3.89K subscribers
1.68K photos
186 videos
165 links
Breaking Brainwashed Media
Download Telegram
😭20❤1👎1🫡1
နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းအနီးမှာ AAနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ဒရုန်းတိုက်ပွဲတွေ ပြင်းထန်နေ

BBM - သြဂုတ် ၂၃
သတင်း - နိုင်နိုင်

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ ရခိုင်ရိုးမတောင်ကုန်းပေါ်မှာ တည်ရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက် ဒရုန်းတွေတိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ နတ်ရေကန်ဗျူဟာကုန်းအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမှုတွေရှိလာနေပြီး ဒရုန်းတွေနဲ့ အာရက္ခတပ်တော် AA ရှိတဲ့နေရာတွေကို ပိုမိုတိုက်ခိုက်လာနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အာရက္ခတပ်တော် AA က စနိုက်ဘာ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

"အခုက ဒရုန်းတွေနဲ့ပဲ တိုက်ခိုက်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ဒရုန်းလာချလိုက်၊ AA ကလည်း သွားချလိုက် အဲလိုမျိုးဖြစ်နေပါတယ်။ လက်နက်ကြီးတွေကလည်း ပစ်မှတ်ကိုလွှဲတာမျိုးရှိတော့ အခုက နှစ်ဖက်တပ်တွေ ဒရုန်းကို ပိုအသုံးပြုလာကြတာပါ" လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရာသီဥတုအခြေအနေကြောင့် မိုးများလာလျှင် နှစ်ဖက်တပ်တွေက ဒရုန်းတိုက်ခိုက်မှုတွေ ငြိမ်နေပေမယ့်လည်း နေပူလာလျှင် ပိုပြီးအသုံးများ တိုက်ခိုက်ကြတယ်လို့လည်း သိရပါတယ်။

အမြင့်ပေ ၅ ထောင်ကျော်မှာ တည်ဆောက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗျူဟာကုန်းနဲ့ ၁ မိုင်ခန့်အကွာက နတ်ရေကန် MPT တာဝါတိုင် ကာကင်းစခန်းကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ကံမြင့်ကန်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း စခန်းတွေနဲ့ မထုံးကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီအနီးအနားမှာ နတ်ရေကန်ဗျူဟာကုန်းစခန်းတစ်ခုသာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် နတ်ရေကန်ဗျူဟာကုန်း မကျရေးအတွက် စစ်ကောင်စီဟာ အဆိုပါဗျူဟာကုန်းကို စစ်အင်အားတွေ၊ လက်နက်ခဲယမ်းရိက္ခာတွေ အဆက်မပြတ်ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

"နတ်ရေကန်ဗျူဟာကုန်းကို AA က ရသွားရင် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူသွားပါမယ်။ ကပစ ၁၄ တို့၊ ကပစ ၂၀ တို့အတွက် စိုးရိမ်စရာတွေ ဖြစ်လာမယ် " လို့လည်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကောင်စီရဲ့ တပ်မ ၈၈၊ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေ အပါအဝင် ပြည်သူ့စစ်မှုထမ်းတပ်သားတွေကိုလည်း အင်အားရာနဲ့ချီဖြည့်တင်းထားပါတယ်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ ငဖဲမြို့နယ်အတွင်းရှိ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၁၄) နဲ့ စေတုတ္တရာမြို့နယ်ရှိ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၀) တို့ဟာ ၁၅ မိုင်ကျော်ကွာဝေးတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
👍13❤7
👍11🖕6❤2
လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို ရေတာရှည်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

🟥အဆိုပါရဲဘော်နဲ့အတူပါတဲ့ ပြည်သူတစ်ဦးလည်း အရှင်ဖမ်းခံခဲ့ရပြီး နောက်ဆက်တွဲ အဖြစ်ပြည်သူ(၅)ဦးထပ်မံဖမ်းခံရ

BBM-သြဂုတ်၂၃
သတင်း-နွေးသစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲမှာ လက်နက်၊ခဲယမ်း သယ်ဆောင်လာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းနဲ့အတူပါလာတဲ့ ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နယ်ခံစစ်ရေးသတင်းရင်းမြစ်အချို့အရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းက တောင်ငူခရိုင် တပ်ရင်း(၃၅၀၁) မှ ရဲဘော်ကိုစိုးကြီးဟာ လက်နက်၊ ခဲယမ်းသယ်ဆောင်ရန်အတွက် ရေတာရှည်မြို့နယ်ကိုထွက်ခွါခဲ့ပြီး လက်နက်သယ်ပြီးအပြန် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

" ကိုစိုးကြီး ထွက်သွားတာကတော့ မနက် အစောထဲကထွက်သွားတာ၊ နေ့လည်၁၂လောက်ကျ ဟိုဘက်ကမ်းက errorတက်ပြီလို့လှမ်းသတင်းပို့လာတယ်၊ ကျသွားတာကတော့ခွေးchannelကတင်မှcomfirmသွားတာပါ"ဟု ဒေသခံရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။

အဆိုပါ သြဂုတ်လ(၂၁)ရက်နေ့မနက်ကတည်းက စစ်ကောင်စီတပ်သားတွေအနေနဲ့ကြိုတင်သတင်းရထားတာကြောင့် အိမ်စီးကားဖြင့် စောင့်ဆိုင်းနေခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

"သူတို့ထွက်လာကတည်းက သတင်းကြိုရတာလို့ကြားတယ်။အိမ်စီးကားနဲ့ကို စောင့်ပြီးဖမ်းတာ။လမ်းကြောင်း သိပ်မကောင်းသေးတာကို ကိုစိုးကြီးလည်းသိတယ်။ရအောင်ဖြတ်မယ်ဆိုပြီး ဖြတ်ရင်းက ခုလို ဖြစ်တာပဲ "

ဒါ့အပြင် ကိုစိုးကြီးနဲ့အတူလိုက်ပါကူညီဆောင်ရွက်ပေးသူ ကိုရွှေအောင်ကိုလည်း စစ်တပ်မှအရှင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးမှုတွေဆက်လက်လုပ်ဆောင်နေတာ အခုဆို ပြည်သူ(၅)ဦးခန့်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

"ဒီဖြစ်စဥ်ဖြစ်​ပြီးမှနောက်ဆက်တွဲစစ်ဆေးမှုတွေလုပ်ရင်း (၅)ယောက် ထပ်ပြီး စစ်တပ်ကဖမ်းသွားတယ်လို့ ကြားတယ်၊ ဘယ်သူတွေလဲတော့ခုလက်ရှိထိ အတည်မပြုနိုင်ပါသေးဘူး ကျနော်တို့လည်းသတင်းပြန်လိုက်နေတုန်းပဲရှိသေးတယ်" လို့လည်းနီးစပ်သူတစ်ဦးကဆိုပါတယ်။

အဆိုပါ ဖြစ်စဥ်အတွင်း စစ်တပ်ဘက်မှ ကိုစိုးကြီးသယ်ဆောင်လာတဲ့ ကာဘိုင်နှစ်လက်၊FCG 9 လက်လုပ်တစ်လက်၊ M16(MBUS PRO)2လက်၊အီနာဂါ ဗုံးသီး ၁၂လုံး၊ PDF ယူနီဖောင်း ၆စုံ ၊ 5.56 ကျည် ၁၂၀ဝ တောင့်၊ ကာဘိုင်ကျည် ၂၀၀တောင့်၊AK ကျည် ၂၁၈ တောင့် တို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့ ၎င်းတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေထံမှ သိရပါတယ်။

ဒါ့အပြင် စစ်တပ်မှ လမ်းကြောင်းစောင့်ကြည့်ပေးသူတွေနဲ့ကူ​ညီပေးတဲ့အရပ်သားပြည်သူတွေကိုလည်းနောက်ကြောင်းလိုက်ပြီးလိုက်လံဖမ်းဆီးနေတာမျိုးတွေ၊ အသွင်ယူထောက်လှမ်းနေတာမျိုးတွေ၊ အိမ်စီးကားတွေနဲ့စောင့်ကြည့်နေတာမျိုးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးပြောဆိုမှုတွေရှိနေပါတယ်။
😢9👎4❤3🤬2
😢13👎6😨2🫡1
စကစ ကသိမ်းပိုက်နိုင်ပြီလို့ဝါဒဖြန့်နေတဲ့ ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါး

🟥စကစပုံတင်ထားတဲ့နေရာတွေဟာ အရင်ကတည်းက လက်နက်ကြီးအန္တရာယ်ကြောင့် ပြည်သူတွေနေထိုင်မှုမရှိ

BBM-သြဂုတ်၂၃
သတင်း-မင်းသော်

စစ်ကောင်စီက သိမ်းပိုက်နိုင်ပြီလို့ ဝါဒဖြန့်နေတဲ့ ဒီးမော့ဆို မြို့ထဲ တော်လှန်ရေးတပ်ဖွဲ့များနဲ့ စကစ တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေတဲ့အပြင် စကစ တယ်လီဂရမ်ချန်နယ်တွေမှ တင်ထားတဲ့ ဒီးမော့ဆိုကိုသိမ်းပိုက်နိုင်ပြီဆိုပြီး ကြေငြာထားတဲ့နေရာတွေဟာ အရင်ကတည်းက ပြည်သူတွေနေထိုင်ခြင်းမရှိတဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ဒီးမော့ဆိုမြို့ကို သြဂုတ်လ အစောပိုင်းအတွင်း ပအိုဝ်ပြည်သူ့စစ်(PNO/PNA)ရဲ့အကူအညီနဲ့ စတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး သြဂုတ်လ(၁၉)ရက်နေ့မှာတော့ ဒီးမော့ဆိုကိုရပြီဆိုပြီး စစ်တပ်ထိန်းချုပ်မှု တယ်လီဂရမ်တွေကနေ ဓာတ်ပုံနဲ့တကွ တင်လာခဲ့တာပဲ ဖြစ်ပါတယ်။

" သူတို့ဓာတ်ပုံတင်တဲ့နေရာတွေက အစောကတည်းက လက်နက်ကြီးအန္တရာယ်ကြောင့် ပြည်သူတွေကိုနေထိုင်ခွင့်မပေးထားတဲ့နေရာတွေ၊ အရှေ့ခြမ်းဘက်ပေါ့၊ အဲ့နေရာတွေကို တိုးပြီး ဓာတ်ပုံဝင်ရိုက်တဲ့သဘောပါ ၊ သပိတ်ကျဥ်းလိုပေါ့" ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

ဒီးမော့ဆိုမြို့ကိုတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးတဲ့နောက် ငွေတောင်ရှိ ခလရ(၁၀၂)နဲ့ ခမရ(၄၂၇) တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်လေ့ရှိတာကြောင့် ပြည်သူတွေဟာ လက်နက်ကြီးအလှမ်းဝေးရာ ဒီးမော့ဆို အနောက်ခြမ်းဘက်မှာသာ အဓိကနေထိုင်
တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝင်ရောက်နေရာယူထားတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းထဲ တော်လှန်ရေးအင်အားစုဘက်ကကာကင်းစခန်းအနည်းငယ်သာရှိပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်ပွါးတယ်လို့လည်း အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

"ဒီးမော့ဆို အရှေ့ခြမ်းကနေ မြို့ထဲ ကိုဝင်ထိုးတယ် ပြီးတော့တိုက်ပွဲလည်းဖြစ်နေတုန်းပါပဲ၊ လေယာဥ်တွေလည်း အမြဲလာနေတာ"

စစ်ကောင်စီအနေနဲ့ ဒီးမော့ဆိုမြို့ကို မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့တို့မှ အဓိက စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး အဆိုပါစစ်ကြောင်းအတွင်း PNO နဲ့ စစ်မှုထမ်းဆင်းတပ်သားတွေအမြောက်အများပါဝင်တယ်လို့လည်း သိရပါတယ်။
🥰10👎2👍1
🖕6👎3
ဘူးသီးတောင်မြို့နယ်က ရွာသား ၆၀၀ ကျော် အသတ်ခံရခြင်းဟာ စွပ်စွဲချက် သပ်သပ်သာဖြစ်တယ်လို့ အစ္စလာမ်ဘာသာဝင် အကြီးအကဲတွေဆို

BBM - သြဂုတ် ၂၃
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာက မွတ်ဆလင်ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းဟာ စွပ်စွဲချက်သပ်သပ်သာ ဖြစ်တယ်လို့ မောင်တောခရိုင် အစ္စလာမ်ဘာသာဝင်အကြီးအကဲတွေက ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၂/၃ ရက်နေ့မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေဟာ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရာနဲ့ချီသေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြွင်းကျန် အရိုးစုတွေကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့တဲ့ ရွာသား ၆၀၀ ကျော်ရဲ့ အရိုးစုတွေဖြစ်တယ်လို့ ပြည်ပရောက် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ပြောဆိုချက်ဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ မောင်တောခရိုင် အစ္စလာမ်ဘာသာဝင်အကြီးအကဲ မာမတ်အီနုစ် ပြောပါတယ်။

"ထုတ်ပြန်ချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထန်းရှောက်ခံကျေးရွာမှာ အာရက္ခတပ်တော်က လူ ၆၀၀ ကျော်သတ်ဖြတ်ခဲ့တယ် ဆိုတဲ့အရာက ပြည်ပရောက် သူတွေက လိမ်လည်ပြီးတော့ လုပ်ဆောင်နေကြတာပါ။ အဲဒီလို လုပ်ဆောင်တာဟာ ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့ ရခိုင်၊ မွတ်ဆလင်လူမျိုးရေး သဟဇာတ ဖြစ်နေတာတွေကိုလည်း အဲဒီအကြောင်းအရာတွေကြောင့် ဆုတ်ယုတ်မှုတွေဖြစ်စေပါတယ်။

ဒါကြောင့် ဒီလိုထုတ်ပြန်လိုက်တာဟာ ကျနော်တို့လူမျိုး တစ်မျိုးနဲ့ တစ်မျိုးယုံကြည်မှု ကျဆင်းမသွားအောင်နဲ့ သဟဇာတ ဖြစ်နေတာတွေကိုလည်း မပျက်ပြေဖို့အတွက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်" လို့ အစ္စလာမ်ဘာသာဝင်အကြီးအကဲ မာမတ်အီနုစ်က ဆက်ပြောပါတယ်။

အခုလို ပြည်ပရောက်မွတ်ဆလင်အရေးတက်ကြွလှုပ်ရားသူတွေရဲ့ လုပ်ကြံဖန်တီးစွပ်စွဲမှုဟာ ဒေသအတွင်းက ရခိုင်လူမျိုးနဲ့ မွတ်ဆလင်လူမျိုးတွေအကြား သဟဇာတဖြစ်စေရေးနဲ့ အတူယှဥ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံသာမက အမုန်းအာဃာတတွေ၊ အထင်အမြင်လွဲမှားမှုတွေ ၊ မယုံကြည်မှုတွေကိုသာ ဖြစ်ပေါ်စေပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးနှစ်မျိုးကို မသင့်မြတ်အောင် ရန်တိုက်ပေးနေတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေခြုံကိုယ်ကျိုးရှာ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ ဘက်လိုက်တဲ့သတင်းဌာနတွေတစ်ချို့နဲ့ စစ်ကောင်စီတပ်က ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံဝါဒဖြန့်ချီမှုသာဖြစ်ပြီး အဲဒီလုပ်ရပ်တွေကို မောင်တောခရိုင် မွတ်ဆလင်ဘာသာဝင် အကြီးအကဲတွေအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတယ်လို့လည်း ပြောဆိုထားပါတယ်။

"ပြင်ပရောက်နေတဲ့ အရည်ခြုံကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေက ကျနော်တို့စည်းလုံးညီညွှတ်နေတာကို သူတို့ကပြိုပျက်ဖို့အတွက် လုပ်နေတာတွေကိုလည်း ကန့်ကွက်ပါတယ်။ မဖြစ်ခဲ့တဲ့အရာတွေကိုလည်း သူတို့ကချဲ့ကားပြီးတော့ ပြောနေတာတွေကို ကျနော်တို့ အကုန်လုံးစုပေါင်းပြီးတော့ ကန့်ကွက် ရှုတ်ချဖို့အတွက် ကျနော်တို့ထုတ်ပြန်ရတာ ဖြစ်ပါတယ်" လို့ အစ္စလာမ်ဘာသာဝင်အကြီးအကဲ မာမတ်အီနုစ်က ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ စစ်ကောင်စီရဲ့(လဝက) လူဦးရေစာရင်းအရ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ အိမ်ခြေ (၁၁၄) ဆောင်၊ လူဦးရေ ၉၃၃ ဦး ရှိခဲ့ပါတယ်။

လက်ရှိမှာ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်သူ လူဦးရေ ၇၉၀ ဦး၊ ပြည်ပထွက်သွားတဲ့သူဦးရေ ၁၃၈ ဦး ရှိပြီး ကျေးရွာသား ၆၀၀ ကျော်အသတ်ခံရတဲ့ ဆိုတာဟာ ယုတ္တိမရှိမှားယွင်းတဲ့ သတင်းအချက်အလက်တွေသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုထုတ်ပြန်ချက်ကို မောင်တောခရိုင်အတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြို့မိမြို့ဖ တက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်ခေါင်းဆောင်တွေ စုပေါင်းပြီး လူဦးရေ ၁၆၀ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
#BBM #News #UpdateNews #Rakhine #Islam
👍5
👍8
အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်ရှိ စကစလက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

BBM-သြဂုတ်၂၄
သတင်း-ဦးထွန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက်ရှိ စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ယမန်နေ့၊ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၃ ရက်၊ ည ၁၀ နာရီခန့်မှာ မြို့သစ်(ဂ)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေကို ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

မြို့သစ်(ဂ)ရပ်ကွက်ရှိ စစ်ကောင်စီလက်ပါးစေ စေပ်ချုပ်ရေးမှူး ဖိုးဇင်ဟာ ရပ်ကွက်ရုံးမှာ ပျူစောထီး လူမိုက်တွေနဲ့ပေါင်းပြီး တရားမဝင်ရွေးကောက်ပွဲ ကိစ္စများဆောင်ရွက်ခြင်း၊ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းလိုတဲ့ နေရာတွေကို ရောင်းစားပြီးလူကုန်ကူးနေတာတွေ လုပ်ဆောင်နေတာကြောင့် အခုလိုတိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ တရားမဝင်ရွေးကောက်ပွဲအတွက်ပါဝင်လုပ်ကိုင်နေကြသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ Yangon Army က အသိပေးထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၃ ရက်နေ့ကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီး‌ကြပ်ရေးရုံးရှိအစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့် လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
👏3
👏3
ရေးမြို့နယ်မှာ စစ်တပ်က အင်အား ၅၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီး ပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေ

BBM-ဩဂုတ် ၂၄
သတင်း - မင်းဟန်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေသလို ကျေးရွာတွေ ဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းမှာ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်း ၄ ကြောင်း ခွဲပြီး ရေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတာပါ။

“စစ်ကြောင်းက လူများတယ်၊ သူတို့က ဖြည်းဖြည်းချင်းဝင်လာနေတာ၊ အတင်းမတိုးလာဘူး၊ ဘာလို့ဆိုတော့ ဒီနယ်မြေတွေက ဒီဘက်(တော်လှန်ရေးတပ်)က နယ်မြေစိုးမိုးထားတော့ သူတို့ ခြုံတိုက်ခံရမှာ ကြောက်နေတာ” လို့ ရေးမြို့နယ်အခြေစိုက်လှုပ်ရှုားတဲ့ ရဲဘော်တဦးက ‌BBM ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်ပြီး မှသာ စစ်ကြောင်းထိုးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့က ဩဂုတ်လ ၂၃ ရက်နေ့အထိ ရေးမြို့နယ်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက် ကြီးပစ်ခတ်မှု ဆယ်ချီဖြစ်ပွားခဲ့တယ်လို့ ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

တဖက်မှာလည်း ရေးမြို့နယ်အခြေစိုက်လှုပ်ရှားနေတဲ့ တပ်ဖွဲ့တချို့က ရေဖြူမြို့နယ်တိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စစ်ရေးဖော်ဆောင်နေတာပါ။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က ရေးမြို့နယ်ဘက်ကို အင်အားသုံးပြီး စစ်ကြောင်းထိုးနေ တာလို့ စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

“ရေဖြူတလျှောက်တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်နေတာ၊ သူတို့(စစ်တပ်)က အဲဒီအခြေအနေကို အခွင့်ကောင်းယူ ပြီး ဒီဘက်ကို ဖိဝင်တာပေါ့၊ ဒါပေမယ့် မရဘူး၊ ဒီဘက်တပ်တွေ ပေါင်းပြီး ရေးမှာ စစ်ရေးအသင့်အနေအထားမှာ ရှိနေတယ်လေ” လို့ ၎င်းက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ထင်ထားသလောက် ခရီးမရောက်နေတဲ့အတွက် တော်လှန်ရေးတပ်ရှိရာ ကျေးရွာတွေ ဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေကြောင့် အရပ်သားထိခိုက်များ ရှိနေသလို ဒေသခံထောင်ချီကလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

“ခုက တိုက်ပွဲထက် လက်နက်ကြီးပစ်တာ တအားများလာတယ်၊ ရွာထဲမှာကို မနေရဲအောင်ဘဲ၊ ရွာသားတွေက ရှောင်တဲ့သူရှောင်နေရတာပေါ့၊ ထိခိုက်မှု ရှိနေတော့လေ” လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ တောတောင်ဥယျာဉ်ခြံထဲမှာ တိမ်းရှောင်နေရပြီး နေထိုင်ဖို့ အမိုးအကာ၊ အစားသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
#BBM #News #UpdateNews #Mon #Yay #Junta #Column
❤1