Hlaing Info
54.9K subscribers
141K photos
5.86K videos
5 files
14.1K links
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.info
Download Telegram
အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံရတဲ့ တပ်သား ၁ ဦး မုံရွာခရိုင် PDF ထံထွက်ပြေးခိုလှုံ

မတ်လ ၈ ရက်

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ တပ်သားအသစ် စုဆောင်းခံရတဲ့ တပ်သား ၁ ဦး အလင်းဝင်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) မှ ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးဒေသ၊ ပုသိမ်ကြီးမြို့နယ် ၊ တပ်ရင်း (၁၉၉) သို့ ပို့ဆောင်ဖို့ စစ်ကိုင်း တပ်မ (၃၃)မှာ ယာယီခိုနားနေချိန် လျှပ်စီးတပ်ခွဲထံ ချိတ်ဆက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။

အခု အလင်းဝင်လာတဲ့ တပ်သားဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အတွင်း ကန့်ဘလူမြို့နယ်အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆေး‌ရေးဂိတ်မှာ မတရားဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ အကြမ်းဖက်စစ်တပ်ရဲ့ လေ့ကျင့်ရေး သင်တန်းကျောင်းမှာ စစ်သင်တန်း ၁၂ ပတ်ကြာ တက်ခဲ့ရပြီး၊ တပ်မ (၃၃) မှာ ခဏခိုနားစဥ် ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ တပ်သားသစ်တွေအနေနဲ့ နီးစပ်ရာ ‌တော်လှန်ရေးတပ်ဖွဲ့တွေထံ ချိတ်ဆက် အလင်းဝင် ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

#PVTV
#HlaingInfo
👍519😁3👏2🥰1
စစ်တပ်က ညောင်လေးပင်မြို့နယ်ကိုစစ်ကြောင်းထိုး ပြည်သူဆယ်ချီသတ်ပြီး ဒေသခံ ၁၀၀ခန့်ကို ဖမ်းထား

မတ်လ ၈ ရက်

စစ်တပ်စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပဲခူး
တိုင်း၊ညောင်လေးပင်မြို့နယ်မှာ ဒေသခံ ပြည်သူ ဆယ်နဲ့ချီအသတ်ခံရသလို ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

မတ်လ ၅ ရက် မနက် ၇ နာရီအချိန်ကစပြီး အင်
အား ၄၀၀ ဝန်းကျင်ရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းနဲ့ ကျွန်းကုန်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုးရင်းရေတွင်းကုန်းရွာမှာ စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၀ နီးပါးကိုသတ်
ဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။သတ်ဖြတ်ခံရတဲ့ပြည်သူတွေထဲမှာ ကလေးငယ် ၊အမျိုးသမီး ၊ရဟန်းတော်တွေပါ ပါဝင်တယ်လို့ ဖြစ်စဥ်သိတဲ့အခြားရွာကဒေသခံတဦးကပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်တာခံရတဲ့ ရေတွင်းကုန်းရွာကဒေသခံတွေကိုဆက်သွယ်မေးမြန်းဖို့ခက်ခဲနေတာကြောင့်အသေးစိပ်အခြေအနေကိုတော့ မသိရသေးပဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးချိန်မှာ ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံ ၁၀၀ နီးပါးကို စစ်တပ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာလည်းဖြစ်ပါတယ်။

"စစ်ကြောင်းထိုးတဲ့ချိန်မှာ ပိတ်မိသွားကြတာ။ ၁၀၀နီးပါးလောက်ရှိတယ်။ တချို့ကိုကြတော့ တခြားသူတို့အထိုင်ချထားတဲ့ ရွာတွေကို ခေါ်သွားကြတာမျိုးရှိတယ် " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ရေတွင်းကုန်းနဲ့ ကျွန်းကုန်းကျေးရွာအပါအဝင်အနီးနားကျေးရွာ ပြည်သူနေအိမ်က ပစ္စည်းတွေကိုလည်း ခိုးယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" ဖမ်းခံထားရတဲ့သူတွေဆီက ဖုန်းတွေယူတာရှိတယ်။ နောက်ပြီး ရွာမှာကျန်ခဲ့တဲ့ စပါးတွေ ပဲတွေနဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ခိုးယူပြီး ရောင်းနေကြတာ"လို့ပြောပါတယ်။

စစ်တပ်ဟာ ညောင်လေးမြို့နယ်ကို မြေပြင်အင်အားအလုံးအရင်းအပြင် လေကြောင်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ တပြိုင်တည်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကြောင်းထိုးနေတဲ့နေရာအနီးဝန်းကျင်ကိုလည်း ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်ရင်း၊ ပဲနွယ်ကုန်းမြို့ ၊ ရွှေဝါကျေးရွာအခြေစိုက် ခမရ - ၃၀၇ တပ်ရင်းနဲ့ ကျောက်တံခါးမြို့မှာတပ်စွဲထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ကြတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွါးနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလို စစ်တပ်က စစ်ကြောင်းထိုးတာအပြင် ဒေသခံတွေကိုပါ ဖမ်းဆီး သတ်ဖြတ်နေတာကြောင့်ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်း၊ အင်ကုန်း၊ ကျေးရွာအပါအဝင် ကျေးရွာ ၉ ရွာက ဒေသခံ ထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ညောင်လေးပင်မြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။

ညောင်လေးပင်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU ဘက်ကတော့ ဒီကနေ့ မနက်ပိုင်းထိ တစုံတရာထုတ်ပြန်ထားတာမျိုးမရှိပါဘူး။

(KNU တပ်မဟာ ၃ နယ်မြေအတွင်းက စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - KNU
#LNO
#HlaingInfo
🤬664😢3😁2🔥1👏1
တကောင်းမြို့သို့ ဦးတည် စစ်ကြောင်းထိုးလာသော စစ်တပ်ကို NUG တပ်များနှင့်အတူ မဟာမိတ်တပ်တချို့ကပါ ပူးပေါင်း ခုခံတိုက်ခိုက်နေ

မတ်လ ၈ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သို့ ဦးတည် စစ်ကြောင်းထိုးလာသော စစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ တပ်ရင်းများနှင့်အတူ မဟာမိတ်တပ်တချို့ကလည်း ပူးပေါင်း ခုခံတိုက်ခိုက်လျက်ရှိကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တကောင်းမြို့သို့ ဦးတည်၍ စစ် ကြောင်းထိုးလာနေကြောင်း၊ ယခုနှစ် မတ်လ ၆ ရက်နေ့ ရေယာဉ်ကျေးရွာကို ရောက်ရှိနေပြီး တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်စစ်ကြောင်းထိုးလျက် ရှိကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်း ကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ဗမာလွတ် မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးက ပါဝင်ခုခံတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

“စစ်ရေးအခြေအနေကတော့ ပြောပြလို့ မရသေးပါဘူး။ ကျနော်တို့က MOD နဲ့တွဲတိုက်နေတာပါ။ စစ် ရေးအခြေအနေ အရပ်ရပ်ကို MOD ကပဲ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက် တစ်တပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တကောင်းမြို့မှာ လမ်းပန်းဆက်သွယ်ရေး၊ စစ်ရေးအချက်အချာကျသည့် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အင်အားစုများ ထိန်းချုပ်ထားသော နောက်ဆုံးလက်ကျန်မြို့ဖြစ်ကြောင်း၊ ထို့ ကြောင့် တကောင်းရှေ့တန်းစစ်မြေပြင်တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော် များ တိုက်ပွဲဝင်လျက်ရှိပြီး နောက်မှ ရှေ့တန်းသို့ ထွက်ခွာမည့်ရဲဘော်များအနေဖြင့်လည်း ကြိုတင် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ်က တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က အင်အား ထောင်ချီအသုံး ပြုကာ ဒရုန်း၊ ၁၂၀ မမ လက်နက်ကြီး၊ ဟောင်ဝှစ်ဇာလက်နက်ကြီးတို့ကို အလွန်အကျွံအသုံးပြုကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးပြည်သူ တစ်သိန်းကျော် စစ်ဘေးရှောင်နေရကြောင်း သိရ သည်။

#KTM
#HlaingInfo
👍57🥰14😁86🔥2😢2
မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရ

မတ်လ ၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အောင်ပြည်စိုးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူတချို့က ရွာထဲဝင်ရောက်ပြီး မီးငြိမ်းသတ်နိုင်ခဲ့သောကြောင့် နေအိမ် ၁၅ လုံးခန့်သာ မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ ကျေးရွာများကို လှည့်ပတ် မီးရှို့ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ညပိုင်း၌ အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း သိရှိရသည်။

ထို စစ်ကြောင်းသည် ယနေ့ နံနက် အစောပိုင်းတွင် အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းမှ ပြန်လည် ထွက်ခွာလာပြီး လက်ရှိချိန်ထိ စစ်ကြောင်းထိုးနေဆဲဖြစ်ကာ ပက်တာရွာဘက်ကို ရောက်ရှိနေကြောင်း၊ စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားသော်လည်း နောက်ကျန် စစ်ကြောင်းများ ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် ပြည်သူအများစုသည် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"မနေ့က နံနက်ပိုင်းက စစ်ခွေးစစ်ကြောင်းက ကျောက်ကုန်းရွာဘက်ကနေ ဆင်းလာတယ်လို့ပြောတယ်။ အဲလိုဆင်းလာပြီးတော့ အောင်ပြည်စိုးရွာကို မီးစရှို့တယ်။ နောက်ပြီး ရှားတောကုန်းတို့ ပြည်တော်သာတို့ ရွှေညောင်ပင်တို့ကို ထပ်ရှို့တယ်။ အဲလိုမီးရှို့ပြီးတော့ စစ်ခွေးစစ်ကြောင်းက အောင်ပြည်စိုးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ဒီနေ့ နံနက်ပိုင်းမှာဆက်ပြီး စစ်ကြောင်းထိုးနေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလပိုင်းကလည်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နတ်ညွန်းရွာမှ နေအိမ် ၂၀၀ ကျော်၊ ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာမှ နေအိမ် ၃၀၀ ကျော်၊ တန်းဆောင်းရွာမှ နေအိမ် ၁၀၀ ကျော်နှင့် ပြည်တော်သာရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။

#KTM
#HlaingInfo
🤬614👏1😢1
ရေကြည်၊ မြောက်စမ်းရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းအနီး AA ထိုးစစ်ပြင်းထန်၊ တပ်မ ၆၆ နှင့် နတခ နယ်မြေခံတပ်များ ခုခံစစ်ဆင်နေရ

မတ်လ ၈ ရက်

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်း (မြောက်စမ်းအမြောက်တပ်) နှင့် ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများပါ ဆုံးရှုံးထားသည့် အဆိုပါတပ်ရင်းကို စစ်ကော်မရှင်က တပ်ရင်းပေါင်းများစွာဖြင့် အသည်းအသန် ခုခံနေရကြောင်း သိရသည်။

မြောက်စမ်းပတ်လည်တွင် တပ်မ (၆၆) လက်အောက်ခံတပ်များ၊ ပုသိမ်အခြေစိုက် အနောက်တောင် တိုင်းစစ်ဌာနချုပ် (နတခ) ၏ နယ်မြေခံတပ်ရင်းများနှင့် ကန်ကြီးထောင့်အခြေစိုက် အမြောက်တပ် (အမတ - ၅၀၅) မှ အမြောက်တပ်ခွဲတစ်ခုတို့ ပူးပေါင်းကာ ပတ်လည်ခံစစ်ဖြင့် ခုခံနေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

"တပ်တွေ မြစ်ဝကျွန်းပေါ်ဒေသမှာ အစိတ်စိတ်အမွှာမွှာ ခွဲပြီးထုတ်နုတ်လိုက်ပြီဆိုတော့ AA ရဲ့ မူလစစ်ရေးရည်မှန်းချက်ဖြစ်တဲ့ မြောက်စမ်းအမြောက်တပ်ရဲ့ လက်ကျန်ရက်တွေကို တစ်ဖန်ပြန်လည် ပြီး ရေတွက်ရတော့မှာ ဖြစ်ပါတယ်" ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် မြောက်စမ်းနယ်မြေတွင် ဖျာပုံအခြေစိုက် ခလရ ၉၈ နှင့် ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တို့ဖြင့် စစ်ကြောင်းထိုးကာ သီတာကုန်းပြင်တစ်ဝိုက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ခြေကုပ်နေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ စခန်းငယ်နှစ်ခုနှင့် လက်နက်ခဲယမ်းအချို့ လက်လွှတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ဧရာဝတီတိုင်းအတွင်းရှိ စစ်နယ်မြေများကို ဖြန့်ခွဲနေရာယူကာ ပတ်လည် ခံစစ်စနစ်ကို အသုံးပြုလျက်ရှိသည်။ ထို့ပြင် နဂါးရစ်တောင်ခြေတစ်ဝိုက်သို့ ပြည်အခြေစိုက် ခလရ ၁၄ စစ်ကြောင်းတစ်ခု ဝင်ရောက်နေပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများ လုယက်ယူငင်ခြင်းများ ကျူးလွန်နေကြောင်း သိရသည်။

#AYAT
#HlaingInfo
👍4818🔥3🥰2
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပုဒ်မတွေကို အမှုပိတ်သိမ်းတယ်လို့ ကြေညာပေမယ့်လည်း မလွှတ်ပေးဘဲ မတရားပြန်လည်ချုပ်နှောင်ထား
အင်းစိန် ၊ တောင်ငူ နဲ့ ပေါင်းတည်ထောင်တွေမှာလည်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဉ်းတွေကို လွတ်ငြိမ်းပါတယ်ပြောပြီးမှ မလွှတ်ပေး

မတ်လ ၈ ရက်

အကြမ်းဖက်စစ်အုပ်စုက တရားရုံးတွေမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ကြားနာစစ်ဆေးဆဲ အမှုတွေကို ပိတ်သိမ်း ပေးတယ်လို့ ကြေညာခဲ့ပေမယ့်လည်း တကယ်တန်းမှာ မလွှတ်ပေးဘဲနဲ့ မတရားပြန်လည် ချုပ်နှောင်ထားတယ်လို့ နိုင်ကျဉ်း မိသားစုဝင်တွေက PVTV ကို ပြောပါတယ်။

“၅၀/ည နဲ့ ရုံးထုတ်စစ်နေတဲ့သူ။ တရားသူကြီး က အမှုပိတ်သိမ်းတယ်လို့ ပြောပြီးမစစ်ဘူး။ (အကြမ်းဖက်) ရဲ ကလည်း သူတို့ဘက်က လုပ်ရမယ့် စာရွက်စာတန်းအားလုံးပြီးပြီ။ စရဖ က ဖမ်းလာတာမို့ စရဖ လွှတ်မှ လွတ်မယ်ဆိုပြီး အင်းစိန်ထဲ ပြန်ထည့်ထားတယ်။ ဒီနေ့အထိ မလွှတ်ပေး ဘူး” လို့ မတရားဖမ်းဆီးစစ်ဆေးခံနေရသူ တစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

အဲဒီလိုပဲ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး တယ်လို့ ပြောပေမယ့်လည်း လက်တွေ့မှာ မလွှတ်ပေးဘဲ ဖမ်းဆီးထားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

မန္တလေးထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းပါတဲ့အတွက် လွှတ်ပေးမယ်လို့ ပြောပြီးမှ မလွှတ်ပေးဘဲ ဆက်လက်ချုပ်နှောင်ထားတာတွေ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“မန္တလေးထောင်မှာ ၂၀၂၂ က ၅၀/ည၊ ၅၁/က နဲ့ ထောင် (၁၀)နှစ်ကျနေတဲ့ ကျောင်းသားအမှုတွဲ ၄ ယောက်ကို ၃ ရက်နေ့က လွတ်တဲ့အထဲ မင်းတို့ ၄ ယောက်လုံးပါတယ်။ ပစ္စည်းတွေ သိမ်းထား လို့ ထောင်မှူးလာပြောတယ်။ ကလေးတွေက ဝမ်းသာပြီး သူတို့ အစားအစာနဲ့ ပစ္စည်းတွေကို ကျန်ခဲ့မယ့် အခန်းဖော်တွေကို ဝေပေးလိုက်ကျတယ်။ ညရောက်သည်အထိ မလွတ်တော့ ပြန်တောင်းစားရတယ်။ နောက်တနေ့ မိသားစုဝင်တွေ ထောင်ကိုလိုက်သွားကြတယ်။ ထောင်က တွေ့ခွင့်ပေးတယ်။ ကလေးတွေ စိတ်အရမ်းတိုနေကြလို့ မိဘတွေက အတော် နားချယူရတယ်။” လို့ နိုင်ကျဉ်း မိသားစု တွေနဲ့ ရင်းနှီးသူ တစ်ဦးက ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင် တစ်ဦးကလည်း လွတ်တဲ့စာရင်းထဲ ပါတယ်ဆိုပြီး သွားရောက်စောင့်ဆိုင်းခဲ့ပေမယ့်လည်း မလွှတ်ပေး ဘူးလို့ PVTV ကို ပြောပါတယ်။

“လွှတ်ပေးတဲ့အထဲ ပါတယ်ဆိုလို့ သွားစောင့်နေတာ။ ညနေကျမှ မပါတော့ဘူးဆိုလို့ ပြန်လာရတယ်။ စစ်အုပ်စုဘက်က လွှတ်ပေးတယ်ဆိုပြီး ထုတ်ထားတဲ့ အရေအတွက်နဲ့ တကယ်လွတ်လာတဲ့ အရေ အတွက် ပြန်စိစစ်ရမယ်။ မဟုတ်ရင် စာရင်းတွေမှာပါပြီးတော့ မလွှတ်ပေးတာ က ပြည်သူတွေ တင်မပါဘူး နိုင်ငံတကာကိုပါ လိမ်ညာတာပဲ။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့ အခုဖြစ်စဉ်တွေကို စိစစ်သင့်ပါတယ်” လို့ အင်းစိန်အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဉ်းတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေတဲ့သူတစ်ဦးကတော့ အင်းစိန် ၊ တောင်ငူ နဲ့ ပေါင်းတည် ထောင်တွေမှာ လွတ်ငြိမ်းမှာ ပါတယ်ပြောပြီးမှ မလွှတ်ပေးမှုတွေ အများဆုံးဖြစ်ပွားခဲ့တယ်လို့ PVTV ကို ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ မတ် ၂ ရက်မှာ အကျဉ်းထောင် ၃၉ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၄၀၃ ဦး လွတ်မြောက်လာတာကို စိစစ်ထား နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

#PVTV
#HlaingInfo
🤬714😢2🔥1👏1
မြိတ်မြို့မှာ လူငယ်တွေ ပုံစံမျိုးစုံနဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရပြီး ကျောင်းသားနဲ့ ဝန်ထမ်းဖြစ်ပါက အလှူငွေ ၃ သိန်းပေးမှ လွှတ်ပေး

မတ်လ ၈ ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက လူငယ်တွေကို ဖမ်းဆီးကာ ကျောင်းသားနဲ့ ဝန်ထမ်းဖြစ်ပါက အလှူငွေအဖြစ် ကျပ် ၃ သိန်း အနည်းဆုံး ထည့်ခိုင်းတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့ထိ မြိတ်မြို့က နေရာအတော်များများမှာ လူငယ်တွေကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ကာ အမျိုးသားတွေထဲက အသက်ပြည့်ပြီးသူ ဝန်ထမ်းနဲ့ ကျောင်းသားတွေကို ငွေတောင်းပြီး ပြန်လွှတ်တယ်လို့ သိရပါတယ်။

“ကျားတွင်းကွင်းနားက လယ်ကွင်းမှာ လူငယ်ချစ်သူရည်းစားစုံတွဲတွေ ချိန်းတွေ့နေတာကို ဝင်ဖမ်းတာ၊ အဲ့လူငယ်တွေက ခုမတ်လမှာ စာမေးပွဲဖြေမယ့် ကလေးတွေဖြစ်နေတော့ တယောက်ကို အနည်းဆုံး ၃ သိန်း စစ်မှုထမ်းအတွက် အလှူငွေထည့်ခိုင်းပြီး လွှတ်ပေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၂ ရက်နေ့ကလည်း ရွှေဘေး ပုဇွန်ကန်လမ်းတလျှောက်က လူငယ် ၃၀ ထက်မနည်း ဝင်ရောက်ဖမ်းဆီးခံရပြီး ဝန်ထမ်း/ကျောင်းသားတွေကို ဒဏ်ကြေးနဲ့ လွှတ်ပေးပြီး အရပ်သားတွေကိုတော့ စစ်မှုထမ်းအတွက် ခေါ်ထားကာ ငွေကြေးပေးပေမယ့် ပြန်လွှတ်မပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ မြိတ်မြို့က လူငယ်တွေဟာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရပြီး အရပ်သားတွေကို ကျပ်သိန်း ၁၃၀ ဝန်းကျင်ပေးမှ လွှတ်ပေးမယ်လို့ ပြောဆိုထားပြီး ပေးပေမယ့် ပြန်လွှတ်မပေးတာတွေလည်း ရှိနေကာ လက်ရှိဖမ်းဆီးခံရသူ အရေအတွက် အယောက် ၄၀ ၀န်းကျင် ထက်မနည်း ရှိနေတယ်လို့ နယ်မြေခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

#Myotaw
#HlaingInfo
🤬674👍2😁2😢2
ချင်းမိုင်တွင် မြန်မာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မတ်လ ၈ ရက်

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဟန်ဒေါင်းမြို့နယ်တွင် ယနေ့ မနက် ၁၀နာရီခန့်က ထိုင်းအမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုသို့ ပစ်ခတ်ရခြင်းမှာ အိမ်ရှေ့တွင် လူများစကားကျယ်ကျယ်ပြောခြင်းကို မကျေနပ်သဖြင့် ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ကျူးလွန်သူ ၅၈နှစ်အရွယ်ထိုင်းအမျိုးသား Mr. Bun Pan က ထွက်ဆိုထားသည်။

ပစ်ခတ်ခရသူမှာ အသက် ၃၃နှစ်အရွယ် ချစ်စံမြင့်ဖြစ်ပြီး မျက်ခုံးတွင် ထိမှန်ကာ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ချစ်စံမြင့်သည် သူ့မိတ်ဆွေများနှင့် ကုန်စုံဆိုင်ရှေ့တွင် စကားပြောဆိုနေစဉ် မျက်နှာချင်းဆိုင်အိမ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲများက ထိုအိမ်အတွင်းသစ်ပင်အောက်တွင် ဝှက်ထားသော ပွိုင့်တူးတူး (.22 Galiber) သေနတ်ကို သိမ်းဆည်းထားသည်။

သေနတ်ထိမှန်ဒဏ်ရာရရှိသော ချစ်စံမြင့်ကို Nam Phrae ကယ်ဆယ်ရေးအဖွဲ့ က အရေးပေါ်ကူညီကုသပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

#KPV
#HlaingInfo
👍34👎114🔥3😱3
တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့၊ တော်လှန်ရေးမှာဆက်ရပ်တည်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော

မတ်လ ၈ ရက်

တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

"ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဏာရှင်စနစ် တော်လှန်ရေးမှာ အသက်ပေးခဲ့ကြတဲ့ အမျိုးသမီး ရဲဘော်တွေကို လေးစားဂုဏ်ပြုအပ်ပါတယ်။ အခက်အခဲတွေ ကြားက တော်လှန်ရေးလမ်းစဉ်မှာ ဆက်ပြီး ရပ်တည်နေကြတဲ့ အမျိုးသမီးများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဂုဏ်ပြု ဖော်ပြချင်ပါတယ်” လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ မတ်လ ၈ရက်မှာ ကျင်းပါတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက် ရေး ပြည်သူတရပ်လုံး ရုန်းကန်နေရချိန်ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

" ဒီတော်လှန်ရေးလမ်းစဉ်အတွင်း မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လူထုဆန္ဒပြ လှုပ်ရှားမှုတွေမှာ ရဲ့ဝံ့စွာဦးဆောင်နေကြတဲ့သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေကြတဲ့သူတွေ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေကြတဲ့သူတွေ၊ သတင်းအချက်အလက် တွေ ဖြန့်ဝေနေကြတဲ့သူတွေ တချို့နေရာတွေမှာ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေပါ ထမ်းဆောင်နေကြတဲ့သူတွေ အဖြစ်နဲ့ အမျိုးသမီးအင်အားနဲ့ စွမ်းရည်ဟာ အခု ကျနော်တို့ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းမှာ အင်အားစုတခုအနေနဲ့ တည်ရှိနေတယ်"လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အခုအချိန်ထိ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ စစ်အာဏာရှင်စနစ်ကြောင့် အမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေ ကို ရင်ဆိုင်နေရဆဲဖြစ်ဟု ပြောပါတယ်။ လိင်အခြေပြု အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ အလွန်ပဲ စိုးရိမ်စရာ အခြေအနေရှိနေဟု အသိပေးပါတယ်။

အာဏာရှင်တွေ အထူးသဖြင့် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေ အသံမထွက်နိုင်အောင် အသံတိတ်စေဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်မှုတွေ မြှင့်တင်ဖို့ ဆောင်ရွက်နေသလို လိင်အခြေပြု အကြမ်းဖက် မှုတွေ ကာကွယ်တားဆီးနိုင်ဖို့ ဆောင်ရွက်နေတာရှိကြောင်း အသိပေးပါတယ်။

အမျိုးသမီးတွေရဲ့ ပညာရေး၊ စီးပွားရေး လုပ်ဆောင်မှု အခွင့်အလမ်းတွေ တိုးချဲ့ပေးနိုင်ဖို့ လိုအပ်ကြောင်းဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။လူမှုဘ၀ နယ်ပယ်အသီးသီးမှာ တန်းတူညီမျှ ရရှိစေဖို့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်လို့ အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ကူညီပံ့ပိုးကြဖို့ အလွန်အရေးကြီး ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါတယ်။

ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ NUG လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညိနှိုင်းရေးကော်မတီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လုံခြုံရေးကို သေချာစေဖို့ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းမြှင့်တင်ဖို့ အတွက် အရေးပေါ် လုပ်ဆောင်ချက်တွေမှာ လက်တွေ့ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

(စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသမီး ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Salai Timmy Htut/Fb)
#LNO
#HlaingInfo
71👍17🥰5😁2🔥1
စစ်ကိုင်းမြို့နယ်တွင် ကြေးနီယာဉ်တန်းနှင့် မင်းကွန်းရဲစခန်းကို အင်အားဖြည့်ရန် လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

မတ်လ ၈ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ကြေးနီတင်ယာဉ်ကို လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြာကာကား ၈ စီး၊ ကြေးနီတင်ကားအစီး ၅၀ ပါ ယာဉ်တန်းကို မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူဂိတ်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေး ၂ ဦးသေဆုံးတယ်။ ၂ ဦးထိခိုက်ဒဏ်ရာရတယ်။ ထပ်တိုးသေဆုံးတာမျိုးကိုတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"ဟု BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို GOLDEN TARGET FORCE.GTF ၊ BRAVE HEART ARMY-BHA ၊ MONYWA SPECIAL -ဒိတ်ဒိတ်ကြဲ-PDF ၊ MONYWA DYNAMITE - STF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အတွက် လိုအပ်နေသော ခဲယမ်းများကို ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ပေးကြရန် BHA အဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်ရန် ထွက်လာသော အင်အား ၂၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း People Servant Force အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့မှ သံခွန် ၃ စီး ဖြင့် မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား ၂၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်းအကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

"စစ်ခွေးတွေက မင်းကွန်းနယ်မြေရဲစခန်းကို အင်အားဖြည့်ဖို့ လာတာကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပေါ့။ အဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၁၀ ကောင်ကတော့ မျက်မြင်သေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်" ဟု People Servant Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People Servant Force P.S.F၊ မင်းကွန်းတိုက်နယ် ဇုံ ၅ပ.က.ဖ၊ ယူနီကွန်းပျောက်ကျားတပ်ဖွဲ့ ရပ်ကျေး၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ နှင့် No More Dictatorship N.M.D တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#KTM
#HlaingInfo
👏4814👍12🔥3😁1
ရန်ကုန်တွင် စစ်မှုထမ်းရန် အသက်ကျော်လွန်နေသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကို ပေါ်တာဆွဲ ဖမ်းဆီးသွား၊

▪️ ရန်ကုန်မြို့တွင် ညပိုင်း အိမ်းစီးကားများဖြင့် လူငယ်အများအပြားကို လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေ

မတ်လ ၈ ရက်

ရန်ကုန်မြို့တွင် စစ်မှုထမ်းရန် အသက်ကျော်လွန်နေသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော ကိုအောင်သီဟ၏ မိတ်ဆွေများထံမှ သိရှိရသည်။

မတ်လ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းစျေးအနီးတွင် အပြင်မှ ပြန်လာသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကို အရပ်ဝတ် လူအုပ်စုတစ်စုက ရိုက်နှက်ပြီး ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်သွားကြောင်း၊ ဖမ်းဆီးသူများမှာ ပရိုဘောက်ကားများဖြင့် လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေသူများဖြစ်သည်ဟု မျက်မြင်တွေ့ရှိရသူများက ပြောဆိုကြောင်း သိရှိရသည်။

"အလုံလမ်း မီးပွိုင့်နားမှာ ပရိုဘောက် အဖြူရောင်ကား၊ မှန်စတေကာအမည်းကပ်ထားတယ်။ ကားပေါ်မှ လူတွေဆင်းလာပြီး ကိုအောင်သီဟကို ရိုက်နှက်ပြီး ကားနောက်ဖုံးထဲ အတင်းထည့်ခေါ်သွားတယ်။ အဲဒီလူတွေက လူငယ်တွေကို လိုက်ပြီး ပေါ်တာဆွဲနေတာလို့ ပတ်ဝန်းကျင်က ပြောသွားတယ်" ဟု ကိုအောင်သီဟ၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ သတ်မှတ်ချက်အရ စစ်မှုထမ်းရန် အကျုံးဝင်သော အသက်အရွယ်မှာ အမျိုး သားဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ကျိုက် ၀ိုင်းဘက်အခြမ်း ကားမှတ်တိုင်တွင် နံပါတ်ပြား မီးထွန်းထားခြင်းမရှိသော ပရိုဘောက်ကား ၂ စီးဖြင့် ကားစောင့်နေသော လူငယ်တချို့ကို ဆွဲခေါ်သွားမှု ယမန်နေ့ ညပိုင်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"သမိုင်းလမ်းဆုံ မှတ်တိုင် (ကျိုက်၀ိုင်းဘက်အခြမ်း)မှာ ကားတွေနဲ့ သူခိုးဖမ်းတာလိုလို၊ ခါးပိုက်နှိုက်ဖမ်းတာလိုလိုနဲ့ ကားစောင့်နေတဲ့ လူငယ်တွေကို ဆွဲတင်သွားတယ်။ ကားနံပါတ်ပြားက မီးမထွန်းထားဘူး။ စတောကာ အမည်းတွေကပ်ထားတယ်။ လူငယ် ၃ ဦးလောက်ပါသွားတာ။ အကုန်လုံးကလည်း ကိုယ်နဲ့မဆိုင်တော့ ကြည့်နေတာ။ စစ်မှုထမ်း ပေါ်တာဆွဲတာ" ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သော တက္ကသိုလ်ကျောင်းဆရာမတစ်ဦး၏ အသက် ၂၀ နှစ်အရွယ် သားဖြစ်သူကို လှည်းတန်းတွင် ညနေပိုင်း သင်တန်း တက်ပြန်လာစဉ် ပရိုဘောက်ကားဖြင့်ပင် ဖမ်းဆီးခေါ်သွားကြောင်း၊ ယင်းနောက် စစ်ထဲသို့ မသွင်းစေလိုပါက ငွေကျပ် သိန်း ၃၀ ပေးရန် ဖုန်းဆက် တောင်းခံလာကြောင်း၊ ငွေကျပ် သိန်း ၃၀ လွှဲပေးပြီးချိန်တွင် သားဖြစ်သူ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း၊ သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဖမ်းဆီးငွေညှစ်ခံရမှုအတွက် အရေးယူပေးရန် အကြောင်းကြားသောအခါ စစ်မှုထမ်းခေါ်ဆောင်ခြင်းဖြစ်၍ ယင်းကဲ့သို့သော ကိစ္စကို ဖြေရှင်းပေးနိုင်ခြင်းမရှိဟု ရပ်ကွက်လူကြီးက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အလုံမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟ။
#KTM
#HlaingInfo
🤬645👍1🔥1😢1
ကိုးကန့်တပ်က စက်သုံးဆီ၊ကုန်ပစ္စည်းအားလုံး သယ်ဆောင်ခွင့် ပိတ်ထားတဲ့ သိန္နီနဲ့ကွတ်ခိုင်လမ်းပိုင်းမှာ အတက်ယာဉ်အားလုံးကို ပိတ်ထားတော့မယ်လို့ ဆို

မတ်လ ၈ ရက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီလမ်းကို အဆင်းသာ ခွင့်ပြုပြီး သိန္နီကနေ ကွတ်ခိုင်ဘက်ကို တက်လာတဲ့ ယာဉ်တွေကိုတော့ ကိုးကန့်တပ်ဘက်က ဖြတ်သန်းခွင့် မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီ- ကွတ်ခိုင်လမ်းပိုင်းကို မနက်ဖြန် မတ်လ ၉ ရက်နေ့ကစပြီး ကွတ်ခိုင်ကနေ သိန္နီဘက်ဆင်းလာတဲ့ ယာဉ်တွေကိုသာ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး သိန္နီကနေ ကွတ်ခိုင်ဘက်ကို တက်လာတဲ့ ယာဉ်တွေကို ကိုးကန့်တပ်ဘက်က ပိတ်ထားမယ်လို့ ပြောထားကြောင်း ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

"အဆင်းတော့ ရတယ်တဲ့။ အတက်ကားတွေတော့ ဘာမှမတင်လည်း ပေးမဖြတ်ဘူးတဲ့။ ကွတ်ခိုင်- သိန္နီကြား မန်ပြိန်းရွာ နတ်စင်မှာ စောင့်နေတဲ့ ကိုးကန့်စစ်သားတွေက ကားသမားတွေကို အဲလိုပြောတာ" လို့ ဆိုပါတယ်။

သိန္နီ- ကွတ်ခိုင်လမ်းပိုင်းကို ဘယ်နှစ်ရက်ကြာ ပိတ်မယ်ဆိုတာနဲ့ ဘာကြောင့် ပိတ်ထားရလဲဆိုတာကိုတော့ ကိုးကန့်တပ်ဘက်က ပြောဆိုတာ မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကွတ်ခိုင်မြို့မှာ TNLA နဲ့ ကိုးကန့်တပ်အကြား တင်းမာမှု ဖြစ်ပွားပြီးနောက် တအာင်းတပ်ထိန်းချုပ်ဒေသတွေကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့်အကုန်လုံးကို ကိုးကန့်တပ်ဘက်က ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ပြေလည်မှု မရသေးပါဘူး။

ဓာတ်ပုံ - Local
#SPM
#HlaingInfo
👍24🔥124👎4😢4🤔1
တာချီလိတ်လေဆိပ် မန်နေဂျာ ဦးမြသန်းဝင်း VIP အခန်းကို အသုံးချ၍ တရားမဝင် နိုင်ငံခြားသားများ ပို့ဆောင်ပေးနေ

မတ်လ ၈ ရက်

တာချီလိတ်လေဆိပ်ရှိ ပို့ဆောင်ဆက်သွယ်ရေး မန်နေဂျာနှင့် စာရေးဖြစ်သူတို့သည် ကုန်စည်ပို့ဆောင်ခ (တန်ဆာခ) များကို အဆမတန် ကောက်ခံနေသည့်အပြင်၊ နိုင်ငံခြားသားအချို့ကို အစစ်အဆေးမခံရစေရန် VIP အခန်းမှတစ်ဆင့် အခကြေးငွေယူ၍ လေယာဉ်ပေါ် တင်ပေးနေကြောင်း မဲခေါင်သတင်းဌာန၏ စုံစမ်းချက်အရ သိရသည်။

လေဆိပ်မှတစ်ဆင့် ပို့ဆောင်သည့် ကုန်စည် (Cargo) ပစ္စည်းများနှင့် ပတ်သက်၍ ပို့/ဆက် မန်နေဂျာ ဦးမြသန်းဝင်းက လက်ဝါးကြီးအုပ်ထားပြီး၊ အခြားသူများ၏ ကုန်စည်များကို တင်ဆောင်ခွင့်မပေးဘဲ ပစ္စည်းအမျိုးအစားပေါ် မူတည်ကာ တစ်ကီလိုလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ သတ်မှတ်ချက်ထက် ကျော်လွန်ကောက်ခံနေခြင်း ဖြစ်သည်။

"ကုန်စည်ပို့ဆောင်ခ တစ်ရက်ကို ကျပ်သိန်း ၃၀ လောက် သူတို့ ရနေတာ။ သူတို့ကျတော့ ဘတ်သိန်းဆယ်ချီတန်တဲ့ အိမ်တွေ၊ တိုက်တွေ၊ ကားတွေနဲ့။ လေဆိပ်ဈေးဆိုင်ခန်းခတွေ၊ VIP အခန်းအသုံးပြုခတွေကို ကိုယ်ကျိုးအတွက် ယူကြပြီး လေဆိပ်ကို ကိုယ်ပိုင်ကွင်းလို လုပ်စားနေကြတာ ကြာပြီ" ဟု လေဆိပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

လေဆိပ် VIP အခန်းမှတစ်ဆင့် လေယာဉ်ပေါ် တက်ရောက်သူများကို မှတ်ပုံတင် စစ်ဆေးခြင်း မရှိသည့်အတွက် အချို့သော အထောက်အထားမဲ့ နိုင်ငံခြားသားများသည် မန်နေဂျာကို ငွေကြေးပေးကာ ခရီးသွားလာနေကြခြင်း ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် (Passport) အတုများ ကိုင်ဆောင်ထားပြီး မြန်မာစကား မပြောတတ်သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရုတ်နိုင်ငံသားများသည် VIP အခန်း အသုံးပြုခအဖြစ် တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်း လုပ်ငန်းရှင်များကလည်း တစ်ကြိမ်လျှင် ဘတ် ၂,၀၀၀ မှ ၅,၀၀၀ အကြား ပေးဆောင်ကာ အဆိုပါ အခန်းကို အသုံးပြုနေကြရသည်ဟု ဆိုသည်။

ဦးမြသန်းဝင်းသည် ကုန်စည်ပို့ဆောင်ရာတွင် စစ်ကောင်စီက တားမြစ်ထားသည့် အရက်၊ ဟင်းချိုမှုန့်နှင့် အခြားကုန်စည်မျိုးစုံကိုလည်း နေ့စဉ် ပို့ဆောင်ပေးနေကြောင်း စုံစမ်းသိရှိရပါသည်။

#MKN
#HlaingInfo
🤬38👎158🔥5👍1🥰1
စစ်တပ်၏ စက်သုံးဆီချွေတာရေး ဒုတိယနေ့ စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေ

မတ်လ ၈ ရက်

အကြမ်းဖက် စစ်တပ်၏ စက်သုံးဆီချွေတာရေး စီမံချက် ဒုတိယနေ့တွင် စုံရက်နှင့်မရက်အကြောင်းပြု၍ ကားများအားလုံးကို ယာဉ်ထိန်းရဲများက တားဆီးစစ်ဆေးကာ အကြောင်းမျိုးစုံပြ ငွေတောင်းယူမှုများ ပိုမိုဆိုးရွားလာနေကြောင်း ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင်များက ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက်ကို အကြောင်း ပြု၍ ကားနံပါတ်ပြားအလိုက် စုံရက်နှင့် မရက်သာ ယာဉ်မောင်းနှင်ရန် အမိန့်ထုတ်လာကြောင်း၊ အဆိုပါ အမိန့်ကြောင့် ပြည်သူများမှာ ယာဉ်ထိန်းရဲများ၏ ငွေညှစ်မှုများကို ပိုမို ခံစားနေရကြောင်း သိရှိရသည်။

"ကျနော်တို့ တက္ကစီတွေက စုံ၊ မ ရက်မှာ မပါဘူး။ အဲဒါကို ယာဉ်ထိန်းရဲတွေ တားတယ်။ ပြီးတော့ စာရွက်စာတမ်း လိုင်စင် အကုန်ပြတာကို ကားလိုင်စင်မှာပါတဲ့ ဓာတ်ပုံက ဝါးနေတယ်ဆိုပြီး လိုင်စင်သိမ်း လက်ဖက်ရည်ဖိုးတောင်းတယ်။ လက်ဖက်ရည်ဖိုးက ဘယ်လောက်လဲဆိုတော့ ၂ သောင်း။ စျေးဦးမပေါက်သေးလို့ပါဆိုတာလည်းမရဘူး။ အဆိုးဆုံးက ယာဉ်ထိန်းရဲမေတွေပဲ။ ငွေကို မရရအောင် တောင်းတာ" ဟု တောင်ဥက္ကလာပ၊ ဘေလီတံတားအဆင်းတွင် ယနေ့ ငွေညှစ်ခံလိုက်ရသော တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ စုံရက်ဖြစ်၍ မ နံပါတ်ကားဖြင့် ကလေးကို ကျောင်းထောက်ခံစာဖြင့် အင်္ဂလိပ်စာ သင်တန်းသွားရောက် ပို့ဆောင်ခဲ့သော အိမ်ရှင်မတစ်ဦးကလည်း ကားကို ယာဉ်ထိန်းရဲက တားဆီးကာ ပုဂ္ဂလိက ကျောင်းထောက်ခံစာ အကျုံးဝင်မဝင်ကြောင်း၊ ယခုပညာပေးကာလ မတ်လ ၁၄ ရက် ကျော်လျှင် စုံရက်တွင် မ နံပါတ်ပြား ကားများ လမ်းပေါ် မောင်းနှင်ပါက ဖမ်းဆီးမည်ဟု ပြောဆို၍ ပြန်လွှတ် လိုက်ကြောင်း ပြောဆိုသည်။

"ငွေတော့ မတောင်းဘူး။ ပုဂ္ဂလိက အင်္ဂလိပ်စာ သင်တန်းကျောင်းထောက်ခံစာက အကျုံးမဝင်ဘူးလို့ ပြောတယ်။ နောက် မတ်လ ၁၄ ရက်နေ့ဆိုရင် ဖမ်းပြီး ထောင်ချမယ်ပြောတယ်။ မြို့နယ် ထွေ/အုပ် ထောက်ခံစာက ထောက်ခံစာအဖြစ် အကျုံးဝင်မယ်ပြောတယ်။ ငွေတော့ မတောင်းဘူး" ဟု ရွှေဂုံတိုင်အနီးတွင် ဖမ်းဆီးခံခဲ့ရသော ကလေးမိခင် အိမ်ရှင်မတစ်ဦးက ရှင်းပြသည်။

သို့ရာတွင် ယာဉ်ထိန်းရဲများက လမ်းပေါ်တွင် စည်းကမ်းအတိုင်းသွားလာနေသော ကားများကိုပါ ဖမ်းဆီး၍ အပြစ်မရှိ အပြစ်ရှာ ငွေတောင်းယူမှုများ ရှိနေကြောင်း ရန်ကုန်-အင်းစိန်လမ်းတွင် တက္ကစီမောင်းနှင်နေသူ ကားဆရာတစ်ဦးက ရှင်းပြသည်။

"အရင်တုန်းကတော့ စည်းကမ်းဖောက်မှ တားတာ။ အခုကတော့ ရဲတွေက ကားမှန်သမျှ အကုန်တား။ စာရွက်စာတမ်း အကုန်စစ်။ သူတို့ အပြစ်ရှာလို့မရရင် လက်ဖက်ရည်ဖိုးဆိုပြီး ပြီးသွားတာ။ အပြစ် တစ်ခုခု တွေ့လို့ကတော့ အနည်းဆုံး ၅ သောင်းကနေ စတောင်းတာ။ အခု စုံ/မ ကိစ္စဖြစ်လာတော့ နေရာတိုင်းမှာ ယာဉ်ထိန်းရဲတွေ မနက် ၇ နာရီလောက်ဆို အုပ်စုလိုက် တွေ့နေရပြီ။ လုပ်စားဂွင်ကြီး ဖြစ်သွားတာ" ဟု အဆိုပါ ကားသမားက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန်ရှိကြောင်း စစ်ဆေးမှုများကို အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်သော One Stop Service များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း "ဒဏ်နှစ်ရပ်လုံး" ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬6511🔥1😢1
ဘားအံမှာ လိုင်စင်မဲ့ယာဉ်တွေကိုစက်သုံးဆီဆိုင်တွေက ဆီရောင်းချပေးမှု ပိတ်ပင်

မတ်လ ၈ ရက်

လိုင်စင်မဲ့ယာဉ်အများစု အသုံးပြုနေကြတဲ့ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာမတ်လ ၇ ရက်စတင်ပြီး စက်သုံးဆီဆိုင်တွေက လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းပေးတော့သလို ဆီလာဖြည့်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနေတာကြောင့် ဒေသခံတွေအတွက် အခက်များစွာကြုံနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

ဘားအံမြို့က စက်သုံးဆီဆိုင်ကြီးတွေဟာ လိုင်စင်မဲ့ယာဉ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၇ရက်ကစတင်ပြီး စက်သုံးဆီ လုံး၀ရောင်းချပေးတော့မှာ မဟုတ်သလို လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတွေ့ရှိရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နဲ့ လိုင်စင်ရှိမော်တော်ယာဉ်တွေအနေနဲ့ ဝှီးတက် (Wheel Tax ) ပြပြီး စက်သုံးဆီဝယ်ယူနိုင်တယ်ဆိုတာကို ဆီဆိုင်တွေ့ရှေ့မှာ ဆိုင်းဘုတ်ချပြီး ကြေညာ ထားပါတယ်။

ဒီလို လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို စက်သုံးဆီဆိုင်တွေက ဆီရောင်းချခွင့်မပေးတော့တာကြောင့် လိုင်စင်မဲ့ယာဉ်အဓိကထားအသုံးပြုနေကြတဲ့ ဘားအံမြို့က ဒေသခံတွေအများစုဟာ သွားရေးလာရေး အခက်အခဲများစွာကြုံတွေ့နေရပြီး စက်သုံးဆီရရှိရေးအတွက် ပြင်ပဆီဆိုင်အသေးစားတွေနဲ့ ရပ်ကွက်ဆိုင်တွေမှာ စျေးကြီးပေးပြီး ဝယ်သုံးနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

"အပြင်ဆိုင်မှာ တစ်လီတာကို ၁၂,၀၀၀(ကျပ်) အထိပေါက်နေပြီ" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့က ဆီဆိုင်အသေးတွေနဲ့ ရပ်ကွက် ဆိုင်တွေမှာ စက်သုံးဆီစျေးဟာ အရင်က တစ်လီတာကို ၅,၀၀၀ အထိသာ ရှိခဲ့ရာကနေ အခုလက်ရှိ ဆီအခက်အခဲဖြစ်ပေါ်နေတဲ့ အချိန်မှာတော့ တစ်လီတာ ကျပ် ၁၂,၀၀၀ အထိ စျေးတက်သွားတာပါ။

မတ်လ ၇ရက် မနက်ကစပြီး စက်သုံးဆီဆိုင်ကြီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ လာရောက်ပြီး စုံ၊ မ စနစ်အတိုင်း ဆီလာရောက်ဖြည့်နေတဲ့ ယာဉ်တွေကို လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေသလို ဆီလာဖြည့်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုလည်း ဖမ်းဆီးနေတာကြောင့် ဒေသခံအများစုဟာ အပြင်မထွက်ရဲကြတော့ဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ဆီလာထည့်နေတဲ့ ကားဝှစ်သောက်(လိုင်စင်မဲ့)တွေကို ဖမ်းတယ်၊ မြို့ထဲမှာ ဘာမှမရှိတော့ဘူး ကားတွေက၊ဘယ်သူမှထွက်မရဲ ၊ဖမ်းမှာလည်းကြောက်လို့ ရှင်းသွားတယ်ပေါ့" လို့ အဲဒီမြို့ခံကပြောပါတယ်။

ဓာတ်ပုံ - ရိုက်တာ
#LNO
#HlaingInfo
20👍15🤬7🔥5👎2👏1😢1
ကနီမြို့နယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

မတ်လ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Union Liberation Front အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့တွင် ချင်းတွင်း တံတားဘက်မှ စစ်ကား ၁၂ စီး၊ သံပြားကားများ ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာမှ တဆင့် ကနီမြို့နယ် အတွင်းကို အင်အား ၃၀၀ ခန့်ဖြင့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် ကနီမြို့နယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ရှင်သာမဏေ ၂ ပါး အပါအဝင် ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ လက်နက်ကြီးများဖြင့် ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်နှင့် ကနီမြို့နယ် အစပ်ကို ပြန်လည်ဆုတ်ခွာလာစဉ် ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ ရွာအနီးတွင် ပဒေသာမိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ သေဆုံးသွားသော စစ်သားအလောင်းများကို ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

"စစ်ခွေး ထိခိုက်သေဆုံးမှုက ခန့်မှန်း ၃၀ ဦး ထက်မနည်းရှိတယ်။ သေဆုံးဒဏ်ရာရတဲ့ စစ်ခွေးတွေကို ကားနဲ့လာပြီး သယ်ထုတ်သွားတယ်။ အဲစစ်ခွေးတွေက နတ်လာပို့တောင်ရွာ အလှူအိမ်ကို လက်နက်ကြီးနဲ့ ပစ်လို့ ပရိတ်တရားနာနေတဲ့ နေရာကိုကြပြီး ရှင်သာမဏေ ၂ ပါး အပါအဝင်ပေါ့ ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးတယ်။ အဲစစ်ခွေး စစ်ကြောင်း ပြန်ဆုတ်အလာကို စောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲ ပြီး နောက်ပိုင်း ပွိုင့်ဖိုက် ၂ လက်အပြင် လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်" ဟု Union Liberation Front အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Union Liberation Front - ULF V 02 နှင့် 9+ စစ်ကြောင်း အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
👍3622👏5😁2😢1
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဘန်းလမွတ်ရွာအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

မတ်လ ၈ ရက်

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၇ရက် နေ့လယ် ၁၂နာရီ ၅၀မိနစ်ခန့်တွင် ဘန်းလမွတ်ရွာ အပြင်ဘက်ရှိ ဒေသအခေါ် ကျွဲသုံးပေါင်တောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဗုံးကြဲသွားပြီး ပွိုင့်ဖိုက်နဲ့ ပစ်သွားတယ်။ ဖုန်းလိုင်းတွေ ဖြတ်ပြီးမှ လာကြဲသွားတယ်။ ညနေ ၅နာရီ‌မှ လိုင်းပြန်ရတယ်။ ဒါတောင် လိုင်းမကောင်းဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သည် လေယာဥ်ဖြင့် ဗုံးတစ်လုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ရေတံခွန်ရှိတဲ့ တောင်ထိပ်မှာ ကျတယ်။ တစ်လုံးလာကြဲသွားတယ်။ ထိခိုက်မှု မရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကွမ်းသီးခူးနေချိန်ဖြစ်ရာ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကွမ်းသီးခူးနေသည့် ဒေသခံများ စိုးရိတ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။

#DW
#HlaingInfo
🤬54😁42👏2😢2👎1🔥1
ပဲခူးမှာ စုံရက်၊ မရက် လိုက်နာမောင်းနှင်တာ ရှိမရှိ စစ်ဆေး၊ မလိုက်နာပါက အရေးယူမယ်

မတ်လ ၈ ရက်

ပဲခူးတိုင်း၊ ပဲခူးမြို့ အချက်အချာကျတဲ့ နေရာတွေမှာ စစ်ကော်မရှင် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာမောင်းတာတွေရှိမရှိ ကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့က ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံ နဲ့ မြို့တွင်းအချက်အချာကျတဲ့ နေရာတွေမှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေက လောင်စာဆီသုံး မောင်တော်ဆိုင်ကယ်၊ မော်တော်ကားတွေ ကို သတ်မှတ်ထားချက်အတိုင်း စုံရက်၊ မရက် အတိုင်း မောင်းနှင်တာရှိ မရှိ စစ်ဆေးကာ ပညာပေးကာလအဖြစ် သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ပဲခူးသတင်း ဖော်ပြထားပါတယ်။

ပညာပေးကာလကိုတော့ မတ်လ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သတ်မှထားပြီး မတ်လ ၁၄ ရက်နေ့ကနေစတင်ကာ သတ်မှထားတဲ့ စည်းကမ်းချက်အတိုင်း မလိုက်နာပါက ဥပဒေအရအရေးယူမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပဲခူးမြို့နယ်ထဲက လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင်စက်သုံးဆီ ရောင်းချနေသူတချို့ကို နယ်မြေရဲခစန်းတွေမှာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက စက်သုံးဆီချွေတာဖို့အတွက် ပုဂ္ဂလိက စက်သုံးဆီယာဉ်တွေ ရက်ခြားသာ မောင်းနှင်ဖို့ သတင်းထုတ်ပြန်ချက်တခုကို အရေးပေါ်ထုတ်ပြန် ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ မတ်လ ၇ ရက်နေ့ကစပြီး လစဉ် စုံ ရက်တွေမှာ စုံနံပါတ်အက္ခရာယာဉ်တွေ (ဥပမာ -2A/....4A/.... စသည်ဖြင့်) မ ရက်တွေမှာ မနံပါတ်အက္ခရာပါယာဉ်တွေ (ဥပမာ-1A/-....3A/.... စသည်ဖြင့်) ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေကို မောင်းနှင်အသုံးပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ EV မော်တော်ယာဉ်နဲ့ EV မော်တော်ဆိုင်ကယ်တွေမပါဝင်ဘဲ နေ့စဉ်မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

အလားတူ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ အငှားယာဉ်တွေ(TAXI)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးသုံးယာဉ်တွေနဲ့ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သုံးယာဉ်တွေကိုတော့ နေ့စဉ်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

အခုလိုအခြေအနေမှာ စက်သုံးဆီလုပ်ငန်းရှင်နဲ့ ပြည်သူတွေအနေနဲ့ စက်သုံးဆီ ဝယ်ယူစုဆောင်း စျေးနှုန်းမြင့်ရောင်းတာတွေကို လုံးဝမလုပ်ရဘူးလို့ ဆိုပါတယ်။
ဒီလိုထုတ်ပြန်ဆောင်ရွက်ရတာဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေ သယ်ယူပို့ဆောင်ရာမှာ ရေလမ်းကြောင်း တလျှောက် အတားအဆီး အဟန့်အတား ဖြစ်ပေါ်နေတဲ့အတွက်လို့ စစ်ကော်မရှင်က အကြောင်းပြထားပါတယ်။

ဓါတ်ပုံ-စကမပဲခူးသတင်း
#ဒို့ပြည်
#HlaingInfo
🤬59👍65😁2👎1
ကြံခင်းရောက် စစ်ရှောင်များကို အုပ်ချုပ်ရေးမှူးက ဖိအားပေး နေရပ်ပြန်လွှတ်

မတ်လ ၈ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက မဖြစ်မနေပြန်ကြဖို့ ဖိအားပေးပြန်လွှတ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကြံခင်းမြို့နယ်ထဲက ရပ်ကွက်နဲ့ကျေးရွာ ၁၉ ခုကို ရောက်နေတဲ့ စစ်ဘေးရှောင် အရပ်သားတွေကို စစ်ကောင်စီခန့် ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမမှာ စစ်ရှောင်တွေနဲ့တွေ့တဲ့အချိန် ပြောဆိုဖိအားပေးပြန်လွှတ်ခဲ့တာလို့ သိရပါတယ်။

စစ်ဘေးရှောင်မိသားစုဝင်တယောက်က “ပြန်လွှတ်တာ ဟုတ်တယ်။ ကောင်းအောင်ပြောပြီး လွှတ်တာ။ ဒီဘက်မှာ လာရှောင်နေတော့ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့ ခက်ခဲတာတွေ ရှိတယ်ပေါ့။ လုပ်ငန်းတွေလည်း မလုပ်ရဘူးပေါ့။ နိုင်ငံတော်ကလည်း တာဝန်ကြီးတယ် ပြန်လို့ရပြီဖြစ်လို့ ပြန်နိုင်တယ်ပေါ့။ မိမိဒေသမှာ အလုပ်တွေလုပ်ကြပေါ့ပြောတာ။ ဘယ်သူက ကိုယ့်အိမ်ကို ပစ်နေချင်ပါ့မလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက နှင်ထုတ်တဲ့ စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာတဲ့ လေးမျက်နှာမြို့နယ်ထဲက စောပြား၊ ရှမ်းကွင်း၊ စက်စက်ယို၊ ပိနွဲကွင်း၊ ပန်းတောကြီး နဲ့ သာပေါင်းမြို့နယ်ထဲက သစ်ဖြူ၊ သာပေါင်းလေး စတဲ့ဒေသတွေက ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီပေးသူက “စစ်ရှောင်တွေကို ထောက်ပံ့ပေးမယ်လို့ ပြောဆိုခေါ်တွေ့တာ။ ခေါ်တွေ့ပြီး ငွေလေး မဖြစ်သလောက်ပေးပြီး နေရပ်ပြန်ဖို့ ဖိအားပေးတာ။ ဒေသမှာ တည်ငြိမ်အေးချမ်းအောင် တပ်မတော်က လုပ်ထားပေးပြီး မိမိဒေသကို ပြန်ကြတော့၊ အထက်က ညွှန်ကြားချက်အရဆိုပြီး နေရပ်ပြန်ကြဖို့ပြောတာ” လို့ ပြောပါတယ်။

ကြံခင်းမြို့နယ်ဘက်မှာ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၃၀၀ ထက်မနည်း၊ လူအယောက် ၆၀၀ ကျော်လာက်အထိ ရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။

နေရပ်ပြန်လွှတ်ခံရတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းနဲ့ ဗုံးကြဲချနေလို့ နေရပ်ပြန်ရင်တောင် နေအိမ်မရှိတော့တဲ့ အိမ်ထောင်စုတွေ ရှိတယ်လို့ စစ်ဘေးရှောင်မိသားစုဝင်တွေက ဆိုပါတယ်။

ကြံခင်းမြို့နယ် ဧရာဦးခန်းမတွင် မတ် ၅ ရက်က အုပ်ချုပ်ရေးမှူးနှင့် စစ်ရှောင်များ တွေ့ဆုံစဉ်။ (Photo - KKL)
#DVB
#HlaingInfo
🤬545😢2😁1
တောင်ကြီးတွင် စုံ/မ ကားနံပါတ်အလိုက် မောင်းနှင်ရန် ပညာပေးစတင်၊ မြို့တွင်း ယာဉ်သွားလာမှု လျော့နည်း

မတ်လ ၈ ရက်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယာဉ်များကို စုံ/မ ကားနံပါတ်အလိုက် ခွဲခြားမောင်းနှင်ရန် ပညာပေးကာလ စတင်နေပြီး မြို့တွင်း ယာဉ်သွားလာမှု ယခင်ထက် လျော့နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ မတ် ၇ ရက်မှ စတင်ကာ တောင်ကြီးမြို့အတွင်းရှိ မီးပွိုင့်များနှင့် သစ်တောဂိတ်အနီးတွင် ယာဉ်ထိန်းရဲများ စောင့်ကြည့်နေပြီး ကားနံပါတ် စုံ/မ အလိုက် မောင်းနှင်ကြရန် ပညာပေးလုပ် ဆောင်နေကြောင်း သိရသည်။

“မနက်ပိုင်း မြို့ထဲဝင်လာတဲ့ကားတွေကို တချို့နေရာတွေမှာ ရပ်ပြီး စုံ/မ နံပါတ်စနစ်ကို ရှင်းပြနေတယ်။ အခုလောလောဆယ်တော့ ပညာပေးကာလဆိုပြီးပဲ ပြန်လွှတ်ပေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့တွင်း ယာဉ်သွားလာမှုမှာ ယခင်ကထက် လျော့နည်းလာကြောင်း အခြားဒေသခံတစ်ဦးကလည်းပြောသည်။

“အရင်ကလို မြို့ထဲမှာ ကားတွေ မပြည့်တော့ဘူး၊ တချို့ကလည်း မလိုအပ်ရင် မထွက်တော့တာရှိတယ်။ တချို့ကတော့ စုံ/မ ရက်မကိုက်လို့ မောင်းမထွက်တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီ ချွေတာရေးဟုဆိုကာ ကားနံပါတ်ပြား၏ နောက်ဆုံးဂဏန်းအပေါ် မူတည်၍ စုံ/မ ရက်အလိုက် မောင်းနှင်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး မတ် ၇ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထိုကာလ ကျော်လွန်ပြီးနောက် လိုက်နာမှု မရှိသော ယာဉ်များကို ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ ထောင်ဒဏ်တစ်လ၊ ငွေဒဏ် ကျပ်၂ သောင်း သို့မဟုတ် ဒဏ်၂ ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

စက်သုံးဆီရှားပါးမှုနှင့် စျေးနှုန်းမြင့်တက်မှုများကြောင့် ယာဉ်မောင်းနှင်မှု ကန့်သတ်ခြင်းများ ပြုလုပ်လာခြင်းသည် မြို့ တွင်း သွားလာရေးနှင့် နေ့စဉ်လုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်းဒေသခံ ပြည်သူများက ပြောသည်။

#MKN
#HlaingInfo
😁29🤬94👍3👎3🔥2
စက်ရုံအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် STUM သတိပေး

မတ်လ ၈ ရက်

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံရှိ စက်မှုဇုန်အသီးသီးမှ အမျိုးသမီး အလုပ်သမားများ ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Solidarity Trade Union of Myanmar (STUM) က သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်တွင်းရှိ နိုင်ငံခြားသား အလုပ်ရှင်အချို့သည် အမျိုးသမီး အလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှုတ်ဖြင့် စော်ကားခြင်းနှင့် ဂုဏ်သိက္ခာချနှိမ့်ချခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

" စက်ရုံဝင်းထဲမှာ အမျိုးသမီးလုပ်သားတွေက လုပ်ခလစာအခက်ခဲတင်မကဘဲ နိုင်ငံခြားသား လုပ်ငန်းရှင်တွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကိုပါ ရင်ဆိုင်နေရတာပါ။ ဒါတွေကို လျစ်လျူရှုထားမယ်ဆိုရင် အခြေအနေတွေ ပိုမိုဆိုးရွားလာမှာ ဖြစ်လို့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ အထူးထောက်ပြရတာ ဖြစ်ပါတယ် " ဟု အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးက ပြောသည်။

ဤကဲ့သို့ ကျူးလွန်မှုများသည် လူ့ဂုဏ်သိက္ခာကို တိုက်ရိုက်ချိုးဖောက်ရုံသာမက နိုင်ငံတကာ အလုပ်သမား စံနှုန်းများနှင့် ပြည်တွင်းအလုပ်သမား ဥပဒေများကိုပါ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသည့် ရာဇဝတ်မှုများ ဖြစ်သည်ဟု STUM က ထောက်ပြသည်။

လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများရှိ အမျိုးသမီးအလုပ်သမားများသည် ဥပဒေပါ အခွင့်အရေးများကို တောင်းဆိုသည့်အခါ အလုပ်ရှင်များ၏ အရှက်ခွဲခြင်းနှင့် ဖိအားပေးခြင်းတို့ကို ခံနေရသည်ဟု STUM က ဖော်ပြထားသည်။

ထို့အပြင် အလုပ်သမားအရေး ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရသည့်အပြင် စောင့်ကြည့်ခံနေရပြီး လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို တိုင်ကြားပါက အလုပ်မှထုတ်ပယ်ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် လက်စားချေ တုံ့ပြန်ခံနေရသည်ဟု သိရသည်။

လုပ်ငန်းခွင်အတွင်း တရားမျှတမှု မရှိခြင်းနှင့် ပတ်သက်၍ ထောက်ပြရာတွင်လည်း အလုပ်သမားများသည် အလုပ်ခွင် အာဏာရှိသူများကို ပြန်လည်ခုခံရန် အခက်အခဲရှိနေကြောင်း၊ အမှုအခင်းများမှာလည်း အရေးယူမှုမရှိဘဲ ပျောက်ကွယ်သွားတတ်ကြောင်းနှင့် ယင်းသို့သော ပတ်ဝန်းကျင်သည် ကောင်းမွန်သော လုပ်ငန်းခွင်မဟုတ်ကြောင်း ဒေါ်မျိုးမျိုးအေးက သံလွင်ခက်ကို ပြောသည်။

အဆိုပါ ကျူးလွန်မှုများကို လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း STUM က ကြေညာပြီး အောက်ပါ အချက် (၄) ချက်ကို တောင်းဆိုထားသည်။

(က) အမျိုးသမီး အလုပ်သမားများအပေါ် နည်းမျိုးစုံဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်နေမှုများကို ချက်ချင်း ရပ်တန့်ရန်။

(ခ) ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး အပြင်းထန်ဆုံး အရေးယူပေးရန်။

(ဂ) အမျိုးသမီးများ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်မည့် ကာကွယ်ရေး ယန္တရားများကို လုပ်ငန်းခွင်၌ ဖော်ဆောင်ပေးရန်။

(ဃ) အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ဥပဒေကြောင်းအရ ကုစားမှုများ ပြုလုပ်ပေးပြီး ထိုက်တန်သည့် နစ်နာကြေးများ ပေးအပ်ရန် တို့ဖြစ်သည်။

STUM အနေဖြင့် ဤဖြစ်ရပ်များကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများ (ILO) နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံ တင်ပြသွားမည်ဖြစ်ပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီများနှင့်ပါ လက်တွဲဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ဓါတ်ပုံ - Solidarity of Trade Union Myanmar
#TLKN
#HlaingInfo
👍479😁2