3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ရေးမှာ ရဲတပ်ကြပ်ကြီးတဦး ပစ်သတ်ခံရ၊ ရေဖြူမှာ တိုက်ပွဲဖြစ် စကစ ၃ ဦးသေဆုံး

BBM - ဒီဇင်ဘာ ၃၀
သတင်း - ကိုဟန်

မွန်ပြည်နယ်၊ ရေးခရိုင်ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီးတဦးကို ရေးဘီလူးတပ်ရင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းခေါင်းဆောင်က ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်မှာ ရေးခရိုင်ရဲတပ်ဖွဲ့ရုံးကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ ရဲတပ်ကြပ်ကြီး ဘုန်းမြင့်ကို သီရိခေမာရပ်ကွက်အနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

“ဘုန်းမြင့်က အာဏာမသိမ်းခင်က ပြည်သူအပေါ် ရမ်းကားတဲ့ ပုံစံရှိခဲ့တယ်၊ ကစားဝိုင်းတွေလည်း ပေးတယ်၊ မကောင်းတဲ့လုပ်ရပ်တွေဆို လက်ထိုးလိုက်ရင် အကုန်လုပ်လို့ရတဲ့သူမျိုး” လို့ ရေးဘီလူးတပ်ရင်းခေါင်းဆောင်က BBM ကို ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် တပ်ကြပ်ကြီး ဘုန်းမြင့်ဟာ သေနတ်ကျည်ထိဒဏ်ရာသုံးချက်ထက်မနည်းနဲ့ အခင်းဖြစ်ရပ်မှာ သေဆုံးသွားတယ်လို့ မြို့ခံအချို့က အတည်ပြုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးမြို့တခွင်နဲ့ မြို့အဝင်အထွက်နေရာအများစုကို စစ်တပ်က လုံခြုံရေးတင်းကြပ်လိုက်ပြီး ဒေသခံအချို့ ဖမ်းဆီးစစ်ဆေးခံရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာလည်း ရေးဘီလူးတပ်ရင်းနဲ့ KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းပြီး မွန်နဲ့တနင်္သာရီတိုင်းအကြား ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ပေမယ့် စစ်တပ်ဘက်က တပ်ကြပ်တဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ရင်း ခေါင်းဆောင်က ပြောပါတယ်။
“အလစ်အငိုက်ဝင်တိုက်တယ်၊ တိုက်ပွဲက နာရီဝက်နီးပါးဖြစ်ခဲ့တယ်၊ သူတို့မှာ အင်အား ၅၀ နဲ့တော့ ရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒေသခံရာချီလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ အင်အားဖြည့်တင်းကာ အဲဒီကျေးရွာ တဝိုက်မှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ရာဖူးရွာသားတွေ ပြေးရတာရှိတယ်၊ သူတို့ လက်နက်ကြီး ဆက်တိုက်ဖြစ်တယ်၊ အခုတော့ နည်းနည်းငြိမ်နေတယ်၊ စစ်သားတွေတော့ ရှိနေတုန်းပဲ၊ ဘယ်သူမှ သူတို့ရှိတဲ့ဘက် မသွားရဲဘူး” လို့ ‌လော့သိုင်းရွာမှာ စစ်ရှောင်နေတဲ့ ရာဖူးဒေသခံတဦးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။

နယ်မြေစိုးမိုးမှု ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ စစ်တပ်ဟာ ရေဖြူမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း နေရာအချို့ကို စစ်ကြောင်းထိုး တပ်စွဲထားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဘက်က ပြောပါတယ်။

ဓါတ်ပုံ - ရေးဘီလူးတပ်ရင်း၊ Social Media
ပုံစာ - ရေးဘီလူးတပ်ဖွဲ့ဝင်များ၊ ရေးမြို့ပေါ်တနေရာ
👍72👏1
👍7
ဖားဆောင်းရှိ ခလရ ၁၃၅ မကျစေရေး စစ်ကောင်စီလေကြောင်းမှဗုံးကြဲပြီး အသည်းအသန်ခုခံနေ

BBM-ဒီဇင်ဘာ၃၀
သတင်း-မင်းသော်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှတဆင့်ဗုံးကြဲပြီး အသည်းအသန်ခုခံကာကွယ်နေတဲ့အပြင် ဘောလခဲဘက်မှလည်း မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်၊ မနက်ပိုင်းကတည်းက ဖားဆောင်းမြို့ရှိ တော်လှန်ရေးအင်အားစုတွေရှိနိုင်တဲ့ နေရာတွေကို စစ်ကောင်စီက Y-12 လေယာဥ်နဲ့ ဗုံးအဆက်မပြတ်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူလူထုတွေပဲနေထိုင်တဲ့ မယ်စဲ့မြို့နယ်အတွင်းက ကျေးရွာတစ်ခုကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းကပဲ လေကြောင်းမှဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"မနေ့ကမနက်တော့ ဖားဆောင်းပတ်ပတ်လည် တဝုန်းဝုန်း တဂျိမ်းဂျိမ်းပဲ ၊ Y-12နဲ့ ၅လုံး၆လုံးကို ၁၀ ခါလောက်ကျဲသွားတာ၊ ပြီးတော့ မယ်စဲ့မြို့နယ်ဘက်က ရွာတစ်ရွာကိုလည်းကြဲသွားတယ်၊ လူတွေတော့ ထိခိုက်မှုမရှိဘူး၊ အိမ်နှစ်အိမ်တော့ပျက်ဆီးသွားတယ်၊ ပြီးတော့ အချို့ ကားတွေအိမ်တွေ အဖျားခတ်တာလေးတွေတော့ ဖြစ်သွားတယ်" လို့ ပြောပါတယ်။

ဖားဆောင်းမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခလရ(၁၃၄)နဲ့ ခလရ(၁၃၅)တို့ကို ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (KPLA)အပါအဝင် ဒေသခံမဟာမိတ်အင်အားစုတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်မှာ ခလရ ၁၃၄ တပ်ကို လက်နက်၊ သုံ့ပန်းအမြောက်အများရရှိကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဖားဆောင်းမြို့အတွင်း နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၅ တပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့လည်း တပ်တွင်းမှ ခံစစ်အခိုင်အမာပြင်ပြီး ပြန်လည်ခုခံခဲ့တဲ့အပြင် လေကြောင်းမှလည်း စားနပ်ရိက္ခာနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက်ပေးပို့ခဲ့တာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဖားဆောင်မြို့အတွင်း တစ်ခုတည်းသာကျန်ရှိတော့တဲ့ အဆိုပါ ခလရ ၁၃၅ တပ်မကျစေရေးအတွက် စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ဘောလခဲကနေလည်း စစ်ကြောင်းအချို့ စစ်ကူပေးပို့ထားပြီး အဆိုပါစစ်ကြောင်းတွေဟာ ဖားဆောင်းမြို့နယ်ရှိ ထူးချောင်း(အောက်ချောင်း)ပတ်ဝန်းကျင်ကို ရရှိသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

"၁၃၅ ထဲကကောင်တွေက ဖားဆောင်း မီးသတ်ရုံနားထိ တိုးလာနေတယ်၊ ဘောလခဲဘက်ကတိုးတဲ့ကောင်တွေက ထူးချောင်း အောက်ချောင်းကိုတော့ လက်ရှိရသွားတာတွေရှိတယ်" လို့ ပြောပါတယ်။

ဖားဆောင်းမြို့အတွင်းမှာပိတ်မိနေတဲ့ ခလရ(၁၃၅)ထဲမှ စစ်ကောင်စီတပ်သားအချို့ကလည်း တပ်တွင်းမှထွက်ကာ လှုပ်ရှားစစ်ကြောင်းပုံစံ ရှေ့တိုးနေတာတွေ ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘောလခဲစစ်ကြောင်းရော ခလရ (၁၃၅)တပ်တွင်းက စစ်ကြောင်းကိုပါ ကာနေရတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း
👍10
👍14
ကသာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နားထိ တော်လှန်ရေးအင်အားစုတွေရောက်ရှိနေ

🟥စစ်တပ်က Y-12 နဲ့ ဗုံးအမြောက်အများကြဲချတိုက်ခိုက်နေပြီး လေကြောင်းကင်းထောက်ပျံသန်းနေ

BBM-ဒီဇင်ဘာ၃၀
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ကသာမြို့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်အနီးအနားထိပင် တော်လှန်ရေးအင်အားစုတွေရောက်ရှိလာနေသလို စစ်တပ်ကလည်း Y-12 လေယာဥ်နဲ့ ဗုံးအမြောက်အများကြဲချခုခံနေပြီး ကင်းထောက်ပျံသန်းမှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကသာမြို့ကို ဒီဇင်ဘာလ အစောပိုင်းကတည်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့ပေမဲ့လည်း ဒီဇင်ဘာလ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီအခြေပြုထားရာ မြို့ပတ်ချာလည်ရှိ စခန်းကုန်းများကို အရှိန်မြှင့်တင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ၂၈ ရက်နေ့ကတည်းက အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ကသာမြို့တိုက်ပွဲဟာ (၃)ရက်မြောက်တဲ့ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေပြီး မြို့အဝင် ရပ်ကွက်(၅)နဲ့ ကားကြီးကွင်း၊ ရပ်ကွက်(၈)နားအထိပင် တော်လှန်ရေးအင်အားစုတွေရောက်ရှိလာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"အခုက ဘယ်လိုလဲဆိုတော့ မြို့ထဲမရောက်ခင် ပတ္တမြား ရပ်ကွက်(၅)တို့ဘာတို့လေ အဲ့ကနေ တဖြည်းဖြည်းနဲ့တက်ခဲ့နေတာ မြို့ပေါ်နည်းနည်း စဝင်နေတဲ့နေရာရောက်ခဲ့ပြီ၊ မိဿလင်းရပ်ကွက်တို့ဘာတို့မှာ လက်နက်ကြီးတွေကျပြီး မီးလောင်တာတွေဘာတွေလည်း ရှိနေပြီ"လို့ ပြောပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား(၅၀)ကျော်ကို တော်လှန်ရေးအင်အားစုတွေက သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့လည်း သူ့အနေနဲ့ အတည်ပြုပေးနိုင်ခြင်းတော့မရှိသေးဘူးလို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေပြင်းထန်လွန်းတဲ့အတွက် စစ်ကောင်စီအနေနဲ့ Y-12 လေယာဥ်နဲ့ တစ်နေ့ကို (၆)ကြိမ်နဲ့ (၁)ကြိမ်ကို ဗုံးအလုံးရေ (၅၀)ကျော်အထိ ကြဲချတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီလိုဗုံးအလုံးရေ အမြောက်အများကြဲချတိုက်ခိုက်နေတဲ့အပြင် လေကြောင်းမှလည်း ကင်းထောက်ပျံသန်းမှုတွေကို အဆက်မပြတ်ပြုလုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေသာမက စစ်ရှောင်ပြည်သူတွေပါ လေကြောင်းအန္တရာယ်ကို သတိထားနေရတယ်လို့ သိရပါတယ်။

"လေယာဥ်က တစ်နေ့ကို ၄ ၅ခေါက်လောက်လာတယ်၊ တစ်ခါလာရင်လည်း ဗုံးအလုံးရေ ၅၀ လောက်ကို ဆက်တိုက်ဆက်တိုက်ချတာ၊ အိမ်တွေပါတုန်တယ်၊ မနေ့ညကလဲ ကိုးနာရီကျော်ကျော်လောက်ကိုy12နှစ်ခါလာပြီး ဗုံး ၅၀ လောက်ချတယ်၊ အဲ့ထက်နည်းလည်းနည်းနည်းဘဲ"လို့ အဆိုပါမြေပြင်သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ကသာမြို့တိုက်ပွဲကို KIA ၊ MOD လက်အောက်က တပ်တွေနဲ့ အခြားမဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရသော်လည်း ကသာတိုက်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တစုံတရာ ထုတ်ပြန်လာတာမျိုး ဒီနေ့ အချိန်ထိ မတွေ့ရသေးပါဘူး။
👍12
👍17
ပါတီညီလာခံမတိုင်မီ အမြောက်ကြီးတွေထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်တိုက်တွန်း

BBM-ဒီဇင်ဘာ ၃၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရော့ကက်လောင်ချာများစွာ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို စစ်ဆေးခဲ့ပြီး ခေတ်မီတဲ့ တာဝေးပသ်ဒုံးကျည်တွေထုတ်လုပ်ဖို့ အဆင့်မြင့်ဖို့ အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာKCNAက ဒီဇင်ဘာလ ၃၀ရက် အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

မကြာသေးမီရက်သတ္တပတ်တွေအတွင်းက ကင်မ်ဟာ လက်နက်တွေ တည်ဆောက်တဲ့ စက်ရုံတွေအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတည်ဆောက်တဲ့ စက်ရုံကိုလည်း သွားရောက်လည်ပတ်ခဲ့ပါ‌သေးတယ်။

ဒါဟာ လာမယ့်နှစ် အလုပ်သမားပါတီရဲ့ ၉ကြိမ်မြောက်ပါတီညီလာခံမတိုင်မီ သွားရောက်ကြီးကြပ်ခဲ့တာပဲဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကွန်ဂရက်ရဲ့ တိကျတဲ့အချိန်ကို မကြေညာသေးပေမယ့် ဇန်နဝါရီလအစောပိုင်းလောက်မှာ ကျင်းပလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားပါတယ်။

"WPK ရဲ့ ကိုးကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်မယ့် ခဲယမ်းထုတ်လုပ်မှု ရည်မှန်းချက်တွေကို အောင်မြင်စွာ ပြည့်မီစေဖို့အတွက် လုပ်ငန်းရဲ့ ဖွဲ့စည်းပုံကို ပိုမိုပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ‌ပိုမိုကောင်းမွန်တဲ့ ထုတ်လုပ်မှုစွမ်းရည်ကို ရရှိစေဖို့အတွက်နဲ့ အပြည့်အဝ အာမခံနိုင်ဖို့ပါ" လို့ နိုင်ငံပိုင်မီဒီယာ KCNA က ကင်မ်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

Reference-Reuters
Translator-Richard
Photo-Reuters

#bbmnews #bbm #bbmtv #northkorea #ကင်ဂျုံအန်
👎3👍1
🤬4👍1👎1
မြင်းခြံရှိ သီတာယုမွန်တို့ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

BBM-ဒီဇင်ဘာ ၃၁
သတင်း-Richard

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြိုအတွင်းရှိ စစ်ကောင်စီတပ်၊ သီတာယုမွန် ပျူစောထီးအဖွဲ့တို့ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က အဆိုပါ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ၈ နေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ်အနေနဲ့ ဒီ‌‌ဇင်ဘာလ ၂၈ရက်နေ့က အဆိုပါစစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ၉ နေရာကို ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု Drone တပ်ဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ်၁ တပ်ရင်း Drone အဖွဲ့၊ မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ အ‌မေ့လက်ရုံးတပ်ဖွဲ့ ၊ Pakokku Special Task Force အဖွဲ့တို့ ပူးပေါင်းပြီး ဝေဟင်မှ ဗုံးသီးတွေ ကြဲချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video-ရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့

#bbmnews #bbm #bbmtv #thidayumon #drone
👍12👏2
တော်လှန်ရေးသမားတွေ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရှိဖို့နဲ့ အင်အားအကုန်လုံးစုစည်းကြဖို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တိုက်တွန်း

BBM-ဒီဇင်ဘာ၃၁
သတင်း-ခက်ဆစ်

တော်လှန်ရေးသမားတွေ ဖြစ်တယ်လို့ ခံယူထားတာနဲ့ အညီ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိဖို့နဲ့ အင်အားတွေ အကုန်လုံးစုစည်းကြဖို့ လိုအပ်ကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သတိပေးပြောကြားလိုက်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ တော်လှန်ရေးအင်အားစု၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကို KIO/KIA မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလို သတိပေးပြောကြားခဲ့တာပါ။

"ကျနော်တို့ဟာ တော်လှန်ရေးလုပ်နေတယ်လို့ ခံယူထားတဲ့ သူတွေဖြစ်ပါတယ်၊ ကျနော်တို့ကိုယ်တိုင်လဲ တော်လှန်ရေးသမားတွေလို့ ခံယူထားသူတွေဖြစ်တယ်၊ တော်လှန်ရေးလို့ ပြောတာကတော့ မတရားမှုကို တွန်းလှန်တဲ့ ဝေါဟာရဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်လို့ ခံယူတာနဲ့အညီ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်သူကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ခက်ခဲတဲ့အတွက် စုစည်းညီညွတ်ကြဖို့ လိုအပ်ကြောင်းကိုလည်း သတိပေးပြောကြားခဲ့ပါတယ်။

"နောက်တချက်ကတော့ စုစည်းဖို့ အရေးကြီးပါတယ်၊ ရန်သူကို ကျနော်တို့က လက်နက်အင်အား၊ အခြားသောအင်အားများနဲ့ ယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်၊ အမှန်တရားပေါ်မှာ ရပ်တည်ပြီး စုစည်းတဲ့ ခွန်အားသာလျှင် ကျနော်တို့ရဲ့ တကယ့်ခွန်အား အစစ်အမှန်ဖြစ်ပါတယ်၊ ဒါကျနော်တို့ အမြဲတမ်းသတိချပ်ဖို့ လိုပါတယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သတိပေးပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာမှာ တူညီတဲ့ ပန်းတိုင်နဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိကြဖို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆက်လက်ရှင်းလင်းပြောကြားပါတယ်။

"ကျနော်တို့ဟာ တူညီတဲ့ပန်းတိုင် ရှိပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်၊ တော်လှန်တယ် ကျနော်တို့ မတရားမှုကို တော်လှန်တယ်၊ ဒါကျနော်တို့ရဲ့ အစဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပန်းတိုင်းကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မယ်၊ ဆိုတဲ့ ပန်းတိုင်ဖြစ်တယ်၊ အဲတော့ ကျနော်တို့ဟာ ဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ အတိအကျရှိတယ်လို့ ယုံကြည်ပါတယ်၊ ဒီလိုမှန်ကန်တဲ့ လမ်းကြောင်းပေါ်သွားတဲ့အခါမှာ စုစုစည်းစည်းနဲ့ တဘက်နဲ့ တဘက်၊ တယောက်နဲ့ တယောက် နားလည်မှုအပြည့်နဲ့ အချိတ်အဆက်ညီညီ ဆောင်ရွက်ဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အခွင့်အရေးတခု ဖြစ်သလို အခင်းအကျင်းအသစ်ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေးထောက်ပြခဲ့ပါတယ်။

"မြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာတဲ့ အချိန်ကတည်းက ကျနော်တို့ဟာ တစုတစည်းတည်း ကျနော်တို့ရဲ့ နိုင်ငံကို မတည်ဆောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီကနေ့အထိ ဖရိုဖရဲ ဖြစ်နေရတာ ကျနော်တို့ရဲ့ အတွေ့အကြုံဖြစ်ပါတယ်၊ ဒီတကြိမ်နွေဦးတော်လှန်ရေးဟာ အစီအစဉ်တကျ တော်လှန်ပြီး အစီအစဉ်တကျ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် အခွင့်အရေးတခုဖြစ်ပါတယ်၊ ဒါအခင်းအကျင်းအသစ်ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အင်အားတွေကို စုစည်းဖို့ပြောကြရာမှာလည်း တခါတလေမှာ အားလုံးကို အားမရကြောင်းနဲ့ အဲဒီအချက်ဟာလည်း တိုင်းရင်းသားလူမျိုးတွေအသီးသီးမှာ ငြင်းပယ်လို့မရတဲ့အချက်တခုဖြစ်ကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ထောက်ပြခဲ့ပါတယ်။

"ကျနော်တို့စုစည်းဖို့လိုပါတယ်၊ ချောင်းလေးတချောင်းမှာ ရှိတဲ့ ရေနေသတ္တဝါတွေကတော့ နည်းပါတယ်၊ ချောင်းတွေ သုံးလေးချောင်း အများကြီးပေါင်းစည်းပြီး မြစ်ကြီးဖြစ်လာတယ်၊ ဧရာဝတီမြစ်ကြီးမှာ ရှိတဲ့ ရေနေသတ္တဝါတွေက ပိုပြီးများပါတယ်၊ ပိုပြီးအကျိုးပြုနိုင်ပါတယ်၊ ပိုပြီးမှ အကျိုးရှိစွာနဲ့ ဒီဧရာဝတီမြစ်ကြီးကိုအသုံးချနိုင်သလိုပဲ ကျနော်တို့ရဲ့အင်အားတွေ အကုန်လုံးစုစည်းလို့ရှိရင် တနိုင်ငံလုံးကို အကျိုးပြုနိုင်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ မြစ်ကြီးတစင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်"လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလို တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖော်ဆောင်ရာမှာလည်း ကြီးမားတဲ့ အရင်းအမြစ်တွေ လိုအပ်သလို အဲ့ဒီလို အရင်းအမြစ်တွေကို တစ်ဖွဲ့ချင်း၊ ပြည်နယ်တစ်ခုချင်း ဆောင်ရွက်နေလို့ မရတာကြောင့် စုစည်းဖို့ လိုအပ်ကြောင်း၊ ဘယ်သူကအထက် ဘယ်သူကအောက် ဆိုတဲ့အတွေးအခေါ်တွေက အနှောက်အယက်ပေးတာကြောင့် ခေါင်းထဲ မထည့်ကြဖို့နဲ့ တော်လှန်ရေးရဲ့ အဆုံးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်အတိအကျ ရှိတာကြောင့် မမှိတ်မသုန် သွားကြဖို့ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo - Chin Brotherhood

#bbmnews #bbm #bbmtv #ChinBrotherhood #GunMaw
👍117
🥰13👍7
စစ်ကိုင်း၊ ဖွံ့ဖြိုးရေးကျောင်းရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြား

BBM - ဒီဇင်ဘာ ၃၁
သတင်း - Richard

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်နားရှိ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ထဲမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ General Z Power ရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ စစ်ကိုင်းမြို့အထွက် အုန်းတောရွာရှိ အဆိုပါ ဖွံ့ဖြိုးရေးကျောင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအုပ်ကြီးနေအိမ်နဲ့ ကတုတ်ကျင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားအများအပြားလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

“ကျောင်းထဲကိုလူနာတင်ကားတွေနဲ့ တင်သွားတာ အတော်များတယ်၊ အထိခိုက်များလို့ထင်တယ်ဗျ ဆက်တိုက်မဲပစ်နေတာ ကျနော်တို့ဘက်ကို”လို့ အဆိုပါ တာ၀န်ရှိသူက ဆက်ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က လက်နက်ကြီးနဲ့တိုက်ခိုက်တဲ့အပေါ် စစ်ကောင်စီက လက်နက်ငယ်တွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ‌ကောင်တွေ ဘက်က ပြန်ပစ်တာတော့ ကြာတယ်ဗျ၊ ဒါပေမဲ့ ကျွန်တော်တို့ ရဲဘော်တွေအထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ပြီးပြီးချင်း စစ်ကိုင်း ခလရ ၃၃ မှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေလည်း စစ်ကူရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Generation Z Power - GZP (Mandalay) ၊ Taw Twin Tup Pee–LDF နဲ့ နယ်မြေခံ ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - Generation Z Power - GZP ( Mandalay)

#bbmnews #bbm #bbmtv #sagaing #MDY
👍12🥰1