3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
👍10
မိုးလေဝသသတင်း

BBM စက်တင်ဘာလ ၁၅
သတင်း ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

နေပြည်တော်၊ ပဲခူးတိုင်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

🔺 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ည ၀၉:၂၆ မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၉ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍9
👍10
ဘုတလင်တွင် စစ်ကြောင်းထိုးလာတဲ့ စကစတပ်ဖွဲ့၀က်တွေကို ပစ်ခတ်တိုက်ခိုက်

🟥၂ လအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

BBM-စက်တင်ဘာ ၁၅
သတင်း-Richard

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လမှ စက်တင်ဘာလထိ ၂ လတာကာအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ခန့် သေဆုံးသွားတယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၊ ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနက စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ (၃၁)ရက်နေ့မှာဘုတလင်မြို့နယ်၊ ကံသာရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီး (၂) ကြိမ်ချ စတင်တိုက်ခိုက်ခဲ့သလို၊ (၂)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ (၄၀)ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာ နဲ့ ထူးကြီးရွာ (ပရဟိတဆေးရုံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ (၈)ရက်နေ့မှာ ဘုတလင်မြို့ကနေ နမခထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ဘုတလင်မိုဘိုင်းအဖွဲ့ (Budalin Mobile Team)၊ Anonymous Hero၊ ရတနာပုံတော်လှန်ရေးအဖွဲ့ (YRF)၊ ဗမာ့တပ်တော် အမှတ် (၂) စစ်ဦးစီးရုံးကွပ်ကဲမှုအောက် အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီးတော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့ )၊ မုံရွာခရိုင်တပ်ရင်း (၁၈)၊ ဘုတလင်မြိူ့နယ် ပကဖနဲ့ မုံရွာမြို့နယ် ပလဖတို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video-ကျောင်းသားလက်ရုံးတပ်တော်

#BBM #News #UpdateNews #Junta #PeopleDefenseForce
👍10❤1
မန္တလေးမြို့မှာ လမ်းမပေါ်ရေကြီးရေလျှံနေတဲ့ နေရာအချို့ ရေအနည်းငယ် ပြန်လည်ကျဆင်း

BBM စက်တင်ဘာလ ၁၅
သတင်း ဦးထွန်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော်လည်း မိုးတိတ်သွားပြီးနောက် နေရာအချို့မှာ ရေအနည်းငယ်ပြန်လည်ကျဆင်းနေပြီဖြစ်တယ်လို့ မန္တလေးမြို့ခံတစ်ဦးက BBM ကိုပြောပြပါတယ်။

၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်ညပိုင်းကစကာ မန္တလေးမြို့မှာ ညလုံးပေါက်မိုးရွာသွန်းခဲ့လို့ ချောင်းနှင့်မြောင်းများတွင် ရေပြည့်လျှံပြီးနောက် မြို့ပေါ်လမ်းအများအပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး သွားလာရခက်ခဲတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းခြင်း ရပ်တန့်သွားပြီး ရေအနည်းငယ် ပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ရေဝပ်နေသေးတယ်လို့သိရပါတယ်။

“မိုးများရင် ရေကအဲဒီလိုတက်နေကြပါပဲ။ ဒါပေမဲ့ အခုကမိုးပိုများတော့ နေရာစုံ​ရေများတာပေါ့။ ခါတိုင်းတော့ မိုးတိတ်ရင်ပြန်ကျသွားပါတယ်။ အခုတော့ မိုးကတော့မသည်းတော့ဘူး၊ မိုးတွေကတော့ မဲနေတုန်းပါပဲ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတဦးကပြောပြပါတယ်။

“ပုံမှန်ဆို မိုးတိတ်ရင် တနာရီ၊ နှစ်နာရီလောက်ဆို ရေကလျော့ပါတယ်၊ အခုထိ ရေကအနည်းငယ်သာ လျော့တာပါ။ နေရာအတော်များများ ရေဝပ်တာမို့ သွားလာရေးပဲ နည်းနည်းခက်တာပါ"လို့​ မန္တလေးမြို့ခံက ဆက်လက်ပြောပြပါတယ်။ လမ်း ၃၀ တစ်လျှောက် ၆၂ လမ်းက ၇၇ လမ်းထိ ၃၅ လမ်းက လမ်း ၆၀ ကနေ ၆၆ လမ်းအထိလမ်းပေါ် ရေကြီးနေပြီး ၇၈ လမ်း၊ ဘူတာလမ်း၊ သိပ္ပံလမ်း၊ ဘုရားကြီးအရှေ့မုဒ်၊ ရတနာပုံမြို့သစ်အပါအဝင် မန္တလေးမြို့ပေါ် နေရာ အနှံ့အပြားမှာလည်းလမ်းပေါ် ရေလျှံနေတယ်လို့ သိရပါတယ်။

“တော်ရုံ ရေဝင်လေ့မရှိတဲ့အိမ်တွေထဲပါ ဝင်တယ်။ မိုးဆက်ရွာဖို့ရှိသေးတယ်လို့လည်း ကြေညာထား တော့ ရေဆက်များဦးမယ်ထင်တယ်” ဟု မန္တလေးမြို့ခံတဦးကဆက်လက်ပြောပြပါတယ်။

မိုးလေဝသဌာနရဲ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိ ကာ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ် စဉ်များဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်သေးပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။
Photos-Local Resident
#BBM #News #weatherforecast
👍9
👍7
အာရှလမ်းကို ထိန်းချုပ်နိုင်ပြီလို့ သတင်းလွှင့်ထားတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ

BBM-စက်တင်ဘာ ၁၅
သတင်း - မင်းဟန်

ကော့ကရိတ် - မြဝတီအာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီးလို့ သတင်းလွှင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြားမှာ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေး တပ်တွေထံမှ သိရပါတယ်။

စစ်ကောင်စီက ယင်းနယ်မြေမှာ အခြေစိုက်တပ်ရင်းတွေအပြင် ဘားအံအခြေစိုက်တပ်ရင်းတွေကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းဖြည့်တင်းပြီး ကျုံဒိုးနှင့် ကော့ကရိတ်မြို့ဘက် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းထိုးလာနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အာရှလမ်းပိုင်းတွေနဲ့ ကျေးရွာလမ်းပိုင်းတချို့မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။

“သူတို့က အလုံးစုံထိန်းချုပ်ထားတာ မဟုတ်ဘူးလေ၊ တိုက်ပွဲက အခုထိဖြစ်နေတုန်းပါပဲ၊ အခုက ဒီကောင်တွေ နွားခြံကုန်းနားလောက်မှာပဲ ရှိနေတာ၊ ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်ပေါ့၊ သူတို့ ဝင်လာတဲ့အပေါ်မူတည်ပြီး လှုပ်ရှားတာပေါ့၊ သူတို့ ထိုးလာတယ်၊ ထိတယ်၊ ပြန်ဆုတ်ပြီး လူဖြည့်ပြီး ပြန်တိုးနေတော့ တခါတလေ ဒီဘက်က စစ်ပန်းပြီး ပြန်ဆုတ်လိုက်ရတာမျိုးရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို အများအပြားဖြည့်တင်းထားပြီး လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ကူပေးနေပေမယ့် အာရှလမ်းပိုင်းကို ဒီကနေ့အထိအလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဖြေဆိုခွင့် မရှိဘူးလို့ အဆိုပါရဲဘော်က ပြောပါတယ်။

ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ သင်္ဃန်းညီနောင်ဗျူဟာတွေ အပါအဝင် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာတချို့ကို စစ်အုပ်စုက အခုလပထမအပတ်ထဲမှာ ထိန်းချုပ်လိုက်ပြီး အဲဒီလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့ အပြင်းအထန်းစစ်ကြောင်းထိုးနေတာပါ။

“အာရှလမ်းက ချက်ချင်းဖို့တော့ မလွယ်ကူသေးဘူးထင်တယ်၊ အတင်းအကြပ်ဖွင့်ရင်တော့ ပွင့်ကောင်း ပွင့်လာနိုင်တယ်၊ လုံခြုံရေးမှုကတော့ မသေချာဘူးပေါ့” လို့ မော်လမြိုင်-မြဝတီယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့တောင်ဘက်က လေးကေ့ကော်အပါအဝင် အဲဒီနယ်မြေတလျှောက် စစ်အုပ်စု လက်လွှတ်ထား ရတဲ့ တပ်ရင်းတပ်စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်အုပ်စုက ကရင်နယ်ခြားစောင့် BGF/KNA အကူအညီတွေနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

“ဒီဘက်ကတော့ ဝင်နေတုန်းပဲ၊ တိုက်ပွဲကြီးကြီးမားမားတော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာ လက်ခတ်တောင်ကို စစ်အုပ်စု ထိန်းချုပ်ထားပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)တံတားအပါအဝင် မြဝတီမြို့အတွင်း နေရာအများစုကို စစ်အုပ်စု ဝင်ရောက် တပ်စွဲထားပြီး နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

ဓါတ်ပုံ - Social Media

#BBM #News #Updatenews #Karen #Junta #Battle
👍12
👍13
အရှိုချင်းကာကွယ်ရေးတပ်(ACDF)က အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုပုံရိပ်တွေနဲ့ သင်တန်းသားသစ်ခေါ်ယူ

BBM-စက်တင်ဘာ ၁၅
သတင်း-Richard

ချင်းပြည် အခြေစိုက် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က သင်တန်းသားအသစ်တွေ ခေါ်ယူနေပြီး သင်တန်း တက်ရောက်ချင်သူတွေကို Asho Chin Defence Force - ACDF Facebook Pageမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Video-Asho Chin Defence Force - ACDF

#BBM #UpdateNews #Chin #AshoChinDefenseForce
👍7
နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းကို ပို့ဆောင်ခံခဲ့ရတဲ့ ပြည်သူ့စစ်(ပစ)၅ဦး လက်နက်နဲ့အတူ အလင်း၀င်ရောက်

BBM-စက်တင်ဘာ ၁၅
သတင်း-Richard

မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ စစ်ကောင်စီရဲ့ လေကြောင်းရန်‌ကာကွယ်ရေးစခန်းကုန်းကို ပို့ဆောင်ခံခဲ့ရတဲ့ ပြည်သူ့စစ်(ပစ)၅ဦး လက်နက်တွေနဲ့အတူ အလင်း၀င်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းက စက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ (ပစ)စစ်သားတွေမှာ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ (၅၂၀)မှဖြစ်ပြီး နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းကို ပို့ဆောင်ခံခဲ့ရတာပဲဖြစ်ပါတယ်။

အလင်း၀င် (ပစ) (၅)ဦးကို မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းမှ စစ်ဘက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုကြေးငွေတွေ ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံ-မင်းဘူးခရိုင် အမှတ်၂တပ်ရင်း

#BBM
#မင်းဘူးခရိုင်အမှတ်၂တပ်ရင်း
#အလင်းဝင်
#News
#UpdateNews
❤6👍3👏1
👍15❤1👏1