြောက်အမြား ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - အရှေ့ဒဂုံမြို့နယ် ၊ ၁၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကျော်စိုး
#KTM
#HlaingInfo
🤬2419👎8🔥2
ကွာလာလမ်ပူ၊ လီဘိုပူဒူးလမ်းတွင် မလေးရှား လဝက က စစ်ဆင်ရေးပြုလုပ်ပြီး မြန်မာနိုင်ငံသား ၅၇ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၄၇၂ ဦးကို ဖမ်းဆီး

စက်တင်ဘာလ ၁၃  ရက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်၊ လီဘိုပူဒူးလမ်း (Lebuh Pudu) ဧရိယာတစ်ဝိုက်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (ကွာလာလမ်ပူ ပြည်ထောင်စုနယ်မြေ - JIM WPKL) က ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် Operation Mega Enforcement  အမည်ဖြစ် အကြီးစား ရှာဖွေဖမ်းဆီးရေး စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြီးစား စစ်ဆင်ရေးကို ကွာလာလမ်ပူ လဝက ညွှန်ကြားရေးမှူး Datuk Hamsha bin Injau က တိုက်ရိုက် ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးမှုများအတွင်း တရားဝင် အထောက်အထား မရှိခြင်း၊ ပတ်စပို့ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း၊ ဗီဇာသက်တမ်း လွန်နေထိုင်ခြင်း၊ အသိအမှတ်ပြုမထားသော ကတ်များကို ကိုင်ဆောင်ထားခြင်းနှင့် လဝက ဥပဒေဆိုင်ရာ အခြားပြစ်မှုများ အပါအဝင် ဥပဒေချိုးဖောက်မှုမျိုးစုံဖြင့် အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြားရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သား အမျိုးသား ၄၃၉ ဦးနှင့် အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၄၇၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးခံရသူများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (အမျိုးသား) ၃၆၄ ဦးဖြင့် အများဆုံး ဖြစ်ပြီး၊ ဒုတိယ အများဆုံးမှာ မြန်မာ နိုင်ငံသား (အမျိုးသား) ၅၇ ဦး ဖြစ်သည်။

ထို့အပြင် ဖိလစ်ပိုင် နိုင်ငံသား (အမျိုးသမီး) ၁၈ ဦး၊ နီပေါ နိုင်ငံသား (အမျိုးသား) ၈ ဦး၊ ပါကစ္စတန် နိုင်ငံသား ၇ ဦး (အမျိုးသား ၆ ဦး)၊ အင်ဒိုနီးရှား နိုင်ငံသား ၇ ဦး (အမျိုးသား ၂ ဦး)၊ အိန္ဒိယ နိုင်ငံသား (အမျိုးသား) ၆ ဦး၊ တရုတ် နိုင်ငံသား (အမျိုးသား) ၃ ဦး၊ ဇိမ္ဘာဘွေ နိုင်ငံသား (အမျိုးသမီး) ၁ ဦးနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံသား (အမျိုးသား) ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ အားလုံးကို အသေးစိတ် စုံစမ်းစစ်ဆေးမှုများနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် ကွာလာလမ်ပူရှိ ဘူကစ်ဂျာလီး (Bukit Jalil) လဝက ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

မလေးရှား လဝက ဥပဒေများကို ချိုးဖောက်သူ မည်သူမဆို လျှော့ပေါ့ပေးမည်မဟုတ်ဘဲ ဆက်လက်၍ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဟု JIM WPKL က ဩဇာပေး ပြောကြားထားသည်။ ထိုသို့ ပြတ်ပြတ်သားသား အရေးယူမှုများတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို လက်ခံထားသူ၊ အလုပ်ပေးထားသူ၊ အလုပ်ရှင်များနှင့် ဆိုင်ပိုင်ရှင်များလည်း ပါဝင်သည်။

တစ်ချိန်တည်းမှာပင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များအနေဖြင့် မလေးရှားအစိုးရ၏ ပြင်းထန်သော အရေးယူမှုများ မစတင်မီ ၂၀၂၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိသာ ပြုလုပ်ပေးထားသည့် ရွှေ့ပြောင်းလုပ်သား ပြန်လည်စေလွှတ်ရေး အစီအစဉ် (Migrant Repatriation Program - PRM) တွင် အမြန်ဆုံး လျှောက်ထားကြရန်လည်း နှိုးဆော်ထားသည်။

#KTM
#HlaingInfo
🔥27😢185
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စက်တင်ဘာ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၁၃ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo
41👍17👏3😁2🥰1
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။

ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

Good night ပါခင်ဗျာ။

#HlaingInfo
62👍6🔥1
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....

ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....

စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....

ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ....

Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏
🙏🙏

#HlaingInfo
70👍6🔥1🥰1
စစ်အုပ်စု မှ နယူးယောက်တွင် ခင်းကျင်းလာသော သံတမန်ရေး တိုက်ပွဲ အောင်မြင်နိုင်စရာ အကြောင်းမရှိ
*****

မင်းအောင်လှိုင်သည် ၎င်းနှင့် နကိုယ်ကတည်းက လက်သိပ်ထိုး ဆက်ဆံနေသော နိုင်ငံများကို အသွားပြကာ ၎င်းကို၎င်း နိုင်ငံတကာက အသိအမှတ် ပြုလာပြီ ဆိုပြီး သွေးနားထင် ရောက်လာရာမှ စစ်မျက်နှာကို နယူးယောက်အထိ ဆန့်ထုတ်လာခြင်း ဖြစ်သည်။ ကုလသမဂ္ဂ စင်မြင့် ပေါ်တက်၍ ၎င်း၏ ထုံးစံ ဘူးလုံး နားမထွင်း မိန့်ခွန် ပြောနိုင်ရန် အထိ စိတ်ကူး ယဉ်လာ ခြင်း ဖြစ်သည်။

တကယ်တမ်း စဉ်းစားကြည့်မည် ဆိုလျင် ထိုနိုင်ငံ များသည် "ခွေးလာလာ ပွေးလာလာ"'၎င်းတို့ အကျိုးစီးပွား အတွက် လက်ခံကြမည့် လူများသာ ဖြစ်သည်။

မနေ့က စစ်အုပ်စုမှ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် "တရားမဝင်လှုပ်ရှားမှုများ" လုပ်ဆောင်နေသည်ဟုဆိုကာ ၎င်း၏ သံအမတ်အဆင့်အတန်းကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် သံရုံးရန်ပုံငွေများကို ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ ၎င်းအား အရေးယူနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL)၊ အမေရိကန်အေဂျင်စီများနှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကြိုးပမ်းနေသည်ဟု ဆိုသည်။

ယခုကြေညာချက်သည် စက်တင်ဘာလနှောင်းပိုင်းတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) နှင့် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (Credentials Committee) အစည်းအဝေး မတိုင်မီ ဦးကျော်မိုးထွန်း၏ တရားဝင်မှုကို ‌ဖယ်ရှားရန်
တမင် အချိန်ကိုက် ဗျူဟာမြောက် ကြိုးပမ်းမှုပင် ဖြစ်သည်။

စစ်အုပ်စု က အင်တာပိုလ် (INTERPOL) နှင့် အမေရိကန်အေဂျင်စီများကို အသုံးပြု၍ ဦးကျော်မိုးထွန်းကို အရေးယူရန် ပြောဆိုနေသော်လည်း အဘယ်သို့များ ဖြစ်နိုင်ပေမည်နည်း။

အဘယ်ကြောင့် ဆိုသော် အင်တာပိုလ် (INTERPOL) သည် နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ ဖမ်းဝရမ်းများနှင့် စွပ်စွဲချက်များကို မည်သည့် အခါမျှ လက်ခံဆောင်ရွက်လေ့မရှိခြင်း ကြောင့် ဖြစ်သည်။ ဆောင်ရွက်ပေးမည်သာ ဆိုက အာဏာရှင် အစိုးရ တိုင်းက ၎င်းတို့၏ နိုင်ငံရေး အတိုက်အခံတိုင်းကို ဖမ်းဝရမ်းထုတ်ကာ လိုက်လံ ဖမ်းဆီးခိုင်းနေ၍ နားရမည်ပင် မဟုတ်တော့။

နောက်တကြောင်းကလည်း အမေရိကန်အစိုးရအပါအဝင် အနောက်နိုင်ငံအများစုသည် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေရေးကို အဓိက ကျောထောက်နောက်ခံပြုပေးထားပြီး၊ NUG နှင့် တော်လှန်ရေးအင်အားစုများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးပေးနေ၍ ဖြစ်သည်။

ယခုလုပ်ရပ်သည် မြေပြင်တွင် စစ်အုပ်စုက နယ်မြေများစွာ ဆုံးရှုံးနေရချိန်တွင် သံတမန်ရေးရာမျက်နှာစာ၌ အရေးသာမှုရရန် နှင့် မင်း အောင်လှိုင် ကုလ စင်မြင့် ပေါ် တက်နိုင်ရန် အောက်လူများက ဉာဏ်နီ ဉာဏ်နက်များ ရှိသမျှ ညှစ်ထုတ် ပြသလိုက်ခြင်းမျိုးသာ ဖြစ်သည်။

ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီက ၎င်းတို့၏ ရပ်တည်ချက်ကို ရုတ်တရက်ပြောင်းလဲရန် မရှိသရွေ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍကို ထိခိုက်စေရန် ခဲယဉ်းပေမည်။

၎င်းတို့၏ ထိုသို့ ပြီး ပြီး ရော အဆင်ခြင်မဲ့ လုပ်ရပ်သည် သံအမတ်ကြီး ဦးကျော်မိုး ထွန်း အတွက် ပို၍ပင် ပံ့ပိုးပေးရာ ရောက်သွားခဲ့သည်။

စစ်အုပ်စု က စွပ်စွဲထားသည့် ရန်ပုံငွေအလွဲသုံးစားမှု သို့မဟုတ် တရားမဝင်လှုပ်ရှားမှု ဆိုသည်မှာ အာဏာသိမ်း အဖွဲ့၏ အမိန့်ကို မနာခံခြင်းကြောင့်သာဖြစ်ပြီး၊ သံရုံးဝန်ထမ်းများနှင့် သံအမတ်ကြီးသည် ပြည်သူ့ဘဏ္ဍာနှင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို တော်လှန်ရေးနှင့် ပြည်သူ့အကျိုးအတွက်သာ စနစ်တကျ အသုံးပြုနေခြင်းဖြစ်ကြောင်း အမြဲလို တုံ့ပြန်လေ့ရှိသည်။

အိပ်မော ကျ နေသော နိုင်ငံတကာ အသိုက်အဝန်း အားလည်း လှုပ်နှိုး ပေးလိုက်ရာ ရောက်သွားခဲ့သည်။ ဦးကျော် မိုးထွန်း အတွက် အန္တရာယ် မည်မျှ ကြီးလာနေသည်ကို သိရှိလာကြမည် ဖြစ်ပြီး ၎င်းတို့၏ အားနည်းချက်ကို လည်း သဘောပေါက် သွားကြမည် ဖြစ်မည်။

ဦး ကျော်မိုးထွန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ကိုယ်စားပြုသူဖြစ်သဖြင့် မြန်မာနိုင်ငံ၏ တဦးတည်းသော တရားဝင်သံအမတ်အဖြစ် အခိုင်အမာ သတ်မှတ်ထားဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
66👍10😁4
လစဉ် လူငယ် ၂ ဦးကို စစ်မှုထမ်း မပို့ဆောင်နိုင်သော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများကို ချက် ချင်း အစားထိုး ဖယ်ရှားရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြား၊

▪️စစ်မှုထမ်းဆင့်ခေါ်ရေးလုပ် ငန်းစဉ်များကို မြို့နယ်အဖွဲ့များအစား ခရိုင်အဖွဲ့များကို တိုက်ရိုက်စီမံကွပ်ကဲခိုင်း

စက်တင်ဘာလ ၁၄ ရက်

မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာ၊ ရပ်ကွက်တစ်ခုလျှင် လစဉ် အနည်းဆုံး လူငယ် ၂ ဦးကို စစ်မှုထမ်းအတွက် ရှာဖွေ မပို့ဆောင်နိုင်သော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများကို အစားထိုးဖယ်ရှားရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်မှုထမ်းအပတ်စဉ် ၂၇ မှစတင်၍ ကျေးရွာနှင့်ရပ်ကွက်များအလိုက် စစ်မှုထမ်းအတွက် အနည်းဆုံး လူငယ် ၂ ဦးကို ပို့ဆောင်ရန် ပျက်ကွက်နေသော ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သတိပေးခြင်း၊ ဝန်ခံကတိရေးထိုးစေခြင်းနှင့် ဆက်လက်၍ တာဝန်ကျေပွန်မှုမရှိပါက ရာထူးတာဝန်မှ ဖြုတ်ပယ်ကာ စစ်မှုထမ်းလူငယ်များ စုဆောင်းပေးနိုင်သူများဖြင့် အစားထိုးရန် လျှို့ဝှက် ညွှန်ကြားလာကြောင်း သိရှိရသည်။

"ရပ်ကွက်နဲ့ကျေးရွာတစ်ခုမှာ လစဉ် စစ်မှုထမ်းလူငယ် ၂ ဦးပို့ပေးဖို့ ပျက်ကွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပထမဆင့် သတိပေးဖို့၊ ဒုတိယအဆင့်ဝန်ခံလက်မှတ်ထိုးဖို့နဲ့ တတိယအဆင့် ထပ်ပြီးပျက်ကွက်နေမယ်ဆိုရင် ရာထူးတာဝန်တွေက ဖယ်ရှားပြီး စစ်မှုထမ်းလူအင်အားစုဆောင်းပေးပို့နိုင်သူတွေနဲ့ အစားထိုးဖို့ ညွှန်ကြားလာပါတယ်" ဟု ရန်ကုန်တိုင်းအတွင်း မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်မှုထမ်းအပတ်စဉ် ၂၇ ဖွင့်လှစ်ခဲ့သော ဇူလိုင်လ၊ စစ်မှုထမ်းအပတ်စဉ် ၂၈ ဖွင့်လှစ်ခဲ့သော ဩဂုတ်လတို့တွင် စစ်မှုထမ်းအင်အား မပြည့်မီသဖြင့် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ရန် နောက်ကျခဲ့ကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ စစ်မှုထမ်းလူအင်အားစုဆောင်းရရှိမှု နည်းနေခြင်းများကို အရေးယူဆောင်ရွက်ရေး အဆင့်ဆင့် အမိန့်ထုတ်ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စများကို သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအစား ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်လာ ကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ရာတွင် အဆုံးအဖြတ်ကိစ္စများနှင့်စီမံခန့်ခွဲမှု ကိစ္စများကို မြို့နယ်များကို မပေးအပ်တော့ဘဲ ခရိုင်များကို ပေးအပ်လိုက်ခြင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်ခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် စစ်မှုထမ်းအစားထိုးလူအရောင်းအဝယ်လုပ်ဆောင်နေမှုများကို တားဆီးရနဖြစ်ကြောင်း သိရှိရသည်။

"အရင်ကတော့ မြို့နယ်အဖွဲ့တွေက စစ်မှုထမ်းဆင့်ခေါ်ရေးအဆုံးအဖြတ်လုပ်တယ်။ မဲနှိုက်တာကအစ၊ ဘယ်သူတွေကို ခေါ်မယ်ဆိုတာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ဆုံးဖြတ်တာ။ အခုကတော့ ခရိုင်အဖွဲ့တွေက လုပ်တော့မယ်။ ဒါပေမယ့် စစ်မှုထမ်းကြေးကောက်တာ၊ ငွေညှစ်တာနဲ့ ပေါ်တာဆွဲတာတွေ ပပျောက်ဖို့က ခက်ပါတယ်။ အဲဒါတွေမရှိရင်လည်း လူရဖို့က အတော်ခက်ပါတယ်။ အခု စစ်မှုထမ်းလစဉ် လူပြည့်ဖို့က လိုက်ဖမ်းနေရတာပါ" ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယခုစက်တင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၉ ကို ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိပြီး အပတ်စဉ် ၂၉ အတွက် စစ်မှုထမ်း အင်အားပြည့်မီစေရေး အရေးယူဆောင်ရွက်ရန် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬619👍7🔥1👏1😁1
ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ရိုဟင်ဂျာများအတွက် လက်ရှိမြန်မာစစ်တပ်ကသာမက နောင်အနာဂတ်အစိုးရအဆက်ဆက်ကပါ တာဝန်ယူရမည်ဟုဆို

စက်တင်ဘာလ ၁၄ ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သည့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ရိုဟင်ဂျာများအတွက် လက်ရှိမြန်မာစစ်တပ်ကသာမက မြန်မာနိုင်ငံတွင် နောင်တက်လာမည့် အနာဂတ်အစိုးရများက ဆက်လက်တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာ Azeem Ibrahim က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် New Lines Institute for Strategy and Policy ၏ Special Initiatives ညွှန်ကြားရေးမှူး ဒေါက်တာ Azeem Ibrahim  က စက်တင်ဘာ ၁၄ ရက်ထုတ် Arab News တွင် “If Myanmar is found responsible for genocide, what next?” ခေါင်းစဉ်ဖြင့် ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ဒေါက်တာ Azeem Ibrahim  သည်ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် “The Rohingyas: Inside Myanmar’s Genocide” စာအုပ်ကိုလည်း ရေးသားထားသူဖြစ်သည်။

ဒေါက်တာ Azeem Ibrahim က  ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ပြီးနောက် ဘာတွေ ဆက်ဖြစ်လာမည်ကို အဓိက သုံးသပ်ရာတွင် မြန်မာနိုင်ငံတော်အနေဖြင့် ရိုဟင်ဂျာများကို လူသားဂုဏ်သိက္ခာနှင့်အညီ ပြန်လည် နေထိုင်ရေး အစိုးရအဆက်ဆက်က တာဝန်ယူသွားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးသဘောတူစာချုပ်အရ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် ICJ ၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက်များကို ICJ က ၂၀၂၂ ခုနှစ်တွင် ပယ်ချခဲ့သည်။

အမှု၏ အဓိကအချက်များကို ယခုနှစ် ဇန်နဝါရီတွင် ကြားနာခဲ့ပြီး ဂမ်ဘီယာတရားရေးဝန်ကြီးက တရားရုံးဆုံးဖြတ်ချက်ကို အောက်တိုဘာလတွင် ထွက်ပေါ်နိုင်သည်ဟု ပြောထားသော်လည်း ICJ က တရားဝင်ရက်စွဲ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ICJ က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ယင်းတာဝန်သည် စစ်တပ်အာဏာပိုင်များ တစ်နေ့တွင် အာဏာလက်လွှတ်သွားခြင်းဖြင့် ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

အစိုးရများနှင့် အာဏာရအဖွဲ့များ ပြောင်းလဲနိုင်သော်လည်း နိုင်ငံတော်က ဆက်လက်တည်ရှိနေသောကြောင့် အနာဂတ်ဒီမိုကရေစီအစိုးရတစ်ရပ်ကလည်း ယခင်နိုင်ငံတော်၏ တာဝန်များကို ဆက်ခံရမည်ဟု ဆိုသည်။

သို့သော် ယင်းသည် အနာဂတ်ဒီမိုကရေစီခေါင်းဆောင်များကို ၂၀၁၇ ခုနှစ်က ကျူးလွန်ခဲ့သည့် ရာဇ ဝတ်မှုများအတွက် ပုဂ္ဂိုလ်ရေးအရ အပြစ်ရှိသည်ဟု သတ်မှတ်ခြင်းမဟုတ်ကြောင်းလည်း Azeem Ibrahim က ပြောဆိုသည်။ နိုင်ငံတော်၏ တာဝန်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အပြစ်ရှိမှုသည် သီးခြားကိစ္စများဖြစ်သည် ဟု ၎င်းက ရှင်းပြထားသည်။

ထို့ကြောင့် ICJ ၏ ဆုံးဖြတ်ချက်သည် ပြစ်တင်ရှုတ်ချမှုတစ်ခုအဖြစ်သာ မကျန်ဘဲ အနာဂတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေခံပုံစံနှင့် ရိုဟင်ဂျာအရေး ဖြေရှင်းမှုများအပေါ် သက်ရောက်မှုရှိသင့်ကြောင်း ၎င်းက ဆိုသည်။

ရိုဟင်ဂျာအရေးကို ဘင်္ဂလားဒေ့ရှ်က ဖြေရှင်းရမည့် ဒုက္ခသည် သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတစ်ခုအဖြစ်သာ မမြင်ဘဲ မြန်မာနိုင်ငံ၏ နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် ကိုင်တွယ်ရမည်ဟုလည်း Azeem Ibrahim က ဆိုသည်။

ယင်းတာဝန်များတွင် ရိုဟင်ဂျာများကို တန်းတူညီမျှ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ခြင်း၊ ပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုများကို ကာကွယ်ဖြေရှင်းပေးခြင်း၊ နိုင်ငံရေးကိုယ်စားပြုခွင့် ရရှိစေခြင်း၊ ယုံကြည်စိတ်ချရသည့် လုံခြုံရေးအာမခံချက်များ ဖန်တီးပေးခြင်းနှင့် ရိုဟင်ဂျာများ မိမိဆန္ဒအလျောက် လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေး အခြေအနေများ ဖန်တီးပေးခြင်းတို့ ပါဝင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ပြီးနောက် ၉ နှစ်ကြာလာသည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ၁ သန်းကျော် ဆက်လက်နေထိုင်နေရပြီး ၎င်းတို့၏ မြန်မာနိုင်ငံမှ မရှိတော့မှုသည် ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေအတွင်း ပိုမိုအမြစ်တွယ်လာနေကြောင်းလည်း သူက ဆိုသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
🔥26😁14👍74👎3🤬1
ဗန်းမော်မြို့နယ်သို့  စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး ၁၀ ဦးဖမ်းဆီးရရှိ၊

▪️စစ်သင်္ဘော ၁ စီးကို ယနေ့ နံနက်ပိုင်း ထပ်မံတိုက်ခိုက် နစ်မြုပ်

စက်တင်ဘာလ ၁၄  ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်သို့  စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး ၁၀ ဦးဖမ်းဆီးရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်များကို ကောင်ဂျာယန် (Kong Ja Yang) ကျေးရွာအနီး  KIA ပူးပေါင်းတပ်များက ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းတွင် ဗန်းမော်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ်များ ပါဝင်နေပြီး  ကောင်ဂျာယန်၊ ဟိန်းအောင် အဆောက်အအုံများဘက်သို့ တက်လာစဉ် KIA ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊  စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က ပြန်လည်ဆုတ်ခွာသွားပြီး  လူနာများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်သွားကြောင်း၊  KIA တပ်များ၏ ဒရုန်းနှင့် အမြောက်ဒဏ်မှ သက်သာစေရန် သစ်တောများနှင့် အဆောက် အအုံများအတွင်း ပုန်းအောင်းနေကြကြောင်း သိရသည်။

ထိုသို့ စစ်တပ်စစ်ကြောင်းအထိနာသွားသည့်အတွက် စစ်ကောင်စီက  လေကြောင်းမှ ဗုံးကျဲတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့  နံနက် ၇ နာရီအချိန် ဗန်းမော်မြို့မှ စုန်ဆင်းလာသော စစ်သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော နစ်မြုပ်သွားကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

"အဲဒီသင်္ဘောက မနေ့ညပိုင်း အမှောင်ကို အကာအကွယ်ယူပြီး စုန်ဆင်းလာတာ။ ညကဆူးပုတ်ကုန်းအောက်နားကနေ ထွက်တာ။ အဲဒါ တိုက်ခိုက်ခံရပြီးတော့ မျောနေတာ။ ဒီမနက် ၇ နာရီလောက်မှာ ဇင်းဘုံနားမှာ ထပ်​ပြီး တိုက်ခိုက်တဲ့အတွက် နစ်မြုပ်သွားပါတယ်။ အဲဒီသင်္ဘောပေါ်မှာ စကခ ၂၁ ဒုမှူး၊ မ ၃၂၀ ရင်းမှူး၊ စကခ ၂၁ G2 အရာရှိတွေက အသက်ကယ်လှေတွေနဲ့ ကုန်းပေါ် အသက်လုထွက် ပြေးကြတယ်။ မနေ့က ၃ စီးမြုပ်၊ ၁ စီး မီးလောင်၊ ဒီနေ့ ၁ စီးထပ်မြုပ်တာပါ။ မနေ့နဲ့ ဒီနေ့ စုစုပေါင်း ၅ စီးရှိပြီ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောအုပ်စုက မန္တလေးမှ ဗန်းမော်မြို့သို့ ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်ကူများ ပေးပို့နေချိန် KIA ပူးပေါင်းတပ်များက တောက်လျှောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

#KTM
#HlaingInfo
46👏30👍5😁3
စစ်ကိုင်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် ဌာနဆိုင်ရာဝန်ထမ်းတွေကို CDM လုပ်ဖို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ထပ်မံ သတိပေး

စက်တင်ဘာလ ၁၄ ရက်

စစ်ကိုင်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ် ပြီး ပြည်သူနဲ့ တသားတည်းရပ်တည်ကြဖို့အတွက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ဒီနေ့မှာ ထပ်မံသတိပေးထုတ်ပြန်လိုက်ပါတယ်။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း) အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင် ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေကို ပြည်သူနဲ့ တသားတည်းရပ်တည်ကြဖို့ ဩဂုတ် ၂၅ရက်မှာ ပထမအကြိမ် သတိပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာလည်း စစ်ကိုင်းမြို့ မြေစာရင်းရုံး နဲ့ သစ်တောရုံးကြားမှာ ပါဆယ် မိုင်းတစ်လုံးနဲ့ ဖောက်ခွဲခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုထောက်တိုင်ဖြစ်တဲ့ ဌာနဆိုင်ရာရုံးအသီးသီးက ဝန်ထမ်းတွေကို ထပ်မံသတိပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်ဖြစ်တဲ့ဌာနဆိုင်ရာ ရုံးတွေကို အမှန်တကယ် ဝင်ရောက် တိုက်ခိုက်တဲ့အချိန်မှာ ယင်းဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေတစုံတရာ ထိခိုက်မှု ရှိခဲ့ပါက လုံးဝ(လုံးဝ)တာဝန်ယူဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း) က ပြောပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်ဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေအားလုံး အမြန်ဆုံး ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ နဲ့ ပြည်သူနဲ့ တသားတည်းရပ်တည်ကာ အမြန်ဆုံး CDM ပြုလုပ်ကြဖို့ အထူး တိုက်တွန်း သတိပေးထားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း) က အသိပေးထုတ်ပြန်ထားပါတယ်။

#PVTV
#HlaingInfo
38👍17👏5😁3
၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

စက်တင်ဘာလ ၁၄ ရက်

၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယင်းကဲ့သည့် ထည့်သွင်းဖော်ပြလာခြင်း ဖြစ်သည်။

“စစ်ဆင်ရေး ၁ဝ၂၇ ပြီးသွားပြီလို့ ဆိုနိုင်ပေမဲ့ မူလရည်ရွယ်ချက်တွေအတိုင်း မဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ကျားဖြန့်အွန်လိုင်းလောင်းကစားတွေလည်း ပပျောက်သွားတာ မရှိပါဘူး။ ကိုးကန့်ဒေသနဲ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာရှိခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ စစ်ဆင်ရေး ၁ဝ၂၇အလွန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ ပိုင်းကို ရွှေ့ပြောင်းပျံ့နှံ့သွားပါတယ်”ဟု ISP ကပြောသည်။

ဥပမာအားဖြင့် တန့်ယန်း၊ လဲချားနှင့် တာချီလိတ်မြို့နယ်များတွင် ကျားဖြန့်လုပ်ငန်းများကို အများဆုံးတွေ့ရပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင်လည်း ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြသည်ဟု ဆိုသည်။

အများ ပြည်သူ လွတ်လပ်စွာရယူကြည့်ရှုနိုင်သည့် ရင်းမြစ်များအရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုံး၊ လဲချား၊ နမ့်စန်၊ မိုင်းရယ်၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ် စသည့် ၁၇ ခုထက်မနည်းတွင် ကျားဖြန့် လုပ်ငန်းများ ရှိနေသည်ကို တွေ့ရသည်ဟု ISP ကဆိုသည်။

“ဒီဒေသတွေမှာ ကျားဖြန့်လုပ်ငန်း ၂၅ ခုထက်မနည်းဟာ လက်ရှိမှာ ဆက်လက်လည်ပတ်နေပါတယ်” ဟု ISP က ပြောသည်။

လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းလားမှ ကျားဖြန့်များသည် ၁၀၂၇ စစ်ဆင်ရေးအလွန်တွင် ရှမ်းတောင်နှင့်ရှမ်းရှေ့သို့ ရွေ့ပြောင်းသွားကြခြင်းဖြစ်ပြီး တန့်ယန်း လဲချား တာချီလိတ် မူဆယ်မြို့နယ်များတွင် ကျားဖြန့်လုပ်ငန်းများကို အများဆုံးတွေ့ရသည်ဟု ဆိုသည်။

ယခုစာရင်းများစသည့် အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သည့် အရင်းအမြစ်များကိုသာ အသုံးပြုကောက်ယူထားခြင်းဖြစ်သဖြင့် မြေပြင်နှင့်ကွဲလွဲမှုတစ်စုံတစ်ရာရှိနိုင်သည်ဟု အစီရင်ခံစာတွင် ဆိုသည်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်သည့် ၁ဝ၂၇ စစ်ဆင်ရေးသည် ကျားဖြန့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ မိမိဒေသကို ယခုထက် ပိုထိန်းချုပ် နိုင်ရေးနှင့် မြန်မာပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး စသည်တို့ကို ရည်ရွယ်သော်လည်း ရွည်ရွယ်ချက်အတိုင်း မဖြစ်ခဲ့သည်များလည်းရှိသည်ဟု ISP က ဆိုသည်။

#MKN
#HlaingInfo
😁31👍8🔥31
အားလုံးဟာ ညီညီညွတ်ညွတ်လုပ်မယ်ဆိုရင် ကိုယ့်ကို အန္တရာယ်မပြုနိုင်ပါဘူး။ ၅ ယောက် ၊ ၆ ယောက်ကပဲ လုပ်မယ်ဆိုရင် ဒီ ၅ ယောက် ၊ ၆ ယောက်ကို ဝိုင်းပြီးတော့ အန္တရာယ်ပြုနိုင်တယ်။ အများစုက လုပ်မယ်ဆိုရင် အများစုကို ဘယ်လို အန္တရာယ်ပြုနိုင်မလဲ။ 

လူငယ်များကနေပြီးတော့ ညီညွတ်မှုကနေ စရမယ်။ တတိုင်းပြည်လုံးက ကျောင်းသားလူငယ်များဟာ ညီညွတ်ဖို့လိုတယ်။

တတိုင်းပြည်လုံးက မညီညွတ်ခင် ရွာအလိုက် ၊ မြို့အလိုက် ၊ ရပ်ကွက်အလိုက် ညီညွတ်ရမယ်။ ဒီညီညွတ် မှုကို ရှာပါ။ 

နိုင်ငံရေးလုပ်တဲ့အခါ အားလုံးလက်တွဲပြီးတော့ ပီပီပြင်ပြင်လုပ်မယ်ဆိုရင် ကိုယ့်ကိုရန်ရှာနိုင်ဖို့ အများကြီး ခက်ခဲပါလိမ့်မယ်။ 


     ဒေါ်အောင်ဆန်းစုကြည်


နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

#HlaingInfo
96😁2👍1👎1🔥1
စစ်ကိုင်းမြို့ မြေစာရင်းရုံးနှင့် သစ်တောရုံးတို့ကို ပါဆယ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး စစ်ယာဉ်တန်းကို မိုင်းဆွဲကာ လက်နက်ကြီးများဖြင့် တိုက်ခိုက်

စက်တင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ မြေစာရင်းရုံးနှင့် သစ်တောရုံးတို့အနီးတွင် ဩဂုတ် ၂၅ ရက်နှင့် စက် တင်ဘာ ၁၁ ရက်တို့က စာနှင့် ပါဆယ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။

ဩဂုတ် ၂၅ ရက်တွင် မြေစာရင်းရုံးနှင့် သစ်တောရုံးတို့အနီး၌ စာဖြင့် သတိပေးမှု ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံးတို့က စစ်ကောင်စီတပ် အင်အားကို အတိအကျ မသိရသေ းပါဘူး။ ဒါက သူတို့ကို ခြိမ်းခြောက်သတိပေးမှု တစ်ခုအနေနဲ့ လုပ်ခဲ့တာပါ။ ၈ လပိုင်းတုန်းကတော့ စာနဲ့သတိပေးခဲ့တာပါ။ ပါဆယ်မိုင်းနဲ့ ဖောက်ခွဲမှုကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာရုံးတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ပြောချင်ပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် လုပ်ဆောင်နေသည့် ဌာနဆိုင်ရာရုံးများကို နောင်တွင် အမှန်တကယ် ဝင်ရောက်တိုက်ခိုက်သည့်အခါ ရုံးဝန်ထမ်းများ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီ၏ ယန္တရားကို ထောက်ကူပေးနေသည့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအနေဖြင့်လည်း ရုံးတက်ခြင်းကို အမြန်ဆုံးရပ်တန့်ကာ ပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကြရန် အဆိုပါတပ်ဖွဲ့က တိုက်တွန်းထားသည်။

အလားတူ စက်တင်ဘာ ၁၃ ရက်နေ့ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ သွားလာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ ၈၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ၈၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို လက်ရှိတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

#KTM
#HlaingInfo
👍408👏5😁3
မြိုင်မြို့နယ်က ရေနံမှော်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

စက်တင်ဘာလ ၁၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ အဲဒီ ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့အနီးဆုံး တဲကြီးကျေးရွာမှာ ရက်၂၀ကြာအထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။

"စစ်ကြောင်းကတော့ ရေနံမြေကို မရမက ဖျက်မယ်လို့ ထင်တယ် ။အခုလည်း သူတို့(စစ်ကြောင်း) အတော်အထိနာနေပါတယ်"လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Well-1နဲ့ ဝဲတူး Well-2 ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရက ထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့လေကြောင်း‌တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးရှိနေကာ စစ်တပ်စစ်ကြောင်း ရွေ့လျားမှုအပေါ်မူတည်ပြီး မြေပြင်တိုက်ပွဲတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဝဲလ်ဝမ်း၊ဝဲလ်တူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေအတွင်းမှာလည်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ၃လအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို သတ်ဖြတ်ထားပါတယ်။

ဒါ့အပြင် လက်ရှိစစ်တပ်တပ်စွဲထားတဲ့ တဲကြီးရွာအပါအ၀င် ရေနံမြေ၀န်းကျင် မြိုင်မြို့နယ်အနောက်ခြမ်းကျေးရွာ‌တွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။

(၂၀၂၆ မတ်လ ၃ရက်က လေကြောင်ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်က ရေနံမှော်ကျေးရွာက အပျက်အစီးများကိုတွေ့ရစဥ် ။ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
#LNO
#HlaingInfo
🤬444👏3🔥2👍1