3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ချောက်မှာ စကစယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အရာရှိအပါ စကစတပ်သား ၁၂ သေဆုံး

BBM - ဒီဇင်ဘာ၂၉
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၃ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်း တစ်နေရာမှာ ၃ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးနဲ့ တပ်သား ၁၁ ဦးသေဆုံးသွားကြောင်း သိရတယ်လို့ ဆိုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ချောက် ပကဖ) နဲ့ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး Chauk Guerrilla Force (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း)၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၁ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၂ မြေလတ်ရေနံ့သာအဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၃ Chauk Revolution Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၄၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၅ Chauk Special Attack Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၆ သခင်ဖိုးလှကြီးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ချောက်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကိုလည်း ချောက်မြို့နယ် ပကဖ နဲ့ မကွေးခရိုင် ပကဖ တို့ ဦးဆောင်ပြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ခွဲနဲ့အတူ ဆက်လက်ကာကွယ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

Video - People Defense Force Chauk
👍11
မြိုင်မြို့နယ်မှာ တပ်မ ၉၉ စစ်ကြောင်းမှ စစ်မှုထမ်း(ပစ) ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

BBM - ဒီဇင်ဘာ၂၉
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ စစ်ကြောင်းမှ စစ်မှုထမ်တပ်သား (ပစ) တစ်ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့က မနေ့က ဒီဇင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တွင်းမပျူရွာမှ သရက်ကန်ပျူရွာသို့ ကား ၃ စီးနဲ့ ရိက္ခာပို့လာတဲ့ အင်အား ၂၀၀ ခန့်ပါ တပ်မ ၉၉ စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား (ပစ) ဆန်းမင်းအောင် အသက် ၂၅ နှစ်ဟာ ဒီဇင်ဘာလ ၂၆ ရက်မှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားဟာ စစ်မှုထမ်းအပတ်စဉ် ၁၃ မှဖြစ်ပြီး MA3 တစ်လက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၂၃ တောင့် တို့နဲ့အတူ မြိုင် ပကဖ လက်အောက်ခံ TYK ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့နဲ့ ဒေါင်းညီနောင် တပ်ဖွဲ့တို့ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #magway #myaing
👍9👏2
👍13👏1
မွန်ပြည်နယ်မှာ လူငယ်တွေ ဆန္ဒမဲထည့်ဖို့ စိတ်ဝင်စားမှု နည်းပါး

BBM-ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်

စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း(၁) မွန်ပြည်နယ်မှာ ဆန္ဒမဲထည့်ဖို့ လူငယ်တွေ စိတ်ဝင်စားမှု မရှိနေဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)ကို မွန်ပြည်နယ်အတွင်း မြို့နယ်(၅)ခုမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာထည့်ကြသူတွေထဲက အများစုဟာ သက်ကြီးပိုင်းအရွယ်တွေဖြစ်ကြပြီး လူငယ်တွေက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသလို ဆန္ဒမဲထည့်သူ နည်းပါးတယ်လို့ မော်လမြိုင်မြို့ခံတဦးက BBM ကို ပြောပါတယ်။

“ပထမတချက်က လူငယ်တွေ နိုင်ငံခြားရောက်ကုန်တာ၊ ဒုတိယတချက်က လူငယ်တွေက သိတယ်၊ သူတို့က ပြည်တွင်းနေရတာက သူတို့မှာအခက်အခဲရှိလို့လေ၊ တော်တော်များများကို မလာကြတာ၊ တချို့ကြ သူငယ်ချင်းတွေ စုပြီး လယ်ထဲယာထဲ ဆင်းသွားကြတယ်၊ ရှောင်လိုက်ကြတယ်၊ မဲရုံမှာဆို လူကြီးပိုင်းပဲ တွေ့ရတယ်၊ အချို့တလေတော့ ရှိပါတယ်၊ အဲဒါတွေက ပါတီထောက်ခံသူတွေ၊ စစ်တပ်အသိုင်းအဝိုင်းကလူတွေ” လို့ ပြောပါတယ်။

ဒီလိုမျိုး ဆန္ဒမဲလာပေးတဲ့သူနည်းပါးနေတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေကို လိုက်လံစည်းရုံးပြောဆိုတာ၊ စစ်မှုထမ်းဥပဒေ အစရှိတဲ့ အကြောင်းအရာမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး မဲလာပေးခိုင်းတဲ့ ပြောဆိုသံတွေလည်း ထွက်ပေါ်လာပါတယ်။

ကျိုက်ထိုမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားတဦးကတော့ မလွဲရှောင်သာတဲ့ အခြေအနေမျိုးကြောင့် ပြည်တွင်းမှာ နေထိုင်နေရပေမဲ့ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ဆန္ဒမဲမထည့်ခဲ့ဘူးလို့ ပြောပါတယ်။

“နိုင်ငံက ဘာဖြစ်နေလဲဆိုတာ ကျွန်တော်တို့ လူငယ်တွေ သိတယ်၊ မှန်တယ်၊ ကျွန်တော်တို့ လက်နက်မကိုင်နိုင်ဘူး၊ ပြည်ပကို မထွက်နိုင်ဘူး၊ ကျွန်တော်တို့ လုပ်နိုင်တဲ့ဘက်က ကျွန်တော်တို့လုပ်တယ်၊ သူတို့ ရွေးကောက်ပွဲပဲ လုပ်လုပ် အဓိက ကိုယ်မထည့်ဘူး၊ သူတို့နဲ့ ဆက်စပ်တဲ့ဟာ ရှောင်လို့ရသမျှ ရှောင်တယ်၊ ဒီနေ့လည်း မဲသွားမထည့်ဘူး” လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၉ ခုမှ ကိုယ်စားလှယ်လောင်း ၂၅၆ ဦးဝင်ပြိုင်တဲ့ မွန်ပြည်နယ်မှာ မဲဆန္ဒရှင် ၆ သိန်းကျော်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီရွေးကောက်ပွဲကို ပြည်သူလူထုတွေ စိတ်ဝင်စားမှု မရှိကြောင်းကို ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာလည်း တွေ့ရပါတယ်။

စစ်တပ်က သူတို့ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို လူတိုင်းမဲထည့်ဖို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ခြိမ်းခြောက်ခဲ့ပေမဲ့ မနေ့က ဒီဇင်ဘာလ ၂၈ ရက်ရွေးကောက်ပွဲမှာ ဆန္ဒမဲလာထည့်သူက အရင်ရွေးကောက်ပွဲနဲ့ယှဉ်ရင် ကွာခြားသွားတာ တွေ့မြင်ခဲ့ရတယ်လို့ ကျိုက်မရောမြို့ခံတဦးက ပြောပါတယ်။

“သူတို့က ဘယ်လိုမျှော်လင့်ထားသလဲတော့ မသိဘူး၊ ပြည်သူတွေ တကယ်ကို စိတ်ဝင်စားမှု မရှိနေဘူး၊ တခုပါပဲ အချို့ကျတော့ အတင်းအကြပ်ဖိအားပေးခံရတဲ့အခါကျတော့ သွားထည့်ရတာမျိုး ရှိခဲ့တာတွေ့ရတယ်” လို့ ပြောပါတယ်။

တဘက်မှာလည်း တော်လှန်ရေးအင်အားစုတွေ မကြာခဏဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ကျိုက်ထို၊ သထုံ၊ ကျိုက်မရောမြို့နယ်မှာ ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက်မဲရုံတွေမှာတော့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့တို့ကသာ လုံခြုံရေးယူပေးထားပြီး စစ်တပ်ကတော့ အရပ်ဝတ်တွေနဲ့ ကင်းလှည့်စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ မွန်မှာ ဆန္ဒမဲလာပေးကြစဉ်။

#bbmnews #bbm #bbmtv #Monstate #election
👍9
👍6
ညောင်ဦးမြို့နယ်မှာ မဲရုံစောင့်ဖို့တပ်စွဲနေတဲ့ စကစတပ်သားတွေကို တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

BBM - ဒီဇင်ဘာ ၂၉
သတင်း - နိုင်နိုင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မဲရုံစောင့်ဖို့ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (People's Democratic Army - PDA) တပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ညောင်ဦးမြို့နယ်အတွင်းမှ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိတဲ့အပြင် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာရှိ မဲရုံတွေကိုလည်း မနေ့က ဒီဇင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လာရောက်ရုတ်သိမ်းသွားခဲ့တယ်လို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ မနေ့က ဒီဇင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတွေအနီးမှာရှိတဲ့ ပြွန်ရွာ၊ ညောင်ပင်ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာတွေရှိ မဲရုံတွေကိုလည်း ပြည်လည်ရုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

"ဟုတ်ပါတယ်ဗျ၊ အခုညောင်ဦးမြို့နယ်က ကျေးရွာ ၅ ရွာ ကတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူးဗျ၊ စစ်ကောင်စီ အင်အားတွေအနေနဲ့က တရွာကို မဲရုံစောင့် ၂၀ ခန့် ရှိပါတယ်ဗျ၊ ညောင်ဦးမြို့ပေါ်အထိတော့ မသိနိုင်သေးဘူးဗျ၊ ကျနော် ထုတ်ပြန်ချက်ထဲမှာပါတဲ့ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ နီးစပ်တဲ့ ရွာတွေက မဲရုံတွေကတော့ ပြန်ရုတ်သိမ်းသွားတာရှိပါတယ်" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတဦးက BBM ကို ပြောပါတယ်။

မဲရုံစောင့်ဖို့တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ ဧရာဒေါင်း၊ Chauk Revolution Army (CRA) တပ်ဖွဲ့တွေက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အနေနဲ့လည်း စစ်ကောင်စီတပ်က ပြုလုပ်လျက်ရှိတဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကာ ရရာနည်းလမ်းတွေနဲ့ တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း အတုယောင်ရွေးကောက်ပွဲကို သွားရောက်မဲမပေးကြဖို့နဲ့ ထောက်ခံမှုတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ပြောဆိုထားပါတယ်။

#bbmnews #bbm #bbmtv #PDA #ညောင်ဦး
👍121
👍141
ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်းအလို ဗုံးကွဲမှုကြောင့် မြဝတီမြို့မှာ မဲထည့်သူအနည်းအကျဉ်းသာရှိခဲ့

BBM - ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်မှာ ရွေးကောက်ပွဲမကျင်းပမီ နာရီပိုင်းအလို ဗုံးပေါက်ကွဲမှုကြောင့် ဆန္ဒမဲ လာထည့်တဲ့ ပြည်သူတွေ သိသိသာသာ နည်းပါးသွားခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်၊ ညပိုင်းနဲ့ ညနက်ပိုင်းတွေမှာ နေရာလေးခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် လူထုက သွားလာမရဲကြတဲ့အတွက် ဆန္ဒမဲလာထည့်သူ နည်းပါးသွားခဲ့ကြတယ်လို့ မြဝတီမြို့ခံတဦးက BBM ကို ပြောပါ တယ်။

“တော်တော်နည်းပါးသွားတယ်လို့ ပြောလို့ရနိုင်တယ်၊ ဘာလို့ဆိုတော့ တချို့မြို့ပေါ်မဲရုံတွေဆို လူဦးရေက (၁၀၀) တောင် မတွေ့ရတာမျိုး ရှိတယ်၊ အမအထင်တော့ ညက ပေါက်ကွဲကြောင့် လူတွေလည်း လန့်ပြီး သွားမထည့်ရဲတာ နေမယ်၊ မဲထည့်နေရင်းနဲ့ အဲဒီလိုမျိုး ထပ်ဖြစ်လာမှာကို ကြောက်တာပေါ့နော်” လို့ ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲအခြေအနေကို မြဝတီမြို့ခံတဦးက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ညပိုင်းမှာ ပြည်ခိုင်ဖြိုးရုံးအနီး၊ ချစ်ကြည်ရေးတံတားအနီး၊ ကမ္ဘောဇဘဏ်လမ်းဘေး၊ မဟာစည်ဘုန်းတော်ကြီး ကျောင်းအနီး အစရှိတဲ့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံးကာ ၁၀ ဦးနီးပါးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို မြဝတီ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဒါ့အပြင် နေအိမ်အဆောက်အဦ အများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေသလို စစ်တပ်နဲ့ သူတို့ရဲ့ လက်ဝေခံ လက်နက်ကိုင်အချို့ကလည်း မြို့အနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုဘက်က လုပ်ဆောင်ခဲ့တာကို စစ်တပ်ထောက်ခံတွေက ပြောဆိုနေပေမဲ့ တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

“(မနေ့က)အခြေအနေက ရှုပ်ထွေးနေဆဲပဲ၊ စစ်သားတွေရော တခြားအဖွဲ့တွေရော အများကြီးပဲ လုံခြုံရေးယူထားတာ၊ အဲဒါကို ကြည့်တာနဲ့ ဘယ်သူကမှ အပြင်ထွက် မဲမထည့်ရဲဘူး၊ မဲထည့်ဖို့ မဟုတ်ရင် မဲရုံအနား ကပ်လို့တောင် မရဘူး” လို့ နောက်ထပ် မြဝတီမြို့ခံတဦးက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ မဲရုံပေါင်း ၃၁ ရုံဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူ ခြောက်သောင်းနီးပါးရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

“လာပေးတဲ့သူတွေက သူတို့နဲ့ နီးစပ်သူတဲ့သူတွေ ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေပဲ များတယ်၊ ပြီးတော့ ပြည်သူတွေကို အတင်းအကြပ်ဖိအားပေးပြီး မဲထည့်ခိုင်းနေတဲ့အခြေအနေလည်း တွေ့ရတယ်” လို့ အထက်ပါမြို့ခံက ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း(၁) ကရင်ပြည်နယ်မှာ သံတောင်ကြီး၊ မြဝတီ၊ ဘားအံတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကို KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြောနေပေမဲ့ စစ်တပ်အပေါင်းအပါ BGF/KNA ၊ DKBA တို့က စစ်အုပ်စုရွေးကောက်ပွဲကို ကူညီမယ်လို့ အတိအလင်းထုတ်ပြောထားပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - မြဝတီမြို့မှာ ရွေးကောက်ပွဲအတွက် မဲထည့်နေစဉ်၊ ဗုံးပေါက်ကွဲတိုက်ခိုက်ခံရတဲ့နေရာများ

#bbmnews #bbm #bbmtv #election #myawaddy
👍111
👍16