3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့တဲ့ GTC တိုက်ပွဲအတွင်း ရဲမှူးအရင်သေသွားတာကြောင့် စစ်တပ်က ကြုံရာရဲတစ်ဦးကို အရာရှိအဖြစ် ဖုန်းဆက်ခန့်ကာ တိုက်ပွဲကိုဆက်ညွှန်ကြား

🟥အဆိုပါ စခန်းမှ ခေါင်းဆောင်ရဲမှူးအပါ ကျန်ရဲ အကုန်နီးပါး စစ်တပ်ထံမှ မူးယစ်ဆေးဝယ်သုံးကြ

BBM-ဖေဖော်ဝါရီ ၁၉
သတင်း-မင်းသော်

ဒူရကစစ်ကြောင်းမှ တိုက်ခိုက်ခဲ့တဲ့ ထားဝယ်မြို့ နည်းပညာတက္ကသိုလ်တိုက်ပွဲဖြစ်စဥ်အတွင်း အဆိုပါစခန်းကို ဦးဆောင်နေတဲ့ ရဲမှူးအရင်သေသွားတာကြောင့် စစ်တပ်က ကြုံရာရဲတစ်ဦးကို အရာရှိအဖြစ်ချက်ချင်းခန့်ကာ အမိန့်ပေးညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းမှူး ကိုဖားကြီးထံမှ သိရပါတယ်။

အဆိုပါ နည်းပညာတက္ကသိုလ် GTC တပ်စခန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်၆နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမဦးဆုံး ဒရုန်းဖြင့်ကြဲချတိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဒရုန်းကျရောက်ပေါက်ကွဲတာကြောင့် အဆိုပါတပ်စခန်းကို ဦးဆောင်နေတဲ့ ရဲမှူးအဆင့်ရှိသူက ၎င်းကိုင်ဆောင်ရာ သေနတ်ဆွဲပြီး ဦးစွာထွက်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး တိုက်ပွဲအစမှာတင်
သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် အဆိုပါရဲမှူးရဲ့ဖုန်းကို ၎င်းတို့ထံ အမိန့်ပေးညွှန်ကြားနေတဲ့ စစ်တပ်မှ G1 အဆင့်ရှိသူတစ်ဦးက ဖုန်းခေါ်ခဲ့ပြီး ရဲမှူးသေသွားတာကြောင့် ဖုန်းလာကိုင်တဲ့ တပ်သားတစ်ဦးကို ချက်ချင်းအရာရှိခန့်ကာ တိုက်ပွဲညွှန်ကြားတာတွေပြုလုပ်ခဲ့ပြီး တိုက်ပွဲအပြီး အဆိုပါဖုန်းကိုသိမ်းဆည်းရမိချိန် ဖုန်းrecordတွေထံမှသိရတယ်လို့ ဒူရကစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဖားကြီးက BBM ကိုပြောပါတယ်။

" အဲ့စခန်းမှာက ရဲမှူးတစ်ယောက်တည်းအုပ်ချုပ်တာ ကျန်တဲ့ကောင်အကုန်လုံးက ရဲဘော်တွေပဲ အဲ့ဗိုလ်(ရဲမှူး)က AK47 ကိုင်ထားတယ် ၊ အဲ့တာ တိုက်ပွဲအစတင် ဗိုလ်အရင်ကျသွားတာ ရဲမှူးအရင်ကျသွားတာ နည်းပညာတက္ကသိုလ်ထဲ၊ အဲ့အချိန်မှာ ကျသွားတဲ့ဗိုလ်ဆီဖုန်းဝင်တာ G1 က ဖုန်းဆက်တာ အဲ့မှာဖုန်းကိုင်လိုက်တဲ့ကောင်ကအရာရှိဖြစ်သွားတယ်၊ ဖုန်းထဲက G1 က မင်းအရာရှိဖြစ်ပြီ မင်းတပည့်တွေကို ကျည်တွေ ချွေခိုင်း၊ ငါတို့စစ်ကူလာနေပြီ၊တောင့်ထားလိုက် မင်းတပည့်တွေကို ပြောလိုက် ဆိုပြီးပြောတယ်"

အဲ့ဒီလို ဖုန်းကိုင်လို့ အရာရှိဖြစ်သွားသူ ရဲတပ်သားဟာ ညမထွက်ရ အမိန့်ဖြင့် ပေါ်တာဆွဲစုဆောင်းခံခဲ့ရသူဖြစ်ပြီး ရဲသက်တမ်း၈ လခန့်သာ ရှိသေးတယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် အဆိုပါ GTC တပ်စခန်းအတွင်းရောက်ရှိနေသူ ရဲအများစုမှာလည်း ၎င်းနည်းတူ ပေါ်တာဆွဲ စုဆောင်းခံထားရသူများဖြစ်ပြီး မော်လမြိုင်မှတဆင့် အဆိုပါ စခန်းကိုရောက်ရှိလာတာ ၂ လခန့်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

ဒါတင်မက သေဆုံးသွားသူ ခေါင်းဆောင်ရဲမှူးအပါ ကျန်ရဲတပ်သားအများစုမှာ စစ်ကောင်စီတပ်သားများထံမှ မူးယစ်ဆေးဝါးများဝယ်ယူကာ သုံးစွဲသူများဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထံမှ သိရတယ်လို့လည်း ဒူရကစစ်ကြောင်းမှူး ကိုဖားကြီးမှ ဆက်ပြောပါတယ်။

" သေသွားတဲ့ ရဲမှူးက ဆေးသမား ဘော်ဒီဂတ်(၃)ယောက်လောက်နဲ့နေပြီး ဆေးမှိန်းမှိန်းနေတာ၊ ကျန်တဲ့ကောင်တွေမေးတော့လည်း ဆေးသုံးတယ် ဘယ်ကယူလဲဆိုတော့ တပ်ဂိတ်ကနေ ယူသုံးတာတဲ့"

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၁၁ ဦးကိုအရှင်ဖမ်းမိခဲ့သလို တိုက်ပွဲတစ်ခုလုံးအတွင်း စစ်တပ်ဘက်က ၁၉ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Photo - ဒူရကစစ်ကြောင်း

#bbmnews #bbm #bbmtv #GTC #DNLA
https://www.facebook.com/share/p/1AwQj4b9zd/
👍81😁1
ကျောက်ဖြူမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်ကာ လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက သစ်ပုတ်တောင်လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေကြိုကြားကြိုကြား ဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ကျောက်ဖြူမြို့နယ် ရေမျက်နှာပြင်ကလည်း စစ်သင်္ဘောတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ကျောက်ဖြူမြို့နယ်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

"ရေတပ်ဌာနချုပ်အနီးက ကျေးရွာတစ်ဝိုက်ကို ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးလာရောက်ကြဲချခဲ့တာရှိပါတယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်နဲ့ လာချလို့ ၂ ယောက်တော့ ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ အထိအခိုက်အပျက်အစီးတွေကတော့ တော်တော်လေးရှိပါတယ်" လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ကြတ္တိန်ကျေးရွာကိုလည်း ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးစာရင်းကိုတော့ BBM အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာနဲ့ ငအုပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ် အရွယ်ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ ဒေါ်စောဖြူမ (၈၀) နှစ်မှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

Photo - ပုံဟောင်း

#bbmnews #bbm #bbmtv #kyaukphyu #rakhine #AA
https://www.facebook.com/share/p/1TfBzeghmi/
🤬6👍3
မြင်းခြံမြို့နယ် တဲရွာရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်မှု ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးဟုဆို

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - ခက်ဆစ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားကြတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၁ က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တဲရွာမှာ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ
ဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ခုခံခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်မှ စစ်ကူတွေ‌ရောက်လာတာကြောင့် ပြောက်ကျားစစ်အဖြစ် ဆင်နွှဲပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၇ တပ်ရင်းနဲ့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ပူးပေါင်းလုပ်‌‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video - မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း

#bbmnews #bbm #bbmnews #PDF #MDY
https://www.facebook.com/share/v/17fjoLGq5Y/
👍16
ဟားခါးနဲ့ ဖလမ်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြားပျက်စီး

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - ကိုအိုက်

ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က တပြိုင်နက်တည်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးဒဏ်ရာရရှိပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့နယ်၊ Zokhua နဲ့ Cinkhua ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနက် ၁ နာရီနဲ့ ၂ နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"Zokhua ရွာကို အရင် ဗုံးကြဲပြီး Cinkhua ရွာကို ဆက်ကြဲသွားတာပါ၊ Cinkhua ရွာမှာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်၊ လူနေအိမ်လည်း ပျက်စီးတယ်၊ Zokhua ရွာမှာ လူနေအိမ် ၂ လုံး ပျက်စီးသွားတယ်၊ ဗုံးကြဲခံရတဲ့ ရွာတွေမှာ ဘာတိုက်ပွဲမှ မရှိဘူး" လို့ ဟားခါးမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အလားတူ ဒီနေ့ မနက် ၁ နာရီ ၃၀ မိနစ်ခန့်မှာလည်း ဖလမ်းမြို့နယ်၊ လုမ်ဘမ်းကျေးရွာကို စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်နဲ့ ဗုံး ၈ လုံးထက်မနည်း ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

"အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်၊ လူနေအိမ်ပျက်စီးမှုတွေက အတော်များတယ်၊ ပျက်စီးမှုများတော့ လောဆယ် အရေအတွက် အသေးအစိတ်ကို မသိရသေးဘူး"လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

လက်တလောမှာ အဲဒီ ဗုံးကြဲခံရတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ နောက်ထပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး ညသန်းခေါင်အချိန်မှာ လေကြောင်းဖြင့် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့

#bbmnews #bbm #bbmtv #Hakha #Falam
https://www.facebook.com/share/p/189dGY2UuA/
👍32🤬2👎1
NUGရဲ့ ၀န်ကြီးချုပ်ရုံးက အမြဲတမ်း အတွင်း၀န် မကြည်ပြာနဲ့ ခင်ပွန်းကို အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်းထုတ်ပြန်

🟥နောက်နောင်မှာလည်း ၀န်ထမ်းတွေကို ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေး

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - Richard

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စု ၀န်ကြီးချုပ်ရုံး အမြဲတမ်း အတွင်း၀န် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်း ဦးညီညီမင်းတို့ကို အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အပေါ် အပြစ်မရှိကြောင်း ပြည်ထောင်စု ၀န်ကြီးချုပ်ရုံးက ဖေဖော်ဝါရီလ ၁၈ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်ကြည်ပြာအနေနဲ့ နောက်နောင်မှာလည်း ၀န်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံဖို့ကိုလည်း ပြင်းထန်စွာ သတိပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အမှုကို ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ ၁၈ရက်နေ့က ယာယီသမ္မတထံ တိုက်ရိုက်တိုင်ကြားခဲ့ပြီး ဒါဟာ ၀န်ကြီးချုပ်ရုံးရဲ့ ရုံးတွင်းကိစ္စ ဖြစ်နေတာကြောင့် အဖွဲ့၀င် ၅ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ကို ဒေါက်တာ ဇော်ဝေစိုးကို နို၀င်ဘာလ ၂၂ ရက်နေ့က ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးနေစဉ်အတွင်း အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ပြာကို နို၀င်ဘာလ ၂၂နေ့ ရက်စွဲနဲ့ တာ၀န်မှ ယာယီ ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ရက်နေ့ ရက်စွဲနဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ပြည်ထောင်စု၀န်ကြီးချုပ်ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာ ဒေါ်ကြည်ပြာအနေနဲ့ ၀န်ထမ်းတွေကို ပြောဆိုဆက်ဆံတာ ချိုသာမှုမရှိကြောင်း၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး တိုက်ကြားသူတွေဘက်မှ သက်သေပြနိုင်တာမရှိကြောင်း၊ ဒေါ်ကြည်ပြာတို့ဘက်မှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားတွေ၊ စာရင်းအစီရင်ခံစာတွေ တင်ပြခဲ့ကြောင်း၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာနဲ့ ပြင်ပစာရင်းစစ် တင်ပြချက်တွေအရ အဂတိလိုက်စားမှုမရှိကြောင်းတို့ကို ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေါ်ကြည်ပြာနဲ့ ဦးညီညီမင်းတို့ကို ရာထူးမှ ထုတ်ပယ်နိုင်လောက်တဲ့ အချက်တွေလည်း မတွေ့ရကြောင်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကြောင့် ဒုက္မမျိုးစုံ ခံစားနေရတဲ့အပေါ် စိတ်ဖိစီးမှုမဖြစ်အောင် နောက်နောင်မှာ ချိုသာစွာ ပြောဆိုဆက်ဆံဖို့ကို ပြင်းထန်စွာ သတိပေးထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ပုံ - လူမှုကွန်ရက်

#bbmnews #bbm #bbmtv #kyipyar #nyinyim #NUG
https://www.facebook.com/share/p/18rM3PbRkS/
👎4👍1
BNRA ရဲဘော်တွေကို လက်နက်ခဲယမ်းများ လာအပ်ရန် ယင်းမာပင်ခရိုင် ပကဖ အမိန့်ထုတ်

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - ခက်ဆစ်၊ နိုင်နိုင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ထုတ်ပြန်ပါတယ်။

BNRA က ထုတ်ပေးထားတဲ့ လက်နက်များ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ မိမိနေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်ပြီး ကိုင်ဆောင်တဲ့ လက်နက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံဖို့ အမိန့်ထုတ်ပြန်ထားတာပါ။

"စာထုတ်ရတဲ့ ရည်ရွယ်ချက်က BNRA ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်နဲ့ ပူးပေါင်းသွားပြီ ဖြစ်တဲ့အတွက် ကျန်တဲ့ရဲဘော်တွေ ၉၀ ရာခိုင်နှုန်းလောက်က ကျနော် PDF အဖွဲ့တွေနဲ့ ပူးပေါင်းလာတာရှိပါတယ်၊ ဒါပေမဲ့ တစ်ချို့တစ်လေ ရပ်ထဲရွာထဲမှာ လက်နက်တွေ တစ်လက်စ၊ နှစ်လက်စ ကျန်ခဲ့နိုင်တာရှိလို့မို့ စာထုတ်ရခြင်းဖြစ်ပါတယ်၊ ဒီလိုမျိုးလက်နက်တွေ ကျန်ခဲ့ရင် ပြည်သူတွေအတွက် စိုးရိမ်ရလို့ပါဗျ" လို့ ယင်းမာပင်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။

BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားတဲ့ လက်နက်များနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်ဆီးခြင်းတွေ မပြုလုပ်ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်ပြီး သိရှိတဲ့အခါ ပြင်းထန်စွာအရေးယူခံရမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

"လက်နက်တွေကို မအပ်ပဲနဲ့ ဆက်လက်ပြီးတော့ ကိုင်ဆောင်တာမျိုး၊ ရောင်းချတာမျိုး၊ ဖျောက်လိုက်တာမျိုးလုပ်မယ်ဆိုရင်တော့ ကျနော်တို့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဥပဒေ၊ စစ်စည်းကမ်းတွေအရပဲ အရေးယူသွားမှာပါ" လို့ ယင်းမာပင်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ဆက်ပြောပါတယ်။

သက်ဆိုင်ရာ ရပ်ကျေး/ တိုက်နယ် ပကဖ၊ ပအဖ တွေအနေနဲ့ မိမိနယ်မြေအတွင်းအခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိပါက သတင်းစကားပါပြီး ခရိုင်/မြို့နယ် ပကဖ တာဝန်ခံတွေနဲ့ ချိတ်ဆက်ပေးကြဖို့ကိုလည်း အသိပေးထားပါတယ်။

BNRA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု အပါအဝင် တခြားအမှုတွေနဲ့ တိုင်တန်းချက်တွေကို NUG အစိုးရက စုံးစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ဗိုလ်နဂါးဟာ မိသားစုတွေ ခေါ်ဆောင်ပြီး လက်နက်(၆)လက်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံ ပူးပေါင်းသွားတာလည်း ဖြစ်ပါတယ်။

အလားတူ BNRA နဲ့ စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ ကိုဖြိုးဆိုသူတွေဟာလည်း ဗိုလ်နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Photo - BNRA (ပုံဟောင်း)

#bbmnews #bbm #bbmtv #BNRA #NUG
https://www.facebook.com/share/p/18AgsXRHML/
👍6
နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး CDF - Asho ထံ ဘက်ပြောင်းအလင်းဝင်

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကနေ စစ်ကောင်စီတပ်သား ၃ ဦးဟာ ချင်းကာကွယ်ရေးတပ် CDF - Asho ထံ ဘက်ပြောင်းကာအလင်းဝင်ရောက်ခဲ့တယ်လို့ CDF - Asho ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၊ ပဇီကျေးရွာအနီးရှိ ( ၇ ) မိုင်ကုန်းစခန်းမှ ချင်းကာကွယ်ရေးတပ် - CDF - Asho ထံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အလင်းဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ် CDF - Asho ထံ အလင်းဝင်ရောက်လာကြတဲ့သူတွေမှာ တပ်သား သန့်ဇင်ဝင်း၊ တပ်သား ဟိန်းထက်အောင်၊ တပ်သား သဲဇော်အောင်တို့ ဖြစ်ကြပြီး သူတို့ ၃ ဦးမှာ အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) လက်အောက်ခံ ခမရ ၅၂၀ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာဖြစ်တဲ့ ပဇီးကျေးရွာအနီးရှိ (၇) မိုင်ကုန်းစခန်းကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ အလုပ်က နေအိမ်ကိုအပြန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ စကခ ၁၁ သင်တန်းကျောင်းကို ပို့ဆောင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

"သင်တန်းဆင်းပြီးတော့ ၂ ပတ်မြောက်မှာ ကျနော်တို့ကို ပဒါန်းနဲ့ ပဇီကျေးရွာကြား (၇) မိုင်ကုန်းကို တန်းပြီးပို့လိုက်တာပါ၊ အလင်းဝင်ရောက်လာတဲ့ အကြောင်းအရင်းကတော့ စစ်တပ်ထဲမှာ အကြီးပိုင်းတွေက အနိုင်ကျင့် ဗိုလ်ကျတဲ့အပိုင်းတွေရှိပါတယ်၊ လစာကိုလည်း အပြည့်အဝ ထုတ်ပေးတာမျိုးမရှိဘူး၊ ပြီးလို့ရှိရင် လက်ထဲမှာလည်း ကျနော်တို့ကို ငွေသားကိုင်ဆောင်ခွင့် မပေးဘူးဗျ၊ အစားအသောက်နဲ့ ပတ်သတ်ပြီးတော့လည်း အဆင်မပြေဘူး၊ အဲဒီကိစ္စတွေအကုန်လုံးနဲ့ ပတ်သက်ပြီး ဒီဘက်ကိုကျနော်တို့က အလင်းဝင်ရောက်လာတာဖြစ်ပါတယ်" လို့ အလင်းဝင်ရောက်လာတဲ့ တပ်သား သန့်ဇင်ဝင်းက ပြောပါတယ်။

စစ်ကောင်စီတပ်ထဲမှာ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ ရောက်ရှိသွားကြတဲ့ ပြည်သူ့စစ်မှုထမ်း (ပစ) တွေကိုလည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်လာကြဖို့ ဖိတ်ခေါ်တယ်လို့လည်း တပ်သား သန့်ဇော်ဝင်းက ပြောပါတယ်။

"စစ်တပ်ထဲမှာ အကြီးပိုင်းတွေက ပြည်သူ့စစ်မှုထမ်းတွေကို ထိုးကျွေးနေတာပါ၊ ခင်ဗျားတို့ သေသွားရင်တောင်မှ သူတို့က ကော်ဖီသောက်မပျက်ဘူး၊ ဆေးလိပ်သောက် မပျက်ဘူး၊ အဲဒါကြောင့်ပဲ ခင်ဗျားတို့ သူတို့အတွက်နဲ့ အသေမခံကြပါနဲ့၊ ဒါကြောင့် နီးစပ်ရာ နီးစပ်ရာ အဆက်အသွယ်တွေ လုပ်ကြပြီးတော့ အလင်းဝင်ကြပါ" လို့ တပ်သား သန့်ဇော်ဝင်းက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း နတ်ရေကန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်သား စိုင်းဟတ်ဟာ ချင်းကာကွယ်ရေးတပ် CDF-Asho ထံကို ဘက်ပြောင်းကာ အလင်းဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

#bbmnews #bbm #bbmtv #CDF #chin
https://www.facebook.com/share/p/1Gjp5ByeVp/
👍71
BNRA မှ ပြစ်မှုမရှိတဲ့တပ်ဖွဲ့ဝင်တွေကို စိတ်ဆန္ဒရှိပါက PDF ထံ ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ စီစဥ်သွားမည်ဟု NUG ဆို

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - နိုင်နိုင်

BNRA အဖွဲ့က ပြစ်မှုကျူးလွန်ထားတာမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဖြစ်စေ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကာ တိုက်ပွဲဝင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နေလည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ ဆက်စပ်နေရာတွေမှာ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အမည်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်လုပ်ဆောင်တာ၊ တပ်ဖွဲ့ဝင်တွေကို လုပ်ဆောင်စေတာ၊ တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်တာကို မျက်ကွယ်ပြုတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ NUG ကဆိုပါတယ်။

BNRA ဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တာ၊ တရားမဝင် အခွန်ဂိတ်တွေကို ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နဲ့အတူ အများပြည်သူသုံးလမ်းတွေမှာ လူအင်အား (၅၀-၁၀၀) ဝန်းကျင်နဲ့ အထိုင်စခန်း ချတာ၊ မိုင်းများထောင်တာ၊ အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပြုတာ၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း နှောင့်ယှက်တာ၊ မိမိတို့ရဲ့ စစ်ရေးအရ လှုပ်ရှားသွားလာမှုတွေကိုပါ ကန့်သတ်နှောင့်ယှက်ဖို့ကြိုးပမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် BNRA အဖွဲ့ဟာ မိမိတို့ရဲ့ ဂိတ်စခန်းတွေကို စီးနင်းတာ၊ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကိုပါ ပစ်ခတ်တာ၊ သူတို့ရဲ့ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အတွင်းကျကျ သိရှိနိုင်သူတွေကိုပါ လုပ်ကြံသတ်ဖြတ်တာတွေ ဆက်လက်ဆောင်ရွက် လာနိုင်ခြေရှိခြင်း၊ ရန်သူအကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်တာ၊ သတင်းပေးပို့တာ စတဲ့လုပ်ရပ်တွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေရှိနေတာကြောင့် NUG အနေနဲ့ ပြစ်မှုရှိတဲ့သူတွေကိုအရေးယူ ဆောင်ရွက်ရာမှာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်နဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းရာမှာ စစ်အင်အားအသုံးပြုတာကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတယ်လို့လည်း NUG က အသိပေးပါတယ်။

အဲဒီလုပ်ငန်းစဥ်တွေကို ဆောင်ရွက်ရာမှာ ပြည်သူလူထုအား ထိတ်လန့်စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက်လည်း NUG အနေနဲ့ များစွာစိတ်မကောင်း ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ BNRA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးဟာ မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိသားစုတွေ ခေါ်ဆောင်ပြီးတော့ လက်နက် (၆) လက်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံ ပူးပေါင်းသွားတာဖြစ်ပြီး သူရဲ့ တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDFနဲ့ ပကဖတွေဆီကို လာရောက် အဖမ်းခံတာတွေ၊ လာရောက် ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

ဓာတ်ပုံ - လူမှုကွန်ယက်

#bbmnews #bbm #bbmtv #BNRA #BoNagar #NUG
https://www.facebook.com/share/p/1ERdveTi3i/
👍72
ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက် ဒေသခံ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြား

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ သရက်ချိုကျေးရွာရှိ အနီးအနားနေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ ရမ်းဗြဲဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်မှာ သရက်ချိုကျေးရွာ အနီးအနားရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့နေရာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် လက်တလောအခြေအနေအရ ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားကာ နောက်ဆက်တွဲအခြေအနေတွေကို သိရှိနိုင်ဖို့ BBM က ဆက်လက် စုံစမ်းမေးမြန်းဆဲ ဖြစ်ပါတယ်။

"ဂျက် ၂ စီးနဲ့ သရက်ချိုကျေးရွာအနီးအနားကို လာချတာလို့ သိရပါတယ်။ အဲဒီနေရာတွေမှာ စစ်ဘေးရှောင်တွေလည်း များပါတယ်။ လက်ရှိသိရသလောက်တော့ ၂ ယောက်သေဆုံးတယ်လို့ ကြားပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေလည်း များပါတယ်" လို့ ရမ်းဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သရက်ချို့ကျေးရွာအနီးအနားက စစ်ဘေးရှောင်တွေမှာ စိုးရိမ်ကြောက်လန့်ကာ အခြားနေရာတွေကို ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသကို အခု ၂၀၂၆ ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေပြီး ဒေသခံတွေမှာလည်း ကြိုတင်ကာကွယ် သတိထားကြဖို့ လိုအပ်တယ်လို့လည်း လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက BBM ကို ပြောပါတယ်။

"ဒီနှစ်အစမှာ စစ်ကောင်စီတပ်က ရခိုင်ကို လေကြောင်းတိုက်ခိုက်တာ ပိုလုပ်လာပါတယ်ဗျ။ ဒီနှစ်စကနေ အခုအချိန်အထိ ဆိုရင်လေကြောင်းတိုက်ခိုက်တာ ၁၀ ကြိမ်ကျော်ပါပြီး။ ဒါကြောင့် ပြည်သူ့တွေအနေနဲ့လည်း ကာကွယ်တာတွေ လုပ်ထားသင့်ပါတယ်။ နေအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားသင့်ပါတယ်" လို့ အဆိုပါ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၇ နာရီကျော်အချိန်မှာ ကျောက်တော် - ပုဏ္ဏားကျွန်းမြို့အစပ်က ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းတွေကို ထိန်းထားတဲ့နေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦး သေဆုံးခဲ့ရပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်တော် နဲ့ မြောက်ဦးမြို့နယ်တွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး၊ ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


Photo - Social Media
#bbmnews #bbm #bbmtv #rakhine #AA
https://www.facebook.com/share/p/1BKsgi5w5T/
👍4🤬3
မင်းလက်ပံ၊ ဖလူးဒေသကို ထိုးနေတဲ့ စစ်ကြောင်းထဲမှ စကစ (၈)ဦးခန့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်သေဆုံး

🟥အဆိုပါတိုက်ခိုက်မှုတွေအတွင်း နောက်ထပ်၂၂ဦးလောက်ဒဏ်ရာရပြီးနောက် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ

BBM-ဖေဖော်ဝါရီ၁၉
သတင်း-မင်းသော်

မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံနဲ့ ဖလူးဒေသဘက်တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းထဲကမှ စကစ (၈)ဦးခန့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး နောက်ထပ်(၂၂)ဦးခန့်လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါ ဒေသတွေဆီကို စစ်ကြောင်းထိုးနေတဲ့ တပ်မ(၂၂)လက်အောက်ခံ စကစ တပ်သားတွေဟာ မင်းလက်ပံအပါ ဖလူးဒေသကိုပါ ယခုရက်ပိုင်းအတွင်း မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာတွေရှိတယ်လို့ သိရပါတယ်။

ဒီလို မြေပြင်ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက မြေပြင်ချေမှုန်းရေးသာမက အသေခံဒရုန်းတွေနဲ့ပါတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စကစ (၈)ဦးသေဆုံးသလို (၂၂)ဦးခန့်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုအတည်ပြုပြောဆိုပါတယ်။

"ဒီကောင်တွေ အနောက်တောင်ကြောဘက်တက်လာတာလေ တက်လာတော့ လမ်းပေါ်မယ် ဆက်သွယ်ရေးမြောင်းထဲမှာ ရတာ၊ ဆက်သွယ်ရေးမြောင်းကော၊ ဒရုန်းကြဲတာကော၊ ကာမီကာဇေတိုက်တာကော အဲ့မှာသေကြတာ "

ဒီလိုအထိနာသွားတာကြောင့်ပဲ အဆိုပါစစ်ကြောင်းတွေအနေနဲ့ မင်းလက်ပံနဲ့ ဖလူးဘက်ကို စစ်ကြောင်းထိုးတာ ခေတ္တရပ်တန့်သွားတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ အထိနာသွားတဲ့စစ်တပ်ဟာ လေကြောင်းမှတဆင့် ဖလူးဒေသကို ဗုံးကြဲချကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတယ်လို့လည်း သိရပါတယ်။

အဆိုပါလေကြောင်းဗုံးကြဲပြီးတဲ့နောက် မြေပြင်စစ်ကြောင်းတွေကလည်း ထပ်မံတိုးဝင်လာတာတွေပြုလုပ်နေတာကြောင့် တိုက်ပွဲတွေဘက်ရှိအချိန်ထိ ဖြစ်ပွါးနေရတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

"ဖလူးကိုလေယာဥ်ကြဲတာဟုတ်တယ်နော်၊ ဒီကောင်တွေ စစ်ကြောင်းထိုးဖို့ အရင်ဆုံး လေယာဥ်နဲ့ ချိန်နေတာနေမှာ ဟိုတနေ့က သူတို့ ၂၂ ယောက်လောက်ထိပြီး ၈ယောက်လောက်သေထားတာလေ စတိုးကြည့်ကြည့်တာလေ သူတို့ အဲ့တာကြောင့်မို့ အရင်ဆုံးလေယာဥ်နဲ့ကြဲပြီးတော့မှ တိုးကြည့်ကြည့်ဖို့နေမှာ၊တိုက်ပွဲတွေကတော့ ချတော့ချနေကြတာပဲ ပုံမှန်ပဲ"

အဆိုပါမင်းလက်ပံနဲ့ ဖလူးဒေသဘက်တွေသာမက စစ်ကောင်စီဗျူဟာကုန်းရှိရာ ဝေါလေတပ်စခန်းဘက်တွေမှာလည်း စကစနဲ့တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #myawaddy #Karen #KNLA
https://www.facebook.com/share/p/19x1kUo2oX/
👍4
မကြည်ပြာအမှုမှာ NUGရဲ့ထုတ်ပြန်ချက်ကြောင့် တက္ကသိုလ်၀င်ခွင့် ခေါ်ယူမှုတွေ ယာယီရပ်ဆိုင်း

🟥အဆိုပါပြဿနာ ကျေလည်မှုမရမချင်း ရပ်ဆိုင်းမည်ဖြစ်ပြီး CDM၀န်ထမ်းများနှင့်အတူ တသားတည်းရပ်တည်

BBM-ဖေဖော်ဝါရီ၁၉
သတင်း-မင်းသော်

မကြည်ပြာအမှုအပေါ် NUG ရဲ့ထုတ်ပြန်ပြောဆိုချက်တွေဟာ ယုံကြည်ဖွယ်ရာ မရှိတာကြောင့် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွေကို အဆိုပါပြဿနာ ကျေလည်မှုမရမချင်း ရပ်ဆိုင်းမည်
ဖြစ်ပြီး CDM၀န်ထမ်းများနဲ့အတူ တသားတည်းရပ်တည်တယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

NUG ဝန်ကြီးချုပ်ရုံးက မကြည်ပြာအမှုနဲ့ပတ်သတ်ပြီး ဖေဖော်ဝါရီလ ၁၈ရက် ရက်စွဲပါ အမိန့်အမှတ်(၁၅/၂၀၂၆)နဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဟာ အလွန်တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အပြင် အားကိုးယုံကြည်ရတဲ့ အစိုးရအပေါ် စိတ်ပျက်စေတဲ့အခြေအနေမျိုးဖြစ်ပေါ်စေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါအမှုနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ ယုံကြည်စရာမရှိတာကြောင့် ကျူးလွန်ခံရတဲ့ CDM ဝန်ထမ်းများနဲ့အတူရပ်တည်ပြီး NUG အစိုးရခေါင်းစဥ်အောက်က ဆောင်ရွက်နေတဲ့ တက္ကသိုလ်ဝင်ခွင့် (စတုတ္တအကြိမ်)ခေါ်ဆိုခြင်းကို တစ်စုံတစ်ရာကျေလည်မှုမရမချင်းရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

NUG အနေဖြင့် တိုင်တန်းချက်အတွက် စုံစမ်းစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေ၊ သက်သေခံချက်တွေကို အများပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ စုံစမ်းစစ်ဆေးမှုဖြစ်စဉ်မှာလိုအပ်ချက်များရှိရင်လည်း တရားသဖြင့် ပြန်လည်စစ်ဆေးပေးရန်အတွက်လည်း တောင်းဆိုတယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြတဲ့ ကျောင်းသား/သူများအကြား
နစ်နာမှုဖြစ်နိုင်ကြောင်းကို သိရှိပေမဲ့ မတရားမှုကို ဆန့်ကျင်နေတဲ့ CDM ဝန်ထမ်းရပ်ဝန်း ဖြစ်
တဲ့အတွက်၎င်းတို့၏ရပ်တည်ချက်ကို နားလည်ပေးစေလိုတယ်လို့ NUG ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/p/1GGdmMRhBB/
👍7
ပုလောမြို့နယ်၊ တောင်ခေါင်းလောင်းရွာမှာရှိတဲ့စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် ၊တောင်ခေါင်းလောင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ထုတ်ပြန် ကြေငြာထားပါတယ်။

ဖေဖော်ဝါရီလ ၁၉ရက်နေ့ မနက် ၅နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အင်အား ၂၇ယောက် တပ်စွဲထားတဲ့ အဆိုပါစခန်းကို ဒရုန်းနဲ့ 8kg ဗုံး ၃ လုံးကြဲချတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီရေတပ်မှလည်း မနက် ၇နာရီခန့်မှာ လက်နက်ကြီး ၇ လုံးခန့်ပစ်ကူပေးခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လေတပ်မှလည်း Jet fighter နဲ့ နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့ အထိအခိုက်မရှိလို့ သိရပါတယ်။

တောင်ခေါင်းလောင်းရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိမှုအနေနဲ့ ၆၀ မမ တာဝေးပစ် ဗုံးသီး ၁၀လုံးနဲ့ အီနာဂါ ၂လုံး သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ တောင်ခေါင်းလောင်း ရွာစခန်းသိမ်းတိုက်ပွဲကို ကေအဲန်ယူ တပ်မဟာ ၄ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ DNLA ရဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ လည်းသိရပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ အတွက် စစ်ကောင်စီကို အခွင့်ရေးရတိုင်းတိုက်ခိုက်မှု တွေ ပြုလုပ်နေမှာဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေရဲ့အနီးအနားမှာ မနေကြရန် ကေအဲန်ယူ တပ်မဟာ ၄
အထူးတပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ - ကေအဲန်ယူ တပ်မဟာ ၄
အထူးတပ်ဖွဲ့

#bbmnews #bbm #bbmtv #pulaw #KNU #DNLA
https://www.facebook.com/share/v/1C3R8CjWZt/
👍5
အမေရိကန်စစ်တပ်က အခုသီတင်းပတ်ကုန်မှာ အီရန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း ထရမ့်က နောက်ဆုံးဆုံးဖြတ်ချက် မချရသေးဟု သတင်းရင်းမြစ်များ ပြောကြား

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - Richard

အမေရိကန်စစ်တပ်က အခုသီတင်းပတ်ကုန်မှာ အီရန်ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပေမဲ့ သမ္မတဒေါ်နယ်ထရမ့်က နောက်ဆုံးဆုံးဖြတ်ချက် မချရသေးကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေက CNN ကို ပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်တွေအတွင်းက အမေရိကန် စစ်တပ်ဟာ အရှေ့အလယ်ပိုင်းမှာ လေကြောင်းနဲ့ ရေတပ်စစ်ရေးအင်အားတွေ သိသိသာသာ စုဆောင်းပြီးနောက် အခုသီတင်းပတ်ကုန်မှာ စစ်ရေးအရ အရေးယူဖို့ အသင့်ဖြစ်နေနိုင်ကြောင်း အိမ်ဖြူတော်ကို အသိပေးခဲ့ကြောင်း
သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ဟာ အဆိုပါလုပ်ရပ်ကို ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြောင့် အကြံပေးတွေနဲ့ မဟာမိတ်တွေကို အကြံဥာဏ်တောင်း မေးမြန်းခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့က အီရန်နိုင်ငံရဲ့ အခြေအနေကို ဆွေးနွေးဖို့ ထိပ်တန်းအစိုးရရဲ့ အမျိုးသားလုံခြုံရေးအရာရှိတွေက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ထရမ့်ကို အထူးသံတမန် Steve Witkoff နဲ့ ထရမ့်ရဲ့ သားမက် Jared Kushner တို့က ဖေဖော်ဝါရီလ ၁၈ရက်နေ့က အီရန်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေ အကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်က လာမယ့် သီတင်းပတ်ကုန်မှာ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန်ဟာ လာမယ့် သီတင်းပတ်ကုန်မှာ အီရန်ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ သတင်းကို BBCရဲ့ မိတ်ဖက်သတင်းဌာန CBS News မှ ပထမဆုံး ဖော်ပြခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၇ရက် အင်္ဂါနေ့က ဂျီနီဗာမှာပြုလုပ်ခဲ့တဲ့ သွယ်ဝိုက်ဆွေးနွေးမှုတွေအတွင်း အီရန်နဲ့ အမေရိကန် ညှိနှိုင်းရေးမှူးတွေဟာ သုံးနာရီခွဲကြာ ဆွေးနွေခဲ့ကြပေမဲ့ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူးက နှစ်ဖက်စလုံးဟာ ဆွေးနွေးမှုကို သဘောတူညီခဲ့ကြတယ်လို့ ပြောကြားခဲ့ပေမဲ့ အမေရိကန်အရာရှိတစ်ဦးက “ဆွေးနွေးဖို့ အသေးစိတ်အချက်အလက်များစွာ ရှိနေသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က အီရန်ဟာ ညှိနှိုင်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို “လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း” ပေးအပ်ဖို့ မျှော်လင့်ရကြောင်း ဖေဖော်ဝါရီဘ ၈ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပေမဲ့ ထရမ့်ဟာ အဆိုပါ ကာလအတွင်း စစ်ရေးအရအရေးယူမှုကို ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူးဆိုတာကို ပြောကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံပြီး အီရန်ဆွေးနွေးပွဲ တွေအကြောင်း အသိပေးရန်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးသို့ သွားရောက်ဖို့ မျှော်လင့်ရကြောင်း နိုင်ငံခြားရေးဌာနအရာရှိတစ်ဦးက CNN ကို ဖေဖော်ဝါရီလ ၁၈ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

Reference - CNN World

#bbmnews #bbm #bbmtv #CNN #MarcoRubio #BenjaminNetanyahu
https://www.facebook.com/share/p/1JT9GKxE3i/
👍4
ဂန့်ဂေါမြို့ စစ်ကောင်စီအမြောက်တပ်မှ တပ်သား ၁ ဦးလက်နက်ခဲယမ်းများနဲ့ အလင်းဝင်

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၃၇၁ အမြောက်တပ်မှ တပ်သား တစ်ဦးက ယောတော်လှန်ရေးတပ်-YRA ထီးလင်းထံသို့ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ယောအလင်းတန်းက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်မှာ အမတ ၃၇၁ မှ တပ်သား သန့်ဇင်အောင် ဟာ MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၇၀ ‌တောင့်တို့နဲ့အတူ ထွက်ပြေးလာပြီး YRA ထီးလင်းထံသို့ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တပ်သား သန့်ဇင်အောင်ဟာ အလင်းဝင်ရောက်နိုင်ဖို့ ပြည်သူ့တော်လှန်ရေးအဖွဲ့များနဲ့ ကြိုတင်ချိတ်ဆက်မှု မရှိခဲ့ဘဲ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြည့်ဝ အမြောက်တပ်(၃၇၁)မှ စထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုတင်ချိတ်ဆက်မှု မရှိတာကြောင့် လမ်းခရီးမှာ ၅ ရက်ကြာမြင့်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာမှ ပြည်သူ့တော်လှန်ရေး ခရိုင်တပ်ရင်းတခုဖြစ်တဲ့ YRA ထီးလင်းအဖွဲ့ရဲ့ တပ်စခန်းတခုကို ရောက်ရှိအလင်းဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - ယောအလင်းတန်း

#bbmnews #bbm #bbmtv #Magway #Gangaw
https://www.facebook.com/share/p/1B7xwuKuJb/
👍5
နဂါး စကစနဲ့ ပူးပေါင်းသွားပြီးနောက် ပုလဲမြို့နယ်မှာ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ကျော်နဲ့ စစ်တပ်စစ်ကြောင်းထိုးနေ

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - နိုင်နိုင်

နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနက်ပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ ပုလဲမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာကို MI-17 ရဟတ်ယာဉ်နဲ့ ၁၀ ကြိမ် အင်အား ၂၀၀ ခန့် ပို့ဆောင်လိုက်တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးကိုလည်း ခြောက်ဘီးကား ၆ စီးနဲ့ အင်အား ၁၀၀ ကျော် ထပ်မံပို့ဆောင်လိုက်တာဖြစ်ပြီး အဲဒီစစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ပုလဲမြို့ပေါ်ကို ဦးတည်ကာ စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

"ပုလဲမြို့နယ်အတွင်းကို အင်အား ၂၀၀ ခန့် ပို့လိုက်ပါတယ်၊ MI - 17 ရဟတ်ယာဥ်နဲ့ ၁၀ ကြိမ်ပို့လိုက်တာပါ၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဝမ်ပေါင်ကိုတော့ ခြောက်ဘီးကား ၆ စီးနဲ့ အင်အား ၁၀၀ ကျော်ခန့် ပို့လိုက်ပါတယ်ဗျ၊ အဲဒီစစ်ကြောင်း ၂ ကြောင်းလုံးက ပုလဲမြို့နယ်အတွင်းကို ဦးတည်ပြီးတော့ ထိုးနေပါတယ်၊ ပြည်သူတွေကတော့ ဘေးလွတ်ရာနေရာတွေကို ရှောင်ရှားနေရပါတယ်" လို့ ယင်းမာပင်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ပုလဲမြို့နယ်က မြကုန်း၊ ကုက္ကိုကုန်း၊ စေတီယုံ၊ နွယ်ရှောက်၊ ဇောင်ချမ်းကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေမှာ နီးစပ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာတွေ မရှိသေးဘူးဗျ၊ အဲဒီစစ်ကြောင်းတွေကြောင့်ပဲ ပုလဲမြို့အနီးက ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်" လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

အခုနှစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့၊ မနက်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ဟာ BNRA စခန်းတွေကို ဝင်ရောက်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နဂါးဦးဆောင်တဲ့ BNRA တပ်က တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ ပူးပေါင်းခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေက နဂါးကို ဖမ်းဆီးဖို့ ပြုလုပ်နေချိန်အတွင်းမှာပဲ စစ်ကောင်စီတပ်က နဂါးနဲ့ သူရဲ့မိသားစုဝင် ၂၀ ခန့်ကို ပုလဲမြို့အနီးရှိ သေတ္တရာကျေးရွာကနေ MI - 17 ရဟတ်ယာဥ် ၂ စီးနဲ့ ခေါ်ထုတ်သွားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က BNRA တပ်စခန်းတွေ အကုန်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ရဲဘော်တွေအနေနဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံကြဖို့ ယင်းမာပင်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) က မနေ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြောဆိုထားပါတယ်။

အလားတူ ပြစ်မှုကျူးလွန်သူတွေကိုလည်း ဥပဒေအရ အရေးယူသွားမှာဖြစ်သလို ပြစ်မှုကျူးလွန်တာမရှိသူတွေအနေနဲ့လည်း စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဖြစ်စေ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကာ တိုက်ပွဲဝင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေလည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ - ပုံဟောင်း

#bbmnews #bbm #bbmtv #BoNagar #Pale
https://www.facebook.com/share/p/1BmQMAQHKK/
👍8
ကလေးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အင်အား ဆက်တိုက်ဖြည့်တင်း

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ လေကြောင်းနဲ့ အင်အား ဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

ကလေးမြို့၊ လေ့ကျင့်ရေးတပ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မန္တလေးတိုင်း၊ တံတားဦး လေတပ်မှ ဆင်းသက်လာတဲ့ ရဟတ်ယာဥ်နဲ့ တပ်အင်အား (၁၀၀) နီးပါးကို ဖြည့်တင်းသွားတယ်လို့ သိရပါတယ်။

"လေဆိပ်မှာ အင်အား ၁၀၀ လောက်ချသွားပြီး Sinotruck ကား (၃)စီးစာ အပြည့်နဲ့ စစ်ကောင်စီတပ်တွေက လေ့ကျင့်ရေးကျောင်းကို ခေါ်သွားပါတယ်၊ သင်တန်းဆင်း ရဲဘော်တွေလို့ ကြားတယ်"လို့ ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း လေယာဥ်နဲ့ လူအင်အားတွေအပြင် လက်နက်ခဲယမ်းတွေကိုလည်း ဆက်တိုက်ဖြည်းတင်းနေတယ်လို့ သိရပါတယ်။

"ညဘက် လေယာဥ်ဆင်းပြီးဆိုရင် စစ်တပ် လေယာဥ်ပဲ၊ သူတို့က ညဘက်မှ လာတာများတယ်၊ တခါလာပြီဆိုရင် စစ်ကား ၃ စီး၊ ၄ စီးနဲ့ သယ်သယ်သွားတယ်၊ စစ်ကားအပြည့်ပဲ၊ ဒစက၊ လေ့ကျင့်ရေးတပ်ဘက်ကို မောင်းမောင်းသွားတယ်"လို့ နောက်ထပ် ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်းမှာ ကလေးမြို့ကနေ အသုံးပြုတာကြောင့် အခုလို တပ်အင်အားတွေ ဖြည့်တင်းနေတာဖြစ်တယ်လို့ ကလေးစစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

"တီးတိန်၊ ဖလမ်းဘက် စစ်ကြောင်းမှာ အသုံးပြုဖို့ ကလေးမြို့မှာ အင်အားဖြည့်တင်းတဲ့ သဘောပါ၊ လက်ရှိ ချင်းပြည်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးတဲ့ စစစ်ကောင်စီတပ်ဟာ ကလေးမြို့ကဖြစ်ပါတယ်၊ ချင်းမြောက်ပိုင်းမှာ အရေးနိမ့် ထိခိုက်သေဆုံးမှုများပြီး ထပ်မံ အင်အားဖြည့်တင်းနိုင်ဖို့ ကလေးမှာ အင်အားချသွားတာပါ"လို့ ကလေးမြို့နယ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နဲ့ ကလေး-သိုင်းငင်း လမ်းတို့ကို ပြန်လည်သိမ်းပိုက်ရေး ၂၀၂၅ ခုနှစ် အောက်တိုဘာမှစပြီး ကလေးမြို့ကနေ ကလေး-ဝေဘူလ- ဖလမ်းနဲ့ ကလေး-သိုင်းငင်း-ဖလမ်း စစ်ကြောင်းထိုးနေတာပါ။

ကလေး-သိုင်းငင်း လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပေမဲ့ ဖလမ်းမြို့ကို ထိုးစစ်ဆင်ရာ လမ်းတလျှောက် စစ်ကောင်စီတပ်ဟာ ချင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြီး ၅ လနီးပါးကြာထိ မသိမ်းနိုင်သေးပါဘူး။

ဓာတ်ပုံ-လူမှုကွန်ရက်

#bbmnews #bbm #bbmtv #Kalay #Sagaing
https://www.facebook.com/share/p/18GbbLRkvf/
👎3👍2